Switch Mode

အခန်း ( ၆၅၁ )

ဘယ်လောက်တောင် ဥာဏ်ပညာကြီးမားလိုက်တဲ့ ခေါင်းဆောင်ကြီးလဲ

” ခင်ဗျားနဲ့ တန်တာ ရတာပဲ”
ပိုင်ရှောင်ချန်းက ဒေါသတကြီးဆို၏။
” ကျုပ်ပြောတာနားထောင်စမ်း သောက်အဖိုးကြီး။ ကျုပ်ကို လာမဆွနဲ့။ ကျုပ်ဒေါသထွက်ရင် ကျုပ်ကို ကျုပ်တောင် ကြောက်တယ် ”

စောစောက အဖြစ်အပျက်များကြောင့် သူ့ရင်ထဲတွင် အကြောက်တရား ကြီးစိုးနေဆဲပင်ဖြစ်သည်။ သူသာ အနည်းငယ်လက်နှေးပြီး သရဲကြီးဘုရင်ကို မန္တန်အစီအရင်အား ထိန်းချုပ်ခွင့်ပေးလိုက်လျှင် သူသေသွားမည်ဖြစ်သည်။

သူက ရင်တုန်ပန်းတုန်ဖြစ်နေရင်း သရဲကြီးဘုရင်ကို ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် စိန်းစိန်းဝါးဝါးကြည့်လိုက်ရာ သရဲကြီးဘုရင် တုန်လှုပ်သွား၏။ ထိုမျှသာမက သူသည် အဖေအရင်းခေါက်ခေါက်ကိုပင် အရှက်ခွဲခဲ့ပြီး အလွန်ရက်စက်အကြင်နာကင်းမဲ့၍ သွေးသားရင်းချာမျိုးနွယ်စုကိုပင် ပုန်ကန်ခဲ့ကြောင်း စဥ်းစားလိုက်ပါက သူ့ကို ရန်စခြင်းသည် အမှားကြီးတစ်ခု ဖြစ်လိမ့်မည်။

ယခုလောလောဆယ်တွင် သရဲကြီးဘုရင်သည် ခေါင်းကိုသာ ငုံ့ထားနိုင်ပြီး သူ၏ ဒေါသများကို ရင်ထဲတွင်သာ မျိုသိပ်ထားရလေသည်။
” ဒီကောင် သေချာပေါက် ငါ့ဆီက တစ်ခုခုလိုချင်နေတာ ” သူတွေးလိုက်သည်။
” ကဲကွာ သူ့ကိုရန်မစဘဲ သည်းခံနေတာပဲကောင်းတယ်”

သူက ခေါင်းကို ငုံထားချိန်တွင် မျိုးနွယ်စုခေါင်းဆောင်နှင့် ပိုင်မျိူးနွယ်စု၏ အခြားသောအဖွဲ့ဝင်များက ကျောက်လိပ်ကြီး၏ မျက်လုံးမှ ပျံထွက်လာကြ၏။ ပိုင်မျိုးနွယ်စု၌ ကျုံး၏ တိုက်စားတတ်သောရေများမှ ကာကွယ်ပေးထားနိုင်သည့် နည်းလမ်းများရှိသဖြင့် သူတို့က ချက်ချင်းပင် ပိုင်ရှောင်ချန်းနောက်လိုက်ဖမ်းတော့သည်။

ပိုင်ရှောင်ချန်းမှာ ကြောက်အားလန့်အားဖြင့် မျက်နှာကြီး ရှုံ့မဲ့သွားပြီး သရဲကြီးဘုရင်နှင့် အငြင်းပွားနေရန် အချိန်မဟုတ်ကြောင်းစဥ်းစား၍ တချိုးတည်း ပြေးကာ ရေမျက်နှာပြင်ကို ဦးတည်လိုက်တော့သည်။ သို့သော် တခဏကြာသော် လိပ်ကလေးက ရုတ်တရက်အော်လိုက်သည်။
” နောက်ဆုတ် ”

တစ်ချက်ကလေးမှပင် တုံ့ဆိုင်းမနေဘဲ ပိုင်ရှောင်ချန်းက သရဲကြီးဘုရင်ကို သူ့အရှေ့တွန်းထုတ်လိုက်ကာ ဆန့်ကျင်ဘက်သို့ ရှောင်လိုက်သည်။ ထိုသို့လုပ်လိုက်စဥ် ကောင်းကင်ဘုံမှလာသည့် မိုးခြိမ်းသံထက်ပင် ကျော်လွန်သော အသံကြီးတစ်သံသည် ပတ်ဝန်းကျင်တစ်ခွင် ပြင်းပြင်းထန်ထန် တုန်ခါသွားစေ၏။

တချိန်တည်းမှာပင် မယုံကြည်နိုင်ဖွယ် အားကြီးတစ်ခုက ကျုံးရေထဲ ဆင်းသက်လာသဖြင့် ရေများကို ပြင်းထန်စွာ ပေါက်ကွဲသွားစေတော့သည်။

ကံကောင်းထောက်မစွာ ပိုင်ရှောင်ချန်းမှာ ပေါက်ကွဲအားတစ်ခုလုံးကို ခံလိုက်ရသော သရဲကြီးဘုရင်နောက်တွင် အကာအကွယ်ယူထားလေသည်။ သရဲကြီးဘုရင်၏ အတွင်းအင်္ဂါများအားလုံးမှာ ပျက်စီးတော့မတတ် တုန်ခါသွားကြရာ သူ့ပါးစပ်မှ သွေးများပန်းထွက်လာတော့သည်။ သူခေါင်းပေါ်မှ ဆံပင်များပင် အထွေးလိုက်ကျွတ်ကျကုန်တော့သည်။ သူ့စုစုပေါင်းစွမ်းအား၏ နှစ်ဆယ်ရာခိုင်နှုန်းတိတိ ဖျက်စီးခံလိုက်ရသည့်အလားပင်။

သူ၏ ကျင့်ကြံခြင်းအခြေခံကား မျက်စိတစ်မှိတ်အတွင်းမှာပင် အမြုတေအဆင့်မှ အခြေခိုင်မာခြင်းအဆင့်သို့ ကျဆင်းသွား၏။ သိသာစွာပင် ထိုတိုက်ကွက်မှာ ယင်ယန်ဝိညာဥ်အဆင့်နတ်ဘုရားစွမ်းရည် မဟုတ်ဘဲ….နတ်တစ်ပါးထံမှ ထိုးနှက်ချက်တစ်ခု ဖြစ်ပေသည်။

ပေါက်ကွဲမှုသည် ထွက်ပေါ်လာဆဲဖြစ်သောကြောင့် သူ့ပတ်ပတ်လည်ရှိ ရေများအားလုံး ဖျက်စီးခံလိုက်ရပြီး လေထဲတွင် ရပ်ကျန်နေခဲ့ပြီဖြစ်ကြောင်း ပိုင်ရှောင်ချန်း သဘာပေါက်လိုက်လေသည်။ ထို့ပြင် သူ့အထက်မှာ တင်းမာခက်ထန်၍ ဒေါသထွက်နေသည့် အမူအရာနှင့် ပိုင်မျိုးနွယ်စု ခေါင်းဆောင်ကြီး ရှိေနသည်။

ပိုင်ရှောင်ချန်းမှာ အလွန်စိတ်လှုပ်ရှားနေသည်ဖြစ်၍ အာခေါင်ခြောက်နေပြီး ရင်တဒိန်းဒိန်းခုန်နေတော့သည်။ အကယ်၍ လိပ်ကလေးသာ သူ့ကို သတိမပေးခဲ့လျှင် ထိုတိုက်တွက်ကြောင့် သူသေသွားခဲ့မည်ဖြစ်ကြောင်း သိသွား၏။ ထို့ပြင် သရဲကြီးဘုရင်သာ ဒိုင်းအဖြစ် အသုံးပြုရန် ရှိမနေခဲ့ပါက လိပ်ကလေး၏ သတိပေးမှုသည် အများဆုံးအနေဖြင့် သူ့ကို အပြင်းအထန်ဒဏ်ရာရပြီးမှ လွတ်မြောက်စေမည်ဖြစ်သည်။

ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးက သရဲကြီးဘုရင်ကို ရှာနေခဲ့သော်လည်း ပိုင်မျိုးနွယ်စုဝင်တစ်ယောက်ထံမှ သတင်းရ၍ ပိုင်ဟောက်ထံ ပြန်အာရုံစိုက်ခဲ့ခြင်းဖြစ်သည်။

သို့သော် အားအပြည့်တိုက်ခိုက်လိုက်သည်မှ ပိုင်ရှောင်ချန်းက အသက်ရှင်လျက် လွတ်မြောက်နိုင်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

အံ့သြသွားသည့် ခေါင်းဆောင်ကြီးက အနီးကပ်ကြည့်လိုက်ပြီး ချက်ချင်းပင် ပိုင်ရှောင်ချန်း သူ့ကိုယ်သူ ကာကွယ်ရန် အသုံးပြုခဲ့သည့် ပစ္စည်းအပေါ် အာရုံစိုက်လိုက်သည်။ ၎င်းမှာ မျက်နှာပေါ်တွင် မွေးရာပါအနီမှတ်နှင့် အဘိုးကြီးတစ်ယောက်။

” ဒါက…. ”
ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးမှာ တုန်တက်သွားပြီး သူ၏ အရှိန်အဝါမှာ မတည်မငြိမ်ဖြစ်သွားရလေသည်။ ထို့နောက် သူ၏ မျက်လုံးများသည် ထူးဆန်းစွာ တောက်ပလာတော့သည်။ သူသည် မဖြစ်နိုင်သော အခြေအနေတစ်ရပ်မှ ယခုလေးတင် လွတ်မြောက်လာသည့်အလား မျှော်လင့်ချက်များ ပြည့်နှက်နေပုံရလေသည်။

” ဒါက….ဒါက……”
သူက စကားပင် ဖြောင့်အောင် မပြောနိုင်တော့ပေ။ တခဏကြာသော် သူက ခေါင်းကို နောက်လှန်၍ ဝါးကွဲလုမတတ် အော်ရယ်လိုက်သည်။ ထို ဝမ်းသာမှု၊ ပျော်ရွှင်မှုနှင့် အားရကျေနပ်မှုတို့ ပြည့်နှက်နေသည့် ရယ်သံသည် သရဲကြီးမြို့တော်တစ်ခုလုံး ပြည့်နှက်သွား၏။

ပိုင်ရှောင်ချန်းမှာ ရင်တဒိန်းဒိန်းခုန်လာပြီး သရဲကြီးဘုရင်ကို လှမ်းကြည့်လိုက်ရာ ထိုလူ၏ မျက်လုံးများသည် ခံစားချက်ကင်းမဲ့နေ၏ စောစောက ပိုင်ရှောင်ချန်းနှင့် အငြင်းပွားနေခဲ့စဥ်ကနှင့် လုံးလုံးမတူတော့ပေ။ ယခု အခိုက်အတန့်တွင် သူက ဖြစ်ပျက်နေသမျှအားလုံးသည် ကံစီမံရာသာဖြစ်ကြောင်း လက်ခံလိုက်တော့သည်။

” ကောင်းကင်ဘုံက ပိုင်မျိုးနွယ်စုကို ဖျက်စီးမှာ မဟုတ်ဘူးကွ။ဟားဟားဟား။ ငါတို့ ဘေးကင်းပြီ။ သရဲကြီးဘုရင် ခင်ဗျားတကယ်ကြီး ဒီမှာ ရှိနေလိမ့်မယ်လို့ ကျုပ်ဘယ်လိုလုပ်ထင်မှာလဲဗျာ”

ခေါင်းဆောင်ကြီးမှာ တဟားဟားရယ်မောနေရသဖြင့် တုန်ရီနေပြီး သူ၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် ရဲရဲနီနေတော့သည်။ လွန်ခဲ့သည့် အချိန်အနည်းငယ်က သူသည် မဖော်ပြနိုင်လောက်အောင် စိတ်ဆင်းရဲနေခဲ့ပြီး အတောမသတ်နိုင်အောင် နောက်တများရနေခဲ့သည်။ သို့သော် ပြီးခဲ့သည်ကို မည်သို့မျှပြန်ပြင်၍မရသည့်အပြင် သရဲကြီးဘုရင်၏ ကစားပွဲတွင် နယ်ရုပ်တစ်ရုပ်သာဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် သူက အဆုံးစွန်ထိ ကြောက်လန့်နေခဲ့ရသည်။ သရဲကြီးဘုရင်ကို ရှာတွေ့နိုင်သော အခွင့်အရေးများသည်လည်း ဗလာနတ္ထိဖြစ်ပြီး သူ ရှာတွေ့ခဲ့သည်ဆိုလျှင်တောင်မှ သရဲကြီးဘုရင်သည် သူ့ကိုယ်သူကာကွယ်ရန်အတွက် မပြင်ဆင်ထားဘဲ နေမည်မဟုတ်ပေ။

ခေါင်းဆောင်ကြီးမှာ စိတ်ပျက်လက်ပျက်နှင့် ရူးချင်နေခဲ့သည်။ ပိုင်ဟောက်ကို တွေ့လိုက်ရသည်တွင် သူ အလွန်ဒေါသထွက်သွားသဖြင့် သူ့ကို နောက်တစ်ချိန်ကျလျှင် လူအဖြစ်ပြန်ဝင်စားရန်အတွက် အသုံးပြုမည့် အစီအစဥ်ကိုပင် မေ့သွားပြီး ချက်ချင်းပင် ဇီဝန်ချုပ် တိုက်ကွက်ကို ထုတ်ခဲ့သည်။ သူ၏ အိမ်မက်ဆိုးထဲမှာပင်… သူစိတ်ဓာတ်ကျနေသည့်အချိန်၌…
မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခု ထွက်ပေါ်လာပြီး… သူက…. သရဲကြီးဘုရင်ကို ရှာတွေ့လိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။ ထို့အပြင် သရဲကြီးဘုရင်သည် အံ့သြစရာကောင်းလောက်အောင် အားအင်ချည့်နဲ့နေသည်။ ခေါင်းဆောင်ကြီး၏ မျက်လုံးများတွင် ချက်ချင်းပင် တက်ကြွသောအားမာန်များ တောက်လောင်လာပြီး သူက ပိုင်ရှောင်ချန်းကို လုံးဝလျစ်လျူရှု၍ သရဲကြီးဘုရင်အပေါ်တွင်သာ လုံးဝအာရုံစိုက်ထားလေသည်။

ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီး၏ စကားလုံးများ ထွက်ပေါ်လာသည်နှင့်တစ်ပြိိုင်နက် မျိုးနွယ်စုခေါင်းဆောင်နှင့် အခြားမျိုးနွယ်စုဝင်များမှာ မျက်လုံးပြူးကြီးများဖြင့် တအံ့တသြစိုက်ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့မှာ ပင့်သက်ရှိုက်သွားကြပြီး ပိုင်ရှောင်ချန်းက သူ့အရှေ့တွင်ထား၍ ဆုပ်ကိုင်ထားသည့် အဘိုးကြီးကို ကြည့်လိုက်ကြသည်။

” သူ… သူက သရဲကြီးဘုရင်”

” ဘုရားရေ။ သရဲကြီးဘုရင်က ဒီမှာ ပုန်းနေခဲ့တာလား”

” ငါပြောပါတယ် ငါတို့ဆီက တိုက်ကွက်အများကြီးကို ဒီလူခံနိုင်တာတင်မကဘူး ဘာမှ မဖြစ်တာက ထူးဆန်းပါတယ်ဆို။ တကယ်ကြီး သရဲကြီးဘုရင် ဖြစ်နေပါလား”

သူတို့သည်သာ အံ့သြတုန်လှုပ်သွားကြသူများ မဟုတ်ပေ။ အခြား မဟာမျိုးနွယ်စုကြီးနှစ်စုမှ ကျင့်ကြံသူများအပြင် သစ္စာဖောက် ကောင်းကင်ဘုံ မြို့စားဆယ်ဦး၏ တပ်ဖွဲ့များမှ တပ်သားများသည်လည်း ထိုနည်းတူပင်။ အခြားသော တပ်ဖွဲ့များနှင့် အုပ်စုများ၏ သစ္စာခံ သူလျှိုများပင် ရှိကြလေသည်။ လူတိုင်းက ပိုင်ရှောင်ချန်းနှင့် သိသာစွာပင် လည်ဂုတ်ကိုကိုင်၍ အဖမ်းခံထားရသော သရဲကြီးဘုရင်ကို ကြည့်လိုက်ကြသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသည့် လူတိုင်းမှာ အလွန်တရာ အံသြတုန်လှုပ်သွားကြရလေသည်။

“ဒီလူပိုင်ဟောက်က လုံးဝကြောက်စရာကောင်းလိုက်တာ။ သူ…သူက တကယ်ကြီး သရဲကြီးဘုရင်ကို ပြန်ပေးဆွဲ လာတာပဲ။ လူတိုင်း သရဲကြီးဘုရင်အစစ်ကို ရှာနေတဲ့အချိန်မှာ သူ့လက်ထဲရောက်နေပြီ”

“ဘုရားရေ ငါတော့ တကယ်ပဲ ပိုင်ဟောက်ကို လျှော့တွက်မိခဲ့ပါလား။ သူက လုံးဝမယုံနိုင်စရာ ကောင်းလိုက်တာ။ အရမ်းစိတ်ဓာတ်ခိုင်မာတယ်။ သူ သေချာပေါက် နာမည်ကြီးလာမှာပဲ”

မရေမတွက်နိုင်သော အော်ဟစ်သံများ ထွက်ပေါ်လာပြီး အချိန်အနည်းငယ်အတွင်း လူတိုင်းသည် သူတို့၏ အထက်လူကြီးများထံ သတင်းများ ပေးပို့လိုက်ကြတော့သည်။ အချိန်တိုအတွင်း သရဲကြီးမြို့တော်ရှိ လူမှန်သမျှ ပိုင်ဟောက်က သရဲကြီးဘုရင်အား ပြန်ပေးဆွဲခဲ့သည့်အကြောင်း မည်သို့ ပျံ့သွားမည်ကို တွေးကြည့်နိုင်ပေသည်။

လူအတော်များများမှာ ပိုင်ဟောက်က ပိုင်မျိုးနွယ်စု၏ ခေါင်းဆောင်ကို မည်သို့ ပြန်ပေးဆွဲခဲ့ကြောင်း အမှတ်ရသွားပြီး ယခင်ထက်ပင် ပို၍ အံ့သြတုန်လှုပ်သွားကြတော့သည်။

“ပိုင်ဟောင်က….ရက်စက်တယ် အကြင်နာတရားမရှိဘူး။ သူရဲ့ မျိုးနွယ်စုကိုတောင် သစ္စာဖောက်ခဲ့တာ။ ဘယ်လောက် ကြောက်စရာကောင်းလိုက်သလဲ။ သူက သူ့အဖေအရင်းကိုတောင် ပြန်ပေးဆွဲပြီး သရဲကြီးဘုရင်ကိုလဲ တကယ်ကြီးပြန်ပေးဆွဲပြန်တယ်”

ထိုအခိုက်အတန့်တွင် ပိုင်ရှောင်ချန်း၏ အပြုအမူသည် တစ်မြို့လုံးကို တုန်လှုပ်သွားစေတော့သည်။

အမှန်တကယ်တော့ ထိုသည်က သူ၏ ရည်ရွယ်ချက်မဟုတ်ပေ။ လောလောဆယ်တွင် သူက ဘေးပတ်ပတ်လည်ကို ရင်ထဲတွင် ကြောက်လန့်ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းတို့အပြည့်ဖြင့် ရဲရဲနီနေသော မျက်လုံးများဖြင့် စိုးရိမ်တကြီးကြည့်နေလေသည်။

သရဲကြီးဘုရင်မှာမူ စကားတစ်လုံးမှ မပြောဘဲ တိတ်ဆိတ်နေဆဲဖြစ်သည်။ သို့သော်လည်း သူ၏ မျက်လုံးများသည် တည်ငြိမ်နေပြီး စောစောကထွက်သွားခဲ့သည် မာန်မာနများတစ်ဖန်ပြန်ရောက်လာ၏။ သူသည် သေအံ့ဆဲဆဲဖြစ်သည့်တိုင် သိက္ခါရှိရှိသေမည်ဖြစ်သည်။ သူ့မျက်လုံးများထဲတွင် နောင်တအရိပ်အယောင်များလည်း ထင်ဟပ်နေလေသည်။

” ဘယ်လောက်နှမြောစရာကောင်းလိုက်လဲ” သူက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။
“ သရဲကြီးဘုရင်သစ်ခွပန်းပွင့်တာကိုစောင့်ဖို့ အချိန်တောင်မလောက်တော့ဘူး “

သူစကားပြောသောအခါ သူ၏အသံသည် အေးဆေးတည်ငြိမ်နေ၏။
” ပိုင်ဟောက်၊ မင်းအခု ငါ့ကို လွှတ်လို့ရပြီ”

ပိုင်ရှောင်ချန်း မော့ကြည့်လိုက်သောအခါ ပိုင်မျိုးနွယ်စု နတ်အဆင့်ခေါင်းဆောင်ကြီးက ညာလက်ဆန့်ထုတ်လိုက်သည်ကို မြင်လိုက်ရ၏။

” ငါဘာလုပျရမလဲ၊ ဘာလုပျရမလဲ ”
သူက စိတ်ထဲတွင် ငိုကြွေးနေတော့သည်။

ထိုအချိန်တွင် သူ့မျက်လုံးများထဲ၌ ရက်စက်သော အလင်းတစ်ခု တောက်ပလာပြီး သူက ကျယ်လောင်စွာ အော်လိုက်သည်။
” ခေါင်းဆောင်ကြီး၊ သစ္စာဖောက်သရဲကြီးဘုရင်မှာ လျှို့ဝှက်အကြံရှိတယ်ဆိုတာ ခင်ဗျား ကြိုတင်ခန့်မှန်းနိုင်တာ တကယ်တော်တယ်ဗျာ။ ကဲ အခု ကျုပ်တာဝန်ပြီးပြီ။ ခင်ဗျားရဲ့ အမိန့်အတိုင်း ကျုပ်မှာ ဒီသစ္စာဖောက်ရဲ့ အယုံအကြည်ရဖို့ အရှက်ခွဲခံပြီး မျိုးနွယ်စုကိုတောင် သစ္စာဖောက်ခဲ့ရတယ်။ အခု ကျုပ် ဒီလူ့ကို မကျိုးမကန်း အသက်ရှင်ရက် ခင်ဗျားလက်ထဲ အပ်ပေးမယ်ဗျာ ”

“ခေါင်းဆောင်ကြီးရဲ့ ဂုဏ်အရှိန်အဝါ ကြီးမားလာပါစေ၊ ပိုင်မျိုးနွယ်စု အဓွန့်ရှည်ပါစေ ”

ထိုအဖြစ်ကြောင့် လူအားလုံး ဆွံ့အသွားတော့သည်။ သရဲကြီးဘုရင်က ခနဲ့တဲ့တဲ့ရယ်လိုက်ပြီး ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးက ပါးစပ်အဟောင်းသားနှင့် စိုက်ကြည့်နေမိလေသည်။ ပိုင်ရှောင်ချန်းက သရဲကြီးဘုရင်ကို လက်လွှဲပေးရန် အလွန်စိတ်လှုပ်ရှားနေရင်း ခေါင်းဆောင်ကြီးထံ သွားနေခြင်းကြောင့် လူတိုင်းမှာ အံသြမှင်သက်နေကြလေသည်။

ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးမှာ အလွန်ကြောင်တောင်တောင်ဖြစ်သွားပြီး ထိုကိစ္စကို သေချာစဥ်းစားရန်ပင် အချိန်မရလိုက်ပေ။ ပိုင်ရှောင်ချန်းက ပြီးပြည့်စုံစွာ ပြောခဲ့ခြင်းကြောင့် သူ့စကားအပေါ် မေးခွန်းမထုတ်မိလိုက်ပေ။

သူက ခေါင်းဆောင်ကြီး ဂုဏ်အရှိန်အဝါတက်စေမည့်အရာအားလုံးကိုပင် ပေးအပ်နေသည်။ ခေါင်းဆောင်ကြီး လုပ်ရမည်က သူပြောခဲ့သည့်စကားအမှန်ဖြစ်ကြောင်း အတည်ပြုရန်သာဖြစ်သည်။ ထိုသို့ပြုလုပ်လိုက်သည်နှင့် လက်ရှိ ထီးနန်းကို ပိုင်ဆိုင်ခွင့်ရယူလိုသည့် ခေါင်းဆောင်ကြီးအတွက် များစွာ အကျိုးထူးစေမည်ဖြစ်သည်။ ထိုအရာအားလုံးကို သဘောပေါက်လိုက်သဖြင့် ခေါင်းဆောင်ကြီး၏ မျက်လုံးများ ချက်ချင်းပင် တလက်လက်တောက်ပလာတော့သည်။

“ဒီကောင် ပိုင်ဟောက်က…. တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ ”
သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြစ်ပေါ်လာပြီး သူက နှစ်လိုဖွယ်ကောင်းကာ စိတ်လှုပ်ရှားနေဟန်တူသော ပိုင်ရှောင်ချန်းကို ကြည့်လိုက်သည်။ ထို့နောက် သူက ခွန်းတုံ့ပြန်ရန် ပြင်လိုက်သည်။

သို့သော်….ထိုအချိန်တွင် လုံးဝမမျှော်လင့်ထားသည့်အရာတစ်ခု ဖြစ်ပေါ်လာတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset