Switch Mode

အပိုင်း(၂၀၄၂)

အင်အားစုများသို့ ဝင်ရောက်ခြင်း

ယန်ချီနှင့် လျှိုချင်းဖုန်းတို့က လမ်းစဥ်တိုက်ပွဲစင်မြင့်သို့ တက်လိုက်ကြသည်။ လေထုအခြေအနေက တစ်ခုခု မတူကွဲပြားလာသလို ထင်မှတ်ရ၏။

ယခုတိုက်ပွဲက ရိုးရှင်းသော ယှဥ်ပြိုင်မှုထက် ပိုသည်။ ထိုတိုက်ပွဲတွင် နှစ်ဖက်အဖွဲ့ကြားမှ သွေးကြွေးများလည်း ပါဝင်နေသည်။ ၎င်းတိုက်ပွဲ၌ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်နှင့် ရှေးဟောင်းတော်ဝင် ယန်မိသားစုကြားမှ ပဋိပက္ခများနှင့်ပတ်သတ်နေ၏။

လီချန်ရှန်း၊ ကျုံးချန်၊ ရီဖူရှင်းနှင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ အခြားတန်ခိုးရှင်များသည်လည်း လမ်းစဥ်တိုက်ပွဲထက်သို့ ကြည့်နေကြ၏။ လီချန်ရှန်းသည် ရှေးဟောင်းတော်ဝင်ယန်မိသားစုက သူတို့အပေါ် တိုက်ရိုက်ရန်စခြင်းမှ ရှောင်ရှားရန် ကြိုးစားခဲ့လျှင်ပင် သူသည်လည်း အခြေအနေက ကောင်းမွန်ခြင်းမရှိသည်ကို နားလည်၏။ ရှေးဟောင်းတော်ဝင် ယန်မိသားစုက ပြင်ဆင်လာခဲ့ပုံ ရလေသည်။ သူတို့ပြိုင်ဘက်၏ အင်အားက သူတို့ထက် ပိုအားကောင်းသည်။

ဥပမာအနေနှင့် ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ မင်းသား ယန်ချီသည် ချို့ယွင်းချက်ကင်း မဟာလမ်းစဥ်မှ အဆင့်နိမ့်ရန်ဟောင်တစ်ယောက် ဖြစ်သည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ အဆင့်နိမ့်ရန်ဟောင်များကြား သူနှင့် ယှဥ်နိုင်သူမရှိပေ။ ထို့ကြောင့် သူ့အား ရင်ဆိုင်ရန် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ အဆင့်လေးရန်ဟောင် လျှိုချင်းဖုန်းကိုသာ စေလွှတ်နိုင်ခဲ့သည်။ ထိုသည်မှာ အနည်းငယ် ဂုဏ်ငယ်စရာ ဖြစ်သည်။

ယခင်က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ ရီဖူရှင်းသည် အလွန် အစွမ်းထက်သောကြောင့် ထိုသို့သော အပြုအမူမျိုးနှင့် ဆက်ဆံခဲ့ဖူးသည်။

“စီနီယာအစ်ကို ဒီတိုက်ပွဲမှာ ကျွန်တော်တို့ နိုင်နိုင်ချေ ဘယ်လောက်ရှိလဲ။” ရီဖူရှင်းက သူ့ ဘေးတွင် ရပ်ကာ ထိုနေရာသို့ ကြည့်နေသည့် လီချန်ရှန်းကို မေးလိုက်သည်။ သူတို့ နိုင်လျှင် အဆင်ပြေသေးသည်။ အဆင့်လေး လျှိုချင်းဖုန်းသာ ရှုံးနိမ့်ခဲ့လျှင် အရှက်ရဖွယ် ဖြစ်လိမ့်မည်။ အဆင့်အရ မြင့်နေသူက ရှုံးနိမ့်ခဲ့လျှင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ ဂုဏ်သရေက စွန်းထင်းသွားနိုင်သည်။

“ယန်ချီရဲ့ စွမ်းရည်နဲ့ပတ်သတ်ပြီး သိပ်မသေချာဘူး။” လီချန်ရှန်းက ပြန်ဖြေလိုက်သည်။ “ဒါပေမယ့် ကောလာဟလတွေအရ သူက ရှေးဟောင်းတော်ဝင် ယန်မိသားစုဝင်တွေကြားမှာ ပြိုင်ဘက်ကင်းတယ်လို့ သတ်မှတ်နိုင်တယ်။ သူ့ရဲ့ အရည်အချင်းက ယန်တုန်းရန်ထက် မလျော့ဘူး။ ယန်တုန်းရန်က မင်းကို မီဖို့အဝေးကြီးလိုသေးတယ်ဆိုပေမယ့် ကျင့်ကြံခြင်းလောကမှာ ထင်ရှားတဲ့သူတစ်ယောက်ပဲ။ သူနဲ့ အဆင့်တူတွေက သူ့ကို အနိုင်ယူဖို့ ခက်ခဲတယ်။ ဒါကြောင့် ဒီတိုက်ပွဲမှာ ဘယ်သူနိုင်မလဲဆိုတာ သိပ်မရှင်းဘူး။ လျှိုချင်းဖုန်း နိုင်ခဲ့ရင်တောင် လွယ်ကူတဲ့ အနိုင်ယူမှုတော့ ဖြစ်မှာ မဟုတ်ဘူး။” သူက ပေါ့ပေါ့ပါးပါး ပြောပြနေသော်လည်း အမှန်တွင် သူက စိတ်ပူနေသည်။

ရီဖူရှင်းသည်လည်း ယန်တုန်းရန်က အားမနည်းသည်ကို သဘောပေါက်သည်။ သူက ရီဖူရှင်းနှင့် တွေ့ဆုံ၍သာ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်၏။ ရီဖူရှင်းက အလွန် များပြားသော နည်းစနစ်များကို ကျင့်ကြံထားသူ ဖြစ်ပြီး အခွင့်အလမ်းကောင်းများစွာလည်း တွေ့ကြုံထားဖူးသူဖြစ်သည်။ သာမန်ရှေးဟောင်းတော်ဝင်မိသားစုမှ မင်းသားတစ်ပါးက ရီဖူရှင်းနှင့် ယှဥ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

“စောင့်ကြည့်ကြတာပေါ့။ လျှိုချင်းဖုန်း ရှုံးခဲ့ရင် ဂျူနီယာညီလေးကျုံး ကိုယ်တိုင် ထွက်လိမ့်မယ်။” လီချန်ရှန်းက ပြောလိုက်သည်။ ကျုံးချန်သာ တိုက်ပွဲစင်မြင့်သို့ ရောက်သွားခဲ့လျှင် ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ သူနှင့် ယှဥ်ပြိုင်ရန် စေလွှတ်ဖို့ရာ ကိုက်ညီသည့်သူ မည်သူ့ကိုမှ ရှာတွေ့နိုင်မည် မဟုတ်ပေ။ ကျုံးချန်အား စေလွှတ်ရသည့် သူတို့ ရည်ရွယ်ချက်က ပြိုင်ဘက်အား ခြိမ်းခြောက်နိုင်ရန် ဖြစ်သည်။

သူတို့ ဤတိုက်ပွဲတွင် အနိုင်ရလျှင် ပိုကောင်းလိမ့်မည်။ သို့ဆိုလျှင် ကျုံးချန် အစောကြီး လူလုံးထွက်ပြရန် လိုမည် မဟုတ်ပေ။

သူတို့ ဆွေးနွေးနေသည့်အချိန် လမ်းစဥ်တိုက်ပွဲစင်မြင့်မှ တိုက်ပွဲက စတင်နေပြီ ဖြစ်သည်။ ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ မင်းသား ယန်ချီက အလွန်ရန်လိုစွာ တိုက်ခိုက်နေသည်။ သူက ရွှေရောင်နတ်နဂါးတစ်ကောင်ကဲ့သို့ အစွမ်းထက်ကာ လွှမ်းမိုးနိုင်စွမ်း ရှိလှသည်။ ကောင်းကင်ထက်မှ သွေးသန့်နဂါးတစ်ကောင်က သူ့အား ရန်ပတ်နေကာ ကြည့်ရှုနေသူများအား ကြောက်မက်ဖွယ် ဖိအားကို ခံစားမိစေသည်။

လျှိုချင်းဖုန်းက ဓားရေးတွင် ကျွမ်းကျင်သည်။ သူက မိုးမခသစ်ရွက်များအား ဖြတ်သန်းတိုက်ခတ်လာသည့် လေပြေကဲ့သို့ပင်။ သူ၏ သိမ်မွေ့လှသည့် ဓားရေးတွင် ထက်ရှသော အရှိန်အဝါတို့ ပါဝင်နေသည်။ သူ့ အရှိန်အဝါ၌ ကြီးမားသော ခွန်အားတို့ ပါဝင်သည်။ သူ၏ ဓားစွမ်းရည်က သိမ်မွေ့နက်နဲသည်။ သူတို့နှစ်ယောက်လုံး၏ တိုက်ခိုက်မှုများက သိသိသာသာ ကွဲပြားခြားနား၏။

ထိုသည်မှာ ထိပ်သီးအဆင့် ပုဂ္ဂိုလ်များကြားမှ တိုက်ပွဲမဟုတ်လျှင်ပင် ထိပ်သီးအင်အားစုနှစ်ခုကြားမှ တိုက်ပွဲဖြစ်နေသည်။ ထို့ကြောင့် အနီးရှိ တန်ခိုးရှင်များမှာ အလွန် အာရုံစိုက်၍ စောင့်ကြည့်နေကြသည်။

သူတို့က ထိုပြင်းထန်သည့် တိုက်ပွဲအား ကြည့်နေရင်း ပြောလိုက်ကြသည်။ “ထင်ထားသလိုပဲ.. ယန်ချီက တကယ့်ကို ရှေးဟောင်းတော်ဝင် ယန်မိသားစုဝင် ပီသတယ်။ သူ့ သွေးကြောထဲမှာ ယန်ပြည်ထောင်ရဲ့ တော်ဝင်မိသားစု သွေးတွေ စီးဆင်းနေတယ်။ သူ့တိုက်ခိုက်မှုတွေက အင်အားကြီးတယ်။ သူ့အဆင့်က ပြိုင်ဘက်ထက် နိမ့်နေတာတောင် သူ့ခွန်အားက တကယ် အရမ်းအစွမ်းထက်တယ်။ ကြည့်ရတာသူက အစပိုင်းကတည်းက အရေးသာနေပုံပဲ။”

“ရှေးဟောင်းတော်ဝင် ယန်မိသားစုရဲ့ ကလေးတွေက ယန်ပြည်ထောင်မှာ ထူးချွန်ပြီး ကျော်ကြားတယ်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ရဲ့ ရန်ဟောင်က ချို့ယွင်းချက်ကင်း မဟာလမ်းစဥ်ကို ပိုင်ဆိုင်ထားပေမယ့် သူ့ကို အနိုင်ယူဖို့တော့ သိပ်လွယ်မှာ မဟုတ်ဘူး။” အောက်ဘက်ရှိ လူအများက ဆွေးနွေးနေကြသည်။ လမ်းစဥ်တိုက်ပွဲစင်မြင့်ထက်မှ တိုက်ပွဲက ပို၍ ပြင်းထန်လာသည်။ ယန်ချီက လျှိုချင်းဖုန်းကို ပြန်လည်တိုက်ခိုက်ရန် မည်သည့်အခွင့်အရေးမှ ပေးရန် အစီအစဥ်မရှိဘဲ စစ်ပွဲနတ်ဘုရားတစ်ပါးအလား အဆက်မပြတ် တိုက်ခိုက်နေသည်။ သို့သော်လည်း လျှိုချင်းဖုန်း၏ ကျင့်ကြံဆင့်က သူ့ထက် ပိုမြင့်သည့်အတွက် သူ၏ တိုက်ခိုက်မှုများကို ပျက်ပြယ်စေသည်။

ထိုအခိုက်အတန့်တွင် တိုက်ပွဲမြေပြင်မှ သူတို့နှစ်ယောက်လုံး နောက်သို့ ဆုတ်ခွာသွားကြ၏။ လူအုပ်ကြီးက လေထဲမှ ထွက်လာသော ထိခတ်သံများကို ကြားလိုက်ရသည်။ သူတို့က တိုက်ပွဲမြေပြင်သို့ ကြည့်နေရင်း ယန်ချီ၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသည့် ကြီးမားသော နဂါးချပ်ဝတ်တွင် အက်ကြောင်းများ ပေါ်လာသည်။ ထိုအက်ကြောင်းများမှ သွေးတို့ စိမ့်ထွက်လာ၏။ ယန်ချီက ဒဏ်ရာများ ရသွားပုံပေါ်သည်။ လျှိုချင်းဖုန်းက လက်ထဲတွင် ဓားကို ဆုပ်ကိုင်ထားပြီး သွေးများက ဓားမှ တစက်စက် စီးကျလာသည်။

“လျှိုချင်းဖုန်းရဲ့ တိုက်ခိုက်မှုက နူးညံ့သိမ်မွေ့ပုံပေါ်ပေမယ့် အမှန်ကတော့ အားအင်အပြည့်ပဲ။ သူ့ရဲ့ အရှိန်အဝါမှာ ကြီးမားတဲ့ ခွန်အားပါဝင်နေပြီး သူက အစွမ်းထက်တယ်။ ပြီးတော့ သူ့မှာ ကျင့်ကြံဆင့် မြင့်တဲ့ အားသာချက်လည်း ရှိသေးတယ်။ ယန်ချီက အစွမ်းထက်ပေမယ့်လည်း သူက ရှုံးသွားရသေးတာပဲ။” အောက်ဘက်မှ လူအများက ဆွေးနွေးနေကြသည်။

ယန်ချီက သူ့ဒဏ်ရာများအား ငုံ့ကြည့်လိုက်သည်။ မဟာလမ်းစဥ် နတ်အလင်းက သူ့ကိုယ်ပေါ်တွင် စီးဆင်းလာကာ ဒဏ်ရာများက ချက်ချင်း ကုသခံလိုက်ရသည်။

ထိတ်လန့်ဖွယ် နဂါးအော်သံကို ကြားလိုက်ရကာ ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေ၏။ မဟာလမ်းစဥ်အား တုန်ခါသွားစေသော မီးနဂါးတေးသွားက ထွက်ပေါ်လာသည်။ မဟာလမ်းစဥ် အသံလှိုင်းတို့က ပျံ့နှံ့လာပြီး လျှိုချင်းဖုန်း၏ နားစည်ကို ကွဲထွက်လုမတတ် ခံစားလာရသည်။

ဤမီးနဂါးတေးသွားက အဆုံးသတ်မရှိသလို ထင်မှတ်ရ၏။ ယင်းက သူတို့ဝန်းကျင်၌ ပဲ့တင်ထပ်နေသည်။ နဂါးအော်မြည်သံက ကောင်းကင်ကိုပင် တုန်ခါလာစေသည်။ လူအုပ်ကြီးသည် သူတို့၏ ခေါင်းများအတွင်း ပြင်းထန်သော တုန်ခါမှုတို့ကို ခံစားမိကြသည်။ သူတို့က အံ့သြထိတ်လန့်မှုနှင့် ကြည့်နေကြပြီး ယန်ချီက သွေးသန့်နတ်နဂါး အစစ်အမှန် ဖြစ်လာကာ လျှိုချင်းဖုန်းထံ တိုက်ရိုက် တိုးဝင်သွားသည်။ ထိုကြီးမားသည့် နတ်နဂါးသည် မဟာလမ်းစဥ် စွမ်းအားနှင့်အတူ ဆင်းသက်လာ၏။ ၎င်းသည် အထက်တွင် ရစ်ဝဲကာ ကောင်းကင်အား ဖုံးလွှမ်းလိုက်သည်။ ထိုသည်မှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။

နားစည်ကို ထွင်းဖောက်လာသော အသံလှိုင်းတိုက်ခိုက်မှုအောက်တွင် လျှိုချင်းဖုန်း လက်ထဲမှ ဓားမှာ ထိန်းချုပ်မရအောင် လှုပ်ခါနေသည်။ ၎င်းမှာ လျှိုချင်းဖုန်း၏ လက် တုန်ခါနေခြင်းကြောင့် မဟုတ်ဘဲ ဓားကိုယ်တိုင်က တုန်ခါနေခြင်း ဖြစ်သည်။

လူအုပ်ကြီးက ကြီးမားသော နတ်နဂါးတစ်ကောင်သည် ကောင်းကင်ကို ဝါးမြိုပြီး လျှိုချင်းဖုန်းထံ ထိုးဆင်းလာသည်ကို မြင်လိုက်ကြရသည်။

မဟာလမ်းစဥ် စွမ်းအင်လှိုင်းများက ဖြန့်ကျက်လာသည်။ လူအုပ်ကြီးက ပြင်းထန်သော တုန်ခါသံကို ကြားလိုက်ကြရသည်။ ထို့နောက် အရာအားလုံး ရှင်းလင်းသွားသလို ထင်မှတ်ရ၏။ သူတို့ ထိုပုံရိပ်နှစ်ခုအား တစ်ဖန် ပြန်မြင်ရသည့်အခါ ယန်ချီက သူ၏ မူလအသွင်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ ဝတ်ရုံများတွင် သွေးတို့နှင့် စွန်းထင်းနေခဲ့၏။ သူ့နဂါးကြေးခွံချပ်ဝတ်က ကွဲထွက်လုနီးပါး ဖြစ်လာပြီး သွေးတို့နှင့် လွှမ်းနေသည်။

သို့သော် လျှိုချင်းဖုန်းက ပို၍ပင် အဖြစ်ဆိုးသည်။ သူ၏ ရင်ဘတ်တွင် ဟက်တက်ခွဲဒဏ်ရာတစ်ခု ရှိနေ၏။ ထိတ်လန့်ဖွယ် လက်သည်းရာများက သူ့ရင်ဘတ်ပေါ်တွင် ထင်ရှားနေသည်။ ထိုသည်မှာ နဂါးလက်သည်းနှင့် တိုက်ရိုက် ထိုးခွဲခံလိုက်ရသလိုပင်။ သူ့ကို သွေးများဖြင့် ဖုံးလွှမ်းထားလေသည်။ သူက ယန်ချီကို ကြည့်လိုက်ပြီးနောက် အနက်ရောင်သွေးများ ပါးစပ်အပြည့်ချလိုက်သည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး သူ့အရှိန်အဝါက အလွန် အားနည်းသွားသည်။ သူ့အသွင်မှာ အလွန် သနားစဖွယ် ဖြစ်နေ၏။

အလွန် ရက်စက်လှသည်။ လူအုပ်ကြီးက ထိုမြင်ကွင်းအား မြင်သည့်အခါ တွေးလိုက်ကြ၏။ သူတို့နှစ်ယောက်၏ တိုက်ခိုက်မှုမှာ အလွန် ရက်စက်ပြင်းထန်လှသည်။

နယ်မြေသခင်က ကြိုပြောထားသော်လည်း ထိုအဓိကအင်အားစုနှစ်ခု ထပ်တိုက်တွေ့သည့်အခါ ယခုကဲ့သို့ ရက်ရက်စက်စက် တိုက်ခိုက်ကြလိမ့်မည် ဖြစ်ကြောင်း လူအုပ်ကြီးက သဘောပေါက်သည်။

သူတို့က ယှဥ်ပြိုင်ရုံသက်သက်သာ မဟုတ်တော့ပေ။

သို့သော် လူအများသည် ထိုအဓိကအင်အားစုနှစ်ခုကြားမှ ရန်ငြိုးရန်စကြောင့် ဤအဖြစ်အပျက်မျိုးမှာ မလွဲဧကန် ဖြစ်လာမည် ဖြစ်ကြောင်း သိရှိထား၏။

“တကယ်တမ်း နိုင်သွားတာက ယန်ချီ ဖြစ်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။” လူအများက အံ့သြစွာ ရေရွတ်လိုက်ကြသည်။ ပထမတစ်ခေါက်တွင် လျှိုချင်းဖုန်းက ယန်ချီအား ဖိနှိပ်ခဲ့သည်။ သို့သော် နောက်ဆုံးမိနစ်၌ ယန်ချီက ပို၍ပင် ရက်စက်ကြမ်းကြုတ်လာသည်။ သူက အလွန် ရက်စက်သည့် တိုက်ခိုက်မှုကို လုပ်ဆောင်ကာ လျှိုချင်းဖုန်းအား ထိခိုက်ဒဏ်ရာ အများအပြား ရစေခဲ့သည်။ သူက ဒဏ်ရာများစွာ ရရှိထားသော်လည်း လျှိုချင်းဖုန်းအား ယှဥ်၍ သူ့အတွက် ရလဒ်ကောင်းသော အလှည့်အပြောင်းကို ဖြစ်လာစေခဲ့သည်။

ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များ၏ အကြည့်က အလွန် အေးစက်နေသည်။ ယန်ချီ၏ တိုက်ခိုက်မှုက အလွန် ရက်စက်၏။ ရှေးဟောင်တော်ဝင် ယန်မိသားစုက သူတို့အား သတ်ရန် ရည်ရွယ်နေသည်မှာ ရှင်းလင်းပေသည်။

“ဂျူနီယာညီလေးလျှို…” လီချန်ရှန်းက အော်လိုက်သည်။ လျှိုချင်းဖုန်းက ဒဏ်ရာများနှင့်အတူ လမ်းစဥ်တိုက်ပွဲစင်မြင့်မှ ဆင်းလာသည်။

ယန်ချီသည်လည်း သူ့နောက်မှ လျှောက်လာသည်။ ယန်ချီက သူ့ထိုင်ခုံသူ ပြန်မရောက်ခင် နောက်တစ်ယောက် ထရပ်လိုက်သည်ကို လူအုပ်ကြီးက မြင်လိုက်ရ၏။ သို့သော်လည်း အံ့အားသင့်စရာကောင်းစွာပင် ထရပ်လိုက်သူမှာ ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ မဟုတ်ဘဲ လင်းရှောင်နန်းတော်မှ တန်ခိုးရှင်တစ်ယောက် ဖြစ်သည်။

“ဒါက..” လူအများထံ၌ ကိုးယို့ကားယားနိုင်သော အကြည့်တို့ ဖြစ်ပေါ်လာသည်။ လင်းရှောင်နန်းတော်နှင့် ရှေးဟောင်းတော်ဝင် ယန်မိသားစုတို့ ပူးပေါင်းကာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို ဆန့်ကျင်ရန် ကြိုးစားနေသည်လား။

***

Comment

  1. hlaingzinphyo941 says:

    good

Leave a Reply

Options

not work with dark mode
Reset