လိပ်ကလေးသည် ရတနာရလိုသောစိတ်ဖြင့် အရူးအမူးဖြစ်နေလေသည်။ ထို့ပြင် သရဲကြီးဘုရင်အစစ်ကား ရှေ့တည့်တည့်ရောက်နေပြီဖြစ်သည်။ သူက ပိုင်ရှောင်ချန်း၏ စကားများကြောင့် ချက်ချင်းပျံလိုက်ပြီး ပိုင်ရှောင်ချန်းကို ဖမ်းကိုင်စေလိုက်သည်။
” မြန်မြန် မြန်မြန်” လိပ်ကလေးက စိုးရိမ်တကြီး ငေါက်ငမ်းလိုက်သည်။
” ဘာတွေ ဖင်လေးနေတာတုန်း ဆန်ကုန်မြေလေးရဲ့။ နတ်ဘုရားတစ်ပိုင်းအဆင့်ကို ရှင်းပစ်ဖို့ အခွင့်အရေးဆိုတာ ရှားရှားပါးပါးပဲ။ မင်းဘာတွေ ဖင်လေးနေတာလဲကွာ။ အန္တရာယ်နဲ့ရင်ဆိုင်ရဲမှ ဆုလာဘ်ဆိုတာ ရမှာပေါ့ကွ။ အခွင့်အရေးကို မယူပဲ မင်းဘယ်လိုလုပ်ကြီးပွားနိုင်မှာတုန်း ”
ပိုင်ရှောင်ချန်းက ခပ်တိုးတိုးရယ်ရင်း ရိုးသားသည့် လေသံပေါက်အောင် ထိန်း၍ ပြောသည်။
” ကျုပ်က ငယ်ငယ်လေးရှိသေးတာလေ။ ဒီလိုမျိုး အတွေ့အကြုံလဲ တစ်ခုမှ မရှိဘူး။ တောင်းပန်ပါတယ် လိပ်ကိုယ်တော်လေးရယ်။ ဗွေမယူပါနဲ့နော် ဆရာ ”
ထို့နောက် သူက သရဲကြီးဘုရင်အစစ်ရှိသည့် အကျဥ်းခန်းထံ သွားလိုက်သည်။
ဤသည်မှာ လိပ်ကလေးအတွက် ပိုင်ရှောင်ချန်း သူ့ကို ပထမဆုံးအကြိမ် အလွန်ယဥ်ကျေးစွာ ပြောသည်ကို ကြားရခြင်း ဖြစ်ပေသည်။ သူ့ကိုယ်သူ အလွန်တရာ ဂုဏ်ယူရင်း နောင်ကျလျှင် အချိန်နည်းနည်းယူ၍ သူမည်မျှ ညဏ်ပညာ အမြောအမြင်ကြီးမားပြီး သတိရှိကြောင်း ပိုင်ရှောင်ချန်းအား သင်ပေးသင့်ကြောင်း ဆုံးဖြတ်လိုက်လေသည်။
လိပ်ကလေးက တစ်ကိုယ်တည်း ဂုဏ်ယူနေစဥ် ပိုင်ရှောင်ချန်းသည် သရဲကြီးဘုရင်၏ အကျဥ်းခန်းအနားရောက်သွား၏။ အတွင်းထဲရှိ မွေးရာပါ အနီမှတ်နှင့် အဘိုးအိုက အထင်သေးပြီး စူးရှသော မျက်လုံးများဖြင့် ဖြေးညင်းစွာ မော့ကြည့်လေသည်။
ထိုအကြည့်မှာ လူတစ်ယောက်က ပိုးကောင်ကိုကြည့်သည့် အကြည့်မျိုးဖြစ်သည်။
သို့သော်လည်း အဘိုးအိုက မည်သို့မျှ မပြောနိုင်ခင် ပိုင်ရှောင်ချန်းက အမိန့်ပေးဆွဲပြားကို ထုတ်ပြီး အရိုးခေါင်းအကျဥ်းခန်း၏ တံခါးကို ဖွင့်လိုက်သည်။ ထို့နောက် လိပ်ကလေးက မည်သို့မျှ မလုပ်နိုင်လိုက်ခင် ပိုင်ရှောင်ချန်းက အော်လိုက်သည်။
” ကျုပ်ရဲ့ လျှိုဝှက်တိုက်ကွက်ကို ခင်ဗျားကိုင်တွယ်နိုင်မလား ကြည့်ကြသေးတာပေါ့ သောက်အဖိုးကြီးရာ ”
တချိန်တည်းမှာပင် သူက သဘောကျ ကျေနပ်နေသည့် လိပ်ကလေးကို ယူလိုက်ပြီး အကျဥ်းခန်းထဲရှိ အဘိုးကြီးထံ အလင်းကဲ့သို့ အမြန်နှုန်းဖြင့် ပစ်ပေါက်လိုက်သည်။
သူက အံ့မခန်းအမြန်နှုန်း၊ ကြောက်မက်ဖွယ်အားအပြည့်နှင့် သေသပ်တိကျစွာ လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။ သူ့လက်ထဲမှ လိပ်ကလေးထွက်သွားသည်နှင့် သူက အကျဥ်းခန်းကို ဂျိန်းခနဲပိတ်လိုက်ပြီးနောက် အကျဥ်းခန်းထံမှ ရိပ်ခနဲ နောက်ဆုတ်လိုက်သည်။
သူက ခပ်လှမ်းလှမ်းတွင် ရပ်လိုက်ပြီး အကျဥ်းခန်းကိုပြန်ကြည့်ကာ ချက်ချင်း ထွက်ပြေးရန် ပြင်လိုက်သည်။
” ငါ့ကို အပြစ်မတင်ပါနဲ့ လိပ်ကလေးရေ” သူ၏ လုပ်ရပ်မှန်သည်ဟုခံစားနေရင်း သူက ပြောသည်။
” မင်းက ထာဝရ မပျက်စီးနိုင်ပေမဲ့ ငါကမှ အဲဒီလိုမဟုတ်တာ ”
” မ..မ…မင်း ကောင်စုတ်ကလေး”
လိပ်ကလေးမှာ အလွန်တရာ အံ့သြသွားတော့သည်။ ဤသို့လုပ်ရလောက်သည်အထိ ပိုင်ရှောင်ချန်း ကောက်ကျစ်လှမည်ဟု သူဘယ်တုန်းကမှ မတွေးမိချေ။
“အာာားးးးးး၊ မင်း… ခွေးကောင်လေး။ မျက်နှာပြောင်လိုက်တာ။ ရွံစရာကောင်းချက်ပဲ။ အထင်သေးဖို့ကောင်းလိုက်တာ ”
သို့သော် ယခုအချိန်တွင် လိပ်ကလေးမှာ ဘာမှမတတ်နိုင်တော့ပေ။ သူက ဒေါသူပုန်ထရင်း မျက်မှောင်ကြုတ်နေသော သရဲကြီးဘုရင်ဘက် လှည့်လိုက်ပြီး အမြန်ဆုံးအရှိန်ဖြင့် တဟုန်ထိုး ပျံသွားလိုက်သည်။
” အတင့်ရဲလိုက်တာ”
သရဲကြီးဘုရင်က မာန်မဲလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်၏။
လိပ်ကလေးမှာ သူ့အရှေ့ သုံးမီတာခန့်ရှိ မမြင်နိုင်သော အကာအကွယ်တစ်ခုကို ဝင်ဆောင့်မိလိုက်သဖြင့် ဝုန်းခနဲ မြည်ဟည်းသွားတော့သည်။ သို့သော် ထိုသည်က သူ့ကို ပို၍ ဒေါသထွက်သွားစေဟန်တူသည်။ သရဲကြီးဘုရင်ကို ကြည့်ရင်း သူက အော်လိုက်သည်။
” မင်း ဒီမှာ ပုန်းနေတာကို ဘယ်သူမှ မသိဘူး ထင်နေလား သရဲကြီးဘုရင်ရေ။ မင်း လူတိုင်းကို လှည့်စားလို့ရပေမယ့် လိပ်ကိုယ်တော်ကိုတော့ အရူးလုပ်လို့မရဘူးကွ။ အခုချက်ချင်း မင်းရဲ့ရတနာတွေ ငါ့ကိုပေးလိုက်။ မဟုတ်ရင် ငါ လိပ်ကိုယ်တော်က မင်းကို သေတဲ့အထိ ရိုက်ပစ်မှာ ”
ထို့နောက် သူက ရှေ့သို့ ပြေးဝင်လိုက်သဖြင့် မမြင်နိုင်သော အကာအကွယ်ကို ဝင်ဆောင့်မိပြန်သည်။ ဤတစ်ကြိမ်တွင်တော့ လေထဲတွင် အက်ကွဲကြောင်းများ ပျံ့နှံ့လာသည်။
လိပ်ကလေး၏ စကားများကြောင့် သရဲကြီးဘုရင်၏မျက်နှာတွင် အံ့သြလွန်း၍ မယုံကြည်နိုင်သော အရိပ်အယောင်များ ထင်ဟပ်သွား၏။ ထိုသည်က…. သူသည် သရဲကြီးဘုရင် အမှန်တကယ်ဖြစ်ကြောင်း သက်သေပြနေတော့သည်။
” မင်း ဘယ်သူတုံး ” သူကမေးသည်။
ဤအကျဥ်းခန်းထဲတွင် သူက နှစ်ပေါင်းနှစ်ရာကြာ အကျဥ်းသားဖြစ်ခဲ့ပြီး ကျောက်လိပ်၏ မန္တန်အစီအရင်ကလည်း အကာအကွယ်ပေးထားလေသည်။ ထို့ကြောင့် သူ လုံခြုံပြီဟု ထင်ထားခဲ့သော်လည်း သူ၏ သရုပ်မှန်မှာ အဖော်ခံလိုက်ရသည်။ သို့ဖြစ်ရာ မည်သည့်အတွက်ကြောင့် သူ လန့်မသွားဘဲ ရှိမည်နည်း။
တစ်ခဏကြာသော် သူ၏ သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာတော့သည်။ လိပ်ကလေးနီးလာသည်နှင့် သူက ညာဖက် လက်ညှိုးကို ဝှေ့ယမ်းလိုက်သည်။
” မန္တန်အစီအရင် ပျောက်ကွယ်ဖျက်စီးခြင်း”
သူ၏ ပါးစပ်မှ စကားလုံးများ ထွက်သွားသည်နှင့် ကျောက်လိပ်ကြီး တုန်ခါသွားပြီး ဖော်ပြ၍မရနိုင်သော စွမ်းအားကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ကြည့်ရသရွေ့ သရဲကြီးဘုရင်၏ လက်တစ်ချက်အဝှေ့ကပင် အကြွင်းမဲ့ဖျက်စီးခြင်း နတ်ဘုရားစွမ်းရည်ကို ထုတ်နိုင်ဟန်တူသည်။
ပိုင်ရှောင်ချန်းမှာ ထိုဖြစ်ရပ်ကြောင့် တုန်လှုပ်သွားသည့်တိုင် မည်သို့မျှ ဖြစ်ပျက်မလာမီ လိပ်ကလေး၏ မျက်လုံးများ ပြူးကျယ်သွားပြီး စိနိးစိန်းဝါးဝါးကြည့်လိုက်သည်။ သူ၏အခွံထဲမှ ခေါင်းကို ဆန့်ထုတ်၍ ဟိန်းဟောက်လိုက်သည်။
” မပျက်စီးခြင်း”
ချက်ချင်းပင် စောစောက ပေါ်လာခဲ့သော သုတ်သင်ချေမှုန်းခြင်းလေထုက တစ်ခါမှ မရှိခဲ့ဖူးသည့်အလား ပျောက်ကွယ်သွားသည်။
သရဲကြီးဘုရင်၏ မျက်လုံးများသည် မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင် ပြူးကျယ်သွားပြီး မည်သို့မျှ သူ မလုပ်နိုင်ခင် လိပ်ကလေးက ရှေ့သို့ ပြေးဝင်၍ သူ့ရင်ဘတ်ကို ဝင်ဆောင့်လိုက်သည်။
သရဲကြီးဘုရင်မှာ အင့်ခနဲ ညည်းတွားလိုက်ရပြီး သူ၏ မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်သွားကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရလေသည်။ သူ၏ နှလုံးသားမှာ အံ့သြတုန်လှုပ်ခြင်းလှိုင်းတို့ ရိုက်ခတ်နေပြီး တဒိန်းဒိန်းခုန်နေတော့သည်။
” မဖြစ်နိုင်တာ။ ဒါ မဖြစ်နိုင်ဘူး။ ပျက်စီးစေ ”
သူက တုန်တုန်ရီရီဖြင့် လိပ်ကလေးထံ နောက်တစ်ကြိမ် လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်။ သို့သော် ကျောက်လိပ်ကြီး၏ မန္တန်အစီအရင်က မည်သို့မျှ မတုံ့ပြန်ပေ။ သရဲကြီးဘုရင်၏ မျက်နှာမှာ ချက်ချင်းပင် သွေးဆုတ်ဖြူရော်သွားတော့သည်။
ယခုအချိန်တွင် သူ၏ နှလုံးသားသည် တစ်ခါမှမဖြစ်ခဲ့ဖူးသော နှလုံးခုန်နည်းမျိုးဖြင့် ဒုန်းစိုင်းခုန်နေတော့သည်။ တချိန်တည်းမှာပင် အန္တရာယ် အငွေ့အသက်က သူ့ကိုလွှမ်းခြုံလာ၏။ ယခု ဖြစ်ပျက်နေသည်မှာ မဟာမျိုးနွယ်စုကြီးသုံးခု၏ ပုန်ကန်မှုထက်ပင် များစွာပို၍ အံ့သြတုန်လှုပ်ဖွယ်ကောင်းနေတော့သည်။
” ဘာကို ဖျက်စီးရမှာတုံး၊ မင်းဖင်လား ” လိပ်ကလေးက ခေါင်းနောက်လှန်၍ ဝါးလုံးကွဲမတတ် အော်ဟစ်ရယ်မောလိုက်ပြီးနောက် ရှေ့သို့ ပြေးဝင်၍ နောက်ထပ် တိုက်ခိုက်လိုက်သည်။
အကျဥ်းခန်းအပြင်ဘက်တွင် ပိုင်ရှောင်ချန်းသည် ဖြစ်ပျက်နေသည့်အရာများကို အနီးကပ်စောင့်ကြည့်နေခဲ့ပြီး ယခုအခါ သူ၏ မျက်လုံးများ တလက်လက်ထနေတော့သည်။ သူက သရဲကြီးဘုရင် အမှန်တကယ်ဖြစ်ကြောင်း သဘောပေါက်လိုက်သောကြောင့် ခေါင်းနောက်လှန်၍ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သိသာထင်ရှားစွာပင် သူ၏ ကျင့်ကြံခြင်းအခြေခံသည် အမြုတေအဆင့်ဖြစ်နေသည်သာမက သူက မန္တန်အစီအရင်ကိုလည်း မသုံးနိုင်တော့ပေ။ ယခုအခါတွင် သူသည် ခြေသည်းလက်သည်းများနှင့် သွားများမရှိတော့သော ကျားအိုကြီးပမာ ဖြစ်နေသည့်အချက်က ပိုင်ရှောင်ချန်းကို အလွန်စိတ်သက်သာရာရသွားစေသည်။ သူက တဟားဟားရယ်မောရင်း ရှေ့တက်၍ အကျဥ်းခန်းထဲ ထပ်မံ ဝင်လိုက်သည်။
” ဂုဏ်အရှိန်အဝါကြီးမားတဲ့ သရဲကြီးဘုရင်က အကျဥ်းသားလိုဝတ်စားပြီး ဒီနေရာမှာ ပုန်းနေပါလား။ ဘယ်လောက် နိမ့်ကျလိုက်လဲ သရဲကြီးဘုရင်ရေ ”
သူက မေးကို မော့ရင်း သူ၏ အကောင်းဆုံး ကိုယ်ဟန်အနေအထားဖမ်း၍ အင်္ကျီလက်ကို ဂုဏ်ယူစွာ ခါရမ်းလိုက်သည်။
“လက်ဖျောက်တစ်ချက်တီးလိုက်ရုံနဲ့ ကျုပ် ပိုင်ဟောက်က သရဲကြီးဘုရင်ကို ပြာချပစ်လို့ရတယ်နော်၊ ဟားဟားဟား ”
ပိုင်ရှောင်ချန်း၏ ရယ်မောသံထွက်ပေါ်လာချိန်တွင် သရဲကြီးဘုရင်သည် အလွန်အံ့သြတုန်လှုပ်ပြီး စိုးရိမ်စွာ ရပ်နေတော့သည်။ သို့သော်လည်း သူ့မျက်လုံးထဲရှိ အကြည့်သည်ကား သွေးအေးရက်စက်နေဆဲပင်။ သူသည် နတ်ဘုရားတစ်ပိုင်းအဆင့်ဘုရင်ကြီးဖြစ်၍ သူ၏ဂုဏ်သိက္ခါအား မည်သို့ထိန်းရမည်ကို သိသည်မဟုတ်ပါလော။
” ပိုင်ဟောက် ” သူက စပြောသည်။
” မင်း…”
သို့သော် သူစကားဆုံးအောင်ပင် မပြောနိုင်လိုက်ခင် ပိုင်ရှောင်ချန်းက ရှေ့တစ်လှမ်းတိုးပြီး သူ့ကိုပါးရိုက်လိုက်သည်။
ချက်ချင်းပင် သရဲကြီးဘုရင်၏ ကျင့်ကြံခြင်းအခြေခံ ချုပ်နှောင်ခံလိုက်ရသည်။ ဘေးရှိ လိပ်ကလေးမှာ ဝမ်းသာအားရအော်တော့သည်။
” ရှင်းပစ်လိုက်၊ ရှင်းပစ်လိုက် ”
သရဲကြီးဘုရင်၏ခန္ဓာကိုယ်တစ်ခုလုံးတုန်တက်သွားပြီး ပိုင်ရှောင်ချန်းကို ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ဝါးစားတော့မတတ် စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။
သို့စေကာမူ ပိုင်ရှောင်ချန်းက အသာလေး လျှောက်လာပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် မွှေနှောက်ရှာတော့သည်။ တခဏကြာသော် သူက သိုလှောင်လက်စွပ်ကို ဆွဲထုတ်လိုက်၏။ ကံဆိုးစွာပင် မည်မျှရှာသည်ဖြစ်ပါစေ နောက်ထပ် ထွက်မလာတော့ပေ။
” သိုလှောင်လက်စွပ် တစ်ခုတည်းလား” သူက မကျေမနပ်ပြောလိုက်သည်။
” ဒါလေးပဲလား”
သရဲကြီးဘုရင်မှာမူ သူ့ရင်ထဲတွင် မျိုသိပ်နေရသည့် အစော်ကားခံရခြင်းကြောင့် ထွက်ပေါ်လာသည့် ဒေါသများကို စကားလုံးနှင့်ပင် ဖော်ပြရန် မဖြစ်နိုင်တော့ပေ။
သူ့အတွက် ပိုင်ဟောက်သည် သူ့ကစားပွဲတွင် အနည်းငယ် စိတ်ဝင်စားစရာကောင်းသော နယ်ရုပ်လေးတစ်ခုထက် မပိုခဲ့ပေ။ သူသည် လိုအပ်လျှင် တစ်ချက်ကလေး တွေးလိုက်ရုံနှင် သူသတ်နိုင်ခဲ့သည့် လူစားမျိုးဖြစ်သည်။ သူ၏ အသက်သည် ဤနယ်ရုပ်လက်ထဲ ကျရောက်သွားလိမ့်မည်ဟု အိပ်မက်ဆိုးထဲမှာပင် ထည့်မမက်ဖူးခဲ့ပေ။
ဤရုတ်ချည်း အဖြစ်အပျက်အလှည့်အပြောင်းနှင့် အကျဥ်းအကျပ်အခြေအနေတို့က သရဲကြီးဘုရင် အလွယ်တကူ လက်မခံနိုင်သည့်အရာဖြစ်သည်။ သူက နတ်ဘုရားတစ်ပိုင်းဖြစ်ပြီး ဖြစ်ရပ်တစ်ခုလုံးကို အသေးစိတ် အစီအစဥ်ဆွဲခဲ့ခြင်းဖြစ်သည်။
သို့သော် သူ ငြိမ်သက်နေချိန်တွင် လိပ်ကလေးက အော်လိုက်သည်။
” မင်းရတနာတွေရှာတာ အသုံးကို မကျဘူး ကောင်စုတ်ကလေးရဲ့ ”
ထို့နောက် သူက ရှေသို့ ပျံတက်လာပြီး သရဲကြီးဘုရင်၏ ဝတ်ရုံကို ရှာကာ ပိုင်ရှောင်ချန်းထံ ပစ္စည်းပေါင်းစုံအား ပစ်ပေးနေတော့သည်။
ကြက်သွေးရောင် လှံရှည်တစ်ချောင်း၊ အပြာရောင် ကျောက်စိမ်းပေလွှာတစ်ခု၊ ရောင်စုံ မှော်ပုလင်းနှင့် လက်သီးဆုပ်အရွယ် အနက်ရောင် ကျောက်တုံးတစ်တုံးတို့ ဖြစ်ကြသည်။
ထိုပစ္စည်းများအားလုံး ပျံထွက်လာသည်ကို သရဲကြီးဘုရင် မြင်သောအခါ သူအမူအရာပျက်သွားပြီး အလွန်တရာ မအီမသာဖြစ်သွားဟန်တူသည်။ ထိုပစ္စည်းများကို သူဖန်တီးထားခဲ့သည့် ဟင်းလင်းပြင် အိပ်ကပ်မျိုးစုံတွင် ဝှက်ထားခဲ့သဖြင့် ဘယ်သူမှ ရှာနိုင်မည်မဟုတ်ပေ။ သို့သော် လိပ်ကလေးက…. အလွယ်တကူရှာနိုင်ပြီး သူ့မှာရှိသမျှ ပြောင်တလင်းခါသွားချေပြီ။
“မင်း….”
သရဲကြီးဘုရင်က ပြူးထွက်နေသော မျက်လုံးများဖြင့် စိုးရိမ်တကြီးပြောလိုက်သည်။ ပစ္စည်းများသည် များလှသည်မဟုတ်သော်လည်း တစ်ခုချင်းစီသည် ကောင်းကင်နှင့် မြေကြီးကို လှုပ်ရမ်းပစ်နိုင်သည်။
အနီရောင်လှံသည် သူ့ကို နာမည်ရလာစေသည့် အရာဖြစ်ပြီး နတ်အဆင့်အောက်ရှိ လူများ သုံး၍မရပေ။ ၄င်းသည် ကောင်းကင်ဘုံအလွန်မှ ကျလာသော ပစ္စည်းတစ်ခုဖြင့် ထုလုပ်ထားခြင်းဖြစ်ပြီး ထိန်းချုပ်မန္တန် သန်းတစ်ထောင်ပါဝင်သည်။ နတ်အများကြားတွင် ၄င်းကို ထိပ်ဆုံးအဆင့်ပစ္စည်းဟူ၍ သတ်မှတ်နိုင်ပေသည်။
ထို့နောက် အပြာရောင်ကျောက်စိမ်းပေလွှာ။ ၄င်းသည် အပြင်ပန်းအရ သာမန်အတိုင်းဖြစ်သော်လည်း လွန်စွာအရေးကြီးသော တာအိုအမွေအနှစ်တစ်ခု ရှိသည်။ မှော်ပုလင်းကို ကမ္ဘာဦးအာကာသပုလင်းဟုခေါ်ပြီး နတ်အဆင့်အောက်ရှိ မည်သူမှ အသုံးမပြုနိုင်ပေ။ ၄င်းက သက်ရှိ သက်မဲ့ မည်သည့်အရာကို မဆို စုပ်ယူနိုင်ပြီး အဆင့်မြင်ဆေးဝါးအဖြစ် ပြောင်းနိုင်လေသည်။ ထိုပစ္စည်းကို ရရန်အတွက် သူ အတော်များများ ပေးဆပ်ခဲ့ရပြီး ၄င်းကြောင့်ပင် သောကကင်းဝေကိုးသွယ်ဘုရင်က ပုန်ကန်ခြင်းတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးကား အနက်ရောင်ကျောက်တုံး။ ၄င်းမှာ ကမ္ဘာပေါ်ရှိ ထူးခြားသော ပစ္စည်းတစ်မျိုးဖြစ်ရာ သရဲကြီးပင်လျှင် ၄င်း၏ မူလဇစ်မြစ်ကို သေချာမသိပေ။ ဖြစ်နိုင်သည်က ၄င်းသည် ပထမဆုံးဗဟိုဧကရာဇ်က ပိုင်ဆိုင်ခဲ့ဟန်တူသော်လည်း မည်သည့်နေရာမှ ရရှိခဲ့သည်ကိုမူ တစ်ယောက်မှ မသိကြပေ။
ထိုပစ္စည်းများသည် သူတန်ဖိုးအထားရဆုံးရတနာများဖြစ်ရာ လိပ်ကလေး ယူဆောင်နေသည်ကို မြင်ရသည့်အခါတွင် သရဲကြီးဘုရင်ကြီး၏ ရင်ထဲတွင် သောကမီးများ လောင်မြိုက်နေချေတော့သည်။
ပိုင်ရှောင်ချန်းမှာ ပစ္စည်းများစွာ ထွက်လာသည်ကို မြင်သောအခါ ပီတိဖြာနေတော့သည်။ ထိုပစ္စည်းများအား မည်သို့အသုံးပြုရမည်က်ု သူ မသိသော်လည်း သရဲကြီးဘုရင်၏ ကိုယ်ပိုင်တံဆိပ်နှိပ်ထားခြင်းကြောင့် သာမန်ထက်ထူးကဲမည်ဖြစ်ကြောင်း သူပြောနိုင်လေသည်။
” သရဲကြီးဘုရင်ရဲ့ ကိုယ်ပေါ်မှာ ဖွက်ထားတဲ့ အရာမှန်သမျှ သေချာပေါက် မယုံနိုင်စရာကောင်းလောက်အောက် တန်ဖိုးကြီးမှာ။ ငါအခုတော့ သုံးလို့မရနိုင်ပေမယ့် နောက်ကျရင် သုံးနိုင်မှာပါ”
ပိုင်ရှောင်ချန်းမှာ သူ၏အားရကျေနပ်နေမှုကို အတတ်နိုင်ဆုံးဖုံးဖိနေသော်လည်း လိပ်ကလေးကမူ မာနကြီးတစ်ခွဲသားနှင် သရဲကြီးဘုရင်ကို အထင်သေးစွာ ကြည့်၍ ပြောသည်။
” ငါလိပ်ကိုယ်တော်ဆီကနေ ပစ္စည်းတွေကို ဖွက်ထားလို့ရမယ် ထင်တယ်ပေါ့။ အိပ်မက်သာမက်နေလိုက် ”
သရဲကြီးဘုရင်မှာ သူ့ကိုယ်သူ မနည်းထိန်းနေသည်။ ယခုအခိုက်အတန့်တွင် သူ၏ ဒေါသသည် မည်သည်ကိုမှ ဖြေရှင်းပေးနိုင်မည်မဟုတ်ကြောင်း သူသိလေရာ သူ့နှလုံးသား မည်မျှ သွေးစိမ်းရှင်ရှင်ကျနေစေကာမူ…. တည်ငြိမ်နေရန် လိုအပ်သည်။
” မင်း ဘာ လို ချင် လဲ ”
သူက တစ်ခွန်းချင်း ပြောလိုက်သည်။ လက်ရှိအချိန်တွင် သူ၏ ကျင့်ကြံခြင်းအခြေခံသည် အလွန်အားနည်းနေပြီး သူ့အသက်၏ သေခြင်း၊ ရှင်ခြင်းကို မထိန်းချုပ်နိုင်သည့်တိုင် အေးဆေးတည်ငြိမ်နေပြီး ကြောက်စရာကောင်းနေသည်။ ထိုသည်ကို မြင်သောအခါ ပိုင်ရှောင်ချန်းမှာ မတုန်ယင်ဘဲ မနေတော့ပေ။ ဤလူ၏ ကျင့်ကြံခြင်းအခြေခံသည် လောလောဆယ်တွင် နတ်ဘုရားတစ်ပိုင်းအဆင့် မဟုတ်သည့်တိုင် နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူ ဖြစ်နေသေးသည်မဟုတ်ပါလော။
သို့သော် သူကြောက်နေသေးသည်ဆိုသည့် ခံစားချက်က သူ့ကို ဒေါသလည်း ထွက်သွားစေသည်။
” ခြိမ်းခြောက်ဖို့ကြိုးစားနေတာလား ”
သူကပြောသည်။ ထို့နောက် သူက သရဲကြီးဘုရင် သူ့ကို ကစားပွဲတွင် နယ်ရုပ်တစ်ရုပ်အဖြစ် မည်သို့ အသုံးချခဲ့ပြီး အကျဥ်းချခံခဲ့ရသည့်အကြောင်းကို ပြန်တွေးမိလိုက်သည်။ လိပ်ကလေး၏ လွှမ်းမိုးမှု နည်းနည်းခံလိုက်ရသဖြင့် သူ၏ မျက်လုံးများက ရုတ်တရက် အထင်သေးမှုများဖြင့် တောက်ပသွားပြီး သရဲကြီးဘုရင်ကို ပါးရိုက်လိုက်ပြန်သည်။
” ကျုပ်ကို စကားပြောရင် ခင်ဗျားရဲ့သောက်ကျိုးနည်းမျက်လုံးကို ပိတ်ထား ”
သူက ဒေါသတကြီးပြောလိုက်သည်။ သရဲကြီးဘုရင် ဒေါသအလွန်ထွက်သွားပြီး တစ်ကိုယ်လုံးပင် တဆတ်ဆတ်တုန်လာသည့် မြင်ကွင်းက သူ့ကို အမှန်တကယ် စိတ်လှုပ်ရှားသွားစေတော့သည်။ သူက နှုတ်ခမ်းကို သပ်လိုက်ရင်း ဆက်ပြောသည်။
” ကျုပ် နတ်ဘုရားတစ်ပိုင်းတစ်ယောက်ကို တစ်ခါမှ ဒီလို မချဖူးဘူး။ အင်မတန် စိတ်လှုပ်ရှားစရာကောင်းတာပဲ ”
အမှန်တွင် သူက နောက်တစ်ချက် ပါးထပ်ရိုက်ရန် မအောင့်အီးနိုင်တော့ပေ။
” မနာခံချင်ဘူးပေါ့လေ ဟမ်။ ကျုပ်ကို စကားပြောရင် အဲဒီသောက်ကျိုးနည်းမျက်လုံးကို ပိတ်ထားလို့ ပြောထားတယ်လေ ”
” မင်းသေချင်နေပြီလား ပိုင်ဟောက် ”
သရဲကြီးဘုရင် ဒေါသပေါက်ကွဲသွားတော့သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံပုံမှန်ပြန်ဖြစ်လျှင် လူအများကို ပါးချခြင်းအတွက် ပိုင်ရှောင်ချန်းအား ပြင်းထန်သည့် သင်ခန်းစာတစ်ခု ပေးရလိမ့်မည်။