အခန်း ( ၆၅၇ )

ကိုးဆယ့်ကိုးကြိမ်

” မင်း သေချင်နေတာမလား” ချန်မျိုးနွယ်စုခေါင်းဆောင်ကြီးသည် မျက်နှာရှုံ့တွနေရင်း ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ မကြာမီ စောစောက ပိုင်ရှောင်ချန်း တည်နေရာရွှေ့ပြောင်းသွားသည့်နေရာမှာ ဖျက်စီးခံလိုက်သဖြင့် မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံကြီးတစ်ခုကို ကြားလိုက်ရ၏။ ထို့နောက် သူက ပျောက်ကွယ်သွားပြီး နောက် ဆက်လက်လိုက်ဖမ်းတော့သည်။

ဤအချိန်တွင် ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးက ချန်မျိုးနွယ်စုခေါင်းဆောင်ကြီးနှင့် ပူးပေါင်းရန် မြို့တော်ထံသို့ အလောတကြီးလာနေသည်။ သူရောက်သည်နှင့် ပိုင်ရှောင်ချန်းအတွက် ပို၍ပင် ခက်ခဲသွားမည်ဖြစ်ပေသည်။

မန္တန်အစီအရင်များမှာ
ဝင်ရောက်ရန် အထူးလိုအပ်ချက်များ ရှိပြီး ပိုင်ရှောင်ချန်းက ထာဝရပြုစားခြင်းသိုင်းကိုသုံး၍ အထဲ ဝင်နိုင်သော်လည်း ထိုသို့ပြုလုပ်ရန် အချိန်လိုအပ်သည်။

ချန်မျိုးနွယ်စုခေါင်းဆောင်ကြီးက လျှပ်စီးလက်သည့်အလား အလွန်လျင်မြန်စွာ ထပ်ကြပ်မကွာလိုက်ဖမ်းနေသည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းသည် မန္တန်အစီအရင် ဒုတိယတစ်ခုကို တွေ့တော့မည့်အချိန်မှာပင် ခေါင်းဆောင်ကြီးက အထက်တွင် ပေါ်လာ၏။ ပိုင်ရှောင်ချန်းမှာ တည်နေရာရွှေ့ပြောင်းခြင်းလုပ်ဆာင်ချက်ကို အသက်သွင်းရန် အခွင့်အရေးပင် မရလိုက်ပေ။

၎င်းက မြို့တော်၏ အနောက်ဘက်ပိုင်းရှိ ရှေးဟောင်းအဆောက်အဦးများ၊ ဘုရားစေတီများ ဝန်းရံထားသည့် ဝေးလံခေါင်ဖျားသော နေရာတစ်ခုဖြစ်သည်။ အမှန်တကယ်ဆိုရလျှင် ထိုဘုရားစေတီအဆောက်အဦအများစုသည် သရဲကြီးမြို့တော်ကဲ့သို့ သက်တမ်းကြာမြင့် အိုမင်းနေကြပြီဖြစ်သည်။

ဤနေရာတွင် နေထိုင်သည့် သိပ်မများလှသော ဝိညာဥ်ကျင့်ကြံသူများသည် တိတ်ဆိတ်ငြိမ်သက်လျက်ရှိကြသည်။ မြို့တော်ထဲရှိ ဆူပူအုံကြွမှုများကြောင့် မြို့သူမြို့သားများသည် ကြောက်ကြောက်လန့်လန့် တုန်ရီနေကြပြီး ယခုလောလောဆယ်တွင် မြို့တော်တစ်ခုလုံးမှာ သိသာထင်ရှားနေသည့် တစ်ယောက်တည်းသော လူမှာ ချန်မျိုးနွယ်စုခေါင်းဆောင်ကြီးပင် ဖြစ်သည်။

” မင်းမှာ အခု အခွင့်အရေးမရှိတော့ဘူး ပိုင်ဟောက် ”
ခေါင်းဆောင်ကြီးက သတ်ဖြတ်လိုစိတ်များတောက်လောင်နေရင်း ပိုင်ရှောင်ချန်းနှင့် သရဲကြီးဘုရင်တို့ရှိရာဘက်သို့ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

ထစ်ခြုန်းမြည်ဟည်းသံများ ကြားလိုက်ရပြီး လေထဲမှာ လက်ကြီးတစ်ဖက် ပေါ်လာ၏။ အရာအားလုံး ပြင်းထန်စွာ တုန်ခါသွားကြပြီး အောက်ဖက်ရှိ အဆောက်အအုံများမှာ အုတ်ကျိုးအုတ်ပဲ့များအဖြစ် ပြိုကျပျက်စီးလာကြ၏။

ပိုင်ရှောင်ချန်း၏ မျက်နှာသည် အကြောက်တရားများဖြင့် ဖြူဖပ်ဖြူရော်ဖြစ်နေသည့်တိုင် သူ့မျက်လုံးများသည်ကား စိတ်ပိုင်းဖြတ်ထားသည့် အရိပ်အယောင်များဖြင့် တောက်ပနေသည်။ ဤသည်မှာ သေရေးရှင်ရေးအခြေအနေကြီးတစ်ရပ်ဖြစ်ပြီး သူအလွယ်တကူလွတ်မြောက်နိုင်မည် မဟုတ်ကြောင်း သူသိသည်။ ထိုမျှသာမက တည်နေရာရွှေ့ပြောင်းခြင်း ဖျက်စီးခံရလျှင် နောက်တစ်နေရာ သူရှာရမည်ဖြစ်ပြီး သေစေနိုင်သော အန္တရာယ်ကြီးကြောင့် ဗျာများနေရပေမည်။

ခေါင်းထဲတွင် ထိုအတွေးများဖြင့် သူက လာနေသည့် လက်ဝါးတိုက်ကွက်ကို ခုခံရန် သရဲကြီးဘုရင်ကို ခေါင်းပေါ်မြှောက်လိုက်ပြီးနောက် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံ သူ၏ဘယ်လက်ကို လှမ်းလိုက်သည်။

၄င်းမှာ စိန်ခေါ်ရသောလုပ်ရပ်တစ်ခုဖြစ်ပေသည်။ သရဲကြီးဘုရင်ကို သုံး၍ တိုက်ကွက်၏အားအနည်းငယ်ကို စုပ်ယူပြီးနောက် မန္တန်အစီအရင်ကို အသက်သွင်းကာ တည်နေရာပြောင်းမည်ဖြစ်သည်။

သရဲကြီးဘုရင်မှာ ခံပြင်းဒေါသထွက်သွားသော်လည်း လုံးဝ ခိုကိုးရာမဲ့နေသည်။ ၄င်းမှာ သေစေနိုင်သောအခိုက်တန့်ကြီးတစ်ခုဖြစ်ရာ သူလုပ်နိုင်သမျှမှာ ကျင့်ကြံခြင်းအခြေခံနောက်ဆုံးလက်ကျန်ကို တတ်နိုင်သမျှထုတ်၍…. တိုက်ကွက်အားကို ခုခံရန်သာဖြစ်သည်။

ထိုအရာအားလုံးကို ဖော်ပြရန် အချိန်အနည်းငယ်မျှ ကြာနေသော်လည်း အမှန်တွင် မီးတစ်ခတ်သာကြာလိုက်သည်။ ချန်မျိုးနွယ်စုခေါင်းဆောင်ကြီး၏လက်ဝါးသည် သရဲကြီးဘုရင်ကို ရိုက်ချလိုက်သဖြင့် သရဲကြီးဘုရင်ထံမှ အင့်ခနဲ အသံထွက်ပေါ်လာပြီး အတွင်းအင်္ဂါတချို့၏ အတုံးအတစ်များနှင့်အတူ သွေးတစ်ပွက်အန်လိုက်ရတော့သည်။ သိသာထင်ရှားစွာပင် သူ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့လေပြီ။

ပိုင်ရှောင်ချန်းမှာလည်း ဒဏ်ရာသွားခဲ့ပြီး သွေးအနည်းငယ်အန်လိုက်ရ၏။ သို့သော် သူ၏လက်နှင့် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ထိသွားနိုင်သည်တွင် အလင်းစူးစူးများ တောက်ပလာတော့သည်။

” တည်နေရာရွှေ့ပြောင်းစမ်း” သူကအော်လိုက်သည်။ထစ်ခြုန်းသံများ ပဲ့တင်ထပ်သွားသော်လည်း…… တည်နေရာရွှေ့ပြောင်းခြင်းတစ်ခုမှဖြစ်မလာပေ။ ထိုအစား ဝန်းရံနေသည့် ပျက်စီးနေေသာအဆောက်အုံ အကျိုးအပဲ့များထံမှ သစ်သားအစအနများက ရုတ်တရက် လေထဲ ပျံတက်လာကြသည်။

သတ္တုမျိုးစုံသည်လည်း လေကို ခွင်း၍ ပိုင်ရှောင်ချန်းထံ ပြေးဝင်လာ၏။

ပိုင်ရှောင်ချန်းမှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး သွေးအန်နေဆဲဖြစ်သည့် သရဲကြီးဘုရင်ပင်လျှင် တအံ့တသြကြည့်လိုက်မိသည်။ ချန်မျိုးနွယ်စုခေါင်းဆောင်ကြီး၏ရင်ထဲတွင် စိုးရိမ်နေခဲ့သည့်ခံစားချက်ကြီးတစ်ခု ရုတ်ချည်းထိုးတက်လာသည်။

သူတို့တစ်ယောက်မှ မတုံ့ပြန်နိုင်လိုက်ခင် သစ်သားအပိုင်းအစများနှင့် သတ္တုများသည် စက်ယန္တရားကြီးတစ်ခုအသွင် အတူတကွပေါင်းစပ်လာကြသဖြင့် လေထဲတွင် အက်ကွဲသံများ ပြည့်နှက်နေတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင်….. မီတာ ဒါဇင်ပေါင်းများစွာ အမြင့်ရှိသည့် ထောက်ချောက်ဘီလူးကြီးတစ်ကောင် ပိုင်ရှောင်ချန်း၏ ရှေ့တည့်တည့်တွင် ပေါ်လာလေသည်။

ထောင်ချောက်ဘီလူးကြီး၌ ခေါင်းသုံးလုံး၊ လက်ခြောက်ချောင်းနှင့် ခြေလေးချောင်းရှိပြီး သားရဲတစ်ကောင်ကဲ့သို့ ခန္ဓာကိုယ်တစ်ခုရှိလေသည်။ ၄င်း၏ ခန္ဓာကိုယ်မျက်နှာပြင်သည် ပြောက်ကျား အစက်အပြောက်များဖြစ်ပြီး ရှေးကတည်းက တည်ရှိခဲ့သည့်အလား ရှေးဆန်သောအငွေ့အသက်တစ်ခုထုတ်လွှတ်နေသည်။ ၄င်းက ပေါ်လာသည်နှင့် တစ်ပြိုင်နက် ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်သည်။

ဟိန်းဟောက်သံကြီးသည် နတ်တစ်ပါး၏ အငွေ့အသက်များနှင့်အတူ ဂယက်များထသွားရာ သရဲကြီးမြို့တော်အတွင်းရှိ အစွမ်းထက်လှသော ပညာရှင်များအားလုံး အံ့သြတုန်လှုပ်သွားတော့သည်။

ချန်မျိုးနွယ်စုခေါင်းဆောင်ကြီး၏ မျက်လုံးများမှာ မယုံကြည်နိုင်မှုများဖြင့် ပြူးကျယ်သွားပြီး ပင့်သက်ရှိုက်သွားတော့သည်။
” နတ်အဆင့် ထောင်ချောက်ဘီလူး။ ဘယ်လိုလုပ်ဖြစ်နိုင်မှာတုံး ”

ခေါင်းဆောင်ကြီးတစ်ယောက်တည်းသာ မှင်သက်သွားခြင်းမဟုတ်ပေ။ သရဲကြီးဘုရင်၏ မျက်လုံးများမှာလည်း လုံးဝဝိုင်းစက်ပြူးကျယ်နေတော့သည်။ သူသည် ပိုင်ရှောင်ချန်း၌ အလိုရှိသလို အသုံးပြုနိုင်သည့် မန္တန်အစီအရင်များစွာရှိသည်ကို အံ့သြနေခဲ့သည်ဖြစ်ရာ နတ်အဆင့်ထောင်ချောက်ဘီလူးကြီး မြို့တော်ထဲရောက်ခြင်းက သူ၏ရိုးတွင်းခြင်ဆီအထိ တုန်လှုပ်သွားစေတော့သည်။ ထောင်ချောက်ဘီလူးကြီးသည် ပုံစံပျက်နေပြီး အချိန်အနည်းငယ်သာ ခံမည်ဖြစ်ကြောင်း သိသာလေသည်။

သို့သော် ၄င်းသည် နတ်အဆင့် ထောင်ချောက်ဘီလူးကြီးတစ်ကောင် ဖြစ်နေသေးသည်။

ထောင်ချောက်ဘီလူးကြီးများ ဖန်တီးရန် အသုံးပြုသော လျှို့ဝှက်မှော်ပညာသည် မြေရိုင်းဒေသတွင် တိမ်မြှုပ်ပျောက်ကွယ်နေသည့် ပညာတစ်ရပ်ဖြစ်သည့်တိုင်….ယခု သရဲကြီးမြို့တော်ထဲတွင် ရောက်နေပြီး ဤလူပိုင်ဟောက်က တစ်ကောင်ကို ဆင့်ခေါ်ခဲ့လေသည်။

သရဲကြီးဘုရင်မှာ ပိုင်ဟောက်မှာ အလိုရှိသလိုအသုံးပြုနေနိုင်သည့် မည်သည့် နတ်ဘုရားစွမ်းရည်များရှိနေကြောင်း လုံးလုံးမတွေးတတ်တော့ပေ။ သရဲကြီးမြို့တော်တွင် သူရှိနေခဲ့သည့် တိုတောင်းလှသော နှစ်ဝက်အတွင်း ဤသို့လုပ်ပြခဲ့သည်က အံသြတုန်လှုပ်ဖွယ်ကောင်းပေသည်။

အထူးသဖြင့် သရဲကြီးမြို့တော်သည် သရဲကြီးဘုရင်နှင့် သက်ဆိုင်နေသည့်တိုင် ဤအရာများအား သူ မည်သို့နေရာချစီစဥ်ခဲ့ကြောင်း တစ်ခုမှမသိခဲ့ရသည့်အတွက် လုံးဝမယုံကြည်နိုင်ဖွယ်ကောင်းနေတော့သည်။ ထို့နောက် သူက ပိုင်ဟောက်၏လက်ထဲမည်သို့ ကျရောက်ခဲ့ရပြီး သူ၏မူပိုင် အချုပ်အနှောင်မန္တန်အား သူ့ကို ပေး၍အားထားခဲ့ရပုံကိုတွေးလိုက်မိပြီးနောက် ရုတ်တရက် သူနှင့် လူတိုင်းမှာ…. ပိုင်ဟောက်ကို လုံးဝလျှော့တွက်ခဲ့မိကြောင်း သဘောပေါက်လိုက်တော့သည်။ သို့သော် တခဏကြာသော် မန္တန်အစီအရင်များကို ပိုင်ဟောက်နေရာချစီမံထားသည် မဟုတ်ကြောင်း သဘောပေါက်လိုက်သဖြင့် သူ၏ မျက်လုံးများ တောက်ပလာသည်။ ပိုင်ဟောက်က ထိုမန္တန်များကို အသုံးပြုနေခြင်းသာ ဖြစ်သည်။

မည်သို့ပင် ဖြစ်စေ မယုံကြည်နိုင်ဖွယ်ရင်းမြစ်များစွာကို သူအသုံးပြုနေသည့်အချက်ကြောင့် သူသည် ထူးချွန်ထက်မြက်သော အကြံသမားတစ်ယောက်ဖြစ်ပြီး စစ်မှန် ပြောင်မြောက်သော လက်ရွေးစင်တစ်ယောက်ဟု ယူဆရပေမည်။

တုန်လှုပ်နေသော သရဲကြီးဘုရင်က စူးရှတောက်ပနေသည့် မျက်လုံးများဖြင့် ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်ပြီး လေးစားခြင်းများရောယှက်နေသည့်ခံစားချက်တစ်ခု သူ့နှလုံးသားထဲတွင် ပေါ်ပေါက်လာတော့သည်။

ပိုင်ရှောင်ချန်းမှာ အံ့သြတုန်လှုပ်ဖွယ် ထောင်ချောက်ဘီလူးကြီး၏ မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်နေသည်။ လုရှီယုံ လိမ်ညာနေခဲ့ခြင်းမဟုတ်ပေ။ သူ၏ဘိုးအေကြီးသည် အမှန်တကယ်ပင် ထောက်ချောက်ဘီလူးကြီးကို တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခုတွင် လျှို့ဝှက်စွာ ချန်ရစ်ခဲ့သည်။

သူက ရင်တဒိန်းဒိန်းခုန်ရင်း အော်လိုက်သည်။
” အဲဒီလူကို သတ်”

ထောင်ချောက်ဘီလူးကြီး၏မျက်လုံးများသည် ကြက်သွေးရောင်အလင်းများဖြင့် စူးရှတောက်ပလာပြီး လေထဲခုန်တက်၍ ချန်မျိုးနွယ်စုခေါင်းဆောင်ကြီးထံ ပြေးဝင်သွားရာ အက်ကွဲသံများ ထွက်ပေါ်လာသည်။

သူတို့စတင်တိုက်ခိုက်ကြသောကြောင့် ဝုန်းခနဲ မြည်ဟည်းသံကြီး ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်ရှိအရာအားလုံး တုန်ခါသွားကြ၏။ ပိုင်ရှောင်ချန်းမှာမူ အသက်ပြင်းပြင်းရှူလိုက်ပြီး လက်ဖြင့် မြေကြီးပေါ်သို့နောက်တစ်ကြိမ် ရိုက်ချလိုက်ရာ တည်နေရာရွှေ့ပြောင်းခြင်း လှိုင်းဂယက်များ ပျံ့နှံ့လာပြီး သူနှင့်သရဲကြီးဘုရင် ပျောက်ကွယ်သွားလေသည်။

ချန်မျိုးနွယ်စုခေါင်းဆောင်ကြီးမှာ လိုက်ဖမ်းချင်သော်လည်း ထောင်ချောက်ဘီလူးကြီးက သူ့ကို အခွင့်မပေးချေ။ ဒေါသထွက်သွားရင်း သူက အားအင်အပြည့်ဖြင့် တိုက်ခိုက်တော့သည်။ ထောင်ချောက်ဘီလူးကြီးမှာမူ ရှေးဟောင်းအရာတစ်ခုဖြစ်ပြီး နတ်အဆင့်ခေါင်းဆောင်ကြီးကို ပြဿနာများဖြစ်စေနိုင်သော်လည်း ကြာရှည်ခံမည်မဟုတ်ဘဲ နောက်ဆုံးတွင် ပြိုကျပျက်စီးသွားမည်သာ ဖြစ်သည်။

သို့သော် ခေါင်းဆောင်ကြီး အသာစီးရနေချိန်တွင် ထောင်ချောက်ဘီလူးကြီး၏ မျက်လုံးများ ရုတ်တရက် ဝင်းလက်သွား၏။ တချိန်တည်းမှာပင် ခေါင်းဆောင်ကြီးသည် ထောင်ချောက်ဘီလူးများအားလုံး မိမိကိုယ်ကို ဖောက်ခွဲရာ၌ မည်မျှကြောက်စရာကြောင်းသည့် အကြောင်း ဇာတ်လမ်းများကို သတိရလိုက်သဖြင့် မျက်နှာပျက်သွားတော့သည်။

” မကောင်းတော့ဘူး ”
သူက ချက်ချင်း နောက်ဆုတ်ရန် ပြင်လိုက်သော်လည်း သူ မည်သို့မျှ မလုပ်နိုင်ခင် ထောင်ချောက်ဘီလူးကြီးအတွင်း ဖုံးကွယ်ထားသည့်မီးတောက်က ရုတ်တရက်ထတောက်လာ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထောင်ချောက်ဘီလူးကြီး၏တစ်ကိုယ်လုံးတွင် မီးများတဟုန်းဟုန်းတောက်လောင်လာပြီး အရပ်မျက်နှာအနှံ ပေါက်ကွဲထွက်သွားတော့သည်။

လေထုကြီး ပုံပျက်ရှုံ့တွသွားပြီး သရဲကြီးမြို့တော်တစ်ခုလုံးကို တုန်ခါလှိုင်းလုံးကြီးများ ဖုံးလွှမ်းသွားသည်။ မရေမတွက်နိုင်သော မျက်နှာပေါင်းများစွာ ရှုံ့မဲ့သွားကြပြီး အော်ဟစ်သံများစွာ ကြားလိုက်ရ၏။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းသည် မြို့တော်နှင့် ခပ်လှမ်းလှမ်း နေရာတစ်ခုတွင် ပေါ်လာသည်။ သူ ထွက်ပေါ်လာသည်နှင့် အပူလှိုင်းတစ်လုံးရိုက်ခတ်ခြင်းခံလိုက်ရသဖြင့် သူ၏ဆံပင်များ ဝဲပျံသွားတော့သည်။

“ထောင်ချောက်ဘီလူး ကိုယ့်ကိုကိုယ် ဖောက်ခွဲခြင်း ”
သူက ပင့်သက်ရှိုက်လိုက်သည်။

ဤအချိန်တွင် သရဲကြီးဘုရင်မှာ သွေးအန်နေဆဲဖြစ်ပြီး သူ၏မျက်နှာ ချွတ်ခြုံကျနေတော့သည်။ သို့သော် သူ၏ မျက်လုံးများမှာမူ တက်ကြွသောစိတ်ဇောအဟုန်များဖြင့် တောက်လောင်နေ၏။

မီးတောက် မီးလျှံများ ပျောက်ကွယ်သွားစဥ်တွင် ဒေါသတကြီးဟိန်းဟောက်သံတစ်ခုကို ကြားလိုက်ရလေသည်။ ၄င်းမှာ ချန်မျိုးနွယ်စုခေါင်းဆောင်ကြီးထံမှ လွဲ၍ တခြားမဟုတ်ပေ။ သူ၏ ဆံပင်များသည် ရှုပ်ပွနေပြီး သူ၏ဝတ်ရုံမှာ စုတ်ပြဲလျက်ရှိကာ တဆတ်ဆတ်တုန်နေတော့သည်။ သူ မသေသေးသော်လည်း သွေးများအန်နေသည့်ပုံက အပြင်းအထန်ဒဏ်ရာရသွားခဲ့ကြောင်း ညွှန်ပြနေသည်။ တချိန်တည်းမှာင် ပိုင်ရှောင်ချန်းအပေါ် သူ၏ မုန်းတီးခြင်းများကား အဆုံးစွန်ထိ ရောက်သွားတော့သည်။

သို့သော် သူသည် ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးနည်းတူ တူညီသော ဆုံးဖြတ်ချက်ချရန် တုံ့ဆိုင်းမနေပေ။ သူက ဒေါသတကြီးဟိန်းဟောက်ရင်း အလင်းတန်းတစ်ခုအသွင်ပြောင်းကာ ချန်မျိုးနွယ်စုထံ ဦးတည်လိုက်သည်။ သူမည်သူ့ကို မဆို အယုံအကြည်နည်းကြောင်း စဥ်းစားကြည့်လျှင် သူ၏အဓိက ဦးစားပေးသည် ဒဏ်ရာများအား ကုသရန်ဖြစ်ပေသည်။

သရဲကြီးမြို့တော်ရှိ လူတိုင်း ထိုသည်က်ု မြင်ကြသောအခါ ပင့်သက်ရှိုက်သွားကြပြီး ပိုင်ဟောက်ကို လုံးလုံးလျားလျား တုန်လှုပ်၍ ကြောက်လန့်သွားကြတော့သည်။

” ဘုရားရေ ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးက ပိုင်ဟောက်ကို သတ်ဖို့ ကြိုးစားပြီး ဒဏ်ရာအကြီးအကျယ်ရသွားတယ်။ ချန်မျိုးနွယ်စုခေါင်းဆောင်ကြီးလဲ အတူတူပါပဲလား ”

” ဒီလူ ပိုင်ဟောက်မှာ ဝှက်ဖဲတွေ ဘယ်လောက်တောင် ရှိတာတုန်း။ ကြောက်စရာကောင်းချက်ပဲ”

” သူက နတ်သတ်သမားပဲ။ လုံးဝ တိရစ္ဆာန်ပဲကွ ”

မဟာမျိုးနွယ်စုကြီးသုံးစုဖြစ်စေ၊ ကောင်းကင်ဘုံမြို့စားခြောက်ဦး၏ စစ်တပ်များဖြစ်စေ၊ တခြားသူများဖြစ်စေ မည်သူမျှ သူတို့မြင်ခဲ့ရသည်များနှင့် စပ်လျဥ်း၍ မကြောက်လန့်ဘဲ မနေနိုင်ပေ။ ကောင်းကင်မြို့စားများ၏ တပ်ဖွဲ့များမှာ သူတို့ဘက်တွင် နတ်အဆင့်တစ်ယောက်မှ မရှိသည့်အတွက်ကြောင့် ပိုင်ရှောင်ချန်းကို အမှန်တကယ် လိုက်ဖမ်းနိုင်ခြင်း မရှိကြပေ။ ယခုအခိုက်အတန့်မှာ မကွယ်ဝှက်တမ်းပြောရလျှင် သူတို့ ဝမ်းမြောက်နေကြလေသည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းက ယခင်ကထက်ပို၍ သူ့ကိုယ်သူ ကျေနပ်နေတော့သည်။

” ခင်ဗျားတို့ တွေ့တယ်မလား ” သူက ကျယ်လောင်စွာ အော်လိုက်သည်။
” ကျုပ်ကို လာရန်မစကြနဲ့။ ကျုပ်တိုက်ခိုက်ရင် ကျုပ်ကိုယ်ကျုပ်တောင် ကြောက်တယ်။ ကျုပ်သာဆန္ဒရှိရင် အဲဒီလိုနတ်ဘုရားစွမ်းရည်တွေ ကိုးဆယ့်ကိုးကြိမ်မက ကျုပ်သုံးနိုင်တယ်နော် “


Comment

Leave a Reply


Options

not work with dark mode
Reset