အခန်း ( ၆၅၈ )

သွေး၊ ချွေးနှင့်မျက်ရည်ကို ရင်း၍

သူ၏ စကားများအား ကြားလိုက်သည့် မြို့တော်ရှိ လူတိုင်းသည် ချက်ချင်းပင် တုံ့ဆိုင်းသွားကြ၏။ ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးကို ဒဏ်ရာရစေပြီးနောက် သူက တူညီသောစကားများကို ပြောခဲ့ပြီး လူအနည်းစုသာ သူ့ကို ယုံခဲ့သော်လည်း သူတို့ကို အနည်းအကျဥ်း တုန်လှုပ်သွားစေသေးသည်။

သို့သော် ယခုတွင် ….. ချန်မျိုးနွယ်စုခေါင်းဆောင်ကြီးသည် အလားတူသောကံကြမ္မာကို ကြုံတွေ့လိုက်လေပြီ။ လူတိုင်းမှာ လုံးဝတုန်လှုပ်သွားကြတော့သည်။

ချိုင်မျိုးနွယ်စု ခေါင်းဆောင်ကြီးမှာ ပိုင်ရှောင်ချန်းထံ မြန်နိုင်သမျှ မြန်မြန် လာနေစဥ် ဖြစ်သော်လည်း ယခုအခါတွင် ချီတုံချတုံဖြစ်နေလေပြီ။

အခြားမျိုးနွယ်စုနှစ်စု၏ နတ်အဆင့်ခေါင်းဆောင်ကြီးများ ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားစေသည့်အချက်က သူ့ရင်ထဲတွင် အကြောက်တရားများ ပေါက်ဖွားလာစေ၏။ သို့သော် တခဏကြာသော် သူ၏မျက်လုံးများသည် အေးစက်သောအလင်းများဖြင့် တောက်ပသွားလေသည်။

” အန္တရာယ်ရှိရင် ရှိနိုင်ပေမယ့် ချိုင်မျိုးနွယ်စု နာမည်ရဖို့ အခွင့်အရေးတစ်ခုဆိုလဲ ဟုတ်တယ်။ ပိုင်မျိုးနွယ်စုကော ချိန်မျိုးနွယ်စုကော အခုအချိန်မှာ ဘာမှမလုပ်နိုင်ဘူး။ သရဲကြီးဘုရင်ကို သတ်နိုင်တဲ့လူ ငါတစ်ယောက်ပဲ ကျန်တော့တယ်။ ငါသာ တကယ် သတ်နိုင်ရင်… ဘယ်သူကများ ငါ့ကိုဦးမညွှတ်ပဲ နေရဲဦးမလဲ ”

” ချိုင်မျိုးနွယ်စု လူတိုင်းကို လွှမ်းမိုးနိုင်မယ်။ ငါတို့ သရဲကြီးမြို့တော်ကို တညီတညွှတ်တည်းဖြစ်အောင် စုပေါင်းပြီး နန်းမြို့တော်ကို တရားဝင်သစ္စာခံနိုင်မယ်။ ငါက သရဲကြီးဘုရင်အသစ်ဖြစ်ပြီး အလိုရှိတိုင်းသုံးလို့ရတဲ့ ကောင်းကင်ဘုရင်တစ်ပါးရဲ့ ရင်းမြစ်တွေနဲ့ သေချာပေါက် နတ်ဘုရားတစ်ပိုင်းနီးပါးဖြစ်လာနိုင်လိမ့်မယ် ”
ထိုနေ့အတွက် သူ ရင်မခုန်မိဘဲ မနေနိုင်တော့ပေ။ သူက ကောက်ကျစ်စွာ ခပ်တိုးတိုးရယ်ရင်း စောစောကပိုင်ရှောင်ချန်းအသံထွက်ပေါ်လာသည့်ဘက်သို့ တဟုန်ထိုးသွားလိုက်သည်။ တချိန်တည်းမှာပင် ထိုနေရာ၌ စုရုံးကြရန် ချိုင်မျိုးနွယ်စုကို အမိန့်များပေးလိုက်သည်။

ပိုင်ရှောင်ချန်းသည် ဟိုဟိုသည်သည် စတင် တည်နေရာရွှေ့ပြောင်းနေသဖြင့် သရဲကြီးမြို့တော်တွင် ထစ်ခြုန်းသံများ တစ်ဖန်ပြည့်နှက်သွားပြန်သည်။ သို့သော် ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးသည် အမှန်တကယ်ဆိုရလျှင် ချန်မျိုးနွယ်စုခေါင်းဆောင်ကြီးထက် များစွာပိုမြန်လေရာ ပိုင်ရှောင်ချန်း ဆယ်ကြိမ်ပင် မရွှေ့ပြောင်းရသေးမီ သူက မီလာလေသည်။ မီသွားသည်နှင့် တစ်ပြိုင်နက် သူက ပိုင်ရှောင်ချန်း အသက်မသွင်းနိုင်ခင် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ချက်ချင်းဖျက်စီးပစ်လိုက်၏။

ပိုင်ရှောင်ချန်း၏ ပါးစပ်မှ သွေးများပန်းထွက်သွားပြီး သူက လှည့်၍ တစ်ချိုးတည်း ပြေးတော့သည်။ ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးက အေးတိအေးစက်ရယ်မောလိုက်ပြီး မရေမတွက်နိုင်သော ချိုင်မျိုးနွယ်စုဝင်များနှင့်အတူ သူ့နောက်လိုက်တော့သည်။

မျိုးနွယ်စုခေါင်းဆောင်နှင့် မျိုးနွယ်စုအကြီးအကဲများသည် ထိုနေရာတွင်ရှိ၍ ယခုတွင် မရေမတွက်နိုင်သောအလင်းတန်းများအသွင်ဖြင့် ပိုင်ရှောင်ချန်းထံ ဝိုင်းအုံလာကြသည်။

“ငါတော့ သေပြီ။ သွားပါပြီကွာ။ အခုတော့ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူးး ”
ပိုင်ရှောင်ချန်းသည် အနီးဆုံးတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်မှာ အနည်းဆုံးမီတာ ၃၀၀၀ ဝေးကြောင်းစဥ်းစားရင်း မျက်ရည်ဝဲနေတော့သည်။ သူ့နောက်လိုက်နေသူများနှင့် မည်မျှနီးနေကြောင်းထည့်တွက်လိုက်ပါက ထိုနေရာသို့ မည်သည့်နည်းနှင့်မျှ ရောက်နိုင်တော့မည် မဟုတ်ပေ။ ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးမှာ နတ်တစ်ပါးဖြစ်နေခြင်းကြောင့်ဆိုလျှင် ပို၍မှန်ပေသည်။ အမှန်တွင် ခေါင်းဆောင်ကြီးသာ သူ့အနားကပ်ရန် ချီတုံချတုံဖြစ်မနေလျှင် သူ့ကို ကိုယ်တိုင်သတ်ပြီး ဖြစ်ပေမည်။

“ငါ့မှာ ရွေးစရာမရှိတော့ဘူး ”
သူကတွေးလိုက်သည်။
” သရဲကြီးဘုရင်ရေ နောက်ဖြစ်လာမယ့်အရာတွေအတွက် ကျုပ်ကို အပြစ်မတင်ပါနဲ့ဗျာ။ ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးက ခင်ဗျားကို လိုချင်တာလေ၊ သူတို့နဲ့ အပေးအယူယူလုပ်ဖို့မယုံပေမယ့်လည်း ကျုပ်သာ ခင်ဗျားကို သူတို့ကိုပစ်ပေးလိုက်ရင် ကျုပ် လွတ်ရင်လွတ်မှာ ”
ဤကဲ့သို့ သူ အမှန်တကယ် မလုပ်ချင်သော်လည်း သူ၏ သနားစရာအသက်လေးသည်သာ အရေးအကြီးဆုံးဖြစ်လေရာ သူက သက်ပြင်းချလိုက်ပြီး လှုပ်ရှားရန်ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင် လိပ်ကလေး၏ အသံက သူ့နားထဲ ရောက်လာ၏။

” စိတ်အေးအေးထားစမ်းပါ ကောင်စုတ်ကလေးရဲ့ ။ မင်းသရဲကြီးဘုရင်အကြောင်း မသိသေးတာရှိသေးတယ်။ သူက လုံးဝယုံလို့မရတဲ့ လူစားမျိုးကွ။ ငါမင်းကို ပြောပြမယ်။ သူ တစ်ခုခု ဖုံးကွယ်ထားတယ်ဆိုတာ ငါလိပ်ကိုယ်တော်သေချာတယ်။ အဲဒါ ဘာလဲဆိုတာ သေချာတွေးဖို့ နဲနဲတောင်ကြာသွားတယ်။ ဟွန်းးးး။ အခုတော့ ဘာလဲဆိုတာ ငါသေချာမြင်ရပြီ “

” နားထောင် ကောင်စုတ်လေး သရဲကြီးဘုရင်က လိမ်နေတာ။ သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံပြန်လည်သက်သာလာဖို့ တစ်လတောင်မလိုဘူး။ သူက လူတိုင်းကို အရူးလုပ်ထားတာ။ လိပ်ကလေးရဲ့ သိမ်းငှက်မျက်လုံးတွေအရ သူ့အတွက်ငါးရက်လောက်ပဲလိုမှာ။ သုံးရက်တောင် ဖြစ်ရင် ဖြစ်နေဦးမှာ။ ဟွန့်။ ဒီလူက လျှို့ဝှက်ချက်တွေ ဘယ်လိုထိန်းရမလဲ ကောင်းကောင်းသိထားတာပဲ “

” မင်း သူ့ကို မျိုးနွယ်စုသုံးစုလက်ထဲ ထည့်ပေးလိုက်ရင် အဲဒီနတ်အဆင့်ကျင့်ကြံသူတွေထဲမှာ လေးငါးရက်လောက်ခံဖို့ နည်းလမ်းတစ်ခုတော့ သေချာပေါက်ရှိမှာ။ အဲဒီအချိန်ကျရင်… ဟင်းဟင်း စိတ်ဝင်စားစရာကောင်းတော့မှာပဲ”

တုန်လှုပ်သွားသော ပိုင်ရှောင်ချန်းက သရဲကြီးဘုရင်အား တစ်ချက်ကြည့်လိုက်သည်။ ထိုလူ၏ မျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်နေပြီး ခါးသီးနာကျည်းသော အမူအရာတစ်ခုက လွှမ်းနိုးနေ၏။ ပိုင်ရှောင်ချန်းက ချက်ချင်းပင် ချီတုံချတုံဖြစ်သွားသည်။ လိပ်ကလေးမှာ သူစောစောက ပြောလိုက်သည့်စကားအပေါ် လုံးဝယုံကြည်ချက်ရှိနေပုံပေါ်ပြီး ထိုစကားအားလုံးသည်လည်း ယုတ္တိရှိလေသည်။ သရဲကြီးဘုရင်သည် ဉာဏ်နီဉာဏ်နက်များသော အကြံသမားတစ်ယောက် မဟုတ်ပါလော။

နောက်ဆုံးတွင် ပိုင်ရှောင်ချန်းက ခပ်တိုးတိုးရယ်လိုက်လေသည်။

” ဟန်ဆောင်နေနိုင်တယ်ပေါ့လေ”
သူက တွေးလိုက်သည်။
” ငါးရက်ဟုတ်လား ဟမ်။ ငါအခု လက်လျှော့လိုက်ရင် တော်တော် ဆုံးရှုံးရာရောက်သွားမှာပဲ”
တစ်လသည် အလွန်ကြာသည့်တိုင် လေးရက်၊ ငါးရက်ဆိုလျှင်တော့ ဖြစ်နိုင်သေးသည်။ မည်သို့ပင်ဆိုစေ အဆုံးသတ်တွင်ရမည့် အကျိုးအမြတ်အတွက် စွန့်စားခြင်းက ထိုက်တန်သေးသည်။

” ငါ သူနဲ့အဆင်ပြေအောင်လုပ်ရမယ်ထင်တယ် ”
သူက တခဏမျှ ခေါင်းမော့၍ တွေးလိုက်ပြီးနောက် ခပ်တိုးတိုးလည်ချောင်းရှင်းလိုက်ပြီးနောက် သူ့မျက်နှာပေါ်တွင် ရက်စက်သောအမူအရာတစ်ခုဖမ်းလိုက်သည်။

“သရဲကြီးဘုရင် ”
သူက သံမဏိသွေးကြောများထောင်နေလျက် အဆုတ်ကွဲလုတ်မတတ်အော်လိုက်သည်။

သရဲကြီးဘုရင်မှာ နောက်တစ်ထပ်သွေးတစ်လုပ်အန်လိုက်ရင်း ပိုင်ရှောင်ချန်းကို လှမ်းကြည့်ကာ သက်ပြင်းချလိုက်၏။

” ဒီကောင် ကတိဖျက်ပြီး ငါ့ကို မဟာမျိုးနွယ်စုသုံးစုလက်ထဲ ထည့်တော့မှာမလား….”
သို့သော် ဤသို့ သူတွေးလိုက်ချိန်တွင် ပိုင်ရှောင်ချန်း၏ အသံ ဟိန်းထွက်လာသည်။

” သရဲကြီးဘုရင်၊ ခင်ဗျားက အမြင့်မြတ်ဆုံး ဘုရင်တစ်ပါးပါ။ နတ်ဘုရားတစ်ပိုင်းဆိုလည်း ဟုတ်တယ်။ ကျုပ် ပိုင်ဟောင်က အမြုတေအဆင့်ကျင့်ကြံခြင်းအခြေနဲ့ နာမည်မရှိတဲ့ ဘာမှမဟုတ်တဲ့ကောင်။ ခင်ဗျားနဲ့ ကျုပ်ကြားက ခြားနားချက်က မိုးနဲ့မြေလိုပဲ။ ကျုပ်တို့နှစ်ယောက်ကို နှိုင်းယှဥ်လို့တောင် မရဘူး။ အမှန်က အခုဖြစ်နေတဲ့ အဖြစ်အပျက်တွေကြောင့်သာ မဟုတ်ရင် ကျုပ်တို့ဘဝတွေဟာ ဘယ်တော့မှ ဆုံတွေ့နိုင်မှာ မဟုတ်ပါဘူး”
ပိုင်ရှောင်ချန်း၏ အသံရှိ ခါးသီးနက်နဲခြင်းတို့ ရောယှက်နေရာ သရဲကြီးဘုရင်မှာ မှင်သက်နေတော့သည်။

ယခုအခါတွင် ချိုင်မျိုးနွယ်စုမှ လူများပင်လျှင် သူ့ကို လေးနက်သောအကြည့်များဖြင့် စိုက်ကြည့်နေကြလေသည်။

ပိုင်ရှောင်ချန်းက အရင်အချိန်များကို ပြန်တွေးနေသည့်အလား အက်ကွဲကွဲအသံဖြင့် စကားပြောလာ၏။
” အစတုန်းက ကျုပ်က ခင်ဗျားရဲ့ ကစားပွဲထဲကို သိတောင်မသိလိုက်ပဲ ဆွဲထည့်ခံရတဲ့ နယ်ရုပ်လေးပေါ့ဗျာ။ အဲဒါက ကြင်နာသနားတဲ့ အမူအရာမဟုတ်မှန်း ကျုပ်သတိထားမိပါတယ်။ ဒါပေမဲ့ အဲဒါက ဝဋ်ကြွေးဆိုတာ ကျုပ်သိတယ် “

” ကျုပ်ခင်ဗျားကို ကျောက်လိပ်ကြီးထဲကနေ မကျေမနပ်ချက်တွေ လောဘတွေနဲ့ ခေါ်ထုတ်ရင် ထုတ်ခဲ့မိလိမ့်မယ်။ အမှား ဟုတ်လား၊ မဟုတ်လား ဆုံးဖြတ်ဖို့ခက်တယ်။ ဒါပေမဲ့ အဲဒါ ဝဋ်ကြွေးဆိုတာ.. ကျုပ်သေချာသိတယ်”

“ဝဋ်…. ဝဋ်. ထူးခြားဆန်းကြယ်ပြီး ဖော်ပြလို့မရတဲ့ အရာတစ်ခု၊ အကုန်လုံးမေ့လိုက်တာပေါ့ဗျာ။ အခု ပိုင်ဟောက် ဘယ်တော့မှ မလုပ်မယ့် အရာတစ်ခုရှိတယ်။အဲဒါက ကတိ ဒါမှမဟုတ် ခင်ဗျားနဲ့သဘောတူညီချက်ကို ဖျက်တာပဲ သရဲကြီးဘုရင်ရေ”

ပိုင်ရှောင်ချန်း၏ စကားလုံးများက သရဲကြီးဘုရင်ကို တုန်ရီသွားစေလေသည်။ ထိုကဲ့သို့ စကားမျိုးပြောလိမ့်မည်ဟု သူဘယ်တုန်းကမှ ထင်မထားခဲ့ပေ။ သူက မဟာမျိုးနွယ်စုသုံးစုထံ လက်လွှဲပေးခံရမည်ဟု မျှော်မှန်းထားခြင်းဖြစ်သည်။

ထိုအစား ပိုင်ရှောင်ချန်းက ဤအချက်ကို ဦးတည်ရင်း အရာရာတိုင်းကို ရှင်းပြသွားလေသည်။ ထိုမျှသာမက သူ၏စကားလုံးများသည် မည်သည့်ဘက်ကကြည့်သည်ဖြစ်ပါစေ၊ ရိုးသားမှန်ကန်နေပေသည်။ သရဲကြီးဘုရင်ကဲ့သို့ မြေခွေးအိုကြီးသည်ပင် စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ပေ။ ပိုင်ရှောင်ချန်း ပြောစကားများအားလုံးက မှန်နေသည် မဟုတ်ပါလော။ အမှန်ပြောရလျှင် သူတို့နှစ်ယောက်သည် ဘယ်တော့မှ တွေ့ဆုံခဲ့မိမည်မဟုတ်ပေ။ ထိုမျှသာမက သရဲကြီးဘုရင်က ပိုင်ဟောက်ကို အရှုပ်ထုပ်တစ်ခုလုံးထဲ ကိုယ်တိုင်ဆွဲခေါ်ခဲ့သည် မဟုတ်ပါလော။

” ကျုပ် ခင်ဗျားကို တစ်လစောင့်ရှောက်ပေးမယ်လို့ ပြောခဲ့တယ်။ ကျုပ် ခင်ဗျားကို မစွန့်လွှတ်ဘူးးလို့ ပြောခဲ့တယ်။ ပြီးတော့ အခု ကျုပ် ဒါပြောမယ်။ သေခြင်းက ဘာအတွက်လဲ။ သရဲကြီးဘုရင်ရေ ခင်ဗျားကို မိတ်ဆွေကြီးလို့ သတ်မှတ်ခွင့်ပေးဗျာ။ မိတ်ဆွေကြီးရေ…… ဒီဒုက္ခတွင်းထဲက ကျုပ်တို့ အသက်ရှင်ရက် မထွက်နိုင်ဘဲ သေသွားခဲ့ရင်တေါင် ကျုပ် ခင်ဗျားကို တစ်လလုံး စောင့်ရှောက်ပေးနေဦးမှာပါ ”
သူက အင်္ကျီလက်ကို ခါလိုက်ရင်း ခေါင်းနောက်လှန်၍ အားပါးတရယ်မောလိုက်သည်။ ထိုရယ်သံတွင် ရူးသွပ်ခြင်း၊ စွဲလမ်းခြင်းများ ပြည့်နှက်နေသည်။ သူ၏အမူအရာ ၊ သူ၏ စကားလုံးများနှင့် အရာရာတိုင်းက သရဲကြီးဘုရင်၏ရင်ထဲတွင် တုန်လှုပ်ခြင်းလှိုင်းလုံးများ ချက်ချင်း ရိုက်ခတ်သွား၏။

သူသည် တစ်စုံတစ်ယောက်ကြောင့် ထိုသို့မခံစားခဲ့ရသည်မှာ ကြာခဲ့လေပြီ။ ဤအခြေအနေနှင့်ပတ်သက်၍ တစ်စုံတစ်ခု ထူးဆန်းနေပြီး သူသိသည့်ပိုင်ဟောက်နှင့် ကွာခြားနေသည့်ပုံပေါ်ကြောင်းလည်း သူအာရုံရလိုက်လေသည်။ သို့တိုင် သူ၏ လက်ရှိ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေအပြင် မရေမတွက်နိုင်သော သစ္စာဖောက်မှုများနှင့် မမျှော်လင့်ထားသော ကံခေခြင်းများကြုံရပြီးနောက် သူ့အနေဖြင့် ပိုင်ရှောင်ချန်း၏ စိတ်ရင်းကို လက်ခံရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။

“ပိုင်ဟောက်…”
သူသည် စိတ်ထဲလှိုက်လှိုက်လှဲလှဲခံစားလိုက်ရပြီး ခံစားချက် အပြည့်ဖြင့် ပြောလိုက်သည်။ အမှန်တကယ်ဆိုရလျှင် လက်ရှိအခြေအနေကို ဦးတည်နေသည့် အကြောင်းတရားများစွာ ရှိပြီး ပြောရလျှင် အကြင်နာမဲ့၍ ရက်စက်သည့် သရဲကြီးဘုရင်သည် ထိုကဲ့သို့ နွေးထွေးသောခံစားချက်များကို သူ့ရင်ထဲတွင် ဘယ်တော့မှ ဖြစ်တည်ခွင့်ပေးမည် မဟုတ်ပေ။

သူ၏ သစ္စာရှိလူယုံတော် နယ်စား သေမင်းေအာ်သံကိုပင်လျှင် အရာအားလုံးနှင့် ပတ်သက်၍ ဖုံးကွယ်ထားသည်များအရ မြင်နိုင်ပေသည်။

သရဲကြီးဘုရင် လေးလေးနက်နက် ခံစားနေသည့် အခိုက်အတန့်တွင် ချိုင်မျိုးနွယ်စု၏ နတ်အဆင့်ခေါင်းဆောင်ကြီးက အေးစက်သည့် မျက်လုံးများဖြင့် လှမ်းကြည့်လိုက်ပြီးနောက် ဟိန်းဟောက်လိုက်သည်။
” ကောင်းတာပေါ့။ မင်းတို့နှစ်ယောက်လုံး အတူသာသေလိုက်တော့ကွာ ”

ထို့နောက် သူက လေဟုန်ကိုခွင်း၍ လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်။

တဂျိန်းဂျိန်းထစ်ခြုန်းမြည်ဟည်းသံများ ပဲ့တင်ထပ်သွားပြီး တိုက်ကွက်က ပိုင်ရှောင်ချန်းနှင့် သရဲကြီးဘုရင်ထံ တဟုန်ထိုးဦးတည်လာ၏။ ပိုင်ရှောင်ချန်းက သူ၏ထာဝရထီးကို ဖျတ်ခနဲ အလျင်အမြန် ဖွင့်လိုက်ပြီး တိုက်ကွက်ကို ခုခံလိုက်သည်။ သို့သော် သူသည် တိုက်ကွက်၏အင်အားကြောင့် သွေးအန်သွားရပြီး နောက်သို့ လွင့်ထွက်သွားကာ အပြင်းအထန်ဒဏ်ရာရသွားတော့သည်။

” ပိုင်ဟောက် ”
သရဲကြီးဘုရင်မှာ တိုက်ကွက်ကို ခုခံရန် ပိုင်ရှောင်ချန်း၏ ရှေ့သို့ အပို့မခံလိုက်ရသဖြင့် မှင်သက်သွားပြီး အော်ဟစ်လိုက်လေသည်။

” မိတ်ဆွေကြီး၊ စောစောက ကျုပ်ကိုကျုပ်ကာကွယ်ဖို့ ခင်ဗျားကို သုံးရတာအကြောင်းရင်းက ”
ပိုင်ရှောင်ချန်းက ခမ်းနားကြီးကျယ်စွာ ပြောလိုက်သည်။
” ကျုပ်သေရမှာ ကြောက်လို့ မဟုတ်ဘူး။ ဒီအခြေအနေကနေ ခင်ဗျားကို ခေါ်ထုတ်သွားဖို့ ကျုပ် အင်အားကို ချွေတာချင်ရုံလေးပဲ ”
စိတ်ထဲတွင်တော့ ပိုင်ရှောင်ချန်းမှာ သူသရုပ်ဆောင်မှုက မည်မျှအသက်ပါလှကြောင်း ငြီးတွားနေလေသည်။

” စိတ်မပျက်ပါနဲ့ မိတ်ဆွေကြီးရေ ။ ကျုပ်မှာ ဝှက်ဖဲတွေရှိပါသေးတယ်”
စူးရှသည့်အလင်းများဖြင့် မျက်လုံးများတလက်လက်တောက်ပနေရင်း သူ့နောက် မီတာသုံးရာတွင် ရှိသည့် ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးကို ပြန်လှည့်ကြည့်လိုက်သည်။

သူက စိတ်ထဲတွင် ညည်းညူလိုက်သည်။
” ဒီမြေခွေးအိုကြီး ယုံလာအောင်လုပ်ဖို့ ငါ့ရဲ့ သွေးတွေ၊ ချွေးတွေ၊ မျက်ရည်တွေ တကယ်ကြီး အဆုံးရှုံးခံနေတာနော် ”

သူက အံတင်းတင်းကြိတ်ရင်း လက်ကို ဝှေ့ယမ်းကာ သူ့အိတ်ထဲမှ ဆယ့်တစ်ဆစိတ်စွမ်းအင်အဆင့်မြှင့်တင်ထားသဖြင့် ရွှေရောင်အလင်းများ တလက်လက်တောက်ပနေသည့် ဓားပျံတစ်ချောင်းကို ဆင့်ခေါ်လိုက်သည်။

သို့သော ဤမျှနှင့် မပြီးသေး။ သူ ထိုဓားကိုပစ်ပေါက်လိုက်ချိန်တွင် သူက အိတ်ထဲမှ မှော်ပစ္စည်းများ ဆက်တိုက်ထုတ်လိုက်သည်။ ၎င်းတို့အားလုံးသည် မြေရိုင်းဒေသသို့ ရောက်ရှိပြီးသည့်နောက်မှ ရရှိခဲ့သော ပစ္စည်းများဖြစ်သည်။ တချို့မှာ ဆယ့်တစ်ဆစိတ်စွမ်းအင်အဆင့်မြှင့်တင်ထားသော်လည်း အများစုမှာ ခြောက်ဆမြှင့်တင်ထားခြင်းဖြစ်လေသည်။ သို့သော် ဒါဇင်များစွာ ရှိလေသည်။

” ပေါက်ကွဲစေ “


Comment

Leave a Reply


Options

not work with dark mode
Reset