အခန်း ( ၆၅၅ )

ကလေးအသင်္ချေသွေးတံခွန်

သရဲကြီးမြို့တွင် ဆက်လက်ရှာဖွေနေကြစဥ် ပိုင်ရှောင်ချန်းသည် သရဲကြီးဘုရင်ကို ခေါ်ဆောင်ကာ တည်နေရာရွှေ့ပြောင်းသည့် အစီအရင်များကို တစ်ခုပြီးတစ်ခု ဖြတ်သွားလေသည်။

မြို့အပြင်ဘက် ကီလိုမီတာ ၅သောင်းထိ ရောက်သွားစေနိုင်သည့် တစ်ခုမှ မပါခဲ့ချေ။ ပိုင်ရှောင်ချန်းမှာ ထိုအစီအရင်ကို ဆက်လက်ကြိုးစားရှာဖွေရန်မှတစ်ပါး အခြား ရွေးချယ်စရာမရှိပေ။ ထိုသို့ဖြစ်ရာ တည်နေရာရွှေ့ပြောင်းခြင်း အလင်းရောင်သည် တစ်မြို့လုံးတွင် တောက်ပစွာ ထွက်ပေါ်နေတော့သည်။

တစ်ခါတရံတွင် ထိုကဲ့သို့ စူးရှတောက်ပနေသော အလင်းရောင်သည် အရှေ့ဘက်တွင် ပေါ်လာ၍ တစ်ခါတရံတွင် အနောက်၊ တစ်ခါတရံတွင် မြောက်ဘက်ဆီမှ ထွက်ပေါ်လျက်ရှိသည်။

မျိုးနွယ်စုကြီးသုံးခုမှ ကျင့်ကြံသူများနှင့် ကောင်းကင်မြို့စားခြောက်ယောက်၏တပ်ဖွဲ့မှ တပ်သားများသည် အားလုံးပင် ဖြစ်ပျက်နေသည်များကို သတိထားမိကြသည်။ သူတို့သည် မြို့နယ်နိမိတ်အတွင်း၌ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင် အများအပြားရှိနေသည်ကို တွေ့ရသောကြောင့် အံအားသင့်သွားကြသော်လည်း ဤကိစ္စနှင့် ပတ်သက်၍ မည်သို့မျှ မတတ်နိုင်ပေ။ သူတို့က အံကို ကြိတ်ကာ ဆက်လက်ရှာဖွေကြပြီး အများစုက တည်နေရာရွှေ့ပြောင်းသွားသည်ဟု ဖော်ပြနေသော အနီးဆုံးရှိ အလင်းရောင်ရှိရာသို့ အပြေးအလွှားသွားကြလေသည်။

တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များ၏ မြည်ဟီးသံများသည် လေထဲတွင် ပျံ့လွင့်လျက်ရှိပြီး ပိုင်ရှောင်ချန်းသည် ထိတ်လန့်အံ့ဩလျက်ရှိသော သရဲကြီးဘုရင်ကို ဟိုမှ သည် ဆွဲခေါ်သွားသည်။
“ဒါလည်း မဟုတ်ဘူး… ဒီတစ်ခုလည်း မဟုတ်ဘူးပဲ…အီး… ဒီမှာ အစီအရင်တစ်ခု။ ထာဝရပြုစားခြင်းသိုင်း”

နောက်ဆုံးတွေ့ရှိထားသော အစီအရင်တစ်ခုသို့ ဝင်ရောက်ပြီးနောက်တွင် မြို့အရှေ့ပိုင်းရှိ နေအိမ်ခြံဝန်းတစ်ခုအတွင်းသို့ တည်နေရာရွှေ့ပြောင်းရောက်ရှိသွားလေသည်။ ရုပ်သွင်စပေါ်လာသည်နှင့် လေချွန်သံများက သူတို့ဘေးရှိ လေထုထဲတွင် ပြည့်နှက်သွားသည်။

ထိုသို့ ဖြစ်ပျက်နေစဥ် ချန်မျိုးနွယ်စုခေါင်းဆောင်သည် မျိုးနွယ်စုအကြီးအကဲသုံးယောက်နှင့် မျိုးနွယ်စုမှ အခြားကျင့်ကြံသူများကို အုံလိုက် ကျင်းလိုက်ခေါ်ဆောင်ကာ ရှာဖွေနေခဲ့သည်။ တည်နေရာရွှေ့ပြောင်းသည့် အလင်းရောင် ထွက်ပေါ်လာသည်နှင့် အပြေးသွားကြည့်ရာ ပိုင်ရှောင်ချန်းနှင့် သရဲကြီးဘုရင်တို့ ပေါ်လာသည်ကို တွေ့လိုက်ရသည်။

“ဒါ ပိုင်ဟောက်ပဲ။”

“ခေါင်းဆောင်ကြီးကို အသိပေးကြစမ်း။”

သူတို့သည် ချက်ချင်းပင် နတ်ဘုရားစွမ်းရည်နှင့် မှော်ပညာရပ်များကို ထုတ်ေဖာ်ကာ တိုက်ခိုက်လိုက်ကြသည့်အပြင် အမျိုးမျိုးသော မှော်ပစ္စည်းများ၏ အစွမ်းကိုပါ ထုတ်သုံးလိုက်ကြလေသည်။ မျက်စိတမှိတ်အတွင်းမှာပင် ထိုစွမ်းအင် အားလုံးက ပိုင်ရှောင်ချန်းပေါ်သို့ ကျရောက်သွားလေသည်။

ပိုင်ရှောင်ချန်း မျက်နှာပျက်သွားသည်။ တည်နေရာရွှေ့ပြောင်းသွားရန် မန္တာန် အစီအရင်ကို အသက်သွင်းချိန်မရှိလိုက်ဘဲ သရဲကြီးဘုရင်ကို ဆွဲကာ နောက်ဆုတ်လိုက်သည်။

ပတ်ဝန်းကျင်တစ်ခုလုံး မြည်ဟည်းသံများ ထွက်ပေါ်လာပြီး သူတို့ရှိနေခဲ့သော ခြံဝန်းကပျေက်ကွယ်သွားကာ ဧရာမတွင်းကြီးတစ်ခုသာ ကျန်ရှိနေတော့သည်။ ထိုနေရာတစ်ဝိုက်ရှိ အခြားအဆောက်အအုံများမှာ ပြိုကျသွားပြီး ပိုင်ရှောင်ချန်းသည် သရဲကြီးဘုရင်ကို ခေါ်ကာ အမြန်ဆုံးနှုန်းဖြင့် ရိပ်ခနဲ ထွက်ပြေးလေသည်။

သို့သော် သူစတင်လှုပ်ရှားလိုက်သည့် တချိန်တည်းမှာပင် သူ့ရှေ့ရှိ မြေပြင်ပေါ်သို့ တံခွန်ကြီးတစ်ခုက ရိုက်ခတ်သွားသည်။ သွေးရောင် မြူခိုးများ ချက်ချင်းပင် ထွက်လာကာ သူ့လမ်းကို ပိတ်ဆို့ရန် အဘက်ဘက်ကို ပျံ့သွားလေသည်။

ထိုမြူခိုးများအတွင်း သွေးများဖြင့် စိုရွှဲနေသော ထောင်သောင်းမကသည့် ကလေးများကို တွေ့ရသည်။

ထိုကလေးများအားလုံးက လေးနှစ်မှ ငါးနှစ်ကြား အရွယ်များဖြစ်ကြပြီး အသက်ရှင်လျက် အရေခွံဆုတ်ခံလိုက်ရသည့်အလား သွေးများ တစ်ပေါက်ပေါက်ကျလျက်ရှိသည်။ သူတို့၏မျက်လုံးများသည် အထီးကျန်နေသည့် အရိပ်အယောင်များ စူးရှတောက်ပနေပြီး ပိုင်ရှောင်ချန်းကို စိုက်ကြည့်ကာ ခါးသီးစွာဖြင့် အော်ဟစ်ငိုယိုလျက်ရှိကြသည်။

” ဦးလေး၊သားတို့ကို ကယ်ပါဦး ”

” ဦးလေး ကူညီပေးပါဦး ”

” နာလွန်းလို့ပါ။ လူကြီးမင်းရယ်၊ အရမ်းကို နာလို့ပါ ”

ထူးဆန်းသော ငိုယိုသံများသည် ချက်ချင်းပင် ဝိညာဥ်ကို တိုက်ခိုက်သည့် ပုံစံမျိုး ဖြစ်လာသည်။

ပိုင်ရှောင်ချန်းသည် ထိတ်လန့်ကာ ယိမ်းယိုင်သွားပြီး သရဲကြီးဘုရင်၏ မျက်လုံးများ ကျဥ်းမြောင်းလာကာ ပြောလိုက်သည်။
” ကလေးအသင်္ချေသွေးတံခွန်။ ချန်မျိုးနွယ်စုက ဒီလိုမျိုး တားမြစ်အရာတစ်ခုကို သရဲကြီးဘုရင်ပိုင်နက်အတွင်းမှာ သုံးရဲတယ်ပေါ့။ ”

ထိုအချိန်တွင် သရဲကြီးဘုရင်၏ မျက်လုံးများသည် ဒေါသကြောင့် စူးရှတောက်ပလာသည်။

ကလေးအသင်္ချေသွေးတံခွန်သည် ကလေးပေါင်းတစ်သိန်း၏ အသက်များကို ပေးဆပ်ကာ ဖန်တီးထားခြင်းဖြစ်သည်။ နတ်ဆိုးရတနာအဖြစ် သတ်မှတ်ထားပြီး မြေရိုင်းဒေသမှာပင် အလွန်ရက်စက်လှသည် အရာဖြစ်သောကြောင့် သဘာဝတရားကို ဆန့်ကျင်သည်ဟု ယူဆထားကြသည်။ ထို့အပြင် ၎င်းကို တရားဝင် တားမြစ်ထားပြီး အသုံးပြုလျှင် တင်းကြပ်သည့် အပြစ်ဒဏ်များရှိသည့် အရာမျိုးဖြစ်သည်။

သို့တိုင်အောင် ချိန်မျိုးနွယ် ခေါင်းဆောင်သည် သွေးတံခွန်ကို ဖန်တီးကာ အသုံးပြုခဲ့သည်။ အသုံးပြုပုံကို မရင်းနှီးသောကြောင့် အစွမ်းကုန် ထုတ်မသုံးနိုင်သော်လည်း ဖန်တီးလိုက်သော သွေးမြူခိုးမှာ အစွမ်းထက်လှပြီး ရှူသွင်းမိသူမှန်သမျှကို အိပ်မက်ဆိုးဆန်သည့် အထင်မှားခြင်းများ ဖြစ်ပေါ်စေနိုင်ဆဲဖြစ်သည်။

နာကျည်းကာ သွေးများရွှဲနစ်လျက်ရှိသော ကလေးများကို ပိုင်ရှောင်ချန်း မြင်လိုက်ရချိန်တွင် သူ၏ နှလုံးသားမှာ နာကျင်သွားရပြီး မျက်လုံးများက လူသတ်ချင်စိတ်များဖြင့် တောက်ပလာတော့သည်။

ဤတံခွန်က မည်သည့် နေရာတွင် ပေါ်လာသည်ဖြစ်စေ နတ်ဘုရားများနှင့် စိတ်ဓာတ်ခိုင်မာသောယောက်ျားသားများကိုပင် ဒေါသအကြီးအကျယ်ထွက်စေမည်ဖြစ်သည်။ မြေရိုင်းဒေသဖြစ်နေသည်မှာ အရေးမပါတော့ဘဲ ပိုင်ရှောင်ချန်းသည် ဤအချင်းအရာကို မြင်လိုက်သည်နှင့် ဒေါသကို မထိန်းနိုင်တော့ပေ။

ထိုအချိန်တွင် သွေးမြူများထဲမှ အေးစက်စက် အသံတစ်သံထွက်ပေါ်လာသည်။
” မြင်သွားတော့လဲ ကောင်းတာပဲ။ သရဲကြီးဘုရင်၊ ကျုပ်သွေးတံခွန်က အများကြီး စိတ်အနှောင့်အယှက်မပေးလောက်ဘူးလို့ မျှော်လင့်ပါတယ်။”

ပိန်ပိန်ရှည်ရှည် လူတစ်ယောက် ထွက်ပေါ်လာသည်။ သူသည် အသက် လေးဆယ်ကျော်ခန့်ဖြစ်ပြီး နတ်ဘုရားအလား ထင်မှတ်မှားရသူဖြစ်သည်။ သို့သော် သူ၏ မျက်လုံးများမှာ အေးစက်ပြီး သူ၏ စိတ်သဘောထားမှာ ရက်စက်ကြမ်းတမ်းကြောင်းဖော်ပြနေသည်။ သူကား ချန်မျိုးနွယ်စုခေါင်းေဆာင်မှတစ်ပါး အခြားမဟုတ်ပေ။ သူ၏ စကားသံများ ထွက်ပေါ်လာစဥ် ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခုကို ဖော်ဆောင်ကာ လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် သွေးမြူများ ဆူပွက်လာပြီး သွေးစိုနေသော ကလေး ထောင်ပေါင်းများစွာသည် အော်ဟစ်ကာ ပိုင်ရှောင်ချန်းဆီသို့ ပြေးလာလေသည်။

တချိန်တည်းမှာပင် ချန်မျိုးနွယ်စုမှ အကြီးအကဲများနှင့် အခြားကျင့်ကြံသူများသည် သူတို့၏ ကိုယ်ပိုင်တိုက်ကွက်များကို ထုတ်လိုက်ရာ လေထဲတွင် မြည်ဟည်းသံများ ပြည့်နှက်သွားလေသည်။ ပိုင်ရှောင်ချန်းက မျက်မှောင်ကြုတ်သွားပြီး မန္တန်လက်ကွက်တစ်ခုကို ဖော်၍ ထာဝရထီးကို ဆင့်ခေါ်လိုက်သည်။ ထီးပွင့်သွားသည်နှင့် သူသည် မျိုးနွယ်စုခေါင်းဆောင်ဆီသို့ တောင်ဖြိုသိုင်းကို အသုံးပြုကာ တဟုန်ထိုး ပြေးဝင်သွားသည်။

” နောက် ဆုတ်စမ်းပါကွာ ”
မျိုးနွယ်စုခေါင်းဆောင်က အေးစက်စွာ ရယ်မောရင်း ပြောလိုက်သည်။သူက အင်္ကျီလက်ကို လှုပ်ရမ်းကာ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်ဖော်လိုက်ရာ သွေးများ စိုရွှဲလွန်းနေသဖြင့် မြူခိုးထဲတွင် ခရမ်းရောင်ဖြစ်နေသော ကလေးသုံးယောက်ပေါ်လာသည်။ ကလေးတစ်ယောက်စီက ယင်ယန်ဝိညာဥ်အဆင့် စွမ်းအားများကို ထုတ်လွှတ်ကာ အော်ဟစ်လျက် ပိုင်ရှောင်ချန်းဆီသို့ ပြေးဝင်လာသည်။

ပိုင်ရှောင်ချန်းက ဒေါသတကြီး အော်ဟစ်ကာ သရဲကြီးဘုရင်ကို သူနှင့်အတူ ဆွဲခေါ်လျက် အမြန်ဆုံးအရှိန်ဖြင့် ခြေတစ်လှမ်းလှမ်းလိုက်ရာ မြည်ဟီးသံများ ထွက်ပေါ်လာလေသည်။ သူ ခြေလှမ်းချလိုက်သည့် အချိန်တွင် ချန်မျိုးနွယ်စုခေါင်းဆောင်နှင့် ကိုးမီတာသာ ကွာဝေးတော့သည်။

“သေစမ်းကွာ ”
သူက အော်လိုက်ကာ ညာလက်ကို လက်သီးဆုပ်လိုက်ပြီး သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားနှင့် ကျင့်ကြံခြင်းအခြေခံကို သုံးကာ ပစ်လွှတ်လိုက်သည်။ တချိန်တည်းမှာပင် သူ၏ နဖူးပေါ်၌ ကောင်းကင်တံတားဓမ္မမျက်လုံးဖြစ်သော အမှတ်အသားတစ်ခုပေါ်လာသည်။

အနီးတဝိုက်ရှိ အရာအားလုံး ပြင်းထန်စွာ လှုပ်ခတ်သွားပြီး မျိုးနွယ်စုခေါင်းဆောင်မှာ မျက်နှာပျက်သွားသည်။ သူသည် ပိုင်ဟောက်မှာ မယုံနိုင်လောက်အောင် အစွမ်းထက်မှန်း သိသော်လည်း ယခုကဲ့သို့ အရှိန်မျိုးဖြင့် သွားနိုင်မည်ဟု တွေးမထားခဲ့ပေ။

“သွေးကလေးပေါက်ကွဲခြင်း ” သူ အော်လိုက်သည်။

ဘုန်းးး

တိုးဝင်လာနေသော သွေးကလေးများသည် နာကျင်စွာအော်ဟစ်ကာ ပေါက်ကွဲသွားကြပြီး စွမ်းအင်လှိုင်းများက ပိုင်ရှောင်ချန်းကို လျင်မြန်စွာ ရိုက်ခတ်သွားသည်။ ထို့နောက် ၎င်းတို့က သူ့ကို စားတော့မည့်အလား ဖွင့်ဟနေသည့် သွေးရောင် ပါးစပ်ကျယ်ကြီးဖြစ်သွားသည်။

ယခုမူ ပိုင်ရှောင်ချန်း၏ သံမဏိသွေးကြောများ သိသာစွာ ထောင်ထလာသည်။ ဤတိုက်ပွဲတွင် သူအသာစီးမရပါက အလွန်အမင်းအန္တရာယ်များမည်ကို သူ သဘောပေါက်သည်။ သူက တွေဝေခြင်းမရှိဘဲ ထာဝရထီးကို ဖျတ်ခနဲဖွင့်လိုက်ရာ ထီး၏မျက်နှာပြင်ပေါ်ရှိ ရွှေရောင်အမှတ်အသားလေးခုက စူးရှတောက်ပလျက် ထွက်ပေါ်လာသည်။ သူသည် ပါးစပ်ကြီးကို ဖြတ်သန်းကာ ချန်မျိုးနွယ်စုခေါင်းဆောင်ဆီသို့ အလွန်မြန်သည့်နှုန်းဖြင့် သွားနေစဥ် ထီးသည် အရွယ်အစားကြီးမားလာပြီး ၎င်းမှ တလက်လက်စူးရှတောက်ပနေသော ရွှေရောင်များသည် နေရာတိုင်းတွင် ပျံ့နှံ့လျက် သူ့ကို ကာကွယ်ပေးထားလေသည်။

” သေစမ်းကွာ ”
ပိုင်ရှောင်ချန်းက လည်မျိုဖမ်းဆုပ်ကွက်ကို ထုတ်ကာ အော်ဟစ်လိုက်သည်။ ထိုနည်းလမ်းနှင့် အတူတကွပါဝင်သော ဆွဲငင်အားကြောင့် ထိတ်လန့်နေသော မျိုးနွယ်စုခေါင်းဆောင်သည် ရှောင်တိမ်းခြင်း၊ ထွက်ပြေးခြင်း မလုပ်နိုင်ပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ လက်ချောင်းနှစ်ချောင်းသည် မျိုးနွယ်စုခေါင်းဆောင်၏ လည်မျိုပေါ်သို့ ရောက်လုနီးပါးဖြစ်သွားသည်။

မျိုးနွယ်စုခေါင်းဆောင်၏ ဖြူဖျော့နေသော မျက်နှာသည် မယုံကြည်နိုင်မှုနှင့် အံ့ဩခြင်းတို့ ဖုံးလွှမ်းနေသည်။ သို့သော် ထိုအချိန်မှာပင် အဝေးဆီမှ ဒေါသတကြီး အော်ဟစ်သံကို ကြားလိုက်ရသည်။

” နောက်ဆုတ်လိုက်စမ်း ”
အသံသည် လေထုကို ဖြတ်ကာ ပိုင်ရှောင်ချန်း၏နှလုံးသားထဲအထိ ရိုက်ခတ်သွားပြီး သူ့ပါးစပ်မှ သွေးများ ပန်းထွက်လာသည်။ မျိုးနွယ်စုခေါင်းဆောင်မှာ ကံကောင်းထောက်မစွာ ပိုင်ရှောင်ချန်း၏ လက်က တုန်ခါသွားခြင်းကြောင့် ထွက်ပြေးရန် အခွင့်အရေးရသွားသည်။

“ခေါင်းဆောင်ကြီး၊ ကျွန်တော့်ကို ကယ်ပါဦး။”
သူက အော်ဟစ်လိုက်သည်။ သို့သော် သူဘေးသို့ ရှောင်လိုက်သည့်အချိန်မှာပင် ပိုင်ရှောင်ချန်း၏ မျက်လုံးများသည် ယခင်ကထက်ပို၍ နီရဲသွားသည်။ မျိုးနွယ်စုခေါင်းဆောင်၏ လည်ပင်းကို လွတ်သွားသော်လည်း ပခုံးကို ဆွဲဆုပ်ထားနိုင်လိုက်ပြီး လက်ကို ရက်စက်စွာပင် ဆွဲလိမ်လိုက်သည်။ ပိုင်ရှောင်ချန်းက မျိုးနွယ်စုခေါင်းဆောင်၏ ညာလက်ကို သူ့ကိုယ်မှ ဆွဲဖြုတ်လိုက်ရာ ကွဲအက်သံများနှင့်အတူ ခါးသီးစွာ အော်ဟစ်လိုက်သံ ပေါ်ထွက်လာသည်။

သွေးများက နေရာအနှံ့ ပန်းထွက်သွားပြီး မျိုးနွယ်စုခေါင်းဆောင်၏ မျက်နှာ လုံးဝ ဖြူဖျော့သွားသည်။ သို့သော် သူက အမြန်ဆုံးနှုန်းဖြင့် နောက်ဆုတ်နိုင်ဆဲဖြစ်သည်။ တချိန်တည်းမှာပင် အတန်ငယ်ဝေးသောနေရာမှ ပုံရိပ်တစ်ခုပေါ်လာပြီး ပိုင်ရှောင်ချန်းဆီသို့ အရှိန်မြှင့်ကာ လာနေသည်။

ထိုသူမှာ နတ်အဆင့် ကျင့်ကြံခြင်းအခြေခံနှင့် အဘိုးအိုတစ်ယောက်ဖြစ်ပြီး ချန်မျိုးနွယ်စု ခေါင်းဆောင်ကြီးပင် ဖြစ်သည်။

ပိုင်ရှောင်ချန်းသည် မောဟိုက်ပင်ပန်းစွာ အသက်ရှူလိုက်ရင်း ချက်ချင်းပင် နောက်ဆုတ်သွား၏။ သူ့မျက်ဝန်းများသည် ရွံရှာစက်ဆုပ်သည့် အရိပ်အယောင်များဖြင့် တောက်ပနေသည်။ ချန်မျိုးနွယ်စုခေါင်းဆောင်သည် ကလေးပေါင်းအမြောက်အများကို သတ်ဖြတ်ကာ သွေးတံခွန်ကို ပုံဖော်ခဲ့ခြင်းသည် ပိုင်ရှောင်ချန်းကိုဒေါသအမျက်ချောင်းချောင်းထွက်စေသည့် အရာမျိုးဖြစ်သည်။ ထို့ကြောင့် သူက နောက်ဆုတ်သွားနေစဥ်မှာပင် သူ၏အိတ်ကို ပုတ်ကာ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းဆယ့်လေးကြိမ်ပြုလုပ်ထားသော လေးကြီးတစ်စင်းကို ထုတ်လိုက်သည်။

လေးကြိုးကို နောက်သို့ ဆွဲလိုက်စဥ် သူ့ဘေးပတ်လည်မှာ တွင်းနက်ကြီးတစ်ခု ဖြစ်သွားသည့်အလား ထိုနေရာရှိ စွမ်းအင်ပါးလုံးကို စုပ်ယူသွားသည်။

တချိန်တည်းမှာပင် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ၁၄ကြိမ်ပြုလုပ်ထားသော မြားတစ်ချောင်းသည် လေးညှို့မှည ပေါ်လာလေသည်။ ပိုင်ရှောင်ချန်းသည် တွေဝေတွန့်ဆုတ်ခြင်းမရှိဘဲ ထွက်ပြေးသွားသော မျိုးနွယ်စုခေါင်းဆောင်ကို ချိန်ရွယ်ကာ မြားကို ပစ်လွှတ်လိုက်သည်။ ထိုအချိန်တွင် မြားသည် နားကွဲစေလောက်သည့် အော်ဟစ်သံနှင့်အတူ နဂါးနက်တစ်ကောင်အသွင်ပြောင်းသွားပြီး မျိုးနွယ်စုခေါင်းဆောင်ဆီသို့ ပြေးဝင်သွားသည်။

ထို့နောက် ပိုင်ရှောင်ချန်းသည် မြားနှင့် မျိုးနွယ်စုခေါင်းဆောင်တို့ မည်သို့ ဖြစ်သွားသည်ကို ကြည့်ရန် စိတ်မဝင်စားဘဲ လှည့်ကာ ထွက်ပြေးတော့သည်။

မျိုးနွယ်စုခေါင်းဆောင်၏ မျက်နှာသည် ထပ်မံ သွေးဆုတ်ဖြူရော်သွားပြီး အသက်အန္တရာယ်နီးနေသည့် ခံစားချက်က သူ့နှလုံးသားထဲတွင် ပြည့်နှက်သွားကာ အေးစက်စက် နှာမှုတ်သံတစ်ချက်ကို ကြားလိုက်ရသည်။ ထို့နောက် နတ်အဆင့် ခေါင်းဆောင်ကြီးသည် သူ့ရှေ့တည့်တည့်တွင် ပေါ်လာလေသည်။ ရှေ့သို့ လှမ်းလိုက်ကာ လက်ကို ဆန့်ထုတ်ပြီး မြားကို ဆွဲဖမ်းလိုက်သည်။

ထို့နောက် သူက လက်ကို ဖျစ်ညှစ်လျက် မြားကို ချေမွပစ်လိုက်သည်။

နတ်အဆင့်ခေါင်းဆောင်ကြီး၏ မျက်နှာသည် အလွန် တင်းမာလျက်ရှိသည်။ သူဝင်မပါလိုက်လျှင် ပိုင်ရှောင်ချန်းကို မီနိုင်သည်။ သို့သော် မျိုးနွယ်စုခေါင်းဆောင်၏ အသက်ကို ကယ်လိုက်သည့် အချိန်တိုလေးသည် ပိုင်ရှောင်ချန်းထွက်ပြေးရန် လိုသည့် အချိန်လေးပင် ဖြစ်သည်။ ခေါင်းဆောင်ကြီး၏ မျက်လုံးများထဲမှ လူသတ်ချင်စိတ်က ပို၍ပင် ပြင်းထန်လာပြီး တချိန်တည်းမှာပင်သံသယစိတ်များလည်း ရှိနေသည်။ ယခုလေးတင် ချန်မျိုးနွယ်စုခေါင်းဆောင်ကို ပြင်းထန်စွာ ဒဏ်ရာရရှိကာ သေလုဆဲဆဲဖြစ်အောင် လုပ်နိုင်သည့် ပိုင်ရှောင်ချန်း အသုံးပြုနိုင်သည့် နည်းလမ်းအားလုံးကို သူ သေချာမသိသေးပေ။

ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးကဲ့သို့ အလားတူ ကံကြမ္မာမျိုးကို မခံစားချင်ပေ။ သူသည် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်ဖော်လိုက်ပြီး သရဲအရိပ်များစွာ ဆင့်ခေါ်လိုက်သည်။ ၎င်းတို့အားလုံးသည် အနက်ရောင် ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားကြပြီး ယင်ယန်ဝိညာဥ်အဆင့် အငွေ့အသက်များ ထုတ်လွှတ်နေသည်။ ထိုအချိန်ကျမှပင် ခေါင်းဆောင်ကြီးက ပိုင်ရှောင်ချန်းနောက်သို့ လိုက်တော့သည်။


Comment

Leave a Reply


Options

not work with dark mode
Reset