” မဝင်စားဘူးကွာ ”
ပိုင်ရှောင်ချန်းက မဆိုင်းမတွ ပြန်ဖြေ၏။ သူက စိတ်မဝင်စားသည့်အလား မျက်လုံးပင် ကစားလိုက်သည်။ သူစိုးရိမ်ရသရွေ့ သူ၏ သနားစရာအသက်ကလေးထက် ပို၍ အရေးကြီးသော အရာမရှိနိုင်တော့ပေ။
မြို့ပြင်တွင် မဟာမျိုးနွယ်စုကြီး သုံးခုသည် သရဲကြီးဘုရင်အစစ်အား အမြန်လိုက်ရှာနေကြရာ ပိုင်ရှောင်ချန်းအတွက် ဘေးကျပ်နံကျပ်အချိန်ဖြစ်သည်ဟု ဆိုရပေမည်။
ပိုင်မျိုးနွယ်စုခေါင်းဆောင်သည် ဆူညံပွက်လောရိုက်နေမှုများကို အခွင့်ကောင်းယူ၍ သူ့ကို သေချာပေါက် သတ်မည်ဖြစ်သည်။
ဤကဲ့သို့ အခိုက်အတန့်တွင် ပိုင်ရှောင်ချန်းမှာ ငွေရှာရန် တွေးဖို့ပင် စိတ်မပါပေ။ လိပ်ကလေး အကြံပေးသဖြင့် ပိုဆိုးလေသည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက လိပ်ကလေးကြောင့် ဒုက္ခရောက်စေမည့် မတော်တဆမှုများ တစ်ခုပြီးတစ်ခု ဖြစ်ပွားစေခဲ့ရာ ယခုအချိန်တွင် ပိုင်ရှောင်ချန်းမှာ သူ့ကို လျစ်လျူရှုထား၍ ထောင်ထဲမှ အချိန်မီ မထွက်နိုင်မည်ကိုသာ စိုးရိမ်နေတော့သည်။
မိစ္ဆာအကျဥ်းထောင်ရှိလူများသည်လည်း သုတ်သီးသုတ်ပျာဖြစ်နေကြသည်။ အစောင့်များ၊ ထောင်သားများ အားလုံးသည် ထောင်ခန်း၏ ထွက်ပေါက်ထံသို့ အပြေးအလွှားသွားနေကြသည်။
ထိုအချိန်တွင် လိပ်ကလေးက ပိုင်ရှောင်ချန်း၏ အိတ်ထဲမှ အမောတကော ပျံထွက်လာပြီး သူ့ပခုံးပေါ်တွင် ဆင်းသက်လိုက်၏။
” အီး ဒီလို မလုပ်နဲ့ကွာ”
သူက စိတ်အာရုံကတစ်ဆင့် ပေးပို့လိုက်သည်။
” ငါအခုဒီမှာ ငွေထုတ်ကြီးအကြောင်း ပြောနေတာနော်။ ဒီလိုအခွင့်အရေးမျိုးက တစ်သက်မှာတစ်ကြိမ်တောင်ရဖို့ ခက်တယ်ကွ။ အခုငါတို့ရှေ့တည့်တည့်ရောက်နေပြီလေ။ လာစမ်းပါ။ မသွားနဲ့ဟ ကောင်စုတ်ကလေးရဲ့ ”
ပိုင်ရှောင်ချန်းက လိပ်ကလေးကို ခေါင်းလှည့်ကြည့်လိုက်ရာ သူ အမှန်တကယ်စိုးရိမ်နေပုံပေါ်ကြောင်း မြင်လိုက်ရလေသည်။ လိပ်ကလေးက သူ့နောက်ကို ကြည့်ပြီး သူ၏ အသံကို အလောတကြီးပေးပို့လိုက်သည်။
“ကဲ နားထောင် ကောင်စုတ်လေး။ သရဲကြီးဘုရင်အစစ်ဘယ်မှာရှိလဲ ငါသိတယ်ကွ ”
အစက လိပ်ကလေးသည် တခြားပရိယာယ်သုံး၍ ပိုင်ရှောင်ချန်း၏အာရုံကို ဆွဲဆောင်ရန် ကြံစည်ထားခဲ့သည်။ သို့သော် ပိုင်ရှောင်ချန်းက အမှန်တကယ်ထွက်ခွာရန်ဆုံးဖြတ်ထားကြောင်း တွေ့သောအခါ သူသည် အမှန်ကို ပြောရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။ ထိုမျှသာမက သူသည် ဤဖွင့်ဆိုချက်ကြောင့် တုံ့ပြန်မှုတစ်ခု ရမည်ဖြစ်ကြောင်း သေချာလေသည်။
ထို့နောက် သူ တွေးထားသည့်အတိုင်း မှန်ကန်လေသည်။ ဤတစ်ကြိမ်တွင် ပိုင်ရှောင်ချန်း၏ တုံ့ပြန်မှုသည် လိပ်ကလေး ခန့်မှန်းထားသည်နှင့် တစ်ထပ်တည်းပင်။
ပိုင်ရှောင်ချန်းမှာ တစ်ကုန်လုံးတုန်တက်သွားပြီး မျက်လုံးပြူးကြီးများဖြင့် ပြောလိုက်သည်။
” ဘာရယ် ”
အလှည့်အပြောင်းမှာ ဗြုန်းစားကြီးဖြစ်သည်။ မဟာမျိုးနွယ်စုသုံးခုသည် သရဲကြီးဘုရင်၏ ခန္ဓာကိုယ်အစစ်အား မြေလှန်ရှာနေသည့်တိုင်အောင် လိပ်ကလေးက သူ မည်သည့်နေရာမှာရှိသည်ကို သိနေသည်လား။
အံသြနေသည့်တိုင် ပိုင်ရှောင်ချန်းက ထောင်ခန်းဝင်ပေါက်ထံသို့ ဆက်လက်ဦးတည်နေလျက်ရှိသည်။
” အဲဒီတော့ ငါက ဘာလုပ်ရမှာတုန်း”
သူက ပြန်လည်ပေးပို့လိုက်သည်။
” ဒီမှာ နားထောင် လိပ်ကလေး အခုအချိန်မှာ အရေးအကြီးဆုံးက ငါ့ရဲ့ သနားစရာကောင်းတဲ့ အသက်ကလေးပဲကွ။ မင်းနားလည်တယ်မလား ”
ပိုင်ရှောင်ချန်းအတွက် သရဲကြီးဘုရင်နှင့် မဟာမျိုးနွယ်စုသုံးခုကြားထဲ ဝင်ပါခြင်းသည် ပို၍ပင် အန္တရာယ်များမည်ဖြစ်ပေသည်။
” မင်းဘာလုပ်နေတာလဲ” လိပ်ကလေးက စိုးရိမ်တကြီးပြောသည်။
” ငါပြောတာ နားထောင်ဟ ကောင်စုတ်ကလေးရဲ့။ အရှိန်လျှော့ကွာ။ အာ ကောင်းပြီ… ..နားထောင် ပိုင်ရှောင်ချန်း။ မင်းနဲ့ မျက်စောင်းထိုးအခန်းက မျက်နှာပေါ်မှာ မွေးရာပါအနီအမှတ်ကြီးနဲ့ အဘိုးကြီးကို သိတယ်မလား။ အဲဒါ သရဲကြီးဘုရင်ပဲ”
ပိုင်ရှောင်ချန်းမှာ အံ့သြတုန်လှုပ်ကာ ချာချာလည်သွားပြီး ပင့်သက်ပင်ရှိုက်သွားရလေသည်။ သူ၏ မျက်နှာပေါ်တွင် လုံးဝမယုံကြည်နိုင်ဟန်များ အထင်းသား ပေါ်လွင်လာ၏။
” သူ…သူက သရဲကြီးဘုရင် ”
သူ၏အရှိန်အဝါပင်လျှင် အတန်ငယ် ပရမ်းပတာဖြစ်သွားသည်။ လိပ်ကလေးထံမှ ဤသတင်းသည် အလွန် အံ့သြဖွယ်ကောင်းလှပေသည်။ ရုတ်တရက် သူက မျက်နှာပေါ်တွင် အနီအမှတ်ကြီးနှင့် အဘိုးအိုက မည်သည်နှင့်တူသည်ကို ပြန်စဥ်းစားလိုက်သည်။
” ပြီးတော့ သရဲကြီးဘုရင်က ဆုတ်ယုတ်ကာလအတွင်းမှာလို့ ငါ လိပ်ကိုယ်တော် ပြောနိုင်တယ်။ နောက်တစ်နည်းပြောရရင် သူက အခု အရင်ကထက် ပိုပြီး အားနည်းနေတယ်။ နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကို ရှင်းပစ်နိုင်တဲ့ အခွင့်အရေးဆိုတာ နှစ်တစ်သောင်းမှာ တစ်ခါပဲ ရနိုင်တာမျိုးကွ”
” စဥ်းစားကြည့် ကောင်စုတ်လေး။ နတ်ဘုရားတစ်ပိုင်းအဆင့်ပညာရှင်။ သူက သရဲကြီးဘုရင်နော်။ နတ်ဘုရားတစ်ပိုင်းအဆင့် ဘုရင်ကြီး။ သူ့မှာ ရတနာတွေ ဘယ်လောက်ရှိမယ် မင်းထင်လဲ။ ငါတို့ သူ့ကိုသာရှင်းလိုက်ရင် လုံးဝချမ်းသာသွားမှာ။ ဒီအခွင့်အရေးက…. ဘုရားဘုရား။ ငါ့ဘဝတစ်လျှောက်လုံးမှာ ဒီလို အခြေအနေမျိုး နည်းနည်းလောက်ပဲ ကြုံဖူးခဲ့တာ။ မ. မ..မင်း… ပြေးသွားလို့ မရဘူးနော်”
ဤအချိန်တွင် လိပ်ကလေးမှာ အလွန်စိုးရိမ်နေပြီဖြစ်ရာ သူ၏ အသံသည် အော်ဟစ်သံပင် ပေါက်လာတော့သည်။ အခွင့်အရေးဆုံးရှုံးရမည်ကို ကြောက်သဖြင့် သူသည် သူသိသမျှ အားလုံးကို အမှန်အတိုင်း ဖွင့်ပြောလိုက်လေသည်။
ပိုင်ရှောင်ချန်းစိတ်ဝင်စားလာသည်ကို အာရုံရလိုက်သောအခါ လိပ်ကလေး၏ စိတ်လှုပ်ရှားမှုများ မြင့်တက်လာတော့သည်။
“သူက သရဲကြီးဘုရင်ဟ ကောင်စုတ်ကလေးရဲ့” သူက ငေါက်ငမ်းလိုက်သည်။
” ငါတို့ သူ့ကို ရှင်းလို့ရတယ်။ သူ့ကို ရှင်းလိုက်။ သူ့ကိုရှင်းလိုက်တော့လို့ ”
” ဘယ်လိုလုပ် ဖြစ်နိုင်မှာတုံး ”
ပိုင်ရှောင်ချန်းက တုံ့ခနဲရပ်လိုက်ပြီး ရင်တဒိန်းဒိန်းခုန်နေရင်း တွေးလိုက်၏။
ထောင်ခေါင်းနှင့် အခြားထောင်စောင့်များက မျက်နှာအမူအရာအမျိုးမျိုးဖြင့် တအံ့တသြ နောက်လှည့်ကြည့်လိုက်ကြသည်။
“ဘာဖြစ်လို့လဲ ပိုင်ဟောက် ”
ထောင်ခေါင်းက စိုးရိမ်တကြီးမေးသည်။
” မြန်မြန် သွားရအောင်”
” ခဏလောက်နေပါဦး ”
ပိုင်ရှောင်ချန်းက ပြောသည်။
သူက အလွန်စိတ်ရှုပ်ထွေးနေသဖြင့် လိပ်ကလေးကို မေးခွန်းတစ်ခု ပေးပို့လိုက်သည်။
“ မင်း သေချာလား”
လိပ်ကလေးမှာ မဖော်ပြနိုင်လောက်အောင် စိတ်လှုပ်ရှားကာ တုန်ရီသွားပြီး အထင်ကြီးဖွယ်ကောင်းကာ မယုံနိုင်ဖွယ်ကောင်းသည့်ပုံပေါက်ရန် တတ်နိုင်သမျှ ကြိုးစားရင်း ပြန်ဖြေလိုက်၏။
” လုံးဝ သေချာတယ်။ ငါ သရဲကြီးဘုရင်ကို ပထမဆုံးတွေ့ကတည်းက မျက်စိဒေါက်ထောက် ကြည့်နေခဲ့တာ။ ငါ ဆိုင်းမဆင့် ဗုံမဆင့် ဘာလို့ နိုးလာတယ်ထင်လဲ။ သူ့ကို တွေ့တာနဲ့ ဘာတွေဖြစ်နေလဲ ငါ ပြောနိုင်တယ် ။ သူ့ရဲ့ ဆုတ်ယုတ်ကာလ ပျောက်တဲ့ အချိန်အထိ သူက စောင့်နေတာကွ”
” ဟားဟားဟား ဒါကပဲ ငါစောင့်နေတဲ့ အခိုက်အတန့်ပဲ။ အလွန်ဆုံးရှိ သူက အခု အမြုတေအဆင့်ပေါ့ကွာ။ နားထောင် ဘာမှ စိုးရိမ်နေစရာမလိုဘူး။ သရဲကြီးဘုရင်က ဉာဏ်နီဉာဏ်နက်များတဲ့ လူကြီး။ သူဒီနေရာမှာ တကယ်ကြီး ပုန်းနေမယ်လို့ ဘယ်သူမှ တွေးနိုင်မှာ မဟုတ်ဘူး။ လိပ်ကိုယ်တော်နဲ့ တည့်တည့်တိုးတာ ကံဆိုးတာပေါ့ကွာ ”
ပိုင်ရှောင်ချန်းမှာ လိပ်ကလေး နိုးလာစဥ်က မည်သို့ပြောခဲ့သည်ကို ပြန်စဥ်းစားလိုက်သည်။ သရဲကြီးဘုရင်ဆီက ရတနာအနံ့ရသည်ဟူ၍။
“လိပ်ကလေး…”
ပိုင်ရှောင်ချန်း တွေးလိုက်သည်နှင့် ရင်တဒိန်းဒိန်းခုန်လာပြီး သူ၏မျက်လုံးများ တောက်ပလင်းလက်လာတော့သည်။ အကယ်၍ သရဲကြီးဘုရင်အစစ်ကိုသာ သူအမှန်တကယ် ရှာတွေ့ပြီးနောက် ထိုလူသည် လတ်တလော အားနည်းနေသည်ဆိုလျှင်တော့ လိပ်ကလေးပြောသကဲ့သို့ မယုံကြည်နိုင်ဖွယ် အခွင့်အရေးကြီးဖြစ်တော့သည်။ သူ့ကို ရှင်းပစ်နိုင်သည့် အခွင့်အရေးသည်…. ဖော်ပြရန်ပင် ခက်ခဲလှသည်။
အမှန်တွင် ၄င်းသည် မဟာမျိုးနွယ်စုသုံးစုအတွက် ဒုက္ခများစေမည့် လျှို့ဝှက်လက်နက်တစ်ခုလည်း ဖြစ်နိုင်သည်။ အမှန်တကယ်တော့ သူ့ကို ဓားပြတိုက်သည်ဖြစ်စေ၊ သူ၏ ရာထူးကို ပါးနပ်စွာ အသုံးချသည်ဖြစ်စေ နှစ်ခုလုံးက အလွန်အန္တရာယ်များပေသည်။
ပိုင်ရှောင်ချန်းမှာ အလွန်စိတ်လှုပ်ရှားနေသည့်တိုင်သတိတော့လွတ်မသွားပေ။တုံ့ဆိုင်းနေရင်း သူက ပြော၏။
” သရဲကြီးဘုရင်က နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ။ သူဒီမှာ ပုန်းနေပေမယ့်လဲ သူ့အတွက် အရေးကြုံရင် သုံးဖို့ သေချာပေါက် ဝှက်ဖဲတွေ ရှိလိမ့်မယ်”
” စိတ်မပူပါနဲ့။ သူ့ဝှက်ဖဲက မိစ္ဆာအကျဥ်းထောင်ရှိနေတဲ့ ကျောက်လိပ်ကြီးထဲက မမြင်နိုင်တဲ့ မန္တန်အစီအရင်က လွဲလို့ တခြားမဟုတ်ဘူး။ မန္တန်အစီအရင်အသက်ဝင်သွားတာနဲ့ နတ်ဘုရားတစ်ပိုင်းအဆင့်လောက် အားကောင်းသွားလိမ့်မယ်။ နတ်အဆင့်ကျင့်ကြံသူတွေက ထိုးဖောက်နိုင်တယ်ဆိုပေမယ့် လွယ်မှာတော့မဟုတ်ဘူး “
” ကံမကောင်းတာက ငါ လိပ်ကိုယ်တော်နဲ့ တည့်တည့်တိုးတော့ သရဲဘုရင်ကြီး ကံဆိုးသွားတာပေါ့ကွာ။ ဟားဟားဟား။ တခြားမန္တန်အစီအရင်ဆိုရင်တောင် ငါ ဘာမှ ပြောရဲမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒါက လိပ်မန္တန်အစီအရင်လေ။ လိပ်ကိုယ်တော် မထိန်းချုပ်နိုင်ပေမယ့် သူ့သက်ရောက်မှုကို အားပျော့သွားအောင် လုပ်နိုင်တယ်။ အနည်းဆုံးတော့ ခဏလောက်ပေါ့ကွာ။ အမှန်က ငါလုပ်ပြီးသွားပြီ။ လာစမ်းပါ သူ့ကို ရှင်းပစ်လိုက်တော့။ ငါတို့ သေချာပေါက် အောင်မြင်မှာ “
” သူက နတ်ဘုရားတစ်ပိုင်းဆိုတော့ သူ့ဆီမှာ ရတနာတွေ တစ်ပုံတစ်ခေါင်းရှိမှာကွ ”
လိပ်ကလေး၏ မျက်လုံးများသည် မကြုံဖူးသော စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာပြီး သိသိသာသာပင် တုန်ရီလာတော့သည်။
” သူ့မှာ နတ်ဝိညာဥ်ရှိလောက်လား ”
ပိုင်ရှောင်ချန်းက ရဲရဲနီနေသည့် မျက်လုံးများဖြင့် မေးလိုက်သည်။ နတ်ဘုရားတစ်ပိုင်းအဆင့်ဘုရင်ကြီးက သူ့ရှေ့တည့်တည်တွင် ဖမ်းခံရန် စောင့်နေသည်က သူ့ကို ရူးခါသွားစေတော့သည်။
” သေချာတာပေါ့” လိပ်ကလေးက အော်လိုက်သည်။
” မင်းအတွက် နတ်ဝိညာဥ်တွေက အဖိုးမဖြတ်နိုင်ပေမယ့် နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူတွေက ကြိုးစားစရာတောင် မလိုဘဲ ရတယ်ကွ။ လာ သွားဖမ်းပြီး လိပ်ရုပ်တုထဲက ထွက်ကြမယ်။ ငါ မန္တန်အစီအရင်ကို နည်းနည်းကြာကြာပဲ ထိန်းထားနိုင်မှာ။ ငါရဲ့ ထိန်းချုပ်မှုမရှိတော့တာနဲ့ သရဲကြီးဘုရင် ထိန်းနိုင်သွားရင် ငါတို့ ဒုက္ခအကြီးအကျယ်ရောက်မှာကွ”
ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူလိုက်ပြီး သူစကားပြောမည်ကို စိုးရိမ်တကြီး ကြည့်နေကြသည့် ထောင်ခေါင်းနှင့် အခြားထောင်စောင့်များကို လှမ်းကြည့်လိုက်သည်။
” ထောင်ခေါင်း ။ သွားနှင့်ပါ။ ဒါပေမဲ့ ကျွန်တော့်ကို ကျေးဇူးပြပြီး အကျဥ်းခန်းသော့တွေ ပေးခဲ့ပါလား။ ကျွန်တော့်ကို ဒေါသထွက်အောင်လုပ်ထားတဲ့ လူတစ်ယောက်ရှိတယ်။ ကျွန်တော်မသွားခင် သူ့ကို သင်ခန်းစာတစ်ခုလောက် ပေးချင်လို့ပါဗျာ ”
တခြားအချိန်တွင် ထောင်ခေါင်းသည် သူ၏ တောင်းဆိုချက်ကို လုံးဝ သဘောတူနိုင်မည်မဟုတ်ပေ။ သို့သော် လူတိုင်း အလျင်စလိုဖြစ်နေကြောင်း စဥ်းစားလိုက်ပါက သူက ပိုင်ရှောင်ချန်းကို တခဏကြည့်ပြီးနောက် သက်ပြင်းချကာ ပြောသည်။
” ကောင်းပြီ ညီလေးပိုင်ဟောက်။ အခု မင်းဘာသာမင်းပဲ ကြည့်လုပ်လိုက်တော့။ ငါတို့ သွားတော့မယ်”
ထောင်ခေါင်းသည် ပိုင်ဟောက်မှာ ထုတ်မပြောလိုသည့် လျှို့ဝှက်ချက်အချို့ရှိကြောင်း အလွယ်တကူပြောနိုင်လေသည်။ သို့သော် ထိုသည်ကား အရေးမကြီး။ ပိုင်ဟောက်က ထောင်သားတစ်ယောက်ကို သတ်ချင်လျှင်တောင်မှ နောက်ဆုံးတွင် အရေးကြီးမည်မဟုတ်ပေ။ ထောင်ခေါင်းက အမိန့်ပေးဆွဲပြားကို သူ့ထံ ပစ်ပေးပြီးနောက် လှည့်၍ အခြားထောင်စောင့်များနှင့်အတူ ထွက်ခွာသွားတော့သည်။
ပိုင်ရှောင်ချန်းက အကျဥ်းခန်းများ သော့ဖြစ်သည့် အမိန့်ပေးဆွဲပြားကို ဖမ်းယူလိုက်ပြီးနောက် သူ၏ အရှိန်အဝါများကို ထိန်းညှိ၍ စိတ်တည်ငြိမ်အောင်လုပ်လိုက်သည်။ ယခုအချိန်တွင် သူ လမ်းနည်းနည်းချော်သွားသည်နှင့် ဒုက္ခများစွာရောက်မည်ကို သူသိလေသည်။
သို့သော် သူက စိတ်ပိုင်းဖြတ်ပြီးသွားပြီဖြစ်သည်။ သူက အံတင်းတင်းကြိတ်ရင်း မျက်နှာပေါ်တွင် မွေးရာပါ အနီမှတ်ကြီးနှင့် အဘိုးအိုရှိသည့် အကျဥ်းခန်းထံ တဟုန်ထိုး သွားလိုက်သည်။ သူက သွားနေစဥ် လိပ်ကလေးကို စာတိုတစ်ခုဖြင့် ဆက်သွယ်၍ အဘိုးကြီးသည် အမြုတေအဆင့်သာရှိကြောင်း အတည်ပြုလိုက်သည်။
သို့သော်လည်း သူက အလွန် စိတ်လှုပ်ရှားနေဆဲဖြစ်သည်။ လိပ်ကလေး သတိမပြုမိသော်လည်း သူက အပေါ်မော့၍ တခဏကြာ တွေးလိုက်သည်။ ထို့နောက် သူက အသံကို နှိမ့်၍ ပြောသည်။
” မဖြစ်သေးဘူး လိပ်ကလေးရေ။ အန္တရာယ်များလွန်းတယ်။ သူက နတ်ဘုရားတစ်ပိုင်းအဆင့်နော်။ မင်းသာ အကုန်မှားနေတယ်ဆိုရင် မင်းက ဘာမှ မဖြစ်ဘူး။ မင်းကြိုက်တဲ့အချိန် မင်းက ထွက်ပြေးနိုင်သေးတယ်။ ဒါပေမဲ့ ငါ့ကတော့ ငါ့ရဲ့ သနားစရာအသက်လေးဆုံးရှုံးသွားမှာကွ။ မင်း ငါ့လက်ပေါ် ပျံတက်ကွာ။ ဒီလိုမှ အန္တရာယ်များလာပြီဆိုရင် ငါတို့အတူ ရင်ဆိုင်လို့ရတာပေါ့။ ငါတို့ အတူ နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူကို ရှင်းပစ်ဖို့ဆိုရင်တော့ မင်း ငါ့ကို နည်းနည်းတော့ ယုံကြည်လာအောင်လည်းလုပ်ပြလေကွာ “