အပိုင်း(၂၀၄၄)

ဖူယောင်လျှို့ဝှက်နယ်မြေ

တုန်းဟွာနန်းတော်မှ နယ်မြေသခင်နင်က သူ့ကို ကြည့်နေသည့်သူများအား မြင်လိုက်သည်။ သူက လူအုပ်ကြီးကို ကြည့်၍ ပြုံးကာ ပြောလိုက်သည်။ “လူတိုင်း ကန့်ကွက်စရာမရှိဘူးဆိုမှတော့ ကျုပ်တို့ တတိယအဆင့်ကို ဆက်သွားလိုက်ကြတာပေါ့။ နယ်မြေသခင်အိမ်တော်က ဖူယောင်လျှို့ဝှက်နယ်မြေကို စွန့်စားမယ့် ရန်ဟောင်အားလုံးအတွက် ဖွင့်လှစ်ပေးမယ်။”

လူအများက နောက်တစ်ဆင့်ကို ခန့်မှန်းမိပြီး ဖြစ်သောကြောင့် သိပ်မအံ့သြကြပေ။ သို့သော် ဘုံးကိုးဆင့်မှ ရန်ဟောင်များက စိတ်လှုပ်ရှားနေဆဲပင် ဖြစ်၏။

ဖူယောင်လျှို့ဝှက်နယ်မြေက နယ်မြေသခင်အိမ်တော်နှင့်သာ သက်ဆိုင်သည့် ကျင့်ကြံရေးလျှို့ဝှက်နယ်မြေ ဖြစ်သည်။ ပုံမှန်အားဖြင့် အခြားသော ကျင့်ကြံသူများက ထိုနယ်မြေအတွင်း ဝင်ရောက်ခွင့် ရှိလိမ့်မည် မဟုတ်ပေ။ သူတို့က လျှို့ဝှက်နယ်မြေအတွင်း ကျင့်ကြံရန်မဆိုထားနှင့် မျက်စောင်းထိုးကြည့်ရန် အခွင့်အရေးပင် ရှိလိမ့်မည် မဟုတ်ချေ။

ယခု နယ်မြေသခင်အိမ်တော်က တုန်းဟွာအခမ်းအနားကို ကျင်းပပြီး ဖူယောင်လျှို့ဝှက်နယ်မြေအား ဖွင့်လှစ်ပေးခဲ့သည်။ လူတိုင်းအတွက် ဤသည်မှာ အလွန် ရှားပါးလှသော အခွင့်အရေး ဖြစ်၏။ ရန်ဟောင်များစွာက ဤအခွင့်အရေးကြုံရရန် မျှော်လင့်ချက်တို့နှင့် ရောက်လာကြခြင်း ဖြစ်သည်။ နောက်ဆုံး၌ လျှို့ဝှက်နယ်မြေကို ဖွင့်လှစ်ခဲ့ပြီဖြစ်၏။

တုန်းဟွာနန်းတော်အတွင်းမှ အခြားပုဂ္ဂိုလ်ကြီးများက မည်သည့်စကားမှ မဆိုပေ။ သူတို့က အောက်ဘက်မှ လူများကို သာမန်အတိုင်းသာ ကြည့်လိုက်ကြ၏။ လင်းရှောင်နန်းတော်သခင် လင်းယွင်ကျီက ပြောလိုက်သည်။ “နယ်မြေသခင်က ဖူယောင်လျှို့ဝှက်နယ်မြေကို ဖွင့်လှစ်ပြီး ကျုပ်တို့ တုန်းဟွာနယ်မြေရဲ့ ကျင့်ကြံသူတွေကို အခွင့်အရေး ပေးခဲ့တယ်။ လူတိုင်းက ဒီအခွင့်အရေးကို အမိအရယူပြီး နယ်မြေသခင်ရဲ့ မျှော်မှန်းချက်အတိုင်း လုပ်ဆောင်နိုင်ဖို့ မျှော်လင့်မိတယ်။”

နယ်မြေသခင်က ပြုံးကာ ခေါင်းညိတ်၍ ပြောလိုက်၏။ “ကျုပ်လည်း အဲဒီလို မျှော်လင့်ပါတယ်။”

“အားလုံး အသင့်ဖြစ်ပြီလား။” နယ်မြေသခင်က ဘုံကိုးဆင့်ကောင်းကင်မှ ရန်ဟောင်များကို ကြည့်ကာ မေးလိုက်သည်။ “လျှို့ဝှက်နယ်မြေအတွင်း မဝင်ချင်တဲ့သူရှိရင် အခုပဲ ထွက်လိုက်လို့ရပါတယ်။”

မည်သူက ပြန်မပြောပေ။ နယ်မြေသခင်အိမ်တော်မှ လျှို့ဝှက်နယ်မြေအတွင်း ဝင်ရောက်နိုင်မည့် အခွင့်အရေးအား မည်သူက ငြင်းဆန်နိုင်ပါမည်နည်း။

အန္တရာယ်များ ရှိနိုင်သည်က သေချာသော်လည်း တစ်စုံတစ်ယောက်က သေချာဂရုစိုက်ကာ သူတို့၏ အကန့်အသတ်ကို မကျော်လွန်မချင်း လုံခြုံနေဦးမည် ဖြစ်သည်။ သူတို့က ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်ရှုရုံမျှနှင့်ပင် ထိုနေရာ၌ အခွင့်အရေးကောင်းများ ရနိုင်လိမ့်ဦးမည် ဖြစ်လေသည်။ ရန်ဟောင်အဆင့်မှ ကျင့်ကြံသူများဖြစ်သော်လည်း မည်သူကမှ အခွင့်အလမ်းကောင်းများကို လက်လွတ်ခံလိမ့်မည် မဟုတ်ပေ။

အချိန်ခဏစောင့်ဆိုင်းပြီး မည်သူကမှ ကန့်ကွက်မလာသည်ကို ကြည့်ကာ နယ်မြေသခင်က ပြောလိုက်သည်။ “ဒီလိုဆိုမှတော့ မင်းတို့အားလုံးကို လျှို့ဝှက်နယ်မြေဝင်ပေါက်ဆီ ပို့ပေးပါ့မယ်။ ကျုပ်တို့က မင်းတို့ကို အထွက်ဘက်မှာ စောင့်နေမယ်။ မင်းတို့ထဲက ကျုပ်တို့ကို ရှာတွေ့နိုင်တဲ့ ဘယ်သူမဆို နယ်မြေသခင်အိမ်တော်ကို ဝင်ရောက်ကျင့်ကြံဖို့ အရည်အချင်းပြည့်မီတယ်။ ဒါပေမယ့် မင်းတို့ ဝင်ချင်တဲ့ ဆန္ဒရှိမှပါ။”

“ဟုတ်ကဲ့ပါ နယ်မြေသခင်။” လူအများက ပြန်ဖြေလိုက်သည်။ နယ်မြေသခင်နင်က ထိုနေရာ၌ ထိုင်နေရင်း ပြောလိုက်၏။ “ဒါဆို စလိုက်ကြရအောင်။”

သူ ပြောလိုက်သည်နှင့် ဘုံကိုးဆင့်ကောင်းကင်က ချက်ချင်းပင် စတင်တုန်ခါလာတော့သည်။ နောက်တစ်ခဏ၌ အောက်ဘက်ရှိ လူအများသည် လောကကြီးက လည်ပတ်လာသလို ခံစားလိုက်ရ၏။ ဘုံကိုးဆင့်ကောင်းကင်က အမှန်တကယ် လှုပ်ရှားနေသည်။ ကြယ်များက ရွေ့လျားသွားပြီး ထိုနေရာရှိ ကောင်းကင်ကလည်း လှုပ်ရှားသွားသည်။ အောက်ဘက်ရှိ လူများက သူတို့ ပျောက်ကွယ်သွားသည်ကို မျက်မြင်တွေ့လိုက်ကြရသည်။ ကြည့်ရတာ သူတို့က နယ်မြေသခင် အိမ်တော်အတွင်း ဝင်ရောက်သွားကြပုံရသည်။

ဘုံကိုးဆင့်ကောင်းကင်တစ်ခုလုံးက အရွှေ့ပြောင်းခြင်းစွမ်းအားနှင့် ပို့ဆောင်ခံလိုက်ရ၏။

ကောင်းကင်ထက်ရှိ တုန်းဟွာနန်းတော်ကို မြူများရစ်သိုင်းလာသည်။ လူအုပ်ကြီးသည် တုန်းဟွာနန်းတော်က ရွေ့လျားသွားသည်အား မြင်လိုက်ကြရ၏။ နယ်မြေသခင်နင်က အောက်ဘက်ရှိ တန်ခိုးရှင်များအား ပြောလိုက်သည်။ “လူတိုင်းပဲ၊ လျှို့ဝှက်နယ်မြေအတွင်း ပျော်ရွှင်စရာ ခရီးစဥ်ဖြစ်ပါစေ။”

သူက ပြောပြီးသည်နှင့် တုန်းဟွာနန်းတော်သည်လည်း ကောင်းကင်ထက်တွင် စတင်မျောလွင့်လာသည်။

ရီဖူရှင်းနှင့် အခြားလူများက ကောင်းကင်ဘုံကိုးဆင့်၏ ထိပ်ပိုင်းတွင် ရှိနေသည်။ သူတို့က ၎င်းနှင့်အတူ ရွေ့လျားနေပြီး အပြင်ဘက်မှ ပြောင်းလဲမှုများအားလုံးကို မြင်တွေ့နိုင်သည်။ ထိုနေရာ၌ ခမ်းနားထည်ဝါသည့် နန်းတော်များစွာ ရှိနေသည်။ သူတို့က ခမ်းနားလှသည့် ရှေးဟောင်းမြို့တစ်ခုအတွင်း မျောလွင့်နေသလို ထင်မှတ်ရ၏။ သူတို့က အလွန် လျင်မြန်စွာ ရွေ့လျားနေပြီး ကောင်းကင်၌ ပေါ်ပေါက်နေသည့် ကြယ်များကလည်း ပြောင်းလဲနေသည်။

အချိန်ခဏကြာပြီးနောက် သူတို့သည် ရေကန်ရှိရာ အရပ်သို့ ရောက်လာသည်။ ရေကန်၏ အလွန်မှာ နတ်ဘုရားများ၏ နေထိုင်ရာတစ်ခုကဲ့သို့ ထင်မှတ်ရသည်။ ရေကန်အလွန်မှ နတ်အရှိန်အဝါတို့ ထုတ်လွှတ်နေပြီး ကောင်းကင်သို့တိုင် ရောက်ရှိနေသည်။ ထိုနေရာမှာ သိမ်မွေ့နက်နဲကောင်းကင်တံခါး ဖြစ်သည်။ ထိုကောင်းကင်တံခါးမှာ ထိုနေရာ၌ ထာဝရတည်ရှိနေ၏။

“ဒီတံခါးက ဖူယောင်လျှို့ဝှက်နယ်မြေ ဝင်ပေါက်ပဲ။ ဒီကို ဖြတ်ကျော်ပြီးတာနဲ့ လျှို့ဝှက်နယ်မြေထဲကို ရောက်သွားလိမ့်မယ်။” အသံတစ်ခုက ရှင်းပြလိုက်သည်။ ထိုအသံမှာ နယ်မြေသခင်၏ အသံဖြစ်ကြောင်း လူအုပ်ကြီးက ပြောနိုင်သည်။

“နင်ဟွာ.. မင်းက လျှို့ဝှက်နယ်မြေထဲကို အကြိမ်ပေါင်းများစွာ ဝင်ဖူးတယ်။ ဒီတစ်ခေါက် မင်း တခြားလူတွေနဲ့အတူ ဝင်ရမယ် ဆိုပေမယ့် မင်းပါ ဝင်ပြိုင်ရမှာ မဟုတ်ဘူး။ လျှို့ဝှက်နယ်မြေအတွင်း စည်းမျဥ်းတွေကို သေချာလိုက်နာပါ။” အသံတစ်ခုက ဆက်ပြောလိုက်သည်။ “ဒီနေရာမှာ ရှိတဲ့ လူတိုင်းက တုန်းဟွာနယ်မြေရဲ့ ရန်ဟောင်တွေပဲ။ ပဋိပက္ခတွေ ရှိနေရင်တောင် ဒီနေရာမှာတော့ လက်လွှတ်ထားနိုင်ဖို့ မျှော်လင့်တယ်။ ဖူယောင်လျှို့ဝှက်နယ်မြေမှာ သေတဲ့အထိ တိုက်ခိုက်ကြတာကို မမြင်ချင်ဘူး။ အဲဒါအပြင် လျှို့ဝှက်နယ်မြေထဲမှာ အန္တရာယ်တွေ ရှိနေသေးတယ်။ ကိုယ့် ခွန်အားကိုယ် သိကြပါ။ တစ်ခုခုဆို ကျုပ်တောင်မှ မင်းတို့ကို လာကယ်နိုင်မှာ မဟုတ်ဘူး။ ဖူယောင်လျှို့ဝှက်နယ်မြေထဲမှာ ဘာဖြစ်နေလဲဆိုတာ ကျုပ် မမြင်နိုင်ဘူး။” လူအုပ်ကြီးက လေးနက်သော အမူအရာနှင့် ရှိနေကြသည်။

ဤတစ်ကြိမ်၌ အားနည်းသော ကျင့်ကြံခြင်းနှင့် တန်ခိုးရှင်များက ဂရုစိုက်သင့်သည်။ မည်သည့် သေဆုံးခြင်းမှ ဖြစ်ပွား၍ မရပေ။ ထိုနည်းလမ်းဖြင့် သူတို့က အလွန် အန္တရာယ်များခြင်းမှ ကာကွယ်နိုင်သည်။ ထိုသို့မဟုတ်ဘဲ လျှို့ဝှက်နယ်မြေအတွင်း ပဋိပက္ခများ ဖြစ်ပွားခဲ့လျှင် ထိုအစွမ်းထက်ကျင့်ကြံခြင်းနှင့် တန်ခိုးရှင်များပင် အန္တရာယ်တွင်း ကျရောက်နိုင်၏။

“ကောင်းပြီ။ မင်းတို့ ဝင်လို့ရပြီ။” အသံက ဆက်ပြောလိုက်သည်။ ထို့နောက် လူအုပ်ကြီးက လျှို့ဝှက်နယ်မြေအတွင်းသို့ ရှေ့ဆုံးမှ ဦးတည်နေသည့် လူတစ်ယောက်ကို မြင်လိုက်ရသည်။ ကျင့်ကြံသူတစ်ဖွဲ့က သူ့နောက်မှ လိုက်ပါလာ၏။ သူတို့မှာ နယ်မြေသခင်အိမ်တော်မှ ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့၏ ခေါင်းဆောင်က နင်ဟွာ ဖြစ်သည်။

ဤတစ်ကြိမ်၌ နင်ဟွာသည်လည်း ဖူယောင်လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ခဲ့သည်။ သို့သော် သူက လျှို့ဝှက်နယ်မြေအတွင်းသို့ စွန့်စားရန် ဝင်ရောက်ခြင်း မဟုတ်ပေ။ သူက အထဲ၌ စည်းကမ်း ကြီးကြပ်ရန် လိုက်လာခြင်း ဖြစ်သည်။

ဂိတ်တံခါးကို ဖြတ်ပြီးနောက် နင်ဟွာ၏ ပုံရိပ်က အစအနပင် မကျန်အောင် ပျောက်ကွယ်သွားတော့သည်။ ထိုမြင်ကွင်းကို တွေ့ပြီးနောက် ဂိတ်တံခါးကို ဖြတ်ကျော်လာသော တန်ခိုးရှင်များက ဖူယောင်လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်သွားကြသည်။

“စီနီယာအစ်ကို လျှို့ဝှက်နယ်မြေက ဘယ်လိုနေရာမျိုးလဲ။” ရီဖူရှင်းက သူ့ဘေးမှ လီချန်ရှန်းကို မေးလိုက်သည်။

“ဒီနယ်မြေ နှစ်ပေါင်းများစွာကတည်းက နယ်မြေသခင်အိမ်တော်ကနေ ဆက်ခံလာခဲ့တာ။ နယ်မြေသခင်အိမ်တော်အတွက် အဲဒီနေရာကို ကျင့်ကြံခြင်းအတွက် သန့်စင်မြင့်မြတ်နယ်မြေအဖြစ် သတ်မှတ်နိုင်တယ်။ အထဲမှာ မဟာလမ်းစဥ် အခွင့်အလမ်းတွေ အများကြီး ရှိတယ်။ နယ်မြေသခင်အိမ်တော်ကို ဝင်ရောက်တဲ့ ဘယ်သူမဆို လျှို့ဝှက်နယ်မြေကို ဝင်ပြီး ကျင့်ကြံဖို့ အခွင့်အလမ်းရှိတယ်။ အပြင်လူများအတွက် ဒီ အခွင့်အရေးကို ရရှိရန် ခက်ခဲလှတယ်။ လျှို့ဝှက်နယ်မြေအတွင်းက အခြေအနေကိုတော့ ငါလည်း သေချာမသိဘူး။ အထဲကို တစ်ခါမှ မဝင်ဖူးဘူးလေ။ ဒါပေမယ့် ဖူယောင်လျှို့ဝှက်နယ်မြေက အမှီအခိုကင်းလေဟာနယ်တစ်ခုပဲ။ ကိုယ်ပိုင်ကမ္ဘာတစ်ခုလို့လည်း ဆိုနိုင်တယ်။ ဒါကြောင့် အထဲမှာ အရမ်းကျယ်ပြန့်မှာတော့ သေချာတယ်။”

“အရှေ့နတ်ဘုရားကျွန်းစုနယ်မြေလိုမျိုးလား။” ရီဖူရှင်းက နတ်မိမယ်တုံ့လိုင်ကို မေးလိုက်၏။

“အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက နယ်မြေသခင်အိမ်တော်ရဲ့ လျှို့ဝှက်နယ်မြေနဲ့ ဘယ်လိုယှဥ်နိုင်ပါ့မလဲ။” နတ်မိမယ်တုံ့လိုင်က ပြန်ဖြေလိုက်သည်။ ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။ ကြည့်ရသည်မှာ ဤလျှို့ဝှက်နယ်မြေက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေထက် ပိုသာပုံရသည်။ သို့သော် လုံးဝ မတူညီသော လျှို့ဝှက်နယ်မြေလည်း ဖြစ်နိုင်သည်။

“ဝင်ကြည့်ရင် သိရမှာပေါ့။” ကျုံးချန်က ပြောလိုက်သည်။ ကျန်သူများကလည်း ခေါင်းညိတ်လိုက်၏။

“ရန်ဟောင်ရီ အထဲကို မဝင်ဘူးလား။” အနီးမှတစ်ယောက်က ရီဖူရှင်းကို မေးလိုက်သည်။ ရီဖူရှင်းက ခေါင်းမော့ကာ အသံလာရာသို့ ကြည့်လိုက်၏။ စကားပြောလိုက်သူမှာ မြူနှင်းဝေနတ်နန်းတော်မှ ချင်းချင်း ဖြစ်သည်။ ရီဖူရှင်းက ပြုံးကာ ပြန်ဖြေလိုက်၏။ “အခု ဝင်တော့မလို့ပါပဲ။”

“အင်း… ကျွန်မတို့ အရင်သွားနှင့်မယ်။” ချင်းချင်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။ မြူနှင်းဝေနတ်နန်းတော်မှ လူစုက ဝင်ပေါက်သို့ သွားလိုက်ကြသည်။

ရီဖူရှင်း၏ အဖွဲ့နောက်မှ လင်းရှောင်နန်းတော်နှင့် ရှေးဟောင်းတော်ဝင် ယန်မိသားစု တန်ခိုးရှင်များလည်း ဝင်ရန်ပြင်နေသည်။ သူတို့က ရီဖူရှင်းတို့ အဖွဲ့ကို စောင့်ကြည့်နေပုံရသည်။ သိသာစွာပင် သူတို့က တုန်းဟွာအခမ်းအနား၌ မပြီးပြတ်သေးသော တိုက်ပွဲကို ဆက်လုပ်ရန် ပြင်ဆင်နေပေသည်။

များပြားသော ကျင့်ကြံသူများက ဖူယောင်လျှို့ဝှက်နယ်မြေအတွင်း ဝင်ရောက်သွားကြ၏။ ဂိတ်တံခါးမှ ထုတ်လွှတ်နေသော အရှိန်အဝါမှာ ကြောက်မက်ဖွယ် ဖြစ်သည်။ ရီဖူရှင်းက ဂိတ်တံခါးကို ကြည့်လိုက်၏။ သူက ဖူယောင်လျှို့ဝှက်နယ်မြေအကြောင်း သိချင်သည်။ နယ်မြေသခင်အိမ်တော်မှ လျှို့ဝှက်နယ်မြေက မည်သို့ ဖြစ်လိမ့်မည်နည်း။ သူတို့အထဲ၌ မည်သည်တို့ ရှာဖွေတွေ့လိမ့်မည်နည်း။

“သွားကြစို့။” လီချန်ရှန်းက ပြောလိုက်သည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ အဖွဲ့က ချက်ချင်းပင် လျှို့ဝှက်နယ်မြေဝင်ပေါက်သို့ ဦးတည်လိုက်ကြ၏။

ကြီးမားသော လူအုပ်ကြီးက လျှို့ဝှက်နယ်မြေအတွင်း ဝင်ရောက်သွားကြသည်။ အခြားသော အင်အားစုမှ တန်ခိုးရှင်များသည်လည်း တဖြေးဖြေး ဝင်ရောက်လာကြ၏။ အပြင်ဘက်တွင် လူအနည်းငယ်သာ ကျန်ရစ်တော့သည်။ ရီဖူရှင်းတို့အဖွဲ့က ဂိတ်တံခါးကို ဖြတ်သန်းသွားပြီးနောက် လေဟာနယ်မဟာလမ်းစဥ်၏ ပြင်းထန်သောစွမ်းအားကို ခံစားမိလိုက်ကြသည်။ နောက်တစ်ခဏတွင် သူတို့က ချက်ချင်းပင် အခြားလောကတစ်ခု၌ ထွက်ပေါ်လာခဲ့တော့သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset