Switch Mode

အခန်း ( ၆၅၀ )

စိတ်ဒုက္ခရောက်နေသော သရဲကြီးဘုရင်

” မျိုးမစစ်လေး ပိုင်ဟောက်။ အသေဆိုးနဲ့သေပါစေကွာ။ မင်း…မင်း… တစ်ရက်ရက် ဝဋ်လည်လိမ့်မယ်ကွ။ ငါကိုယ်တိုင် မင်းကိုမသတ်နိုင်ဘူးဆိုရင်တောင် ငါ့သမီးက မင်းကို အမှုန့်ကြိတ်လိမ့်မယ် ”

သရဲကြီးဘုရင်မှာ ဒေါသထွက်နေသော်လည်း နတ်ဘုရားတစ်ပိုင်းအဆင့်ဘုရင်တစ်ပါး ဖြစ်နေသဖြင့် ကျိန်ဆဲရာတွင် ကျွမ်းကျင်မှုမရှိပေ။ ထို့ကြောင့် သူသည် သာမန်အဆင့်သာရှိသော ခနဲ့စကားများကိုသာ ထပ်ခါထပ်ခါ ပြောနေနိုင်တော့သည်။

ပိုင်ရှောင်ချန်းကမူ ဂုဏ်ယူဝင့်ကြွားစွာ ချောင်းဟန့်ကာ ထိုကျိန်ဆဲမှုများကို လျစ်လျှူရှုလိုက်တော့သည်။ လိပ်ကလေးအား သရဲကြီးဘုရင်ကို ကျိန်ဆဲနည်း တစ်ကွက်နှစ်ကွက်လောက်ပင် သူက သင်ပေးစေလိုနေတော့သည်။

သူက ထိုအတွေးများဖြင့် ရှေ့သို့ ဆက်ပြေးကာ သရဲကြီးဘုရင်ကို ဒိုင်းကာအဖြစ်အသုံးပြုရုံသာမက ပြန်လည်တိုက်ခိုက်သည့် နေရာတွင်ပင် အသုံးပြုနေတော့သည်။ သူ၏ ကြောက်မက်ဖွယ်ကောင်းသော အဆင့်ဆယ့်လေးအထိ မြှင့်တင်ထားသည့် ပစ္စည်းများနှင့် ပေါင်းစပ်ထည့် သူ၏ လှုပ်ရှားမှုများကြောင့် အမှတ်လေးထောင်ခန်း ဝင်ပေါက်နားသို့ တဖြည်းဖြည်းနီးကပ်လာတော့သည်။

ပိုင်မျိုးနွယ်စုထဲရှိ လူအားလုံးမှာ ငြှိမ်းသက်၍မရနိုင်သော ဒေါသမီးများဖြင့် တောက်လောင်နေကြသော်လည်း ပိုင်ရှောင်ချန်းကို မသတ်နိုင်ကြပေ။ သူသည် နဂိုထဲမှ ကြံ့ခိုင်နေသည့်အပြင် ကိုယ်ပွားလေးခုနှင့် မျက်စိအာရုံများကို ဖမ်းစားနေကြသည့် မှော်ပစ္စည်းများစွာကို ပိုင်ဆိုင်ထားသေးသည်။

ထို့အပြင် သူ၏ထူးဆန်းသောထီးမှာလည်း သက်စောင့်အားများကို စုပ်ယူနိုင်ပြီး သူ့ကိုအားအင်ပြန်လည် ဖြည့်တင်းပေးနိုင်သဖြင့် သူသည် ကြောက်မက်ဖွယ် အမြန်နှုန်းကြီးဖြင့် ပြေးလွှားနေနိုင်သည်။ သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားမှာ အလွန်အံ့သြဖွယ်ကောင်းပြီး တည်နေရာရွှေ့ပြောင်းမှုပါ ပြုလုပ်နိုင်သဖြင့် သူ့ကိုအချိန်တိုအတွင်းသတ်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။

မျက်နှာပေါ်တွင် မွေးရာပါ အနီရောင် အမှတ်အသားပါရှိသော အဘိုးကြီးမှာ ပိုင်မျိုးနွယ်စုဝင်များအတွက် လျှို့ဝှက်ဆန်းကြယ်မှုကြီး တစ်ခု ဖြစ်နေတော့သည်။ သူသည် စွမ်းအားကြီးမှော်ပစ္စည်းများနှင့်ပင် ကြိမ်ဖန်များစွာ တိုက်ခိုက်ခံရပါသော်လည်း သွေးတစ်ပွက်ပင် မအန်သေးပေ။

ထို့ကြောင့် ပိုင်ရှောင်ချန်းမှာ အပေါက်ဝနားအနီးသို့ တဖြည်းဖြည်းချင်း နီးကပ်လာတော့သည်။

မျိုးနွယ်စု အကြီးအကဲများမှာ စိုးရိမ်စပြုလာပြီဖြစ်ပြီး စုပေါင်းတိုက်ကွက်တစ်ခုထုတ်လိုက်ကြသဖြင့် ထောင်ခန်းတစ်ခုလုံးတွင် တဂျုန်းဂျုန်းမြည်ဟည်းသံများဖြင့် ဆူညံသွားရတော့သည်။ စွမ်းအားကြီး အငွေ့အသက်များ ထွက်ပေါ်လာပြီး ရောင်စုံအလင်းတန်းများမှာ အရပ်မျက်နှာပေါင်းစုံသို့ ဖြာထွက်သွားတော့သည်။ သို့သော်လည်း ပိုင်ရှောင်ချန်းကမူ သရဲကြီးဘုရင်ကို ဒိုင်းကာအဖြစ် ဆက်လက်အသုံးပြုနေဆဲဖြစ်သဖြင့် ဘုရင်ကြီးမှာ တချိန်လုံး ကျိန်ဆဲနေတော့သည်။

” မင်းအသေဆိုးနဲ့ကိုသေမှာ ပိုင်ဟောက်။ တစ်ရက်ရက်ကြရင် ဝဋ်ပြန်လည်လိမ့်မယ်ဟေ့ ”
သရဲကြီးဘုရင်မှာ ငိုချင်နေပါသော်လည်း မျက်ရည်များထွက်မလာပေ။ သူ၏ဆံပင်ရှည်များမှာ ဖွာလန်ကျဲနေပြီဖြစ်ပြီး အဝတ်အစားများမှာလည်း စုတ်ပြဲနေပြီဖြစ်သည်။ ယခု သူ့မှာ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ ဂုဏ်သိက္ခာများ လုံးလုံးမကျန်တော့ပေ။ သူ၏ အရေပြားပေါ်တွင် အရှိုးရာများနှင့် အညိုအမဲများစွဲနေသည်ကိုပင် မြင်နေရပြီ ဖြစ်သည်။

ဤခန္ဓာကိုယ်သည် သူ၏ခန္ဓာကိုယ်အစစ်ဖြစ်ပြီး သူက နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူဖြစ်နေပါသော်လည်း သူ၏ခန္ဓာကိုယ်မှာ ထာဝရ မပျက်စီးနိုင်ဟု ယူဆ၍မရပေ။ သို့သော်လည်း ဤသို့သော အခြေအနေမျိုးတွင်မူ အသေသတ်နိုင်မှာ အလွန်ခဲယဥ်းသည်။ နတ်အဆင့်ကျင့်ကြံသူများမှလွဲ၍ အခြားပြိုင်ဘက်များ၏ တိုက်ကွက်များမှာ သူ့အတွက်မူ ခြင်ကိုင်သလောက်ပင် မနာပေ။ သူ့ကို အချိန်အတော်အတန်ကြာအောင် မောပန်းနွမ်းနယ်အောင် လုပ်နိုင်မှသာ သူ့ကိုအသေသတ်နိုင်မည်ဖြစ်သည်။

သူ၏နှလုံးသားထဲတွင် လောင်ကျွမ်းနေသည့် မီးတောက်များမှာ ပူလောင်လွန်းနေပြီ ဖြစ်သဖြင့် မြေအောက်မြစ်ရေများပင် ငြှိမ်းသက်နိုင်တော့မည်မဟုတ်ပေ။ သူ၏ စိတ်နှလုံးအတွင်းရှိ ပူဆွေးသောကများမှာလည်း အလွန်ကြီးမားနေပြီ ဖြစ်သည်။ သူသည် သက်တမ်းကြာရှည်စွာ နေထိုင်ခဲ့ပြီးပြီဖြစ်ပြီး အရာရာတိုင်းကို ကြံ့ကြံ့ခံနိုင်ပါသော်လည်း ဤအကြိမ်တွင်မူ အမှန်တကယ်ငိုချလိုက်ချင်နေပြီဖြစ်သည်။

ယခုတွင် သူသည် မျိုးရိုးရှစ်ဆက်တိတိ စုစည်းလာခဲ့သည့် ကံကြမ္မာဆိုးများ၏ ထုထောင်းမှုကို ခံနေရသည့်အလား ခံစားနေရတော့သည်။ ဤပိုင်ဟောက်ဆိုသည့် ကောင်နှင့် သူကြုံတွေ့မိလိုက်သည့်အတွက် သူခံစားနေရသည့် အရှက်တရားများမှာ ဖော်ပြ၍ပင် မရနိုင်တော့ချေ။ ထို့နောက် သူက သူ၏ မူလအကြံဟောင်းကို ပြန်လည်တွေးမိလိုက်တော့သည်။ ထိုအကြံမှာ မိစ္ဆာအကျဥ်းထောင်ထဲတွင် ရက်အနည်းသာ ထပ်မံ ပုန်းအောင်းကာ သူ၏ ဆုတ်ယုတ်အချိန်အပိုင်းအခြားပြီးသွားပါက အရေခွံလဲလိုက်သည့် ပုစဥ်းရင်ကွဲတစ်ကောင်အလား အပြင်သို့ ပြန်လည်ထွက်ပေါ်လာရန်ဖြစ်သည်။

မျိုးနွယ်စုကြီးသုံးခုက သူ့ကို ထိုဖြစ်စဥ်မပြီးခင်တွင် ရှာတွေ့သွားလျှင်တောင်မှ ကျောက်လိပ်ကြီး၏ မန္တန်အစီအရင်ကြောင့် သူတို့မှာ သူ့ကိုအနိုင်ယူနိုင်မည် မဟုတ်ပေ။ ထိုအကြောင်းအရင်းများကြောင့် သူက ထိုမျိုးနွယ်စုကြီးသုံးခုကို တချိန်လုံး အထင်သေးသော အကြည့်များဖြင့်ကြည့်ကာ အချိန်များကုန်ဆုံးသွားသည်နှင့်အမျှ သူတို့၏ အကြောက်တရားများ တိုးပွားလာသည်ကို သူက တစိမ့်စိမ့်နှင့် ထိုင်ကြည့်ရန် ဆုံးဖြတ်ထားသည်။ အစမှအဆုံးထိ အရာအားလုံးမှာ သူ၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေခဲ့သည် ဖြစ်သည်။

သူ၏ မျှော်လင့်ချက်များနှင့် ယုံကြည်ချက်များမှာ ကြီးမားလွန်းလှသဖြင့် ဤအခြေအနေကို နန်းမြို့တော်ရှိ သူ၏သမီးကိုပင် အကြောင်းမကြားထားပေ။

သူသည် စိတ်ဝင်စားစရာ ကောင်းသည့် အရာများကိုမလုပ်ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်၍ ဤကစားပွဲလေးကိုကစားရန် အလွန်စိတ်အားထက်သန်နေခဲ့သည်။

သို့သော် သူ၏ကစားပွဲမှာ ဤသို့ဖြစ်သွားလိမ့်မည်ဟု သူက လုံးဝမထင်ထားမိပေ။

” ဒီလို ဖြစ်နေရမှာ မဟုတ်ဘူးလေကွာ ”
သူက စိတ်ပျက်လက်ပျက် ညည်းညူနေတော့သည်။ သူ၏နှလုံးသားကို နောင်တများက ဖုံးလွှမ်းထားပြီ ဖြစ်သည်။ သူသည် အရာအားလုံးကို အသေးစိတ်စီစဥ်ခဲ့သည်ဖြစ်ပြီး အမှားအယွင်းမရှိစွာ ပြင်ဆင်ခဲ့သည် မဟုတ်ပါလော။ ဤသို့ ဖြစ်ပျက်သွားလိမ့်မည်ဟု သူက လုံးဝမထင်ထားမိပေ။ သူ၏ကစားပွဲထဲရှိ နယ်ရုပ်လေးတစ်ရုပ်က သူစီစဥ်ထားသမျှအရာအားလုံးကို ဖျက်ဆီးရန် ကြံစည်နေသည် မဟုတ်ပါလော။

သူ့ကို ဟိုဟိုသည်သည် ရွှေ့ကာ နတ်ဘုရားစွမ်းရည်များနှင့် မှော်ပစ္စည်းများထံမှ ကာကွယ်ရန်အသုံးပြုနေသည်ကို သူက ငြိမ်ခံနေရတော့သည်။ သူ၏နားထဲတွင် တအုန်းအုန်းမြည်ဟည်းသံများဖြင့် ဆူညံနေပြီး သူ၏နှလုံးသားထဲတွင် ယူကြုံး၍မရသော ဝမ်းနည်းမှုများဖြင့် ဖုံးလွှမ်းနေတော့သည်။

” ငါ လက်မခံနိုင်ဘူးဟေ့ ”
သူက နီမြန်းနေသည့် မျက်ဝန်းများဖြင့် စိတ်ထဲတွင် ညည်းထွားလိုက်တော့သည်။ သို့သော် ယခုတွင်မူ သူ ဘာမှ မတတ်နိုင်ချေ။ သူက လျှို့ဝှက်စွာဖြင့် မန္တန်အစီအရင်ကို အဆက်အသွယ်လုပ်ခဲ့သေးပါသော်လည်း မည်သည့်တုံ့ပြန်မှုမှ ပြန်မရသဖြင့် ပို၍ စိတ်ပျက်လာတော့သည်။

သရဲကြီးဘုရင်မှာ မျှော်လင့်ချက်ကင်းမဲ့နေစဥ်တွင် ပိုင်ရှောင်ချန်းမှာ သွေးတစ်ပွက်အန်လိုက်တော့သည်။ သူ၏ ကျန်ရှိနေသေးသော ကိုယ်ပွားနှစ်ခုမှာ ပျက်စီးသွားပြီဖြစ်၍ အလင်းမှုန်နှစ်မှုန်အသွင်ပြောင်းကာ သူ့ထံသို့ ပြန်လာနေကြပြီဖြစ်သည်။ သူ၏ အပြင်ခန္ဓာကိုယ်မှာ သန်မာပါသော်လည်း သူ၏ ဒဏ်ရာများကမူ ပြင်းထန်နေပြီ ဖြစ်သည်။ သို့သော်လည်း သူသည် ပိုင်မျိုးနွယ်စုက သူ့ထံသို့စေလွှတ်နေသည့် တိုက်ကွက်အားလုံးကို ထိုးဖောက်နေနိုင်ဆဲပင်။

ထို့နောက် လျှက်တစ်ပြက်အတွင်း သူနှင့်အတူ လိပ်ကလေးနှင့် သရဲကြီးဘုရင်တို့မှာ ထောင်ခန်း၏ ပင်မအပေါက်ဝအပြင်သို့ ဖောက်ထွက်သွားနိုင်တော့သည်။

သူ၏နောက်တွင်မူ ဒေါသတကြီးအော်ဟစ်သံများမှာ ပဲ့တင်ထပ်နေတော့သည်။ မျိုးနွယ်စုခေါင်းဆောင်နှင့် အကြီးအကဲများမှာ လက်လျှော့ရန် ဆန္ဒမရှိသေးသည်ကို အထင်အရှားမြင်နိုင်သည်။ ပိုင်ရှောင်ချန်း မသေခင်အထိ သူတို့က ရပ်တန့်လိုက်မည်မဟုတ်ပေ။

” မင်းဒီနေရာက လွတ်ရင်လွတ်နိုင်မယ် ” မျိုးနွယ်စုခေါင်းဆောင်က အော်ဟစ်လိုက်သည်။
” ဒါပေမဲ့ အခု မျိုးနွယ်စုသုံးခုက သရဲကြီးမြို့တော်ကို ထိန်းချုပ်ထားတာကွ။ မင်းဒီမြို့ထဲကနေ ပြေးမထွက်နိုင်ပါဘူးကွာ”

ယခုတွင် ပိုင်ရှောင်ချန်းမှာ မိစ္ဆာအကျဥ်းထောင်၏ ထွက်ပေါက်ဆီသို့ ဦးတည်နေပြီ ဖြစ်သည်။

အနည်းငယ်ကြာသောအခါ သူ၏နောက်တွင် မျိုးနွယ်စုခေါင်းဆောင်နှင့် အကြီးအကဲများ ပေါ်ထွက်လာပြီး သူ့ကို လိုက်ဖမ်းလိုက်ကြတော့သည်။

ပိုင်ရှောင်ချန်းမှာ နှလုံးခုန်သံများ မြန်နေပြီဖြစ်ပြီး သူ၏အငွေ့အသက်များမှာလည်း ယောက်ယက်ခတ်နေပြီ ဖြစ်သည်။ သို့သော် သူစိတ်ပူနေသည်မှာ သူ၏ ပြင်းထန်သောဒဏ်ရာများကို မဟုတ်ပဲ ဤထောင်ထဲမှ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာသွားရန်ကိုပင် ဖြစ်သည်။ သူသာ မထွက်နိုင်ပါက မန္တန်အစီအရင်ကို လိပ်ကလေးက မထိန်းချုပ်နိုင်တော့သည့်အချိန်တွင် ပထမဆုံး သရဲကြီးဘုရင်က သူ့ကို သတ်မည်သာ ဖြစ်သည်။

ယခုတွင် သရဲကြီးဘုရင်မှာ မျက်လုံးများကို မှိတ်ထားသဖြင့် သူသည် ကျောက်လိပ်၏ မန္တန်အစီအရင်နှင့် အဆက်အသွယ်ပြုလုပ်ရန် ကြိုးစားနေသည်ကို သိနိုင်ပေသည်။ ပိုင်ရှောင်ချန်းမှာမူ ပို၍စိုးရိမ်လာသဖြင့် ရုတ်တရက် နောက်ထပ်တစ်ခေါက် ပါးရိုက်လိုက်ပြန်သည်။

” ကျုပ် ခင်ဗျားကို သတိပေးမယ်နော် ”
သူက ကြောက်မက်ဖွယ် အသံကြီးဖြင့် အော်ပြောလိုက်သည်။
“ ကျုပ်ကို ဒီလို အကျပ်ကိုင်နေရင် သူတို့ကို ခင်ဗျား ဘယ်သူလဲဆိုတာကို ပြောပြလိုက်မယ် ”

ထိုအခါ သရဲကြီးဘုရင်မှာ မျက်လုံးများ ဖျတ်ခနဲပွင့်သွားပြီး ပိုင်ရှောင်ချန်းကို စိုက်ကြည့်လိုက်တော့သည်။ သူ၏ အသက်ရှူနှုန်းများ မြန်ဆန်လွန်းနေသဖြင့် ရင်ဘတ်ကြီးတစ်ခုလုံး ပေါက်ကွဲတော့မည့်အလားပင်။ သို့သော် သူသည် ဆက်၍ တောင့်ခံထားရဦးမည်သာ ဖြစ်သည်။ ယခုတွင် သူ့အတွက် အခြားရွေးချယ်စရာ မကျန်တော့သည် မဟုတ်ပါလော။

ပိုင်ရှောင်ချန်းမှာ လေပေါ်တွင် ပျံသန်းနေသည်။ ကံကောင်းသည်မှာ သူသည် မိစ္ဆာအကျဥ်းထောင်ကို ရင်းရင်းနှီးနှီး သိနေသဖြင့် မြောက်များစွာသော လှိုင်ခေါင်းများကို လျင်မြန်စွာ ကျော်ဖြတ်ကာ ထွက်ပေါက်ဆီသို့ ရောက်သွားတော့သည်။ သူအပြင်သို့ မထွက်မီတွင် လိပ်ကလေးမှာ မျက်နှာပျက်သွားတော့သည်။

” ငါ မထိန်းချုပ်နိုင်တော့ဘူး ”
သူက အော်ဟစ်၍ သတိပေးလိုက်လေသည်။ ထိုအခါ သရဲကြီးဘုရင်မှာ တုန်ရီသွားပြီး သူ၏မျက်ဝန်းများမှာ လင်းလက်စွာ တောက်ပလာတော့သည်။ မန္တန်အစီအရင် နိုးထလာနေသည်ကို သူကအာရုံခံနိုင်လိုက်ပြီး ကျောက်လိပ်ရုပ်ထုကြီးတစ်ခုလုံးမှာ တုန်ရီစပြုလာတော့သည်။ သူတို့၏ နောက်ရှိ မျိုးနွယ်စုခေါင်းဆောင်နှင့် အကြီးအကဲများမှာ မျက်နှာပျက်သွားကြတော့သည်။

သရဲကြီးဘုရင်ကမူ ပို၍စိတ်လှုပ်ရှားလာပြီး မန္တန်အစီအရင်နှင့် ချိတ်ဆက်ရန်ပြင်လိုက်ချိန်တွင် ရုတ်တရက် ပိုင်ရှောင်ချန်းမှာ ထိုလူကို သတိမေ့မျောအောင် ရိုက်နိုင်မည်မဟုတ်ကြောင်း သိလိုက်သဖြင့် သူ၏ထည့်စရာအိတ်ထဲသို့ လက်နှိုက်ကာ ကာမအားတိုးဆေးလုံးများကို လက်တစ်ဆုပ်စာခန့် ထုတ်ယူလိုက်တော့သည်။

သရဲကြီးဘုရင်၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှု အရိပ်အယောင်များ ယှက်သန်းလာချိန်တွင် ပိုင်ရှောင်ချန်းက ထိုဆေးလုံးများကို သူ၏ပါးစပ်ထဲသို့ ပစ်ထည့်လိုက်တော့သည်။

” မင်း… ”
သရဲကြီးဘုရင်မှာ မည်သည့်နည်းနှင့်မျှ ပြန်၍ မတိုက်ခိုက်နိုင်ချေ။ ထိုဆေးလုံးများက သူ၏ပါးစပ်ထဲသို့ ဝင်သွားသည်နှင့် အရည်ပျော်ကျသွားသဖြင့် ဆေးအာနိသင်များမှာ ချက်ချင်းပင် ထွက်ပေါ်လာကြတော့သည်။ လက်ရှိတွင် သရဲကြီးဘုရင်၏ ကျင့်ကြံခြင်းအခြေခံမှာ အလွန်အမင်း အားနည်းနေသဖြင့် ဆေးအာနိသင်များကို မထိန်းချုပ်နိုင်တော့ပေ။ သူ၏စိတ်ထဲတွင် တဂျုန်းဂျုန်းမြည်ဟည်းသံများဖြင့် ပြည့်နှက်သွားပြီး ချက်ချင်းပင် မန္တန်အစီအရင်နှင့် အဆက်အသွယ်ပျက်သွားတော့သည်။

သူက ပြန်လည်ချိတ်ဆက်ချင်ပါသော်လည်း သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ပျံ့နှံ့နေသည့် အပူလှိုင်းများက သူ၏အတွေးများကို ရိုက်ခတ်နေသဖြင့် အသိစိတ်မလွတ်ရန်ပင် မနည်းထိန်းချုပ်နေရတော့သည်။ သို့သော် သူ့ကိုယ်သူပြန်လည်ထိန်းချုပ်ရန် ရူးသွပ်စွာကြိုးစားလိုက်ပြီး မန္တန်အစီအရင်နှင့် ထပ်မံ ချိတ်ဆက်ရန် ပြင်လိုက်သည်။ ထိုအခါ ကျောက်လိပ်ကြီးဆီမှ ချက်ချင်းပင် စွမ်းအင်များထွက်ပေါ်လာပြီး နေရာတိုင်းတွင် ဖိအားများကျဆင်းလာသဖြင့် ပိုင်မျိုးနွယ်စုကျင်ကြံသူများမှာ အန္တရာယ်ကြီးတစ်ခုနှင့် ကြုံတွေ့လိုက်ရသည့်အလား ခံစားလိုက်ရတော့သည်။

သို့သော် ပိုင်ရှောင်ချန်း၏ ကာမအားတိုးဆေးများမှာ အစွမ်းထက်လွန်းလှသည်ဖြစ်ပြီး သရဲကြီးဘုရင်မှာ ဆေးလုံးများစွာကို စားလိုက်ရသည် မဟုတ်ပါလော။ ခဏအကြာတွင် သူ၏မျက်နှာမှာ နီမြန်းလာပြီး တစ်ကိုယ်လုံး သိသိသာသာ တုန်ရီလာတော့သည်။ အချိန်အနည်းငယ်မျှ ကုန်ဆုံးသွားပြီး သူနှင့် မန္တန်အစီအရင်ကြားရှိ ချိတ်ဆက်မှုကြိုးလေးမှာ အလွန်သေးငယ်နေပြီ ဖြစ်သော်လည်း ပြတ်တော့မပြတ်သေးပေ။

သို့သော်လည်း ပိုင်ရှောင်ချန်းမှာ အချိန်တစ်ခဏသာ လိုသည် မဟုတ်ပါလော။ သူက အော်ဟစ်ကာ ရှိသမျှအားအကုန်ထုတ်ရင်း ရှေ့သို့ လျင်မြန်စွာပြေးသွားပြီး ကျောက်လိပ်ကြီး၏ ဘယ်ဖက်မျက်လုံးထဲမှ ထွက်ကာ ကျုံးထဲသို့ ရောက်သွားတော့သည်။

ထိုအချိန်တွင် သရဲကြီးဘုရင်မှာ သူ၏ ဖော်ပြ၍မရနိုင်လောက်အောင် အစွမ်းထက်သည့် ထိန်းချုပ်နိုင်စွမ်းများကိုသုံးကာ သူ၏ခန္ဓာကိုယ်ထဲရှိ မီးတောက်ကြီးကို ထိန်းချုပ်လိုက်တော့သည်။ သူနှင့် မန္တန်အစီအရင်ကြားရှိ ချိတ်ဆက်မှုကို မြဲမံစွာ ဆုပ်ကိုင်လိုက်ပြီး မန္တန်အစီအရင်ကို ဖွင့်လိုက်တော့သည်။ သို့သော်… ပိုင်ရှောင်ချန်းက လိပ်၏မျက်လုံးထဲမှ အပြင်သို့ရောက်သွားသောအခါ မန္တန်အစီအရင်၏ မြင့်တက်နေသော စွမ်းအင်များမှာ ကွယ်ပျောက်သွားတော့သည်။

” မဖြစ်ဘူး ”
သရဲကြီးဘုရင်က သူ၏ရှေ့တွင် ပျောက်ကွယ်သွားသည့် မျှော်လင့်ချက်များကိုကြည့်ကာ စိတ်ပျက်လက်ပျက် အော်ဟစ်လိုက်တော့သည်။ သူ၏ပါးစပ်မှ ထိုစကားသံများထွက်လာသောအခါ ပိုင်ရှောင်ချန်းမှာ သူ့ကို ဒေါသတကြီး လှမ်းကြည့်ကာ ပါးရိုက်လိုက်ပြန်သည်။

” ပါးစပ်ပိတ်ထားစမ်း ”

” ငါမင်းကိုသတ်မယ် ပိုင်ဟောက် ”
သရဲကြီးဘုရင်က အော်ဟစ်လိုက်တော့သည်။
” မင်းကိုသတ်မှာလို့ ပြောနေတာကိုကြားလား။ မင်းတော့အသေပဲ။ အားး ”

ထိုအခါ ပိုင်ရှောင်ချန်းက ဖြန်းခနဲမြည်အောင် သူ့ကိုထပ်မံ ရိုက်နှက်လိုက်တော့သည်။

” ငါ့ကိုမရိုက်နဲ့.. မင်း… ”

“ ဖြန်း…ဖြန်း…ဖြန်း…ဖြန်း… “
ပိုင်ရှောင်ချန်းမှာ သူ့ကိုရှစ်ကြိမ်တိတိ ဆင့်ကာ ရိုက်ချလိုက်သဖြင့် အဆုံးတွင် သူ၏ပါးစပ်အစွန်းမှ သွေးများပင်စီးကျလာတော့သည်။ ဤသို့သော အနိုင်ကျင့်မှုကို တောင့်ခံရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိသဖြင့် သရဲကြီးဘုရင်မှာ အောက်နှုတ်ခမ်းကိုကိုက်ကာ စကားဆက်မပြောတော့ပေ။

ယခုလက်ရှိ ပိုင်ရှောင်ချန်း၏ပုံစံမှာ ထောင်ခန်းထဲမှ ဖောက်ထွက်ရန်ကြိုးစားခဲ့သည့် ပိုင်ရှောင်ချန်းထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းနေသည်။ ဤအချိန်တွင်မူ သူ့အသွင်က မိစ္ဆာဝိညာဥ်တစ်ကောင်နှင့်ပင် တူနေပြီဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset