အပိုင်း(၂၀၄၃)

အဖွဲ့လိုက်တိုက်ပွဲလား။

တုန်းဟွာနန်းတော်တွင် ဆေးအင်ပါယာသည် အောက်ဘက်မှ မြင်ကွင်းအား မြင်သည့်အခါ သူက ရှေးဟောင်တော်ဝင် ယန်မိသားမှ အင်ပါယာယန်နှင့် လင်းရှောင်နန်းတော်သခင် လင်းယွင်ကျီကို ကြည့်ကာ မေးလိုက်သည်။ “ခင်ဗျားတို့နှစ်ယောက် ဒါကို အစီအစဥ်ဆွဲထားတာလား။”

“ကျုပ်တို့က တစ်ချိန်လုံး တုန်းဟွာနန်းတော်ထဲမှာ ထိုင်နေခဲ့တာ။ ဘယ်နားသွားပြီး ဆွေးနွေးဖို့ အချိန်ရှိမှာလဲ။” လင်းယွင်ကျီက ပြန်ဖြေလိုက်သည်။ သူက ပေါ့ပါးကာ သာမန်ဖြစ်သည့် အသံနှင့် ပြန်ဖြေလိုက်သည်။

“အဲဒီလိုလား။” ဆေးအင်ပါယာက တစ်ဖက်လူကို တစ်ချက်လှမ်းကြည့်ကာ မယုံကြည်မှုအပြည့်နှင့် သူက ပြောလိုက်၏။ “လိပ်နတ်ဘုရားကျွန်းစုမှာ ယန်ပြည်ထောင်ရဲ့ လူတွေက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ရဲ့ တပည့်တွေကို ပြဿနာရှာခဲ့တယ်။ ပြီးတော့ လင်းရှောင်နန်းတော်ရဲ့ တပည့်တွေကလည်း မီးလောင်တဲ့ထဲ လောင်စာထပ်ထည့်တယ်။ အဲဒါက ချောက်ကမ်းပါးမှာ မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင် ချန်ရစ်ထားခဲ့တဲ့ သင်ခန်းစာကို နားလည်သဘောပေါက်မှုမှာ လင်းဟယ်က ရီလျှို့နျန်ဆီ ရှုံးနိမ့်သွားခဲ့လို့ ရန်ငြိုးထားတာကြောင့် ဖြစ်နိုင်လား။ မဟုတ်ရင် လင်းရှောင်နန်းတော်သခင်က ကျုပ်နဲ့ ပတ်သတ်ပြီး မကျေနပ်တာများ ရှိလို့လား။ ဒါမှမဟုတ် အဲဒီအကြောင်းပြချက် နှစ်ခုလုံးကြောင့်များလား။”

ယခင်က ဆေးအင်ပါယာသည် တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ သေဆုံးခြင်းအား သံသယဖြစ်ခဲ့သည်။ ထို့ကြောင့် သူက သူ့လူများအား ခေါ်ဆောင်ကာ တုန်းဟွာအခမ်းအနားတွင် ပါဝင်ရင်း လင်းရှောင်နန်းတော်၏ သဘောထားကို စူးစမ်းလေ့လာနေခဲ့သည်။ ထင်ထားသလိုပင် လင်းရှောင်နန်းတော်က ရှေးဟောင်းတော်ဝင် ယန်မိသားစုနှင့် လျှို့ဝှက်ပူးပေါင်းနေ၏။

ယခုတွင် ဆေးအင်ပါယာက ဆိုးဝါးသော အဖြစ်အပျက်တို့ ဖြစ်လာမည်ကို ခံစားမိသည်။

“ခင်ဗျား ဆန္ဒရှိသလို ယူဆလို့ရတယ်။” လင်းယွင်ကျီက ဂရုမထားသလို ပြန်ပြောလိုက်သည်။ “ဒါပေမယ့် ဒီနေ့က တုန်းဟွာအခမ်းအနားပဲ။ နယ်မြေသခင်က တုန်းဟွာအခမ်းအနားအတွင်း ထူးချွန်သူတွေ အချင်းချင်း စိန်ခေါ်နိုင်တယ်လို့ ပြောခဲ့ပြီးသား။ သေချာပေါက် ဆေးအင်ပါယာက လူတိုင်းရဲ့ ပျော်ရွှင်မှုကို မပျက်စီးစေလောက်ဘူးမလား။”

အခြားပုဂ္ဂိုလ်ကြီးများက မည်သည့်စကားမှ မဆိုခဲ့ပေ။ သူတို့က တိတ်တဆိတ် ထိုင်ရင်း စောင့်ကြည့်နေကြသည်။ လင်းရှောင်နန်းတော်၊ ယန်ပြည်ထောင်နှင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကြားမှ ရန်ငြိုးများအကြား အခြားအင်အားစုတို့ ဝင်ရောက်စွက်ဖက်ခြင်းက မသင့်တော်ပေ။

“ဆေးအင်ပါယာက မသင့်တော်ဘူးလို့ ခံစားရရင် စိန်ခေါ်မှုကနေ ရှောင်ထွက်ဖို့ တားဆီးနိုင်သူ ဘယ်သူမှ မရှိပါဘူး။” နယ်မြေသခင်နင်က ဆေးအင်ပါယာကို ပြောလိုက်သည်။

“ဆရာ၊ ကျွန်တော်တို့က တုန်းဟွာအခမ်းအနားကို လာတာ အချင်းချင်းစိန်ခေါ်ရင်း လမ်းစဥ်ရှာဖွေဖို့ပါ။ သူတို့ရဲ့ စိန်ခေါ်မှုကို ငြင်းစရာအကြောင်းမရှိဘူး။” လီချန်ရှန်းက ခေါင်းကိုမော့ကာ ဆေးအင်ပါယာအား ကြည့်၍ ပြောလိုက်၏။ လမ်းစဥ်တိုက်ပွဲစင်မြင့်ပေါ်၌ ရှုံးနိမ့်သွားလျှင်ပင် အတွေ့အကြုံ ရလိမ့်မည် ဖြစ်သည်။ သူတို့က မည်သို့ဖြစ်၍ ဆေးအင်ပါယာကိုယ်တိုင် ရန်သူထံမှ သူတို့အား ကာကွယ်ပေးနေသည်ကို ခွင့်ပြုနိုင်ပါမည်နည်း။

ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ ကျင့်ကြံသူများအနေနှင့် ဤသည်မှာ သူတို့ ထမ်းရမည့် ဝန် ဖြစ်သည်။

သူတို့က ရှုံးနိမ့်မည်ဆိုလျှင်ပင် ဆက်လက် တိုက်ခိုက်နေဦးမည် ဖြစ်သည်။

“မှန်တယ်။ ဆက်ပြီး ပြိုင်ကြရမယ်။ ကျုံးချန်နှင့် အခြားရန်ဟောင်များက တုန်းဟွာနန်းတော်မှ ဆေးအင်ပါယာနှင့် အခြားသူများကို မော့ကြည့်လိုက်သည်။ ဆေးအင်ပါယာအတွက် ဤတိုက်ပွဲကို ရှောင်ရှားရန် ရေရာသည့် အကြောင်းပြချက်မရှိပေ။ ထိုသို့ဖြစ်ခဲ့လျှင် ဆေးအင်ပါယာက တုန်းဟွာအခမ်းအနား၏ စည်းမျဥ်းကို ပထမဆုံး ဆန့်ကျင်သူ ဖြစ်လာပေလိမ့်မည်။ ထိုသည်က အားလုံးသော ထိပ်သီးအင်အားစုများ ရှေ့တွင် သူ့အား အရှက်ရစေလိမ့်မည် မဟုတ်ပါလား။

ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များအနေနှင့် သူတို့က ရှောင်လွှဲရန် မလိုအပ်ပေ။

ဆေးအင်ပါယာက အောက်ဘက်မှ သူ့အဖွဲ့ဝင်များကို ကြည့်ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဂရုစိုက်ကြ။”

သူက ထပ်မပြောတော့ပေ။ နှစ်ဖက်လုံးက သူတို့အား ပစ်မှတ်ထားနေသော်လည်း ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များအတွက် ၎င်းမှာ စမ်းသပ်မှုပင် ဖြစ်သည်။ သည်အခြေအနေအောက်၌ တစ်ဖက်လူက သူတို့အား သတ်ဖြတ်ရဲလိမ့်မည် မဟုတ်ပါချေ။ ဤသည်က တုန်းဟွာအခမ်းအနား ဖြစ်ကာ မည်သူကမှ စည်းမျဥ်းကို မဆန့်ကျင်ရဲပေ။

သူတို့၏ ဒုတိယတိုက်ပွဲမှာ လင်းရှောင်နန်းတော်မှ အဆင့်နိမ့်ရန်ဟောင် ထူးချွန်သူတစ်ယောက်နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ သူက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်တစ်ယောက်ကို စိန်ခေါ်ခဲ့သည်။ ရလဒ်အနေနှင့် ပထမတိုက်ပွဲထက်ပင် ပို၍ ဝမ်းနည်းစရာကောင်းသေး၏။ ယင်းက တစ်ဖက်သတ်တိုက်ပွဲတစ်ခုပင် ဖြစ်လေသည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ  အစမှအဆုံးတိုင် ဖိနှိပ်ခံရသည်။ ထိုသည်က အရှက်ခွဲခံရခြင်းဟုပင် သတ်မှတ်နိုင်၏။  တစ်ဖက်လူက အလောတကြီးနှင့် ပြိုင်ဘက်အား အနိုင်မယူဘဲ တမင်သက်သက်နှင့် ကြောင်မှကြွက်အား ကစားသလို လုပ်ဆောင်နေသည်။ သူက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ ရန်ဟောင်အား တလျှောက်လုံး ကစားနေခဲ့ပြီး အဆုံးသတ်တွင် ရက်စက်ပြင်းထန်သည့် တိုက်ခိုက်မှုအား ပြုလုပ်ခဲ့သည်။ ထိုအဖြစ်က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ အခြားတန်ခိုးရှင်များ၏ အမူအရာကို အလွန် ရုပ်ဆိုးလာစေ၏။

ဤတိုက်ပွဲအဆုံးမသတ်ခင် ရီဖူရှင်းက ထရပ်ပြီးဖြစ်သည်။ သို့သော် အထက်မှ လင်းယွင်ကျီက ပြောလိုက်သည်။ “လမ်းစဥ်တိုက်ပွဲဆိုတာ မတူညီတဲ့ တပည့်တွေ ထွက်လာပြီး အချင်းချင်းရဲ့ စွမ်းရည်တွေ ဖလှယ်ဖို့ အတွေ့အကြုံရစေနိုင်တဲ့ အခွင့်အရေး ရှိတယ်။ လူတစ်ယောက်တည်းက ဆက်တိုက်တိုက်ခိုက်နေစရာ မလိုဘူး။ အင်အားစုနှစ်ခုကြားက တိုက်ပွဲတစ်ခုဆိုရင်တောင် တစ်ပွဲချင်းစီတိုင်း နှစ်ဖက်လုံးက မတူညီတဲ့ ကျင့်ကြံသူတွေ ထွက်လာဖို့ လိုတယ်။ လူတိုင်းက ရီလျှို့နျန်ရဲ့ စွမ်းရည်ကို သိထားကြတယ်။ သူတစ်ယောက်တည်းကပဲ တိုက်ပွဲတိုင်း ထွက်တိုက်နေရင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ရဲ့ တခြားတပည့်တွေက အရည်အချင်း မရှိဘူးထားလို့ ထင်သွားမယ်မဟုတ်လား။”

အင်ပါယာရှီက ပြောလိုက်သည်။ “ရှေးဟောင်းတော်ဝင် ယန်မိသားစုနဲ့ လင်းရှောင်နန်းတော်က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို ပစ်မှတ်ထားနေရင် အဲဒီအင်အားစုနှစ်ခုက တန်ခိုးရှင်အရေအတွက်က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ထက် အပုံကြီးသာနေတာပဲလေ။ ပြီးတော့လည်း အင်အားစုနှစ်ခုက သူတို့ဆီကနေ ပိုပြီး အစွမ်းထက်တဲ့ သူတွေကို ရွေးချယ်နိုင်တယ်။ အဲဒါကရော တစ်ခုခု မသင့်တော်သလို ဖြစ်မနေဘူးလား။”

သူက အပြုံးနှင့် ဆက်ပြောလိုက်သည်။ “ဒါပေါ့။ ဒါက ကျုပ်သာမန်ပဲ ပြောလိုက်တာပါ။ နယ်မြေသခင်နဲ့ တခြားသူတွေရော ဘယ်လိုခံစားမိကြလဲ။”

“ဆရာပြောတာ ကျိုးကြောင်းဆီလျော်တယ်။ ဒီနေ့က အင်အားစုတွေ အားလုံးကြားက တိုက်ပွဲပဲ ဖြစ်သင့်တယ်။ ဒါပေမယ့် လိပ်နတ်ဘုရားကျွန်းစုမှာ ဒီအင်အားစုသုံးခုက အချင်းချင်း ပဋိပက္ခ ဖြစ်ဖူးကြတယ်။ သူတို့ရဲ့ ရန်ငြိုးတွေကြောင့် တုန်းဟွာအခမ်းအနားမှာ တိုက်ခိုက်ကြတာက ပြဿနာတော့ သိပ်မရှိဘူး။ ဒါပေမယ့် အကြွင်းမဲ့ တရားမျှတမှု ရှိဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး။” မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က ထပ်ပြောလိုက်သည်။ အခြားတန်ခိုးရှင်များရှေ့၌ပင် မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်ကဲ့သို့ ပုဂ္ဂိုလ်ကြီးက အင်ပါယာရှီအား ဆရာအဖြစ် ရည်ညွှန်းပြောဆိုခဲ့သည်။  သူက အင်ပါယာရှီကို လေးစားမှုရှိနေဆဲဖြစ်သည်မှာ ထင်ရှားလှသည်။

“ခင်ဗျားတို့နှစ်ယောက် မှန်ပါတယ်။ ကျန်တဲ့လူတွေရော ဘယ်လိုထင်ကြလဲ။” နယ်မြေသခင်နင်က အခြားလူများကို ကြည့်ကာ မေးလိုက်သည်။

“ဒါက ဘေးကျပ်နံကျပ် အခြေအနေပဲ။ နယ်မြေသခင် ခင်ဗျား ဆုံးဖြတ်ချက်ချသင့်တယ်။” ရှေးဟောင်းတော်ဝင်မိသားစုဖြစ်သော ကျန်းကလန်ခေါင်းဆောင်က အပြုံးနှင့် ပြောလိုက်၏။ လက်ရှိ ကြည့်ရှုနေသူများအနေနှင့် သူတို့သည် ဤရန်ငြိုးဟောင်းများအတွင်း ဝင်ရောက်ပတ်သတ်လိုခြင်း မရှိပေ။ အင်ပါယာရှီနှင့် မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်တို့က ရီဖူရှင်းအတွက် ကိုယ်စားပြောပေးလိုခြင်းမှာ သူတို့က ရီဖူရှင်းအပေါ် အထင်အမြင်ကောင်းများ ရှိခြင်းကြောင့် ဖြစ်နိုင်သည်။ သူတို့က ထိုဂျူနီယာလေးအပေါ် မြင့်မြင့်မားမား တွေးထားကြသည်။ ထို့ကြောင့် သူတို့က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ဘက်တွင် ရပ်တည်ခြင်း ဖြစ်လိမ့်မည်။

အမှန်တွင် နှစ်ဖက်အင်အားစုက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို ပစ်မှတ်ထားခြင်းက တကယ် မမျှတပေ။

“ဒီလိုဆိုမှတော့ နှစ်ဖက်လုံးအတွက် တူညီတဲ့ အဆင့်တွေ ရွေးနေစရာမလိုတော့ဘူး။ ကျုပ်တို့ အဖွဲ့လိုက် လမ်းစဥ်တိုက်ပွဲအဖြစ် တစ်ခါတည်း သွားကြတာပေါ့။” ရီဖူရှင်းက ပြောလိုက်သည်။ “ဒီနည်းလမ်းနဲ့ပဲ နောက်ထပ် တစ်ယောက်ချင်း လမ်းစဥ်တိုက်ပွဲကို ထက်တိုက်နေစရာ မလိုတော့မှာ။”

အဖွဲ့လိုက်တိုက်ပွဲဆင်နွှဲခဲ့လျှင် သူက အလယ်အလတ်ရန်ဟောင်များနှင့်ပင် ရင်ဆိုင်ရန် ယုံကြည်ချက် ရှိလေသည်။ သူတစ်ယောက်အပြင် သူ့တွင် အစွမ်းထက် ကျင့်ကြံသူ အနည်းငယ်လည်း ရှိသည်။ ကျီဖုန့်၏ စွမ်းရည်သည်လည်း တစ်ယောက်တည်း ရပ်တည်ရန်အတွက် လုံလောက်သည်။ အနည်းဆုံး သူမက ယန်တုန်းရန်နှင့် အကြိမ်အနည်းငယ် ယှဥ်ပြိုင်ရန် ပြဿနာရှိလိမ့်မည် မဟုတ်ပေ။

လူအုပ်ကြီးက ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ ထိုသူက အမှန်တကယ်ပင် အဖွဲ့လိုက်တိုက်ပွဲ ဆင်နွှဲရန် ကြံစည်နေသည်လား။

“အဖွဲ့လိုက်တိုက်ပွဲလုပ်မယ်ဆိုမှတော့ ကျုပ်တို့ ဘာလို့ နောက်တစ်ဆင့်ကို မရွှေ့ရမှာလဲ။ တခြားအင်အားစုတွေကတော့ မပါဝင်နိုင်ဘဲ ဒီအင်အားစုသုံးခု တိုက်ခိုက်တာကို ကြည့်ရုံကြည့်နိုင်မယ်။” နန်ဟွာကလန်မှ တန်ခိုးရှင်တစ်ယောက်က အပြုံးနှင့် ပြောလိုက်သည်။

နောက်တစ်ဆင့်ဟူသည်မှာ လမ်းစဥ်တိုက်ပွဲပြီးနောက် အစီအစဥ်ကို ရည်ညွှန်းပေသည်။ လူအုပ်ကြီးက ၎င်းအား ရှင်းရှင်းလင်းလင်း နားလည်၏။

နယ်မြေသခင်အိမ်တော်က ထိုအဆင့်အတွင်း ကျင့်ကြံသူအချို့ကို ရွေးချယ်သော်လည်း စုဆောင်းမိသည့် ကျင့်ကြံသူအရေအတွက်က ရည်ရွယ်ထားသည်နှင့် အလှမ်းဝေးသည်။ ကျင့်ကြံသူများကို ကျယ်ပြန့်သော စမ်းသပ်မှုများ လုပ်ဆောင်ရန် လိုအပ်နေဆဲ ဖြစ်သည်။ အင်အားစုအားလုံးက ထိုစမ်းသပ်မှုတွင် ပါဝင်နိုင်သည်။

နယ်မြေသခင်နင်က တစ်ဖက်လူကို ကြည့်လိုက်ပြီးနောက် ရယ်မောကာ မေးလိုက်၏။ “ယန်ပြည်ထောင်နဲ့ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကလွဲပြီး တခြားသူတွေရော တစ်ယောက်ချင်း လမ်းစဥ်တိုက်ပွဲ စိန်ခေါ်ဖို့ ဆန္ဒရှိကြသေးလား။”

“ဆုံးဖြတ်ပြီးပြီဆိုတော့ ဆက်လုပ်ကြတာပေါ့။” ပျက်စီးခြင်းနတ်နန်းတော်မှ တန်ခိုးရှင်တစ်ယောက်က ပြောလိုက်သည်။ တစ်ယောက်ချင်း စိန်ခေါ်မှုအပေါ် သူတို့၏ စိတ်ဝင်စားမှုက လျော့နည်းသွားပြီ ဖြစ်သည်။

“ကန့်ကွက်စရာမရှိပါဘူး။” မြူနှင်းဝေနတ်နန်းတော်မှ ဓားနတ်မိမယ်က သူမ၏ သဘောထားကို ဖော်ပြလိုက်သည်။ အခြားလူများကလည်း သဘောတူလိုက်ကြ၏။ နယ်မြေသခင်နင်က ထိုမြင်ကွင်းအား မြင်သည့်အခါ ခေါင်းညိတ်၍ သဘောတူလိုက်သည်။ “ဒီလိုဆို တစ်ယောက်ချင်း ပြိုင်ပွဲကို ဒီမှာ အဆုံးသတ်ကြတာပေါ့။”

သူက လူအုပ်ကို ဝေ့ကြည့်ကာ ဆက်ပြောလိုက်၏။ “တုန်းဟွာအခမ်းအနား စတင်တဲ့အခါ မိတ်ဆွေဟောင်းတွေနဲ့ တစ်ခွက်တစ်ဖလားသောက်ချင်တဲ့ ရည်ရွယ်ချက် ရှိတယ်လို့ ပြောခဲ့တယ်။ ဒုတိယအကြောင်းပြချက်ကတော့ တုန်းဟွာနယ်မြေရဲ့ ကျော်ကြားတဲ့ သူတွေကို မြင်တွေ့ချင်ခဲ့တာပဲ။ တတိယအနေနဲ့ နယ်မြေသခင်အိမ်တော်က သွေးသစ်စုဆောင်းဖို့ ရည်ရွယ်တယ်။ အခု တုန်းဟွာအခမ်းအနားက ဒီအဆင့်ထိ တိုးတက်လာပြီး နောက်ထပ် လူတိုင်းရဲ့ စွမ်းရည်ကို ပြသနိုင်မယ့် အခွင့်အရေး တစ်ခုရှိတယ်။ စွမ်းဆောင်ရည် ထူးချွန်တဲ့ သူတွေအတွက်ကတော့ ဆန္ဒရှိရင် နယ်မြေသခင်အိမ်တော်မှာ ကျင့်ကြံဖို့ ဝင်ရောက်နိုင်တယ်။”

ဘုံကိုးဆင့်ကောင်းကင်မှ ရန်ဟောင်များအားလုံးက ခေါင်းမော့ကာ နယ်မြေသခင်နင်ကို ကြည့်လိုက်ကြသည်။ လူတိုင်းအတွက် နောက်ထပ် အခွင့်အရေးတစ်ခု ရှိသေးသည်။ သူတို့က အခွင့်အရေး ရနိုင်မရနိုင်က သူတို့အပေါ်တွင်သာ မူတည်၏။

***


Comment

Leave a Reply


Options

not work with dark mode
Reset