Switch Mode

Chapter 21

မင်းလုပ်တာ မှားသလား၊ မှန်သလား

ဘန်း!

ကျယ်လောင်သော အသံထွက်ပေါ်လာပြီးနောက် ဝံပုလွေရိုင်း ကြမ်းပြင်နှင့် မိတ်ဆက်သွားသည်ကို မြင်လိုက်ရပြီး လူတိုင်း စိတ်ထဲလေးလံလာသည်။

**သူသေသွားပြီ**

လူတော်တော်များများက ယဲ့ဖန် သေသွားပြီဟု ထင်နေကြသည်။ သို့သော် သူတို့ သိချင်စိတ်ဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ထိတ်လန့်တကြား ဖြစ်သွားကြသည်။

သူတို့ တွေ့လိုက်ရသည်က ယဲ့ဖန်သည် အဝတ်အစား သပ်သပ်ရပ်ရပ်နှင့် ရှိနေပြီး သူ့ရှေ့တွင် လူပုံသဏ္ဍာန် တွင်းကြီးတစ်တွင်း ရှိနေသည်။ ထိုတွင်းထဲတွင်တော့ ဝံပုလွေရိုင်း ရှိနေ၏။

…..

ထိုမြင်ကွင်းကို ကြည့်ကာ လူတိုင်းက သူတို့ စိတ်ချောက်ချားပြီး ကယောင်ချောက်ချားနှင့် မျက်စိမှောက်သည်ဟု ထင်လိုက်မိကြသည်။

လူတိုင်းနီးပါး ကိုယ့်မျက်လုံးကိုယ် လက်နှင့်ဆက်တိုက်ပွတ်ကာ သေချာအောင် ပြန်ကြည့်ကြပြီးနောက် ဘားတစ်ခုလုံး ပွက်လောရိုက်သွားသည်။

“မဖြစ်နိုင်ဘူး…. ဝံပုလွေရိုင်းက ရှုံးသွားတယ်?… ဒါ လုံးဝမဖြစ်နိုင်ဘူး”

“ဘုရားရေ…. ငါ ဘာကို မြင်လိုက်တာလဲ… ငါ မြင်တာ မှားများမှားနေတာလား…. ငါ အမြင်မှားတာပဲ ဖြစ်မယ်”

“မယုံနိုင်စရာပဲ… ဒါ လုံးဝကို မယုံနိုင်စရာပဲ”

“…..”

ဘားထဲရှိလူများ အားလုံး ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။

ခုနလေးတင် မောက်မာနေသည့် ဝံပုလွေရိုင်းက အခု ခွေးသေတစ်ကောင်လို ဖြစ်သွားသည်ကို သူတို့ လက်မခံနိုင်ကြသေးပေ။

ချွီထောင်နှင့် မိန်းကလေးသုံးယောက်၏ လှောင်ရယ်သံများ တိခနဲ ရပ်သွားပြီး မျက်လုံးအပြူးသားနှင့် မယုံနိုင်စွာ ကြည့်နေကြသည်။

ချွီထောင် ကိုယ့်ပေါင်ကိုယ် ပြန်ဆိတ်လိုက်ပြီး နာလာမှသာ အိပ်မက်မက်နေတာ မဟုတ်မှန်း လက်ခံလိုက်ရသည်။

**ဒါပေမယ့်…. ဘယ်လိုလုပ်ပြီး ဝံပုလွေရိုင်းက ရှုံးသွားတာလဲ**

ဖေးချမ်လည်း ကြောင်အသွားရသည်။ ရိုစ့်သည်လည်း အံ့ဩတကြီးနှင့် သူမပါးစပ်ကို လက်ဖြင့်အုပ်လိုက်မိသည်။

တစ်ခြားသူများက သေချာမမြင်လိုက်ရသော်လည်း သူမကတော့ ရှင်းလင်းစွာ မြင်လိုက်ရသည်။ ယဲ့ဖန်လက်ထဲတွင် ဝံပုလွေရိုင်းက ကြက်ပေါက်စလေးလို အားနည်းနေခဲ့သည်ကို သူမ သတိပြုမိသည်။

**မ… မဖြစ်နိုင်လိုက်တာ**

ချက်ချင်းပင် ရိုစ့် ယဲ့ဖန်ကို အာရုံစူးစိုက်၍ လေ့လာမိသည်။ ယဲ့ဖန်၏ အပြစ်ကင်းစင်သော မျက်နှာလေးကို ကြည့်ပြီး သူမ တွေဝေသွားသည်၊ ထို့နောက် သူမ သူ့ကို အထင်သေးလိုက်မိမှန်း သဘောပေါက်လာသည်။ သူက သူမ ထင်ထားသည်ထက် ပို၍ ထူးဆန်းသည်။

သို့သော် ထိုအချိန်တွင် ယဲ့ဖန်က ဘေးလူများ၏ ထိတ်လန့်အံ့ဩနေသော အကြည့်များကို လျစ်လျူရှုကာ ဝံပုလွေရိုင်းကိုသာ စိုက်ကြည့်နေသည်။ ထို့နောက် သူက ဝံပုလွေရိုင်းကို လက်ဖြင့် ဆွဲမကာ နောက်တစ်ကြိမ် ကိုင်ပေါက်လိုက်သည်။

ဘန်း!

ဝံပုလွေရိုင်းကြောင့် ကြမ်းပြင်ပေါ်၌ နောက်ထပ် တွင်းတစ်တွင်း ထပ်ပေါ်လာသည်။ သို့သော် ဤသည်ကား အစပင် ရှိသေးသည်။

ဘေးလူများ၏ ထိတ်လန့်နေသော အကြည့်အောက်မှာပင် ယဲ့ဖန်သည် ဒေါသအိုး ပေါက်ကွဲနေသော သားရဲကြီးသဖွယ် ဝံပုလွေရိုင်းအား ထပ်ခါထပ်ခါ ကိုင်ပေါက်နေသည်။

ဘန်း! ဘန်း! ဘန်း!

ကျယ်လောင်သောအသံများ ထပ်ခါထပ်ခါ ထွက်ပေါ်လာပြီး ကြမ်းပြင်တွင်လည်း တွင်းပေါက်များစွာ ဖြစ်ပေါ်လာသည်။

လူ့ဘီလူးကြီးက ကြက်ပေါက်စလေးကို သတ်နေသည်ကို ကြည့်နေရသလိုပင်။

အသံကျယ်ကြီးများကို ကြားနေရပြီး သွေးပျက်ဖွယ်ရာ မြင်ကွင်းကို ကြည့်နေရပြီးနောက် အားလုံး အေးခဲမတတ် ကြောက်လန့်လာသည်။

“သူ စောက်ရမ်း ရက်စက်လွန်းတယ်”

ကြည့်နေသည့်သူများ၏ စိတ်ထဲတွင် ယဲ့ဖန်သည် ရက်စက်သည့် နတ်ဆိုးသာသာပင် ဖြစ်၏။

ဘန်း!

နောက်ဆုံးတစ်ကြိမ် ကိုင်ပေါက်ပြီးနောက် ယဲ့ဖန်က ဝံပုလွေရိုင်းအား အေးစက်စက်ကြည့်ကာ မေးလိုက်သည်။

“မင်းလုပ်တာ မှားသလား၊ မှန်သလား?”

ယဲ့ဖန် စကားကို ကြားပြီး ဝံပုလွေရိုင်း ချက်ချင်းပင် သွေးအန်မိသည်။ သူ အော်ငိုမိမတတ်လည်း ဖြစ်သွားရှာသည်။

ထိုအချိန်တွင် ဝံပုလွေရိုင်းသည် အသာစီးရတာနှင့် အဝေးကြီးဝေးကာ သူ၏ အရိုးတော်တော်များများ ကျိုးကြေကာ သွေးများနှင့် အလူးလူးအလဲလဲ ဖြစ်နေသည်။

သူ သေတော့မလို ဖြစ်နေတာတောင် ဒီလူက သူ့ကို သူ့လုပ်ရပ် မှန်သလား မှားသလား မေးနေသေးသည်။

ဒါကတော့ မတရား….

“ကျွန်တော် မှားပါတယ်… ကျွန်တော် မှားသွားပါတယ်”

ဝံပုလွေရိုင်းတစ်ယောက် ကြောက်လွန်းလို့ အသံတောင် တုန်နေရှာသည်။ ဒီလောက် သန်မာသည့်သူမျိုး သူ တစ်ခါမှ မမြင်ဖူးပေ။ ယဲ့ဖန်လက်ထဲတွင်တော့ သူက ကလေးလိုပင် အားနည်းလွန်းသည်။

ထို့အပြင် သူက တော်တော်လေး ဒဏ်ရာရနေကာ အားလည်း တစ်စက်မှမရှိတော့သောကြောင့် သူ ယဲ့ဖန်ကို မလွန်ဆန်နိုင်ပေ။

“ရွေးချယ်စရာ နှစ်ခုရှိတယ်… ကျုပ်ညီရှေ့ ဒူးထောက်ပြီး သူ့ကို တောင်းပန်မလား ဒါမှမဟုတ် သူ့ရှေ့ ဒူးထောက်ပြီး သတ်သေလိုက်မလား” ဟု ပြောရင်း ယဲ့ဖန်အသံက အေးစက်လာသည်။

“ရွေးစမ်း”

“ကျွန်…ကျွန်တော် ပထမတစ်ခုကို ရွေးပါ့မယ် …”

ဝံပုလွေရိုင်း မတတ်နိင်ဘဲ ရွေးလိုက်ရသည်၊ မဟုတ်လျင် သူ သေသွားနိုင်သည်။

**ဒီကောင်လေးက နတ်ဆိုးလိုပဲ… သူ သေချာပေါက် ငါ့ကို သတ်နိုင်စွမ်း ရှိတယ်**

အခုချိန်တွင် ဝံပုလွေရိုင်းက သူ့မကျေနပ်ချက်တွေကို ဖုံးကွယ်ထားရုံမှတပါး အခြား မတတ်နိုင်ပေ။

သူ နာကျင်မှုကို အောင့်အီးသည်းခံရင်း တွင်းထဲမှ တက်လာပြီး ဖေးချမ်ရှေ့ သွား၍ ဒူးထောက်လိုက်ကာ သဲသဲကွဲကွဲမကြားရသော အသံမျိုးနှင့် ပြောလိုက်သည်။

“ညီငယ်လေး … ငါ မှားသွားပါတယ်… ငါ မင်းအပေါ် လုပ်ခဲ့မိတာတွေအတွက် တောင်းပန်ပါတယ်… ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါ”

ဝံပုလွေရိုင်း ပြောလိုက်သော စကားကြောင့် ဖေးချမ် ကြောင်သွားသည်။ ခုနတုန်းကတော့ ဖေးချမ်က ဝံပုလွေရိုင်းကို သေမတတ်ကြောက်ကာ သူ့ကြောင့်ပဲ ဒဏ်ရာရသွားသည်။ အခုတော့ ဝံပုလွေရိုင်းက သူ့ရှေ့ ဒူးထောက်ကာ သူ့ကို ခွင့်လွှတ်ပေးပါရန် တောင်းပန်နေသည်။

အချိန်တိုလေးအတွင်း ပြောင်းလဲသွားသည့် အဖြစ်အပျက်ကို ဖေးချမ် လက်သင့်မခံနိုင်သေးပေ။

ရိုစ့်၊ ချွီထောင်နှင့် မိန်းကလေးသုံးယောက်တို့တောင်မှ မှင်တက်မိသွားသည်။

ကျန်းရှီမြို့တောင်ဘက်ခြမ်း၏ အင်အားအကြီးဆုံး ဝံပုလွေရိုင်းက စီနီယာ အလယ်တန်းကျောင်းသားလေး၏ ထိုးနှက်ခြင်းကို ခံလိုက်ရပြီး ဖေးချမ်အား သူ့ကို အသက်ချမ်းသာပေးပါရန် တောင်းဆိုရလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ပေ။

ရုတ်တရက် ပြောင်းပြန်ဖြစ်သွားသည့် အခြေအနေက အားလုံးကို ထိတ်လန့်သွားစေသည်။

ထိုအချိန်တွင် အတွေဝေဆုံးသူကတော့ ကျန်းဝေ့ဝေ့ပင်။ သူမသည် ယဲ့ဖန်ကို ကြည့်ရင်း နောင်တရကာ သွေးအန်မတတ် ဖြစ်နေသည်။

**မ…မဖြစ်နိုင်ဘူး… သူပဲ ထပ်နိုင်သွားပြန်ပြီ**

ကျန်းဝေ့ဝေ့သည် သူမ ယဲ့ဖန် ဒုက္ခရောက်တော့မည်ဟု ထင်ထားသည့်အခိုက်တွင် သူက အခြေအနေကို ပြောင်းပြန်ဖြစ်သွားအောင် လုပ်လိုက်နိုင်လိမ့်မည်ဟု သူမ မထင်ထားသဖြင့် မယုံနိုင်ဖြစ်နေသည်။

အခုတော့ သူမ ပါးဖြတ်ရိုက်ခံလိုက်ရသလို တစစ်စစ် ခံစားနေရသည်။

အားလုံးတွေဝေနေသည့်အခိုက်တွင် ဖုန်းမြည်သံထွက်ပေါ်လာသည်။ ခဏမျှကြောင်သွားပြီးနောက် ဝံပုလွေရိုင်းက သူ့အိတ်ကပ်ကို စမ်းကြည့်လိုက်တော့မှ ဖုန်းသံက သူ့ဖုန်းမှ ထွက်လာမှန်း သိလိုက်ရသည်။

သူ့ဖုန်းက ဖုန်မှုန့်တွေနှင့် အက်ကွဲနေသော်လည်း ကောင်းနေသေးသည်။ ဝင်လာသည့်ဖုန်းနံပါတ်ကို ကြည့်ရင်း ဒေါသထွက်ကာ ရှက်ရွံ့နေသော ဝံပုလွေရိုင်း၏ မျက်နှာသည် ချက်ချင်းလိုလို တက်ကြွလာကာ ဖုန်းကို ခပ်မြန်မြန် ကိုင်လိုက်သည်။

“ဆရာ”

ဝံပုလွေရိုင်း၏ အမူအရာသည် အလွန် နာခံကျိုးနွံနေပုံထောက်လျင် တစ်ဘက်လူသည် သူ လေးစားကြောက်ရွံ့ရသည့်သူ ဖြစ်ပုံရသည်။

“ဆရာ လူတစ်ယောက်ကို ရှာချင်တာလား”

သူ့ကို ပေးသည့်အမိန့်ကို ကြားပြီး ဝံပုလွေရိုင်း ခဏမျှကြောင်သွားပြီးနောက် အလျင်အမြန် ခေါင်းညိတ်၍ လက်ခံလိုက်သည်။

နောက်ထပ်ပြောလာသည့် စကားများကြောင့် ဝံပုလွေရိုင်း ရင်တုန်လာကာ ထခုန်မိမတတ် ဖြစ်သွားသည်။
“ဆရာ မကြာခင် ဒီကို လာမှာလား?… ကောင်းတာပေါ့… သိပ်ကောင်းတာပေါ့ဗျာ”

ထို့နောက် သူက ယဲ့ဖန်အား တည့်တည့်စိုက်ကြည့်ကာ သရော်လိုက်သည်။

“ဟားဟား…. ကောင်စုတ်လေး… မင်းက တစ်ခုခု ထူးခြားနေတာတော့ ငါ ဝန်ခံပါတယ်… အဲ့ဒီတော့ ဘာဖြစ်သလဲ… ငါ့ဆရာက ဒီကို လာနေပြီ… သူက ငါ့အတွက် လက်စားချေပေးလိမ့်မယ်… မင်းတော့ သေပြီ… မင်း သေပြီသာမှတ်…ဟားဟား”

ဝံပုလွေရိုင်းက ပီတိဖြာနေသော အမူအရာမျိုးနှင့် ပြောလိုက်သည်။ သူ့ဆရာ၏ အစွမ်းအစကို သူ ကောင်းကောင်းကြီးသိသည်။ သူ့အတွက် ယဲ့ဖန်ကို လက်စားချေပေးပါလို့ သူ့ဆရာကို တောင်းဆိုမလို့ပဲ ရှိသေးတယ်၊ သူ့ဆရာက ဒီကို လာတောင်လာနေပြီ။

သူ့ဆရာဆီကနေ ယဲ့ဖန် ဆော်ပလော်တီးခံရမှာကို တွေးမိပြီး ဝံပုလွေရိုင်း စိတ်လှုပ်ရှားလွန်းလို့ ထခုန်မတတ် ဖြစ်နေသည်။

Comment

  1. ဆောင်းရတီ says:

    good

Leave a Reply

Options

not work with dark mode
Reset