Switch Mode

အခန်း ( ၆၅၃ )

ဒီကောင်က ရူးနေတာ

” တော်ပါပေတယ် ပိုင်ဟောက်။ ရက်စက်ယုတ်မာပက်စက်ပြီး အကြင်နာတော်တော်ကင်းမဲ့တဲ့ မျိုးနွယ်စုကို သစ္စာဖောက်တဲ့ကောင် ပီသပါပေတယ် ”
ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးမှာ သွေးများအန်ကာ ခါးသီးစွာ ပြေးလွှားနေသည်။ ဝိညာဥ်သိုလှောင်စေတီ၏ ပေါက်ကွဲမှုက သူ့ကိုမသေစေနိုင်ခဲ့ပါသော်လည်း အပြင်းအထန် ဒဏ်ရာရသွားအောင် လုပ်နိုင်လိုက်သည်။ ယခုတွင်မူ သူသည် သရဲကြီးဘုရင်ကို သတ်ရန် မတွေးနိုင်တော့ပေ။ သူ၏အသက်အတွက် စိုးရိမ်ရမည့် အချိန်သို့ ရောက်နေပြီဖြစ်သည်။

ချန်မျိုးနွယ်စုနှင့် ချိုင်မျိုးနွယ်စုတို့၏ ခေါင်းဆောင်ကြီးများက သူ့ကိုသတ်ချင်လျှင် ယခုအချိန်မှာ အသင့်တော်ဆုံးဖြစ်သည်။ ထိုမျိုးနွယ်စုသုံးခုမှာ လတ်တလောတွင်သာ ပူးပေါင်းဆောင်ရွက်နေသည် ဖြစ်ပါသော်လည်း အမှန်တွင်မူ ရန်သူများ ဖြစ်ကြသည် မဟုတ်ပါလော။

ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးမှာ သူ၏အသက်ကို လောင်းကြေးမထပ်ရဲ သဖြင့် ကျန်ရှိသမျှ စွမ်းအင်အားလုံးကို အသုံးချ၍ တံခါးပိတ်ကျင့်ကြံကာ အားအင်ပြန်လည်ဖြည့်တင်းနိုင်မည့် နေရာဖြစ်သော ပိုင်မျိုးနွယ်စုထံသို့ ပြန်ရန် ဆုံးဖြတ်လိုက်တော့သည်။

သရဲကြီးမြို့တော်ထဲတွင် ဖြစ်ပျက်နေသည့်အရာများ၊ ပိုင်ဟောက်နှင့်ပတ်သတ်သည့် အရာများကို သူက ဂရုမစိုက်နိုင်တော့ပေ။

“ လူတစ်ယောက်က အသက်ရှည်ရှည်နေခဲ့ဖူးလေ သေရမည်ကို ပို၍ကြောက်လေေလ “ ပင်။ ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီး၏ လက်ရှိအခြေအနေမှာ ထိုသို့ဖြစ်နေသည်။ သူ့မျိုးနွယ်စု၏ ကံကြမ္မာသည် သူ၏ပခုံးများပေါ်တွင် ကျရောက်နေသဖြင့် သူတစ်ခုခု ထိခိုက်သွားလျှင် မျိုးနွယ်စုတစ်ခုလုံးအတွက် နစ်နာသွားနိုင်သည် မဟုတ်ပါလော။

ထိုစဥ် မြို့တော်ထဲတွင် နတ်အဆင့်ကျင့်ကြံသူနှစ်ယောက်မှာ ရုတ်တရက် ပေါ်ထွက်လာတော့သည်။ သူတို့ထဲမှ တစ်ယောက်က ပိုင်ရှောင်ချန်းထံသို့ ပြေးလာပြီး အခြားတစ်ယောက်မှာ ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးနောက်သို့ လိုက်သွားသည်။

ပိုင်ရှောင်ချန်းမှာ သူ၏အငွေ့အသက်ကို ဖုံးကွယ်၍ ကြောက်ရွံ့ထိတ်လန့်တုန်လှုပ်လျက် သရဲကြီးမြို့တော်ထဲတွင် ပတ်ပြေးနေတော့သည်။

” ငါတော့ လစ်ပြီ။ ကိစ္စချောပြီ။ သောက်ကျိုးနည်းကွာ။ ငါစိတ်လိုက်မာန်ပါ လုပ်မိလိုက်တာပဲ။ ဒါ သရဲကြီးဘုရင်ရဲ့ အပြစ်တွေပဲ။ သူ့ပုံစံက သိသာလွန်းနေတာကိုး ”
ပိုင်ရှောင်ချန်းမှာ ငိုချလိုက်ချင်ပါသော်လည်း မျက်ရည်များမှာ ကျမလာပေ။ ယခုအခါ သူသည် စိုးရိန်လွန်းနေသဖြင့် အသားများပင် တုန်ရီနေရသည်အထိပင်။

သရဲကြီးဘုရင်မှာလည်း သူ့နည်းတူ စိုးရိမ်နေပြီး သွေးများဆက်တိုက်အန်ကာ သူ၏ အငွေ့အသက်များမှာလည်း တဖြည်းဖြည်း အင်အားလျော့နည်းလာတော့သည်။ စောစောက ပေါက်ကွဲမှုကြီးမှာ နတ်အဆင့်တိုက်ကွက်တစ်ခုထက် များစွာအင်အားပိုကြီးမားနေသည်ဖြစ်၍ သူ့အသက်ပင် ပျောက်လုနီးပါး ဖြစ်သွားခဲ့ရသည်။

သူသည် သေဘေးမှ လွတ်မြောက်လာသည့်အတွက် ရင်တုန်ပန်းတုန်ဖြစ်နေရင်း သူ့အား ဖမ်းထားသည့်ပိုင်ဟောက်ကို တအံ့တသြ ကြည့်လိုက်တော့သည်။

ဤပိုင်ဟောက်ဆိုသည့်လူမှာ မည်သည့်စိန်ခေါ်မှုကိုမဆို မတွန့်မဆုတ် ရင်ဆိုင်မည့် မိုက်ရူးရဲဆန်သော လူတစ်ယောက်ဖြစ်ကြောင်းကို သူက သိသွားတော့သည်။ သို့သော် စကားအပြောမှားကာ သူ့ကိုစိတ်ဆိုးအောင် လုပ်မိမည်စိုးသဖြင့် သရဲကြီးဘုရင်က စကားလုံးများကို သေသေချာချာ စဥ်းစားကာ ဆိုလိုက်တော့သည်။
” မင်း…မင်း ဒီလိုမျိုး တွေ့ကရာနေရာ လျှောက်ပြေးနေရင် အဖမ်းခံရမှာ။ ငါပြောတာ နားထောင်။ေကျာက်လိပ်ကြီးဆီပြန်သွားရအောင်။ အဲဒါဆိုငါ… ”

” ခင်ဗျားကို ဘယ်သူကစကားပြောခိုင်းတုံး ”
ပိုင်ရှောင်ချန်းက အေးစက်စက်အမူအရာဖြင့် ဒေါသတကြီး ဟောက်လိုက်တော့သည်။ သရဲကြီးဘုရင်၏ခေါင်းကိုပင် သူကဆတ်ခနဲ ရိုက်လိုက်သေးသည်။

ထိုအခါ သရဲကြီးဘုရင်၏ပါးစပ်ထဲမှ သွေးများထပ်မံ ပန်းထွက်လာပြီး သူ ထောင်းခနဲ ဒေါသထွက်သွားတော့သည်။ သို့သော် ပိုင်ရှောင်ချန်း၏ မျက်ဝန်းများထဲရှိ နဂါးရိုင်းလိုအကြည့်ကြီးကြောင့် သူ တုန်ရီသွားရပြီး ဒေါသများကို ချုပ်တည်းလိုက်ရတော့သည်။

” ဒီကောင်က ရူးနေတာပဲ ”
သူက စိတ်ထဲတွင်သာ ကျိန်ဆဲလိုက်တော့သည်။
” လုံးဝကို သွက်သွက်ခါအောင် ရူးနေပြီ ”

ယခုတွင်မူ သူ၏ကစားပွဲကို ပို၍ စိတ်ဝင်စားစရာကောင်းလာစေရန် ပိုင်ဟောက်အား ထည့်သွင်းခဲ့မိသည်ကို သူက နောင်တရနေပြီ ဖြစ်သည်။ အတိတ်ကိုသာပြန်သွားပြီး ပြန်လည်ပြင်ဆင်ခွင့်ရှိပါက သူ၏ ဆုံးဖြတ်ချက်များကို အပြီးတိုင် ပြောင်းလဲလိုက်မည်မှာ အမှန်ပင်။ ပိုင်ဟောက်သာ ပိုင်မျိုးနွယ်စု၏ သတ်ဖြတ်ခြင်းကိုခံလိုက်ရပါက ဤအခြေအနေမျိုးနှင့် သူ ကြုံတွေ့နိုင်မည့်အခွင့်အရေး လုံးဝမရှိသည် မဟုတ်ပါလော။

” နားထောင်စမ်း အဘိုးကြီး။ ”
ပိုင်ရှောင်ချန်းက ဒေါသတကြီး အော်ပြောလိုက်သည်။
” ဒါအကုန်လုံးက ခင်ဗျားအပြစ်တွေချည်းပဲ။ ခင်ဗျားကို ကယ်ဖို့ ကျုပ်အသက်တောက်ပျောက်လုနီးပါး ဖြစ်သွားရသေးတာ။ အဲဒါကို ခင်ဗျားက ကျုပ်ကိုကျေးဇူးမတင်ချင်သေးဘူး။ အဲဒါလည်း ထားလိုက်။ ဒါပေမဲ့ ခင်ဗျားမလို့ ကျုပ်ကို အဲဒီ ကျောက်လိပ်ကြီးထဲ ပြန်သွားဖို့ လှည့်စားရဲတယ်။ ကျုပ်ကို အရူးများထင်နေလား။ အဲဒီ ကျောက်လိပ်ကြီးထဲ သွားတာနဲ့ ကျုပ်သေမှာပေါ့ဗျ ”

သူသည် အမှန်တကယ် စိတ်ကသိကအောက် ဖြစ်နေပြီ ဖြစ်သည်။ ထို့နောက် ဤအရှုပ်ထုတ်ထဲသို့ဆွဲထည့်ခဲ့သည့် လိပ်ကလေးကို သူက ပြန်အမှတ်ရသွားသည်။ ထိုလိပ်ကလေးကြောင့်သာ မဟုတ်ပါက ယခုဆိုလျှင် သူ လွတ်မြောက်နေလောက်ပြီသာ ဖြစ်သည်။

” ပြီးတော့မင်းရောပဲ လိပ်ကလေး ”
သူကအံကြိတ်ကာ သူ၏ထည့်စရာအိတ်ကို ငုံ့ကြည့်လိုက်သည်။ သို့သော် လိပ်ကလေးမှာ မရှိတော့ပေ။ သူသည် ပြဿနာအကြီးကြီးရှာမိခဲ့သည်ကို သဘောပေါက်ဟန် တူသည်။

” ကဲပါ ” ပိုင်ရှောင်ချန်းက တွေးလိုက်သည်။
” အခုမှတော့ ဘာမှပြောင်းလဲလို့မရတော့ဘူး။ နောက်ဆုံးကြံရာမရရင်တော့ သရဲကြီးဘုရင်ကို သူတို့လက်ထဲ လွှဲပေးရမှာပဲ ”

ပိုင်ရှောင်ချန်း၏ မျက်ဝန်းထဲရှိ နိမိတ်မကောင်းသော အကြည့်များကို သရဲကြီးဘုရင်က သတိထားမိလိုက်သောအခါ ရုတ်တရက် အန္တရာယ်ရှိနှင့် ကြုံတွေ့နေရသလို ခံစားလိုက်ရတော့သည်။ ဤ ဘေးဒုက္ခကြီးထဲမှ အသက်ရှင်လျက် ပြန်ထွက်လိုပါက ပိုင်ရှောင်ချန်းအပေါ်တွင် အရာရာ မှီခိုရမည်ဖြစ်ကြောင်း သူကသိသည်။

” ညီလေးပိုင်ဟောက်ရာ၊ ဘာမှ အလောကြီးနေစရာမလိုပါဘူး။ မင်း…မင်းဘာလိုချင်တာလဲ ပြောကွာ။ မင်းလိုချင်တာမှန်သမျှ ငါ့ကိုသာပြော။ ငါဖြည့်ဆည်းပေးနိုင်လောက်ပါတယ်ကွ ”
သရဲကြီးဘုရင်မှာ ပုံမှန်လေသံအတိုင်း ထွက်စေရန် စကားကိုထိန်းကာပြောနေရသဖြင့် သူ၏ စကားသံများမှာ ချီတုံချတု ဖြစ်နေတော့သည်။

စိတ်ထဲတွင်မူ သူသည် ဤအဖြစ်အပျက်များအားလုံးအတွက် ဝမ်းနည်းပူဆွေးနေတော့သည်။ အစက သူ၏အကြံအစည်မှာ သူစီစဥ်ထားသည့်အတိုင်း ချောမွေ့နေသည် မဟုတ်ပါလော။ ကျောက်လိပ်ကြီးထဲတွင် သူ၏ ဆုတ်ယုတ်အချိန်အပိုင်းအခြားကုန်သည့်အချိန်အထိ ဘေးကင်းစွာနေပြီး သူ၏ ကျင့်ကြံခြင်းအခြေခံကို သာမန်အတိုင်းပြန်ဖြစ်သည်အထိ စောင့်ဆိုင်းနေ၍ ရသည်မဟုတ်ပါလော။ ထိုစဥ်က သူသည် ကစားပွဲတစ်ခုလုံးကို အနိုင်ယူခဲ့နိုင်နေပြီ ဖြစ်သည်။ သို့သော် အရာအားလုံးမှာ အမှားမှားအယွင်းယွင်း ဖြစ်ကုန်ကြတော့သည်။ သူသည် မှားယွင်းစွာဖြင့် အရူးတစ်ယောက်ကို နယ်ရုပ်တစ်ခုအဖြစ် အသုံးပြုခဲ့မိသည်။ ထိုအချိန်မှစ၍ သူ မမျှော်လင့်ထားမိခဲ့သည့် ဖြစ်ရပ်ပေါင်းများစွာ ဖြစ်ပေါ်ခဲ့ရသည်။

ပိုင်ရှောင်ချန်းမှာ သရဲကြီးဘုရင်ကို ဒေါသတကြီးစိုက်ကြည့်ကာ အော်ပြောလိုက်သည်။
” အဘိုးကြီး၊ ကျုပ်က နတ်ဝိညာဥ်တစ်ခုလိုချင်တာဗျ။ သတ္တုအမျိုးအစား နတ်ဝိညာဥ်တစ်ခုကို လိုချင်တာ။ ခင်ဗျားကြီးမှာရှိလား။ ရှိရင် အခုပေးဗျာ။ အဲဒါဆို အခုချက်ချင်း လွှတ်ပေးမယ် ”

သရဲကြီးဘုရင်မှာ သူ့ကို တအံ့တသြဖြစ်နေသည့် မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်နေတော့သည်။ ထို့နောက် နားမလည်နိုင်သည့် အမူအရာဖြင့် အထစ်ထစ်အငေါ့ငေါ့ ပြန်မေးလိုက်တော့သည်။
” မင်း…မင်းငါ့ကို ပြန်ပေးဆွဲတာ… ငါ့ဆီက သတ္တုအမျိုးအစား နတ်ဝိညာဥ်တစ်ခုလိုချင်လို့၊ ဟုတ်လား ”

ထိုဖြစ်ရပ်တစ်ခုလုံးမှာ လုံးဝအဓိပ္ပါယ် မရှိသည့် ပုံစံပေါက်နေတော့သည်။ သူက ကမ္ဘာပေါ်ရှိ အရယ်ရဆုံးဟာသကြီးကို ကြားလိုက်ရသည့်အတိုင်းပင် ခံစားနေရတော့သည်။

ပိုင်ရှောင်ချန်းမှာ စိုးရိမ်စပြုလာပြီ ဖြစ်သည်။ ဤအခြေအနေထိရောက်အောင် သူက အခက်အခဲများစွာကို အံတုကာ ကျော်ဖြတ်ခဲ့ရသဖြင့် သရဲကြီးဘုရင်သာ ဤတောင်းဆိုချက်ကို လက်မခံပါက သူက ချုံးပွဲချ ငိုတော့မည်ပင်ဖြစ်သည်။

” ဟုတ်တယ်။ ကျုပ်အဲဒါကို လိုချင်တာ။ ဘာဖြစ်လဲ။ မပေးဘူးလား။ ကျုပ်ကို အဆိုးမဆိုနဲ့နော် အဘိုးကြီး ”

” ပေး.. ပေးပါ့မယ်ကွ။ ပေးပါ့မယ် ”
သရဲကြီးဘုရင်မှာ အသိစိတ်လွတ်လုမတတ် ဖြစ်နေပြီ ဖြစ်သည်။ နတ်ဝိညာဥ်များမှာ ရှားပါးပါသော်လည်း အခြားအရာအားလုံးကိုပါ ထည့်တွက်လိုက်ပါ သူ့အတွက် အလွန်အရေးကြီးသည့် အရာများမဟုတ်ကြပေ။ ပိုင်ဟောက်မှာ ဤအရာထက်ပို၍ တန်ဖိုးကြီးသည့်ပစ္စည်းတစ်ခုကို လိုချင်နေလိမ့်မည်ဟု သူက ထင်ထားခဲ့သည်။ သို့သော်လည်း သူလိုချင်နေ သည့်အရာမှာ နတ်ဝိညာဥ်တစ်ခုသာ ဖြစ်နေသည်။

” သောက်ကျိုးနည်း ပိုင်ဟောက်ရာ ”
သူကစိတ်ထဲတွင် ညည်းတွားလိုက်တော့သည်။
” စောစောကများ ပြောပါတော့လားကွာ။ ဒီလိုအခက်အခဲတွေကြုံရတာ တန်ရဲ့လား။ နတ်ဝိညာဥ်လေးတစ်ခုအတွက်နဲ့များ ဒီလိုတွေ လုပ်ရတယ်လို့ကွာ။ အဲဒါလေးအတွက်နဲ့ ငါ့ကို ကျောက်လိပ်ကြီးထဲကများ ဆွဲထုတ်ခဲ့ရတယ်လို့ ”

” အခုပေးလေ ” ပိုင်ရှောင်ချန်းက စိတ်မရှည်သည့်လေသံဖြင့် တောင်းလိုက်သည်။
” ဘယ်နားမှာလဲ။ အဲဒီ သိုလှောင်လက်စွပ်ထဲမှာလား ”

ထိုသို့မေးကာ ပိုင်ရှောင်ချန်းက ဘေးဘီဝဲယာကို ခိုးကြောင်ခိုးဝှက် အကဲခတ်လိုက်ပြီး အနီးအနားရှိ လမ်းကြားလေးတစ်ခုထဲတွင် ဝပ်တွားလိုက်တော့သည်။

ထိုအခါ သရဲကြီးဘုရင်မှာ စကားလုံးများကို သေချာရွေးချယ်သုံးနှုန်းကာ ရှင်းပြလိုက်တော့သည်။
” ငါ… အမ်း… ငါ့ကိုယ်ပေါ်မှာ အခုလောလောဆယ်တော့ မရှိသေးဘူးလေကွာ။ အဲဒီသိုလှောင်လက်စွပ်ထဲမှာက အခြားပစ္စည်းတွေပဲ ရှိတာ။ နတ်ဝိညာဥ်က ငါ့ရဲ့ လျှို့ဝှက်နေရာမှာ။ ဒါပေမဲ့ အခုလက်ရှိ ငါ့ရဲ့ကျင့်ကြံခြင်းအခြေခံနဲ့ဆို အဲဒီနေရာကို ဖွင့်လို့မရသေးဘူး။ ငါပြောမယ် နားထောင်။ ငါ့မှာ အကြံတစ်ခုရှိတယ် ညီလေးပိုင်ဟောက်ရ။ တစ်မိနစ်လောက်လေးပဲ အချိန်ပေးပြီး စဥ်းစားကြည့်… ငါ့ကို တစ်လတိတိ ဘေးကင်းအောင် ဝှက်ထားပေး။ အဲဒီတစ်လပြီးရင် ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံက သူ့အလိုလို အားပြန်ပြည့်လာမှာ။ အဲဒီအခါရောက်ရင် ငါ့ရဲ့လျှို့ဝှက်နေရာကို ဖွင့်ပြီး မင်းလိုချင်နေတဲ့ နတ်ဝိညာဥ်ကို ငါပေးမယ်လေ။ ကျိန်ဆို ကျိန်ရဲပါတယ် ”

အမှန်မှာ လက်ရှိတွင် သူသည် မည်သည့်နည်းနှင့်မျှ နတ်ဝိညာဥ်တစ်ခုကို မထုတ်ယူနိုင်ပေ။ ထို့အပြင် မကြာသေးမီက ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီး၏ ဖြစ်ရပ်ကိုကြည့်လိုက်ပါက သူ အသက်ရှင်လိုလျှင် ပိုင်ရှောင်ချန်းနှင့် ပူးပေါင်းသည်မှာ အကောင်းဆုံးဖြစ်ကြောင်းကို သူက သိလေသည်။ ထို့အပြင် ယခုလက်ရှိ ဖြစ်ရပ်များနှင့် ပတ်သတ်သည့် သူ၏လေ့လာချက်များအရ ပိုင်ရှောင်ချန်းသည် သူအသက်ရှင်နိုင်ရန်အတွက် မိမိကို မျိုးနွယ်စုကြီးသုံးခု၏ လက်ထဲသို့ အပ်လိုက်မည်ကို သူက အလွန်စိုးရိမ်နေသည်။

သရဲကြီးဘုရင်၏ ပါးစပ်ထဲမှ ထိုစကားသံများ ထွက်လာသည်နှင့် တပြိုင်နက် ပိုင်ရှောင်ချန်း၏ မျက်ဝန်းများထဲတွင် ဒေါသမီးများ တောက်လောင်လာတော့သည်။ သူက သရဲကြီးဘုရင်၏ ဦးခေါင်းကို ပတ်ခနဲမြည်အောင် ရိုက်လိုက်ပြီး အော်လိုက်လေသည်။
“ ကိုယ်တော်ပိုင်ကို ငတုံးလို့ထင်နေတာလား။ အဘိုးကြီး။ ခင်ဗျားကြီးရဲ့ ကျင့်ကြံခြင်းအခြေခံ ပြန်ကောင်းလာတာနဲ့ အရင်ဆုံး ကျုပ်ကိုသတ်မှာ မသိဘူးများထင်နေလား ”

ပိုင်ရှောင်ချန်းမှာ သူ့ကိုငတုံးဟုထင်ရလောက်အောင် ရွံစရာကောင်းလွန်းလှသည့် သရဲကြီးဘုရင်ကြောင့် အံတကြိတ်ကြိတ် ဖြစ်နေတော့သည်။

သူ၏ မျက်ဝန်းများမှာ ဒေါသမီးများဖြင့်တောက်လောင်နေပါသော်လည်း သူ၏နှလုံးသားမှာမူ စိုးထိတ်စွာဖြင့် တဒိန်းဒိန်းခုန်နေတော့သည်။
” ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီး၊ ကျုပ်ကိုသတ်ဖို့ ကြံနေတုံးက ခင်ဗျားကြီး ကျုပ်ကိုကယ်ခဲ့လို့ ကျေးဇူးတွေတင်နေခဲ့တာ။ ခင်ဗျားကြီးအတွက် အကျဥ်းသားတွေကိုပါ မေးခွန်းတွေစစ်မေးပေးခဲ့ပြီး ချိုင်မျိုးနွယ်စု ရဲ့ ဝိညာဥ်မြေကိုတောင် ရှင်းပေးခဲ့သေးတာ။ ဒါပေမဲ့ ခင်ဗျားကြီး ဘာပြန်လုပ်ခဲ့တုံး။ ကျုပ်ရဲ့ စေတနာတွေကို ဝေဒနာနဲ့ တုံ့ပြန်တာ ဘယ်သူလဲ။ ကျုပ်ရဲ့ ထောင်စောင့်ရာထူးကို ရုတ်သိမ်းပြီး ကျုပ်ကို အကျဥ်းသား ဘဝရောက်အောင် ခင်ဗျား လုပ်ခဲ့တာမလား။ အကြံပက်စက်ပါပေ့ဗျာ ”

ယခုတွင် ပိုင်ရှောင်ချန်းသည် အလွန်ရူးသွပ်ဖွယ်ကောင်းသည့်အရာကြီးတစ်ခုကို လုပ်မိလိုက်ပြီဖြစ်ကြောင်း ရိပ်မိလိုက်တော့သည်။ သူသည် နတ်ဘုရားတစ်ပိုင်းအဆင့် ဘုရင်တစ်ပါးကို ပြန်ပေးဆွဲခဲ့ခြင်း ဖြစ်သည်။ ယခင်ကဆိုလျှင် ထိုသို့လုပ်ရန် သူစိတ်ပင်ကူးမိမည် မဟုတ်ပေ။ သို့သော် ယခုတွင်မူ သူသည် ကြံရာမရတော့ပေ။ မျိုးနွယ်စုသုံးခုနှင့်ညှိနှိုင်းကာ သရဲကြီးဘုရင်နှင့် နတ်ဝိညာဥ်တစ်ခု လှဲလှယ်မှုပြုလုပ်ရန်ပင် သူကတွေးနေပြီဖြစ်သည်။

သူ၏မျက်ဝန်းထဲရှိ အကြည့်များကို မြင်လိုက်ရသောအခါ သရဲကြီးဘုရင်၏နှလုံးခုန်သံများမှာ ပို၍ပင် မြန်လာရတော့သည်။

” ညီလေးပိုင်ဟောက်ရာ။ အလောတကြီး လုပ်လို့ မဖြစ်ဘူးနော်။ ငါ့..ငါ့စကားသာ နားထောင်စမ်းပါ။ ဒီလိုလုပ်။ ငါ့အပေါ်မှာ အချုပ်အနှောင် မန္တန်တစ်ခု ထားလိုက်ကွာ။ အဲဒါဆို ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံ ပုံမှန်အတိုင်း ပြန်ဖြစ်သွားရင်တောင် မင်းငါ့ကို စိတ်ပူစရာ မလိုတော့ဘူးပေါ့ ”

” ကျုပ်ရဲ့ ကျင့်ကြံခြင်းအခြေခံနဲ့လား ” ပိုင်ရှောင်ချန်းက ဒေါသတကြီး ပြန်လည်အော်ပြောလိုက်တော့သည်။
” ခင်ဗျားပေါ်ကို ကျုပ်က ဘယ်လို အချုပ်အနှောင် မန္တန်မျိုး တင်နိုင်မှာတုံး။ ခင်ဗျားကြီး တော်တော် တရားလွန်နေပြီ အဘိုးကြီးရာ ”
သူက အင်္ကျီလက်ကို ခါယမ်းကာ ဆက်၍အော်ဟစ်ရန် ပြင်လိုက်စဥ် သရဲကြီးဘုရင်က စကားဖြတ်ပြောလိုက်သည်။

” မင်းရဲ့ ကျင့်ကြံခြင်းအခြေခံက ငါ့ထက်နိမ့်နေလည်း ကိစ္စမရှိဘူး။ ငါမင်းကို အချုပ်အနှောင်မန္တန် တစ်ခုသင်ပေးမယ်။ အသုံးပြုတဲ့နေရာမှာပါ ကူညီပေးဦးမယ်ကွာ။ အဲဒီလောက်ဆိုရပြီမလား ” သရဲကြီးဘုရင်မှာ ငိုချင်နေပြီ ဖြစ်သည်။ ဤကမ္ဘာကြီးတွင် သူ၏အဆင့်အတန်းမှာ မြင့်မားလွန်းနေသည်ဖြစ်ရာ ဤသို့သောစကားမျိုးကို တစ်ခါမှပင် မပြောဖူးပေ။ လူတစ်ယောက်ကို ဤပုံစံဖြင့် တောင်းတောင်းပန်ပန်နှင့် မဆက်ဆံရသည်မှာ သူ့အတွက် တော်တော်ကြာနေပြီ ဖြစ်သည်။ သို့သော်လည်း သူ့တွင် အခြားရွေးချယ်စရာ မရှိသည် မဟုတ်ပါလော…

” ခင်ဗျားကိုယ်ပေါ်မှာသုံးရမဲ့ အချုပ်အနှောင်မန္တန်တစ်ခုကို ကျုပ်ကိုသင်ပေးမယ်ဟုတ်လား ”
ထိုအခြင်းအရာမှာ ပိုင်ရှောင်ချန်းအတွက် ဦးနှောက်မရှိသော ကမ်းလှမ်းချက်တစ်ခု ဖြစ်နေသည်။ ပိုင်ရှောင်ချန်း ထပ်၍ ဒေါသအိုးပေါက်ကွဲမည်ကို စိုးရိမ်သဖြင့် သရဲကြီးဘုရင်က လျင်မြန်စွာပင် လက်နှစ်ဖက်သုံးကာ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး သွေးတစ်ပွက်ထွေးထုတ်ကာ သူ၏ သက်စောင့် နတ်ဘုရားအာရုံတစ်မျှင်ကို ဆွဲထုတ်လိုက်လေသည်။ ထို့နောက် သူ၏သွေးနှင့် ထို နတ်ဘုရားအာရုံတို့ကို အချုပ်အနှောင် တံဆိပ်တော်တစ်ခုထဲသို့ ပေါင်းစည်းလိုက်သောအခါ သူ၏လက်ဖဝါးထဲတွင် ထိုတံဆိပ်တော်မှာ ရောင်စုံအလင်းရောင်များဖြင့် တောက်ပလာတော့သည်။

” ညီလေးပိုင်ဟောက်… မင်းရဲ့သွေးတစ်စက်ကို ဒီထဲမှာထည့်ရင်ရပြီ။ ပြီးရင် ဒီအချုပ်အနှောင်မန္တန်ကို စုပ်ယူလိုက်။ အဲဒါဆို အကုန်ပြီးပြီ “

Comment

Leave a Reply

Options

not work with dark mode
Reset