ပိုင်ရှောင်ချန်းမှာ ထိုသို့သော ရင်ခုန်ဖွယ်ကောင်းသည့် ဖြစ်ရပ်ကြီးကြောင့် စိတ်လှုပ်ရှားလွန်းနေသဖြင့် သရဲကြီးဘုရင်၏ ခြိမ်းခြောက်စကားများကို ကြားလိုက်ရသောအခါ သူက ဒေါသတကြီး ပြန်ေအာ်ဟစ်လိုက်တော့သည်။
” ကျုပ်ကို ခြိမ်းခြောက်နေတုံးပဲလား။ အတင့်ရဲလှပါလားကွ။ ကျုပ်ကို ဖိအားတွေ လာမပေးနဲ့နော်။ ကျုပ် မိစ္ဆာအကျဥ်းထောင်က နံပါတ်တစ် အမှောင်စစ်ဆေးရေးမှူး။ ကျုပ်စိတ်ဆိုးလာလို့ရှိရင် ကျုပ်ကိုယ်ကျုပ်တောင် ပြန်ကြောက်နေရတာ ”
ထို့နောက် သူ၏ထည့်စရာအိတ်ပေါ်သို့ လက်တင်ကာ ကာမအားတိုးဆေးလုံး ထုတ်သင့်၊ မထုတ်သင့် စဥ်းစားလိုက်တော့သည်။
ပိုင်ရှောင်ချန်း၏ မျက်ဝန်းထဲရှိ ဒေါသများကို သရဲကြီးဘုရင်က သတိထားမိလိုက်သောအခါ တုန်လှုပ်သွားတော့သည်။ ထို့နောက် ပိုင်ရှောင်ချန်းမှာ အမှောင်စစ်ဆေးရေးမှူးတစ်ယောက်ဖြစ်ကြောင်းကို ထောင်ထဲတွင် ကြားဖူးခဲ့သည်ဖြစ်ရာ သူ၏နှလုံးသားထဲတွင် အမုန်းတရားများက ကြီးစိုးလာတော့သည်။ သူသည် မြင့်မြတ်ထူးကဲကာ ဂုဏ်ကျက်သရေအပေါင်းနှင့် ပြည့်စုံလှသည့် နတ်ဘုရားတစ်ပိုင်းအဆင့် သရဲကြီးဘုရင် ဖြစ်နေသည် မဟုတ်ပါလော။ ဤသို့သော မလောက်လေးမလောက်စားကောင်လေးက သူ့ကိုနှိပ်စက်ရန် ခြိမ်းခြောက်နေသည့်အချက်ကြောင့် သူက ဒေါသတကြီးနှင့် အံကြိတ်နေရတော့သည်။ သို့သော် သူက ကြိုးစား၍ စိတ်ကိုတည်ငြိမ်အောင် ပြန်ထိန်းနိုင်လိုက်သည်။
” မင်းဘာလိုချင်တာတုံး ပိုင်ဟောက်။ ငါ့ကိုပြောကွာ။ ပြောသာပြော။ မဟုတ်မှလွဲရော ပိုင်မျိုးနွယ်စုကို မင်းပုန်ကန်တယ်ဆိုတာက အသေးစိတ်ပြင်ဆင်ထားတဲ့ အကြံအစည်တစ်ခုများလား။ ”
သရဲကြီးဘုရင်က သူ၏ ဒေါသကို ကောင်းကောင်းထိန်းချုပ်ထားနိုင်သဖြင့် သူ၏စကားသံများထဲတွင် ခြိမ်းခြောက်နေသည့် လေသံ မပါတော့ချေ။ သူက စကားပြောရင်း ပိုင်ရှောင်ချန်း၏ လက်ဝါးကိုကြည့်ကာ နောက်ထပ်တစ်ခေါက်ပါးရိုက်ခံရမည်ကို စိုးထိတ်နေတော့သည်။
” ချီးကို အကြံအစည်ပါ့လားဗျ။ ဒီမှာနားထောင်စမ်း သရဲကြီးဘုရင်။ ကိုယ်တော်ပိုင်လိုချင်တာက ”
သို့သော် သူ၏စကားပင် မဆုံးခင်တွင် အမှတ်လေးထောင်ခန်းမှာ ရုတ်တရက် တုန်ရီသွားပြီး ဝင်ပေါက်ကို တစ်ယောက်ယောက်က ချိုးဖွင့်နေသည့်အလား ပြင်းထန်စွာ တုန်ခါသွားတော့သည်။
ပိုင်ရှောင်ချန်းက ဝင်ပေါက်ကို လှမ်းကြည့်လိုက်ပြီး မျက်နှာပျက်သွားတော့သည်။ ထို့နောက် နောက်ထပ် အသံကျယ်ကြီးတစ်သံ အုန်းခနဲပေါ်ထွက်လာပြီး ဝင်ပေါက်မှာ ကျိုးပျက်သွားကာ လူရိပ်များစွာက ပျံသန်း၍ ဝင်လာကြတော့သည်။
ထို့နောက် တုဖက်ကင်းလောက်အောင် အမုန်းတရားများနှင့် ပြည့်နှက်နေသည့် အော်သံကြီးတစ်သံ ပေါ်ထွက်လာတော့သည်။
” ပိုင်ဟောက်… မင်းသေဖို့အချိန်ကျပြီ ”
ထိုအသံပိုင်ရှင်မှာ ပိုင်မျိုးနွယ်စုခေါင်းဆောင်ပင်ဖြစ်သည်။ သူ၏ ဘေးနှစ်ဖက်တွင်လည်း ပင်မသွေးမျိုးဆက်မှ ကျင့်ကြံသူများစွာ ပါဝင်နေသည်။
ပိုင်ရှောင်ချန်းမှာ မျက်နှာပျက်နေစဥ် လိပ်ကလေးက သတင်းတစ်ခု ပို့လိုက်လေသည်။
” ဒီရတနာကိုယူပြီး ထွက်ပြေးတော့။ သူတို့ရောက်လာတာက ငါထင်ထားတာထက် ပိုပြီး မြန်နေတာပဲ။ ငါလိပ်ကိုယ်တော်က မန္တန်အစီအရင်ကို အပြည့်အဝ မထိန်းချုပ်နိုင်ဘူး ”
ပိုင်ရှောင်ချန်းမှာ စိတ်တည်ငြိမ်စေရန် အသက်ပြင်းပြင်းရှူလိုက်တော့သည်။ သူ၏ မျက်ဝန်းမှာ ရေခဲတမျှ လင်းလက်သွားပြီး တွေဝေမနေတော့ပဲ သရဲကြီးဘုရင်ကို လည်ပင်းမှ ဆွဲကာ ထွက်ပြေးရန် ပြင်လိုက်တော့သည်။
” ငါ့ကို အမိန့်ပေးဆွဲပြားပေးစမ်း ဟေ့ကောင် ” လိပ်ကလေးက အော်ပြောလိုက်သည်။
” အမယ်လေး။ ဒီကောင်တွေကများ ငါတို့ ငွေညှစ်နေတာကို လာနှောင့်ယှက်လိမ့်မယ်လို့ မထင်ထားမိဘူး။ ငါလိပ်ကိုယ်တော်က ထောင်ခန်းတွေအကုန်လုံးဖွင့်ပြီး မင်းတို့ကို ဒုက္ခရောက်အောင် လုပ်ပြမယ်ကွ ”
” မလုပ်နဲ့ ” ပိုင်ရှောင်ချန်းက ထိတ်လန့်စွာ ပြန်ပြောလိုက်သည်။
“ မင်းထောင်ခန်းတွေကိုဖွင့်ပြီး အကျဥ်းသားတွေကို လွှတ်ပေးလိုက်ရင် သူတို့က ပိုင်မျိုးနွယ်စုကိုပဲ တိုက်ခိုက်မှာမဟုတ်ဘူး။ ငါ့ကိုပါ လိုက်ဖမ်းကြမှာ ”
အမှောင်စစ်ဆေးရေးမှူး ပိုင်ရှောင်ချန်းမှာ ထောင်ခန်းများထဲရှိ အကျဥ်းသားများစွာကို စစ်မေးခဲ့သည်ဖြစ်၍ သူတို့အများစုမှာ သူ့ကို အရိုးထဲကနေ၍ မုန်းတီးနေကြသည် မဟုတ်ပါလော။
ပိုင်ရှောင်ချန်း၏ စကားကြောင့် လိပ်ကလေးမှာ ဘာဆက်ပြောရမှန်း မသိလောက်အောင် ဆွံ့အသွားတော့သည်။ ထိုစဥ် ပိုင်ရှောင်ချန်းမှာ သရဲကြီးဘုရင်ကို တင်းကြပ်စွာဆုပ်ကိုင်ကာ ခေါင်းတခါခါဖြင့် ရှေ့သို့ပြေးသွားတော့သည်။
” ငါပုန်းလို့မရမှတော့ တိုက်ခိုက်ရတော့မှာပေါ့ ” ပိုင်ရှောင်ချန်းမှာ အော်ဟစ်လိုက်ပြီး သူ၏ကိုယ်ပွားလေးခုကို ဆင့်ခေါ်လိုက်သဖြင့် ပုံရိပ်ယောင်များ ထွက်ပေါ်လာတော့သည်။ တချိန်ထဲမှာပင် သူသည် အဆင့်ဆယ့်လေးအထိ စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားသော မှော်ပစ္စည်းများစွာကို ထုတ်ယူလိုက်တော့သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံ စွမ်းအားများနှင့်ပေါင်းစပ်လိုက်သောအခါ သူ၏တန်ခိုးအစွမ်းမှာ ကြောက်ခမန်းလိလိ မြင့်တက်သွားတော့သည်။
ထစ်ချုန်းသံများမြည်ဟည်းလာပြီး ခပ်လှမ်းလှမ်းရှိ ပိုင်မျိုးနွယ်စုဝင်များမှာ ပိုင်ရှောင်ချန်းကို တွေ့သွားကြတော့သည်။ မျိုးနွယ်စုခေါင်းဆောင်၏ မျက်လုံးများမှာ နီမြန်းသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။ သူ၏ ဘေးနှစ်ဖက်တွင် ယင်ယန်ဝိညာဥ်အဆင့်တွင်ရှိကြသော မျိုးနွယ်စုအကြီးအကဲ ငါးယောက်အပြင် အမြုတေအဆင့် ကျင့်ကြံသူများစွာ ရှိနေသည်။
” သေချိန်တန်ပြီ ပိုင်ဟောက် ”
သူက ချင်ချင်းပင် အရှိန်မြင့်လိုက်ပြီး ပိုင်ရှောင်ချန်းထံသို့ ပြေးဝင်သွားကာ အော်ဟစ်လိုက်တော့သည်။
ဤအခြေအနေမှာ သေရေးရှင်ရေးတမျှ အရေးကြီးနေပြီ ဖြစ်ကြောင်းကို ပိုင်ရှောင်ချန်းက သိသဖြင့် အချိန်ကြာမြင့်စွာ တိုက်ခိုက်ရန် မသင့်ကြောင်း ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူက သူ၏အေးစိမ့်ချီနှင့် တောင်ဖြိုသိုင်းတို့ကိုသုံးကာ အမြန်ဆုံးနည်းဖြင့် ရှေ့သို့ပြေးသွားတော့သည်။
လိပ်ကလေးမှာလည်း ဤအခြေအနေက အလွန်အန္တရာယ်ကြီးမားနေကြောင်းကို သိသည်။ သူ၏စိတ်လှုပ်ရှားမှုများကိုချုပ်တည်းလိုက်ပြီး ပိုင်ရှောင်ချန်းနှင့်လိုက်ပါသွားရန် သူ၏ဦးခေါင်းကို အခွံထဲသို့ ပြန်ထည့်လိုက်တော့သည်။
မျက်စိတစ်မှိတ်အတွင်း ပိုင်ရှောင်ချန်းနှင့် ပိုင်မျိုးနွယ်စုမှ တပ်ဖွဲ့များမှာ ဆုံတွေ့သွားကြတော့သည်။
မျိုးနွယ်စုအကြီးအကဲများ ထုတ်လွှတ်လိုက်သည့် နတ်ဘုရားစွမ်းရည်များကို သူ၏ကိုယ်ပွားလေးခုက တာဝန်ယူဖြေရှင်းလိုက်ကြသည်။ တချိန်ထဲမှာပင် ပိုင်ရှောင်ချန်းအစစ်မှာ အစောပိုင်းယင်ယန်ဝိညာဥ်အဆင့်တွင် ရှိသော အကြီးအကဲတစ်ယောက်ကိုဝင်တိုက်လိုက်သဖြင့် ထိုသူမှာ နောက်သို့ မီတာဒါဇင်များစွာ လွင့်ထွက်သွားတော့သည်။
ပိုင်ရှောင်ချန်းကမူ ရပ်တန့်မသွားပဲ ရှေ့သို့သာ ဆက်ပြေးနေတော့သည်။ သူ၏ ကိုယ်ပွားလေးခုမှာ နတ်ဘုရားစွမ်းရည်မျိုးစုံထုတ်ကာ အနီးအနားရှိ အခြားအကြီးအကဲတစ်ယောက်ကိုတိုက်ခိုက်နေတော့သည်။ ထိုစဥ် သူက လည်မျိုဖမ်းဆုပ်ကွက်ကိုသုံးကာ သူ့ထံသို့ပြေးလာနေသည့် ကျင့်ကြံသူတစ်ယောက်၏ လည်မျိုကို ချေမွလိုက်တော့သည်။
မီးတစ်ခတ်စာ အချိန်အတွင်း ရက်စက်ကြမ်းကြုတ်သည့် တိုက်ပွဲကြီးတစ်ခု ပေါ်ထွက်လာတော့သည်။
ပေါက်ကွဲသံများနှင့် တုန်ခါမှုလှိုင်းများမှာ အရပ်မျက်နှာပေါင်းစုံသို့ ပျံ့နှံ့နေပြီး တစ်နေရာလုံး ရှုပ်ယှက်ခတ်နေတော့သည်။
ပိုင်ရှောင်ချန်းက သူ၏အသွင်ပြောင်းထားသော ထာဝရထီးကို ထုတ်ကာ အနီးအနားရှိ ရန်သူတစ်ယောက်၏ ရင်ဘတ်ထဲသို့ စိုက်လိုက်သောအခါ စူးရှသောအလင်းရောင်များ ပေါ်ထွက်လာတော့သည်။ ထိုရန်သူမှာ ပိုင်မျိုးနွယ်စုမှ အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပါသော်လည်း သူ၏သက်စောင့်အားများမှာ ကြောက်မက်ဖွယ်အမြန်နှုန်းကြီးနှင့် စုပ်ယူခံလိုက်ရသဖြင့် တစ်ခဏအတွင်း သူ၏ ကြွက်သားများအပြည့်ရှိသော ခန္ဓာကိုယ်ကြီးမှာ ခြောက်ကပ်သွားရတော့သည်။
ပိုင်ရှောင်ချန်းမှာ ရှေ့သို့ ဆက်ပြေးနေပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အင်းကွက်များ လင်းလက်လာသည်ကို ဘေးနားရှိ ကျင့်ကြံသူများက တပ်အပ်မြင်လိုက်ရတော့သည်။
သူက ဆယ့်လေးရောင်ခြယ်မီးတောက်တစ်ခုကိုပါ ထုတ်ကာ မီးပင်လယ်တစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီး အရာအားလုံးလုံးကို လောင်ကျွမ်းစေလိုက်တော့သည်။ ဤအချိန်တွင် ပိုင်ရှောင်ချန်သည် ကြောက်မက်ဖွယ်အရှိန်အဟုန်ကြီးဖြင့် ရှေ့သို့ချီတက်နေသည့် ကောင်းကင်စစ်သည်တော်တစ်ယောက်နှင့်ပင် တူနေတော့သည်။
တိုက်ပွဲစသည်မှာ တစ်ခဏမျှသာ ကြာသေးသည် ဖြစ်သော်လည်း မည်သည့်အရာနှင့်မှ နှိုင်းယှဥ်၍ မရနိုင်အောင် ခါးသီးစရာကောင်းနေပြီ ဖြစ်သည်။ ပိုင်ရှောင်ချန်း၏ ဆံပင်ရှည်များမှာ ရှုပ်ပွနေပါသော်လည်း သူက အနည်းငယ်ပင် နှေးမသွားပေ။ သူ၏ တစ်ချက်ထဲသော လက်သီးချက်ကြောင့် မျိုးနွယ်စုခေါင်းဆောင်မှာ လွင့်ထွက်သွားရသဖြင့် အခြားမျိုးနွယ်စုဝင်များမှာလည်း တကွဲတပြားဖြစ်ကုန်ကြတော့သည်။ သူနှင့် သူ၏ကိုယ်ပွားလေးခုမှာ စွမ်းအားအကုန်ထုတ်ကာ တိုက်ခိုက်နေကြသည်ဖြစ်ရာ သူတို့၏ လမ်းတစ်လျှောက်ရှိအရာတိုင်းကို မြက်ခြောက်များကိုနှုတ်ယူနေသည့်အလား အလွယ်တကူပင် အနိုင်ယူနေကြတော့သည်။
သူတို့မှာ အပေါ်ယံကြည့်လျှင် အဆင်ပြေနေကြသည်ဟု ထင်နိုင်သော်လည်း အမှန်တွင်မူ ဒုက္ခအကြီးအကျယ်ရောက်နေပြီဖြစ်သည်။ ပိုင်ရှောင်ချန်း၏ ကိုယ်ပွားနှစ်ခုမှာ မျိုးနွယ်စုအကြီးအကဲအချို့ကြောင့် ပျက်စီးလုနီးပါးဖြစ်နေသဖြင့် အလင်းတန်းများအသွင်ပြောင်းကာ ပိုင်ရှောင်ချန်း၏ ခန္ဓာကိုယ်ထဲသို့ ပြန်၍ ပျံဝင်သွားကြတော့သည်။
သူ၏ ခန္ဓာကိုယ်အစစ် ပါးစပ်ထဲမှ သွေးများစီးကျလာသော်လည်း သူက အနည်းငယ်မျှပင် အရှိန်နှေးမသွားပဲ ထွက်ပေါက်ဆီသို့ ဦးတည်ကာ ပြေးနေဆဲပင်။
ထိုမြင်ကွင်းကြောင့် အကျဥ်းသားအားလုံးသာမက ဘေးနားရှိ ပိုင်မျိုးနွယ်စုကျင့်ကြံသူများပါ အံ့အားသင့်နေရတော့သည်။ ပိုင်ရှောင်ချန်းပြသနေသည့် စွမ်းအားများနှင့် ရက်စက်ကြမ်းကြုတ်မှုများမှာ လက်သင့်ခံနိုင်ရန် ခက်ခဲလွန်းနေသည်။ သို့သော် ထိုအချက်များထက် ပို၍ အံ့သြဖို့ကောင်းသည်မှာ သူကိုင်ဆောင်ထားသော ပစ္စည်းများ၏ ကြောက်မက်ဖွယ် အချင်းအရာများပင်ဖြစ်သည်။
” ဘုရားရေ။ အဲ…အဲဒီမှော်ပစ္စည်းကို အဆင့်ဆယ့်လေးအထိ စိတ်စွမ်းအင်အဆင့်မြှင့်ထားတာပါလား ”
” ဒီပိုင်ဟောက်က ဆိုးလှပါလား။ သူ့ရဲ့ သားရေချပ်ဝတ်တန်ဆာကိုတောင် အဆင့်ဆယ့်လေးအထိ မြှင့်တင်ထားတယ် ”
” ဉာဏ်ကြီးရှင်တစ်ယောက်ပဲ။ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်နေတဲ့လူပဲ ဖြစ်ရမယ် ”
” မင်း မလွတ်စေရဘူးဟေ့ ”
မျိုးနွယ်စုခေါင်းဆောင်က ဒေါသတကြီး အော်ပြောလိုက်ပြီး အသေးစားတည်နေရာရွှေ့ပြောင်းခြင်းတစ်ခုကို သုံးကာ သူနှင့် ပိုင်ရှောင်ချန်းအကြားရှိ အကွာအဝေးကို လျှော့ချလိုက်သည်။ မျိုးနွယ်စုအကြီးအကဲများမှာလည်း သူ့ကိုလိုက်ဖမ်းနေကြတော့သည်။
ပိုင်ရှောင်ချန်းမှာ စိုးရိမ်စပြုလာပြီ ဖြစ်သည်။ တစ်ဖက်တွင် သူသည် ရန်သူများထံမှ ဖောက်ထွက်ကာ ထွက်ပြေးရန် ကြံနေသည်ဖြစ်ပြီး အခြားတစ်ဖက်တွင်လည်း သရဲကြီးဘုရင်အသတ်မခံရစေရန် သတိထားနေရသေးသည်။ ပိုင်ရှောင်ချန်း၏ အမြင်တွင် သရဲကြီးဘုရင်သည် သူ့အတွက် နတ်ဝိညာဥ်တစ်ခုလို ဖြစ်နေသဖြင့် အသေမခံနိုင်ပေ။ သို့သော် ထိုလုပ်ငန်းနှစ်ခုကို တပြိုင်နက်ထဲလုပ်ဆောင်ရန်မှာ အလွန်ခဲယဥ်းလွန်းလှသည်။ သူတို့ထံသို့ စေလွှတ်နေသည့် တိုက်ကွက်များအားလုံးထံမှ သရဲကြီးဘုရင်ကို ကာကွယ်ပေးရန်မှာ လုံးဝမဖြစ်နိုင်ပေ။
သို့သော်လည်း သရဲကြီးဘုရင်မှာ တချိန်လုံး စကားတစ်ခွန်းမှ မပြောပေ။ အမှန်မှာ သူသည် ပိုင်ရှောင်ချန်း၏ ရဲစွမ်းသတ္တိနှင့် ရက်စက်မှုများကို သဘောကျအံ့သြနေသည်။ သူ၏ လက်ရုံးရည်အပြည့်အဝကို မျက်ဝါးထင်ထင်မြင်တွေ့နေရသဖြင့် ယခုတွင်မူ သူက အခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည့်အတိုင်းပင်။
သရဲကြီးဘုရင်မှာ စကားတစ်ခွန်းမှ မပြောသည်ကို ပိုင်ရှောင်ချန်းက ထူးဆန်းနေတော့သည်။ ထို့အပြင် သူ့အပေါ်သို့ကျရောက်ခဲ့သည့် တိုက်ကွက်များမှာ သူ၏မျက်နှာကို အနည်းငယ် ဖြူဆုတ်သွားအောင်မှတစ်ပါး အခြားအရာများကို မစွမ်းဆောင်နိုင်ပေ။ သူသည် သွေးအနည်းမှပင် မအန်ရသေးပဲ ဒဏ်ရာလည်း လုံးဝမရသေးပေ။
” သရဲကြီးဘုရင်က နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့် ကြံသူတစ်ယောက်ဆိုတော့.. မဟုတ်မှလွဲရော သူ့မှာ ဝှက်ဖဲတွေများ ရှိနေတာလား။ ”
ပိုင်ရှောင်ချန်းမှာ ဆွံ့အနေပါသော်လည်း ထိုအကြောင်းကို တွေးနေရန် အချိန်မရှိပေ။ ပိုင်မျိုးနွယ်စုအကြီးအကဲလေးယောက်က ယခုလေးတင် တည်နေရာရွှေ့ပြောင်းကာ အနီးသို့ရောက်ရှိလာသည် ဖြစ်ပြီး အော်ဟစ်နေသည့် မိစ္ဆာဝိညာဥ်များဖြင့်ပြည့်နှက်နေသည့် အနက်ရောင်တိမ်တိုက်ကြီးတစ်ခုပုံစံရှိသော နတ်ဘုရားစွမ်းရည်တစ်ခုကို ထုတ်သုံးနေပြီဖြစ်သည်။ ပိုင်ရှောင်ချန်းမှာ မျက်လုံးများ နီမြန်းသွားပြီး ပါးစပ်အဟောင်းသားဖြင့် ထာဝရထီးကို ဖွင့်လိုက်သောအခါ မျက်စိကျိန်းမတတ် အလင်းတန်းများ ထွက်ပေါ်လာပြီး မိစ္ဆာဝိညာဥ်များကို တားမြစ်လိုက်တော့သည်။ ထိုအချိန်တွင် လိပ်ကလေးမှာ ပိုင်မျိုးနွယ်စု အကြီးအကဲများထံသို့ပျံသန်းသွားတော့သည်။
သို့သော် အကြီးအကဲများထဲမှ တစ်ယောက်မှာ ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး လက်ဝါးပုံရိပ်ကြီးတစ်ခုကို ပိုင်ရှောင်ချန်းဆီသို့ စေလွှတ်လိုက်တော့သည်။
ပိုင်ရှောင်ချန်းမှာ ရှည်ရှည်ဝေးဝေး တွေးတောမနေပဲ သရဲကြီးဘုရင်ကို သူ၏ရှေ့သို့ထုတ်ကာ သူ့ကိုယ်သူ ကာကွယ်လိုက်တော့သည်။ ထိုအခါ တဂျုန်းဂျုန်း မြည်ဟည်းသံများ ပေါ်ထွက်လာပြီး ထိုလက်ဝါးကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားကာ ပိုင်ရှောင်ချန်းမှာနောက်သို့ ဒယိမ်းဒယိုင် ဖြစ်သွားတော့သည်။ သရဲကြီးဘုရင်မှာမူ ကျိန်ဆဲချင်နေပါသော်လည်း အံကြိတ်ကာ နာကျင်မှုကို တောင့်ခံနေလိုက်တော့သည်။
” ဒဏ်ရာ မရပါလား ”
ပိုင်ရှောင်ချန်းက တအံ့တသြ ရေရွတ်လိုက်တော့သည်။ ပိုင်မျိုးနွယ်စု ခေါင်းဆောင်မှာလည်း သူ့နည်းတူ အံ့သြသွားသည်။ ထိုအဘိုးကြီးကို ပိုင်ရှောင်ချန်းက သူနှင့်အတူ ဆွဲခေါ်လာနေသည်ကို မျိုးနွယ်စုခေါင်းဆောင်က သတိထားမိသော်လည်း ဂရုမစိုက်ခဲ့ပေ။ သို့သော် ယခုတွင်မူ ထိုအဘိုးကြီးမှာ ထူးခြားကြောင်း သိသွားပြီ ဖြစ်သည်။ ပိုင်ရှောင်ချန်းကိုပင် ဒဏ်ရာရသွားစေနိုင်သည့် ယင်ယန်ဝိညာဥ်အဆင့် ရှိသော တိုက်ကွက်တစ်ခုမှာ ထိုအဘိုးကြီးအတွက်မူ အယားပင် မပြေပေ။ ထိုအဘိုးကြီးမှာ သွေးအနည်းပင် မအန်သည် မဟုတ်ပါလော။
ပိုင်ရှောင်ချန်းမှာ ဝမ်းမြောက်သွားပြီး သူ၏ ထာဝရထီးကို လက်တစ်ဖက်တွင်ကိုင်ကာ အခြားလက်တစ်ဖက်တွင် သရဲကြီးဘုရင်ကို ကိုင်၍ ရှေ့သို့ပြေးထွက်သွားပြန်သည်။ ဤအချိန်တွင်မူ သရဲကြီးဘုရင်သည် ပိုင်ရှောင်ချန်းထံသို့ စေလွှတ်သမျှ နတ်ဘုရားစွမ်းရည်များကို ကာကွယ်ရန် အသုံးပြုနိုင်သော လူသားဒိုင်းကာ တစ်ခု ဖြစ်နေပြီ ဖြစ်သည်။ ပိုင်မျိုးနွယ်စု ကျင့်ကြံသူများအားလုံးမှာ အံ့အားသင့်နေကြတော့သည်။
အဆုံးတွင် သရဲကြီးဘုရင်မှာ သည်းမခံနိုင်တော့ပေ။ သူ၏ အသားများမှာ တဆတ်ဆတ် တုန်ရီနေပြီး ယခင်ကဖြူဆုတ်နေသောမျက်နှာမှာ ယခုတွင် ပြင်းထန်သော အမျက်ဒေါသကြောင့် ညိုမဲနေပြီ ဖြစ်သည်။ သူသည် အသေသတ်ရန် ရည်ရွယ်ကာ ထုတ်လွှတ်ခဲ့သည့် ယင်ယန်ဝိညာဥ်အဆင့် တိုက်ကွက်ဆယ်ကွယ်တိတိကို တောင့်ခံခဲ့ရသည်။ လူသားဒိုင်းကာတစ်ခုကဲ့သို့ အသုံးချခံနေရသည့်အတွက် ခံစားနေရသော ရှက်ရွံ့မှုများကို မထိန်းနိုင်တော့သဖြင့် သူက ကျိန်ဆဲရန် ပြင်လိုက်တော့သည်။