အခန်း ( ၆၅၂ )

နတ်ဘုရားတစ်ပိုင်းဝိညာဥ်ပေါက်ကွဲခြင်း

ပိုင်ရှောင်ချန်း၏ အံသြစရာကောင်းသော စကားလုံးများက ပတ်ဝန်းကျင်ရှိလူအားလုံး၏ စိတ်ထဲတွင် အတွေးပေါင်းစုံယောက်ယှက်ခတ်သွားစေ၏။ သူပြောခဲ့သည့် စကားများသည် ယုတ္တိမရှိသည့် ရောက်တက်ရာရာများသာဖြစ်ပါက ပြောစရာမရှိ ဖြစ်မည်မဟုတ်ပေ။ သို့သော် ယခုအခါ လူတိုင်းမှာ သူပြောနေသောစကားများကို ချက်ချင်းပင် သဘောပေါက်လိုက်ကြသည်။ မျိုးနွယ်စုခေါင်းဆောင်ကြီးပင်လျှင် ပင့်သက်ရှိုက်သွားလေတော့သည်။

ထိုပတ်ဝန်းကျင်ရှိ သာမန်ဝိညာဥ်ကျင့်ကြံသူများမှာ ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးကို လှည့်ကြည့်လိုက်ကြသည်။

နတ်အဆင့်ခေါင်းဆောင်ကြီးများသည် ဉာဏ်ရည်ထက်မြက်ပြီး ယုံကြည်ရကြောင်း လူတိုင်းသိလေရာ ပိုင်ရှောင်ချန်း၏စကားများ အမှန်ဆိုလျှင်ပင် အံသြစရာရှိမည်မဟုတ်ပေ။

ဤပုန်ကန်မှုတွင် မဟာမျိုးနွယ်စုကြီးသုံးခုက သူတို့၏ အသက်များကို ပုံအပ်ထားခဲ့ရသည် မဟုတ်ပါလော။

လူအားလုံးက အံ့သြတုန်လှုပ်နေကြစဥ် ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီး၏မျက်နှာထက်တွင် အပြုံးတစ်စ လှစ်ခနဲ ထွက်ပေါ်လာသည်။ ပိုင်ရှောင်ချန်းက အလွန်ရိုသေကျိုးနွံနေသောအသွင်ဖြင့် သရဲကြီးဘုရင်ကို ရှေ့မှာထားလျက် တရွေ့ရွေ့ချည်းကပ်လာနေရာ ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးနှင့် မီတာသုံးဆယ် အကွာအဝေးသို့ ရောက်ရှိလာ၏။

ထိုနေရာအရောက်တွင် ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီး မျက်နှာပျက်သွား၏။ သူသည် နတ်ဘုရားအာရုံ၊ အန္တရာယ်နှင့် ပတ်သက်လျှင် ထူးခြားသည့် ဗီဇရှိေသာ ကောင်းကင်နှင့် မြေကြီးကို ဆယ်သွယ်ထားသည့် နတ်တစ်ပါးမဟုတ်ပါလော။ ယခုအခါ သူ့နှလုံးသားထဲတွင် သေစေနိုင်သော အန္တရာယ်အငွေ့အသက်ကြီးတစ်ခု ရုတ်တရက်မြင့်တက်လာပြီး သတိမထားမိဘဲ နောက်သို့ ဆုတ်လိုက်မိသည်။ မည်သည့်အတွက်ကြောင့် ထိုသို့ဖြစ်နေမှန်း မသေချာသော်လည်း ပိုင်ရှောင်ချန်းနှင့် ပတ်သက်၍ အလွန်အန္တရာယ်များသော တစ်စုံတစ်ခု ရှိနေဟန်တူသည်။

၎င်းက လုံးဝယုံနိုင်စရာမရှိသော်လည်း အန္တရာယ်အငွေ့အသက်ကြီးကြောင့် ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးက ရုတ်တရက် အော်ဟစ်လိုက်သည်။
” အဲဒီမှာ ရပ်လိုက် ”

သူက နောက်သို့ ပျံပြေးရန် ပြင်လိုက်စဥ် ပိုင်ရှောင်ချန်း၏မျက်နှာထက်တွင် ရက်စက်ကြမ်းကြုတ်ကာ မိုက်ရူးရဲဆန်သည့် အပြုံးတစ်စ ရုတ်ချည်း ထွက်ပေါ်လာ၏။

” သေစမ်းကွာ ”
သူက အိတ်ကို ပုတ်၍ ဝိညာဥ်သိုလှောင်စေတီကို ထုတ်လိုက်ပြီး အော်ဟစ်လိုက်သည်။ ထို့နောက် သူထုတ်နိုင်သမျှ အားအကုန်ဖြင့် ဝိညာဥ် သိုလှောင်စေတီကို ခေါင်းဆောင်ကြီးထံ ပစ်ပေါက်လိုက်သည်။

ဝိညာဥ်သိုလှောင်စေတီသည် မည်သို့မျှ ထူးခြားသည့်ပုံမပေါ်သော်လည်း လေကိုခွင်း၍ ခေါင်းဆောင်ကြီးထံ ဝှီးခနဲ ပျံသန်းသွားစဥ် ခေါင်းဆောင်ကြီး၏ ဦးရေခွံမှာ ပေါက်ကွဲတော့မတတ် စပ်ဖျဥ်းဖျဥ်းဖြစ်သွားလေသည်။ နီးကပ်လာသည့် သေမင်းအငွေ့အသက်ကြီးမှာ အလွန်ပြင်းထန်လှသဖြင့် သူ၏ အသွေးအသားတစ်လက်မပင်မကျန် ပြည့်နှက်သွားတော့သည်။

” ဒါကြီးက ငါ့ကို သတ်နိုင်တယ်။ ငါဒီက ချက်ချင်းထွက်ဖို့လိုပြီ ”
ခေါင်းဆောင်ကြီး၏ တစ်ကိုယ်လုံးတုန်တက်သွားပြီး သူက စွမ်းအားကြီးသော တည်နေရာရွှေ့ပြောင်းခြင်းကို ထုတ်သုံးလိုက်သဖြင့် ချက်ချင်းပင် ပျောက်ကွယ်လာတော့သည်။

ကံမကောင်းစွာပင် အရာအားလုံးမှာ အလွန်လျင်မြန်စွာ ဖြစ်ပျက်နေသည်။ ပိုင်ရှောင်ချန်း၏ ဝိညာဥ်သိုလှောင်စေတီပစ်ပေါက်ခြင်း အပြုအမူကြောင့် သူက လုံးဝမပြင်ဆင်လိုက်ရပေ။ အရေးအကြီးဆုံးမှာ….. ပိုင်ရှောင်ချန်းက သူနှင့် လွန်စွာနီးကပ်လွန်းနေသည်။

သူတို့နှစ်ယောက်ကြား အကွာအဝေးက မီတာသုံးဆယ်ခန့်သာရှိပြီး ဝိညာဥ်သိုလှောင်စေတီကို အားကုန်ပစ်ပေါက်ခဲ့ရာ တိုတောင်းလှသော အချိန်အတွင်း ဝိညာဥ်သိုလှောင်စေတီက မီတာအနည်းငယ်မျှသာ ကွာဝေးတော့သည်။

ခေါင်းဆောင်ကြီး ပျောက်ကွယ်တော့မည်အခိုက်အတန့်၌ ပိုင်ရှောင်ချန်းက ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်သည်။
” ပေါက်ကွဲစေ”

သူက ဝိညာဥ်သိုလှောင်စေတီအတွင်းရှိ အချုပ်အနှောင်မန္တန်ကို အားသုံး၍ တွန်းထုတ်လိုက်ပြီး တချိန်တည်းမှာပင် အမြင့်ဆုံးအရှိန်ဖြင့် နောက်ဆုတ်လိုက်သည်။

သူက ထာဝရပြုစားခြင်းသိုင်းကို သုံးပြီး သူ့အရှေ့မှာလည်း သရဲကြီးဘုရင်ကို ထားလိုက်သည်။ သို့သော် ထိုအားလုံးက မလုံလောက်မည်ကို စိုးရိမ်သောကြောင့် လူအများ ဝိညာဥ်သိုလှောင်စေတီကို ကြည့်နေကြသည်အား အခွင့်ကောင်းယူကာ သူ၏ လိပ်ဒယ်အိုးကိုထုတ်၍ သူနှင့်သရဲကြီးဘုရင်အကြား၌ ထားလိုက်သည်။

ထိုအရာအားလုံးကို ဖော်ပြရန် အချိန်အနည်းငယ်ကြာသော်လည်း အမှန်တွင် မီးတစ်ခတ်အချိန်သာကြာလိုက်သည်။ ဝိညာဥ်သိုလှောင်စေတီအတွင်းရှိ အချုပ်အနှောင်မန္တန်ပျက်စီးသွားသည့် အခိုက်အတန့်တွင် နတ်ဘုရားတစ်ပိုင်းအဆင့်ဝိညာဥ် နိုးထလာရာ ဖျက်စီးခြင်း အရှိန်အဝါတစ်ခု ထွက်ပေါ်လာတော့သည်။

ကောင်းကင်နှင့် မြေပြင်တွင် စူးရှတောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး တိမ်စိုင်တိမ်ခဲများ ပရမ်းပတာဖြစ်သွားကြသည်။ ဖော်ပြ၍မတတ်နိုင်လောက်အောင် စွမ်းအားကြီး ဖိအားတစ်ခုက ပတ်ဝန်းကျင်တစ်ခွင် ချက်ချင်း ပြည့်နှက်သွားသည်။

” နတ်ဘုရားတစ်ပိုင်း ဝိညာဥ် ”
ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီး၏ မျက်နှာမည်းမှောင်သွားပြီး သူ့ရင်ထဲတွင် အံ့သြတုန်လှုပ်ခြင်းလှိုင်းများ ပြည့်နှက်လာတော့သည်။ သေစေနိုင်သော အန္တရာယ်အငွေ့အသက်ကြီးက သူ့ကို ကြောက်လန့်သွားစေပြီး သူက စူးစူးဝါးဝါးအော်ဟစ်၍ ကြန့်ကြာနေသော တည်နေရာရွှေ့ပြောင်းခြင်းကို လက်လျှော့၍ ပြေးတော့သည်။ ဝမ်းနည်းဖွယ်ကောင်းစွာ အခါနှောင်းနေလေပြီ။

အံ့သြတုန်လှုပ်ဖွယ် နတ်ဘုရားတစ်ပိုင်းအဆင့် အရှိန်အဝါတစ်ခု ပေါ်ပေါက်လာသည့် အခိုက်အတန့်တွင် လေမုန်တိုင်းကြီးတစ်ခု ထွက်ပေါ်လာ၏။ တအံတသြ ရေရွတ်သံများ၊ အော်ဟစ်သံများ နေရာတစ်ခုလုံး ပြည့်နှက်သွား၏။

” နတ်ဘုရားတစ်ပိုင်းအဆင့် အရှိန်အဝါ ”

“အဲဒါ ဘာကြီးတုန်း”

“ဘုရားရေ”

ထို့နောက် ကောင်းကင်တုန်လှုပ်၍ မြေပြင်အက်ကွဲစေသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာရာ နားကွဲလုမတတ် အသံကြီးက သရဲကြီးမြို့တော်အတွင်း လျင်မြန်စွာ ပျံ့နှံ့သွားသဖြင့် အရာအားလုံးမှာ ပြင်းပြင်းထန်ထန် လှုပ်ခါသွားကြ၏။

ဖျက်စီးခြင်းမုန်တိုင်းသည် ဘီလူးကြီးတစ်ကောင်က ထုနှက်လိုက်သည့်အလား တစ်မြို့လုံးကို အကြမ်းပတမ်း တိုက်ခတ်သွားသည်။ မိုးကောင်းကင်က မှေးမှိန်လာပြီး လေပြင်းမုန်တိုင်းများ တိုက်ခိုက်သွားကာ မြေပြင်မှာ အက်ကွဲကြောင်းများ ထလာ၏။

ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးမှာ ထိုတိုက်ကွက်၏ အပြင်းဆုံးဒဏ်ကို ခံလိုက်ရပြီး သွေးရူးသွေးတန်းအော်ဟစ်လိုက်သော်လည်း မကြာမီ ဖျက်စီးခြင်းအား၏ လွှမ်းမိုးခြင်းခံလိုက်ရလေသည်။

အနီးအနားရှိ အဆောက်အအုံများသော်လည်းကောင်း ထွက်ပြေးရန် အလွန်နှေးလွန်းသည့် အနီးနားရှိ ကျင့်ကြံသူများသော်လည်းကောင်း ပြင်းထန်သောစွမ်းအင်လှိုင်းကြီး၏ ရိုက်ခတ်မှုကို ခံလိုက်ရလေသည်။

“ ဘုန်းးး ဂျိန်းး ဒုန်းးးး “

အနီးနားရှိ ကျင့်ကြံသူများစွာမှာ အော်ဟစ်ရန် အချိန်မရလိုက်ကြဘဲ ခန္ဓာကိုယ်နှင့်ဝိညာဥ် ဇီဝိန်ချုပ်သွားတော့သည်။ ထိုအထဲတွင် သူတို့ကိုယ်သူတို့ လုံးဝမကာကွယ်နိုင်လိုက်သည့် ပိုင်မျိုးနွယ်စု အကြီးအကဲများစွာပါဝင်ပြီး မီးလောင် ပြာကျသွားခဲ့သည်။

မျိုးနွယ်စုခေါင်းဆောင်သည် ပိုင်ရှောင်ချန်းနောက်လိုက်နေသည့် တစ်လျှောက် ဦးဆောင်နေခဲ့သော်လည်း သူ့မှာ အသက်ကယ် မှော်ပစ္စည်းတစ်ခုရှိနေခဲ့သည်။ ထိုပစ္စည်း၏ အကူအညီဖြင့် သူက အသက်ရှင်ခဲ့သည့်တိုင် အပြင်းအထန်ဒဏ်ရာခဲ့သေးသည်။ သူ၏ခြေထောက်သည် ဘာမှမရှိတော့သည်အထိ စုတ်ပြတ်သွားပြီး လက်မောင်းများလည်း ပြတ်ထွက်သွားကာ သူ၏ရင်ဘက်မှာချိုင့်ဝင်သွား၏။။ ဆံပင်များလည်း မီးလောင်သွားပြီး သူ၏ ကျင့်ကြံခြင်းအခြေခံ ပျက်စီးသွားတော့သည်။

” မဟုတ်ဘူး။ ဒါ အိပ်မက် မက်နေတာ ပိုင်ဟောက် ပိုင်ဟောက် ”
သူက ဘေးသို့ လူးလိမ့်၍ ကြောက်လန့်တကြားအော်ဟစ်နေစဥ် သူ၏ မျက်လုံးများထဲ၌ မုန်းတီးခြင်းများ၊ စိတ်ပျက်ခြင်းများကို မြင်နိုင်လေသည်။

အက်ကွဲကြောင်းကြီးတစ်ခုထွက်ပေါ်လာပြီး… ဖျက်စီးခြင်းအရှိန်အဝါကို ခပ်ဝေးဝေးမှ လူများပင်လျှင် အာရုံခံနိုင်လေသည်။

ကျွက်ကျွက်ညံနေသည့် အသံများ အလယ်တွင် မချိတင်ကဲအော်ဟစ်လိုက်သည့် သရဲကြီးဘုရင်၏ အသံကို ကြားလိုက်ရ၏။ သူ့ပါးစပ်မှ သွေးများပန်းထွက်သွားပြီး နောက်သို့ လွင့်ထွက်သွားလေသည်။ ပိုင်ရှောင်ချန်းမှာမူ သူ၏ လိပ်ဒယ်အိုးလေးနောက်တွင် ကျန်နေခဲ့သော်လည်း ပေါက်ကွဲမှု၏ အားအနည်းငယ်ကို ခံစားလိုက်ရသေးသဖြင့် သွေးတစ်ပွက် အော်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ ပျက်စီးတော့မတတ် ဖြစ်နေပြီး သူ၏ကိုယ်တွင်းအင်္ဂါများပင်လျှင် မတည်မငြိမ်ဖြစ်သွားလေသည်။ သို့တိုင်အောင် သူကား အသက်ဘေးမှ ပွတ်ကာသီကာလေး လွတ်သွားခဲ့သည်။

သရဲကြီးဘုရင်ပင်လျှင် ဖြစ်ပျက်နေသည့်အရာများကြောင့် လုံးဝတုန်လှုပ်သွားရလေသည်။ ဤကဲ့သို့ ဖြစ်ပျက်လိမ့်မည်ဟုသော်လည်းကောင်း၊ ထိုအရာအားလုံး၏ လက်သည်မှာ ပိုင်ဟောက်ဖြစ်လိမ့်မည်ဟုသော်လည်းကောင်း သူဘယ်တော့မှ စိတ်မကူးမိခဲ့ဖူးပေ။

အကုန်လုံးပြီးဆုံးသွားသောအခါ ပိုင်ရှောင်ချန်းက ကျန်ရှိနေသော အကြောက်တရားများဖြင့် စိုးထိတ်နေရင်း အက်ကွဲကြောင်းကြီးကို ကြည့်လိုက်၏။

” အမလေး နတ်ဘုရားတစ်ပိုင်းအဆင့်ဝိညာဥ်တစ်ကောင်ရဲ့ အားက လက်ဖျားခါလောက်ပါပေတယ်။ ငါတောင် သေတော့မလို့ ”
ကံကောင်းထောက်မစွာ သူသည် ဖြစ်ပျက်လာမည့်အားလုံးအတွက် အချိန်အတော်ကြာကတည်းက ပြင်ဆင်ခဲ့လေသည်။ ထို့ကြောင့် သူသည် အနည်းအကျဥ်းမျှသာ ခံလိုက်ရသည်။ သရဲကြီးဘုရင်၏ အကာအကွယ်နှင့် သူ၏လိပ်ဒယ်အိုးကို ထည့်ပေါင်းလိုက်သော် သူ အသက်ရှင်လျက် လွတ်မြောက်နိုင်သွားခြင်း ဖြစ်သည်။

အမှန်မှာ ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးကို ချဥ်းကပ်ခွင့်ပေးမည့်အစား သူ ဘာကြောင့် အရင်ချဥ်းကပ်ခဲ့ရသည့် အကြောင်းရင်း နောက်တစ်ခုရှိလေသည်။ ထိုသည်မှာ သူနောက်ဆုတ်ရန်အတွက် အချိန်ရရန် ဖြစ်သည်။ ၎င်းက ပုံမှန်တိုက်ပွဲတစ်ပွဲ ဖြစ်ပြီး နတ်ဘုရားတစ်ပိုင်းအဆင့်ဝိညာဥ်ကို အလေးအနက်မထားဘဲ သုံးရန် ကြိုးစားခဲ့လျှင် သူ့ကိုယ်သူ ဖောက်ခွဲမိလိမ့်မည်ဖြစ်သည်။

ရှိသမျှလူများအထဲတွင် ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးသည် ဝိညာဥ်သိုလှောင်စေတီနှင့် အနီးဆုံးဖြစ်ခဲ့သည်။ ပေါက်ကွဲအားပျောက်ကွယ်သွားချိန်တွင် သူ၏ဆံပင်အတော်များများ မီးလောင်သွားပြီး သူ၏ကျန်ရှိသော ခန္ဓာကိုယ်မှာ ကြောက်စရာကောင်းနေပြီး လေထဲတွင် ရပ်နေသည်ကို မြင်ရလေသည်။ အမှန်တွင် ဤသည်မှာ သူ့ဘဝတစ်လျှောက်လုံးမြင်ခဲ့ဖူးသမျှအထဲ အဆိုးရွားဆုံး ပုံစံပင် ဖြစ်တော့သည်။

သူ့အတွက် ပို၍ အံ့သြစရာကောင်းသည်မှာ သိသာစွာပင် ပိုင်ရှောင်ချန်းကို သတ်ရန် မဖြစ်နိုင်တော့သောကြောင့်ပင်။ သူသာ ထိုသို့လုပ်လျှင် သေချာပေါက် ရှုံးနိမ့်ပြီး အသတ်ခံရမည်ဖြစ်သည်။

တဆတ်ဆတ်တုန်ရင်း သူက မထိန်းနိုင်တော့ဘဲ နောက်ထပ် သွေးတစ်ပွက်အန်လိုက်ပြီးနောက် အရိုးထိတိုင် စွဲထင်နေပြီဖြစ်သည့် အကြောက်တရားများ၊ မယုံကြည်နိုင်ဖွယ် သတ်ဖြတ်လိုစိတ်များ ရောနှောနေသည့် အကြည့်ဖြင့် ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်သည်။ သို့သော်လည်း သူက တစ်ချက်ကလေးပင် တုံ့ဆိုင်းမနေဘဲ ဝေးနိုင်သမျှ ဝေးဝေးရောက်ရန် အားကုန်သုံး၍ လှည့်ပြေးတော့သည်။

” သူ အသက်ရှင်နေသေးပါလား ”
ပိုင်ရှောင်ချန်းမှာ တအံ့တသြတွေးလိုက်သည်။ ထိုအခိုက်အတန့်တွင် ခေါင်းဆောင်ကြီးနောက်လည်း သူ လိုက်မဖမ်းရဲတော့ပေ။

အန္တရာယ်မရှိတော့ကြောင်း သေချာမှ သူက တခဏ​ြကာ တွေးလိုက်ပြီးနောက် အော်တော့သည်။
” ကျုပ် ပိုင်ဟောက်ဆိုတဲ့လူက ကျုပ်ကို အရင်လာမစ မချင်း ပြန်တိုက်တတ်တဲ့ လူစားမျိုးမဟုတ်ဘူး။ အားလုံးပဲ နားထောင်၊ ကျုပ်စောစောက သုံးလိုက်တဲ့ အဲဒီနတ်ဘုရားစွမ်းရည်က နောက်ထပ်အကြိမ်တစ်ရာတောင် ထပ်သုံးလို့ရသေးတယ်။ ကျုပ် တိုက်ခိုက်ရင် ကျုပ်ကိုယ်ကျုပ်တောင် ကြောက်တယ်နော်။ ဒီတော့ ကျုပ်ကို လာရန်စဖို့ စိတ်တောင် မကူးကြနဲ့ ”

ထို့နောက် သူက သွေးအန်နေဆဲဖြစ်သည့် သရဲကြီးဘုရင်ကို မြဲမြဲဆုပ်ကိုင်ပြီး လှည့်၍ ပြေးတော့သည်။


Comment

Leave a Reply


Options

not work with dark mode
Reset