ပိုင်မျိုးနွယ်စု ခေါင်းဆောင်ကြီးမှာ ကျယ်လောင်စွာ ရယ်မောကာ ဆိုလိုက်သည်။
” သရဲကြီးဘုရင်ရာ။ ခင်ဗျားကို သစ်သားအမျိုးအစားပါတဲ့စွမ်းအင်နဲ့ ထိန်းချုပ်လို့ရတယ်လေ။ ပြီးတော့ ခင်ဗျားရဲ့ ဆုတ်ယုတ်နေတဲ့ အချိန်အပိုင်းအခြားထဲမှာဆို ပိုတောင် ထိန်းချုပ်လို့ရသေးတာ။ ခင်ဗျားကြီးက ဘယ်လိုပြန်တိုက်မှာတုံးဗျ ”
ထို့နောက်သူက ချိုင်မျိုးနွယ်စုနှင့် ချန်မျိုးနွယ်စုတို့မှ ခေါင်းဆောင်ကြီးများနှင့်အတူ သရဲကြီးဘုရင်ထံသို့ ဦးတည်သွားတော့သည်။
သရဲကြီးဘုရင်၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲပင်။ သူ၏ စွမ်းအင်များနှင့် ကျင့်ကြံခြင်းအခြေခံများမှာ သစ်သားနယ်မြေ၏ လျင်မြန်စွာဝါးမျိုမှုများကို ခံနေရသဖြင့် သူက နတ်ဘုရားတစ်ပိုင်းအဆင့်တွင် မရှိတော့ပေ။ နတ်အဆင့်အထိ ကျဆင်းသွားပြီဖြစ်ပြီး သူ၏ စွမ်းအင်ကျဆင်းနှုန်းမှာ မြန်လွန်းနေသဖြင့် ခဏအကြာတွင် ယင်ယန်ဝိညာဥ်အဆင့်သို့ ရောက်တော့မည်သာ ဖြစ်သည်။
သို့သော်လည်း သူ၏ အမူအရာမှာ တည်ငြိမ်နေဆဲဖြစ်ပြီး လူပြက်များနှင့်သာ ရင်ဆိုင်နေရသည့်အလား သူ့ကိုယ်သူယုံကြည်နေသည့် အပြုံးမှာ ပျောက်ပျက်မသွားချေ။ ထိုအချက်ကြောင့် ခေါင်းဆောင်ကြီးများနှင့် ကောင်းကင်မြို့စားများမှာ ပို၍သာ စိုးထိတ်လာတော့သည်။
သရဲကြီးဘုရင်မှာ သူတစ်ယောက်ထဲအားဖြင့် နတ်အဆင့်ကျင့်ကြံသူသုံးယောက်နှင့် နတ်အဆင့်သို့ ရောက်ခါနီးဖြစ်သော ကျင့်ကြံသူခြောက်ယောက်ကို ယှဥ်၍တိုက်ခိုက်နေသဖြင့် ကျယ်လောင်သည့် ထစ်ချုန်းသံများမှာ လေထုထဲတွင် ပြည့်နှက်နေတော့သည်။
အထက်တွင် ထိုသို့ အံ့သြဖွယ်ကောင်းသည့် ဖြစ်ရပ်များဖြစ်နေကြစဥ် မျိုးနွယ်စုကြီးသုံးခုနှင့် ကောင်းကင်မြို့စားခြောက်ယောက်တို့၏ လက်နက်ကိုင်တပ်ဖွဲ့များမှာလည်း မြို့တော်ထဲသို့ ဝင်ရောက်လာကြတော့သည်။
ပိုင်မျိုးနွယ်စု ခေါင်းဆောင်က မျိုးနွယ်စုအကြီးအကဲများကို ဦးဆောင်ကာ ချိုင်မျိုးနွယ်စုအကြီးအကဲများနှင့်အတူ ကျုံးဆီသို့ သတ်ဖြတ်လို စိတ်အပြည့်ဖြင့် ချီတက်သွားတော့သည်။
” ကောင်းကင်နက္ခတ်တွေ ပြောင်းလဲနေပြီကွ။ ပိုင်ဟောက်ရေ၊ ဒီ ပြစ်ဒဏ်ကြီးကို မင်းမရှောင်တိမ်းနိုင်ပါဘူး ”
မျိုးနွယ်စုခေါင်းဆောင်မှာ မျှော်လင့်ချက်အပြည့် ဖြစ်နေသည်။ ဤနေ့ကို ကြာမြင့်စွာ သူ စောင့်ဆိုင်းခဲ့ရသည်ဖြစ်ပြီး သရဲကြီးဘုရင်ပင် သူ၏စိတ်ထဲတွင် မရှိပေ။ သူ၏ ပန်းတိုင်မှာ ပိုင်ဟောင်ကို အရှင်လက်လက် အရေခွံဆုတ်ရန်သာ ဖြစ်သည်။
မြေပြင်ပေါ်တွင်လည်း ရှုပ်ယှက်ခတ်နေကြစဥ် မျိုးနွယ်စုသုံးခု၏ ခေါင်းဆောင်ကြီးများနှင့် ကောင်းကင်မြို့စား ခြောက်ယောက်မှာ သရဲကြီးဘုရင်နှင့်အတူ ကြမ်းကြုတ်လွန်းလှသည့် တိုက်ပွဲ ကြီးတစ်ခုကို ဆင်နွှဲနေသည်။ သို့သော်လည်း ထိုတိုက်ပွဲမှာ ပြီးဆုံးလုနီးပါးဖြစ်နေပြီဖြစ်သည်။ အုန်းခနဲအသံကြီးများမှာ တစ်သံပြီးတစ်သံထွက်လာပြီး သရဲကြီးဘုရင်၏ ပါးစပ်မှ သွေးများစွာ ပန်းထွက်နေတော့သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံမှာ ယင်ယန်ဝိညာဥ်အဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း သူ၏မျက်နှာပေါ်ရှိ ယုံကြည်ချက်ပြည့်ဝနေသည့် အပြုံးမှာ ပျောက်ကွယ်မသွားသေးချေ။ ထို့အပြင် အမှန်တရားကို ဖော်ထုတ်နိုင်သူ တစ်ယောက်မှမရှိသဖြင့် သူက လှောင်ရယ်နေသည့် အမူအရာပင် ပေါက်နေတော့သည်။
သို့သော် ထိုအမှန်တရားမှာ မကြာမီပေါ်ထွက်လာတော့မည် ဖြစ်သည်။ ထိုအချိန်တွင် သရဲကြီးဘုရင်၏ ခန္ဓာကိုယ်မှာ အစစ်မဟုတ်သည့်အလား ရုတ်တရက်ဆိုသလို ဖျတ်ခနဲလက်သွားတော့သည်။ သူ၏ လက်များမှာ မှုန်ဝါးသွားပြီးနောက် ပိုင်မျိုးနွယ်စု ခေါင်းဆောင်ကြီးမှာ ရုတ်တရက် အော်ဟစ်လိုက်တော့သည်။
” တစ်ခုခုတော့ မှားနေပြီ။ ဒါ…ဒါက ကိုယ်ပွားတစ်ခုကြီးကွ။ သောက်ကျိုးနည်း။ ကိုယ်ပွားကြီးတစ်ခုပဲ။ သရဲကြီးဘုရင်ရဲ့ ခန္ဓာကိုယ် အစစ်မဟုတ်ဘူး။ ဘာမှမဟုတ်တဲ့ ကိုယ်ပွားလေးတစ်ခုပဲ ”
အခြားသော ခေါင်းဆောင်ကြီးနှစ်ယောက်မှာလည်း တုန်ရီသွားကြပြီး သူတို့၏မျက်နှာများပေါ်တွင် မယုံကြည်နိုင်သော အမူအရာများ ပေါ်ပေါက်လာတော့သည်။
” မဖြစ်နိုင်တာ။ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတွေဆီမှာရှိတဲ့ နတ်ဘုရားစိတ်ဆန္ဒတွေရဲ့ ထူးခြားတဲ့ အလုပ်လုပ်ပုံကြောင့် ယင်ယန်ဝိညာဥ်အဆင့်ထက် ပိုပြီးစွမ်းအားကြီးတဲ့ ကိုယ်ပွားတွေကို ထုတ်လို့မရဘူးလေ။ နတ်ဘုရားတစ်ပိုင်းအဆင့် ကိုယ်ပွားထုတ်ဖို့ဆိုတာ ဝေလာဝေးပဲ ”
” ဘာလို့များ သူ့ဆီမှာ ဒီလိုမျိုး ကိုယ်ပွားတစ်ခုရှိနေရတာလဲ။ ပြီးတော့ ငါတို့တွေက ဘာလို့ အဲဒီအချက်ကို ဒီနှစ်တွေအတောအတွင်းမှာ သတိမထားမိခဲ့တာလဲ”
နတ်အဆင့်ခေါင်းဆောင်ကြီးသုံးယောက်ပင် ထိုသို့ တုန်လှုပ်နေရသည်မဟုတ်။ နယ်စားကြီး သေမင်းအော်သံ နှင့် နယ်စားကြီး ဝိညာဥ်လောက တို့မှာလည်း သူတို့နည်းတူပင်ဖြစ်ပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြတော့သည်။
ပိုင်မျိုးနွယ်စု ခေါင်းဆောင်ကြီးမှာ ခါးသက်သက်ဖြင့် အံကြိတ်လိုက်ပြီး သရဲကြီးဘုရင်ကို ကြည့်လိုက်လေသည်။ အဆုံးတွင် တချိန်လုံး သူတည်ငြိမ်နေရသည့် အကြံကို နားလည်သွားတော့သည်။ ယခုတွင်မူ အရာအားလုံးမှာ သရဲကြီးဘုရင်ပြောခဲ့သည့် ကစားပွဲတစ်ခုအတိုင်း ဖြစ်နေပြီဖြစ်သည်။
” လတ်စသတ်တော့ ဒါကမင်းရဲ့ လျှို့ဝှက်လက်နက်ပေါ့။ အဲဒါကြောင့် မင်းက… မင်းကိုယ်မင်း အရမ်းယုံကြည်မှုရှိနေတာကိုး ”
ထိုကစားပွဲကို သရဲကြီးဘုရင်ကိုယ်တိုင် ဂရုတစိုက် စီစဥ်ခဲ့သည်ဖြစ်ပြီး သူလုံးဝမရှုံးနိုင်ဟု ယုံကြည်ထားသည်။
သတင်းအချက်အလက်များကို သက်သေပြခြင်းများ၊ ရန်စခြင်းများ၊ ညှိနှိုင်းပေးခြင်းများ၊ ကျေအေးပေးခြင်းများ၊ အားနည်နေသည့်သယောင် ဟန်ဆောင်နေခြင်းများ စသည့်အရာအားလုံးမှာ အစစ်အမှန်များ မဟုတ်ကြပေ။ ထိုအရာအားလုံးမှာ ကစားပွဲကြီး တစ်ခုမျှသာ ဖြစ်ခဲ့သည်။
လူတိုင်းမှာ တအံ့တသြဖြစ်နေကြစဥ် သရဲကြီးဘုရင်မှာ ရယ်မောလိုက်လေသည်။ ယခုတွင်မူ သူ၏ ခန္ဓာကိုယ်မှာ အားလုံးနီးပါး ပျောက်ကွယ်နေပြီဖြစ်သည်။ သို့သော်လည်း သူ၏ရယ်သံထဲတွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီးမှာပင် ပဲ့တင်ထပ်သွားနိုင်လောက်သည့် ခမ်းနားကြီးကျယ်သော စွမ်းအားတစ်မျိုး ပါဝင်နေသေးသည်။
” မင်းတို့အခု သဘောပေါက်သွားပြီဆိုပေမဲ့ နောက်ကျသွားပြီကွ။ ငါ့အတွက်တော့ ဒါက ကစားပွဲတစ်ခုလိုပဲ။ မင်းတို့က ငါ့ရဲ့ ဆုတ်ယုတ်အချိန်အပိုင်းအခြားအကြောင်းကို သိတော့ရော ဘာဖြစ်တုံး။ ငါ့အားနည်းချက်က သစ်သားအမျိုးအစား စွမ်းအင်ဆိုတာကို မင်းတို့သိတော့ရော ဘာဖြစ်တုံး ”
” ငါ့ရဲ့ ဆုတ်ယုတ်အချိန်အပိုင်းအခြားက အခုမှ စတာမဟုတ်ဘူးကွ။ ပြီးတောင်ပြီးခါနီးနေပြီ။ နောက်သုံးလနေရင် ငါက အားအင်အပြည့် ပြန်ဖြစ်တော့မှာ။ အေး… အဲဒီအချိန်ရောက်မှ ငါပြန်လာပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြတာပေါ့ကွာ ”
သရဲကြီးဘုရင်က ဘေးဘီဝဲယာကို အထင်သေးသည့်အကြည့်ဖြင့် ကြည့်ကာ ခေါင်းယမ်းလိုက်တော့သည်။ ထိုအကြည့်မှာ ပုန်ကန်သူများအားလုံး၏ မျက်နှာကို ဖြန်းခနဲ ရိုက်လိုက်သည့် အလားပင်။
” မင်းတို့မှာ အချိန်သုံးလရှိပါသေးတယ်။ အဲဒီအတောအတွင်း ငါ့ရဲ့ ခန္ဓာကိုယ်အစစ်ကို ရအောင်ရှာနိုင်မလား ကြည့်ကြတာပေါ့။ အဲဒါက ငါ့ကစားပွဲလေးရဲ့ အဆင့်နှစ်ပဲ ”
သူက ခေါင်းကိုနောက်ပစ်၍ အားပါးတရရယ်မောရင်း ပျောက်ကွယ်သွားတော့သည်။
နတ်အဆင့်ခေါင်းဆောင်ကြီး သုံးယောက်နှင့် ကောင်းကင်မြို့စား ခြောက်ယောက်မှာ အသက်ကိုပင် အနိုင်နိုင်ရှူနေရပြီး သူတို့မျက်ဝန်းထဲရှိ ကြောက်ရွံ့မှုများကို မဖုံးကွယ်နိုင်တော့ပေ။ ယခုတွင် သူတို့မှာ သရဲကြီးဘုရင်၏ စကားကို ယုံစားရုံမှတစ်ပါး အခြားလုပ်စရာ မကျန်တော့ပေ။ သူတို့တွင် အချိန်သုံးလသာ ကျန်တော့သည်ကို သိလိုက်ပြီဖြစ်သည်။
ထိုသုံးလအတွင်း သရဲကြီးဘုရင်၏ ခန္ဓာကိုယ်အစစ်ကို ရှာမတွေ့ပါက သူတို့နှင့် သူတို့မျိုးနွယ်စုများမှာ ကွပ်မျက်ခံရမည်သာ ဖြစ်သည်။ သူတို့က ထွက်ပြေးနိုင်သေးသည်။ မြေရိုင်းဒေသမှာ အကျယ်ကြီးရှိသည် မဟုတ်ပါလော။ သို့သော် သရဲကြီးဘုရင်သာ စွမ်းအင်အပြည့်ပြန်ဖြစ်သွားပါက သူတို့လုံးဝလွတ်မြောက်နိုင်မည် မဟုတ်တော့ပေ။
” သူ့ကို ရအောင်ရှာ ”
ပိုင်မျိုးနွယ်စု ခေါင်းဆောင်ကြီးက ထိတ်လန့်နေသည့်အမူအရာဖြင့် အော်ပြောလိုက်သည်
” ဘယ်နေရာမှ မချန်နဲ့။ ရသမျှ အင်အားအကုန်သုံးပြီး ရှာကြစမ်း။ သရဲကြီးဘုရင်ရဲ့ ခန္ဓာကိုယ်အစစ်ကို ရှာတွေ့မှ ရမယ်။ သူက အခုအထိ ဆုတ်ယုတ်အချိန်အပိုင်းအခြားထဲမှာ ရှိနေတုံးပဲ။ အဲဒါကြောင့် သူ့ကိုရှာတွေ့ရင် ငါတို့ အသက်ရှင်နိုင်သေးတယ်။ အေး ရှာမတွေ့ဘူးဆိုရင်တော့ ငါတို့အကုန်သေပြီပဲ ”
” သူက သုံးလလို့သာ ပြောတာ ယုံလို့မရဘူး။ တစ်လ။ သူ့ကိုတစ်လအတွင်း ရအောင်ရှာကြဟေ့ ”
” သူက မထင်လောက်အောင် ကိုယ်ပွားတစ်ခုကို ထုတ်နိုင်ခဲ့တာပဲ။ အဲဒီကိုယ်ပွားကို ထိန်းချုပ်ဖို့ဆိုရင် သူ့ခန္ဓာကိုယ်အစစ်က ဒီအနီးအနား တစ်နေရာရာမှာပဲ ရှိရမယ်။ ဒီ သရဲကြီးမြို့ထဲမှာပဲ သူရှိနေမယ့် ဖြစ်နိုင်ခြေက ရှစ်ဆယ်နဲ့ ကိုးဆယ်ရာခိုင်နှုန်းကြားအထိ ရှိမှာအသေအချာပဲ။ ”
ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီး၏ စိတ်နှလုံးသားကို မျှော်လင့်ချက်ကင်းမဲ့မှုများက ဖုံးလွှမ်းနေပြီဖြစ်သည်။ သူတို့မှာ ရှုံးနိမ့်သွားပြီ မဟုတ်ပါလော။ သူတို့သည် နှစ်ပေါင်းများစွာ ပြင်ဆင်ကာ အင်အားများ စုစည်းနေခဲ့ပါသော်လည်း ခွက်ခွက်လန်အောင် ရှုံးသွားပြီ ဖြစ်သည်။ ထိုဖြစ်ရပ်မှာ ရယ်စရာပင် ကောင်းနေတော့သည်။ သရဲကြီးဘုရင်မှာ မဖြစ်နိုင်လောက်သည့် အရာတစ်ခုဖြစ်သော နတ်ဘုရားတစ်ပိုင်းအဆင့် ကိုယ်ပွားတစ်ခုကို ထုတ်နိုင်လိမ့်မည်ဟု သူတို့က အဘယ့်ကြောင့် တွေးမိလိမ့်မည်နည်း။
” ဘယ်လိုများ အဲဒီကိုယ်ပွားကို ထုတ်နိုင်ရတာလဲကွာ ”
ချန်မျိုးနွယ်စု ခေါင်းဆောင်ကြီးမှာ နီမြန်းနေသည့် မျက်ဝန်းများဖြင့် ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးအတိုင်း အမိန့်များ ချမှတ်လိုက်ပြီး သူကိုယ်တိုင်ပင် လေပေါ်တွင်ပျံဝဲကာ ရှာဖွေနေတော့သည်။
ချိုင်မျိုးနွယ်စုခေါင်းဆောင်နှင့် ကောင်းကင်မြို့စား ခြောက်ယောက်မှာ ကြောက်ကြောက်ရွံ့ရွံ့နှင့် တုန်ရီနေကြသော်လည်း ရှာဖွေမှုများကို စတင်လိုက်တော့သည်။ သူတို့သည် သရဲကြီးဘုရင်၏ ခန္ဓာကိုယ်အစစ်ကို တွေ့နိုင်ရန် ရှိသမျှ အင်အားအကုန်သုံးကာ သရဲကြီးမြို့တော်၏ နေရာတိုင်းကို ရှာဖွေနေတော့သည်။
နယ်စားကြီး ဝိညာဥ်လောက မှာလည်း နယ်စားကြီးသေမင်းေအာ်သံကို တိုက်ခိုက်ရန် ဆန္ဒမရှိတော့သဖြင့် ဆုတ်ခွာလိုက်တော့သည်။ နယ်စားကြီးသေမင်းေအာ်သံမှာလည်း ဆက်၍ မတိုက်ခိုက်လိုတော့သဖြင့် လေပေါ်တွင်ပျံဝဲကာ အသံကုန်အော်ရယ်နေတော့သည်။
မည်သူကမှ သရဲကြီးဘုရင်၏ ခန္ဓာကိုယ်အစစ်တည်နေရာကို သူ့အား မေးမနေကြပေ။ သရဲကြီးဘုရင်မှာ ထိုသို့အရေးကြီးသော သတင်းအချက်အလက်မျိုးကို မည်သူ့ကိုမှ ပြောပြမည်မဟုတ်ကြောင်း သူတို့က သိနေသည်မဟုတ်ပါလော။ ထိုသို့အဓိပ္ပါယ်မရှိသည့် မေးခွန်းများကို မေးနေမည့်အစား ကိုယ်တိုင်ရှာဖွေခြင်းက ပို၍ကောင်းကြောင်းကို သူတို့ သိသည်။
သူတို့တွေးသည်မှာလည်း မှန်သည်။ နယ်စားကြီး သေမင်းအော်သံ ကိုယ်တိုင်ပင်လျှင် သူအချိန်ကြာမြင့်စွာ ဆက်ဆံနေသည့် လူမှာ ကိုယ်ပွားတစ်ခုသာဖြစ်ကြောင်းကို သူက လုံးဝသတိမထားမိခဲ့ပေ။
မျိုးနွယ်စုသုံးခုနှင့် ကောင်းကင်မြို့စားခြောက်ယောက်တို့၏ တပ်ဖွဲ့များက သရဲကြီးမြို့တော်ကို ရှာဖွေနေစဥ် ပိုင်ရှောင်ချန်းမှာ မိစ္ဆာအကျဥ်းထောင်၏ အမှတ်လေးထောင်ခန်း ထဲတွင်ရှိသော သူ၏အကျဥ်းခန်းထဲတွင်ထိုင်ကာ ပျင်းရိစွာဖြင့် သူ၏ရောင်းရင်းထောင်သားများထဲမှ တစ်ယောက်ကိုကြည့်နေသည်။ ထိုထောင်သားမှာ သရဲကြီးဘုရင်ကို လွန်ခဲ့သည့်နှစ်ပေါင်းများစွာက စော်ကားခဲ့သူဖြစ်သည့် အနီရောင် မွေးရာပါအမှတ်အသားတစ်ခု ရှိသော အဘိုးကြီးဖြစ်သည်။
ပိုင်ရှောင်ချန်းက သက်ပြင်းချကာ ဆိုလိုက်လေသည်။
” ဟေး အဘိုးကြီးရေ။ ကျွန်တော်ဒီကိုရောက်တာလည်း အချိန်တော်တော်ကြာနေပြီ။ ပြီးတော့ ခင်ဗျားကြီးကိုလည်း စကားတွေ အများကြီးပြောနေတာလေဗျာ။ ခင်ဗျားကြီးက တစ်ခုခု ပြန်ပြောဦးမှာလားဗျ ”
သူသည် ထိုအဘိုးကြီးကို ထောင်သားအချင်းချင်း တစ်ယောက်နှင့်တစ်ယောက် ဖေးမပေးနိုင်မည်ဟု အစက ထင်ခဲ့သည်။ သို့သော် ထိုအဘိုးကြီးမှာ သူ့ကို စကားပြောဖို့နေနေသာသာ လှည့်ပင်မကြည့်ပေ။
အဆုံးတွင် ပိုင်ရှောင်ချန်းမှာ သူ့ကိုလျစ်လျှူရှုလိုက်တော့သည်။ သို့သော် ယနေ့တွင်မူ ထိုအဘိုးကြီးမှာ မျက်လုံးများပွင့်လာသည့်အပြင် သူ၏ အမူအရာများမှာလည်း ပြောင်းလဲသွားတော့သည်။ ပိုင်ရှောင်ချန်းမှာ စိတ်ဝင်စားသွားသဖြင့် ထိုအဘိုးကြီးကို မေးခွန်းအချို့ မေးလိုက်ပါသော်လည်း သူ့ကို အဖတ်ပြန်မလုပ်ပေ။
” ကျုပ်ဘယ်သူလဲဆိုတာ မသိဘူးလား အဘိုးကြီးရ ” ပိုင်ရှောင်ချန်းက အော်ပြောလိုက်တော့သည်။
” ဒီမှာ။ ကျုပ်က မိစ္ဆာအကျဥ်းထောင်ထဲက နံပါတ်တစ် အမှောင်စစ်ဆေးရေးမှူးပဲ။ ကျုပ်ကို စိတ်တိုအောင်လုပ်လို့ ခင်ဗျားကြီးအတွက် ကောင်းကျိုးရှိမှာ မဟုတ်ဘူး။ ”
သို့သော် အဘိုးကြီးမှာ မလှုပ်မယှက်ထိုင်ကာ မျက်မှောင်ကြုတ်ပြီး ပိုင်ရှောင်ချန်းကို လျစ်လျူရှုနေဆဲပင်။
ထိုသို့ စော်ကားခံရမှုကြောင့် ပိုင်ရှောင်ချန်းမှာ အေးစက်စက် နှာမှုတ်လိုက်ပြီး စကားထပ်ပြောရန် ပြင်လိုက်စဥ်မှာပင် ထောင်ခန်း၏ တံခါးပေါက်မှာ ပွင့်သွားကာ အဖွဲ့နံပါတ်ကိုး၏ ထောင်ခေါင်းမှာ ပိုင်ရှောင်ချန်းနှင့် အလွန်ရင်းနှီးသော ထောင်စောင့်များနှင့်အတူ ပြေးဝင်လာတော့သည်။ သူတို့၏ မျက်နှာများပေါ်တွင် စိုးထိတ်နေသည့် အမူအရာများကို မြင်နိုင်သည်။
” ကိစ္စကြီးတစ်ခုတော့ ဖြစ်နေပြီ ပိုင်ဟောက်ရေ ” အဖွဲ့ခေါင်းဆောင်က အလောတကြီး ပြောလိုက်သည်။
” မင်းငါတို့နဲ့ လိုက်ခဲ့တော့။ မျိုးနွယ်စုကြီးသုံးခုက ကောင်းကင်မြို့စား ခြောက်ယောက်နဲ့ပေါင်းပြီး ပုန်ကန်နေတာ။ သရဲကြီးမြို့တော် တစ်ခုလုံးလည်း ရှုပ်ယှက်ခတ်နေပြီ။ ပိုင်မျိုးနွယ်စုက မင်းကိုလွှတ်ပေးမှာ မဟုတ်ဘူး။ မင်းဒီကနေ မြန်မြန် ထွက်သွားမှရမယ်။ အဲဒါကြောင့် ငါတို့မင်းကို လာကူညီတာ ”
ထိုသို့ဆိုကာ ထောင်ခေါင်းက သူ၏လက်ကိုဆွဲခေါ်သွားတော့သည်။
မျိုးနွယ်စုသုံးခုမှာ မကြာမီလှုပ်ရှားတော့မည်ကို ပိုင်ရှောင်ချန်းက ယခင်ထဲက သိသော်လည်း ဤသို့ရုတ်တရက် ဖြစ်ရပ်များကြောင့် သူက အံ့အားသင့်နေရဆဲပင်။
သို့သော် ထောင်ခေါင်းက သရဲကြီးဘုရင်၏ ကျင့်ကြံခြင်းအခြေခံမှာ သူ၏ ဆုတ်ယုတ်အချိန်အပိုင်းအခြားကြောင့် ကျဆင်းသွားရသည့် အချက်ကို ရှင်းပြလိုက်လေသည်။ သို့သော်လည်း လူတိုင်းတွေ့မြင်ခဲ့ရသည့် သရဲကြီးဘုရင်မှာ ကိုယ်ပွားတစ်ခုသာဖြစ်ကြောင်း၊ မျိုးနွယ်စုသုံးခုမှာ သူ၏ခန္ဓာကိုယ်အစစ်ကို လိုက်ရှာနေကြောင်းတို့ကိုပါ ရှင်းပြလိုက်သောအခါ ပိုင်ရှောင်ချန်းမှာ အလွန် အံ့အားသင့်သွားရတော့သည်။
ယခုမှသာ သရဲကြီးဘုရင်က မျိုးနွယ်စုသုံးခုကို အမှုန့်မချေခဲ့သည့် အကြောင်းအရင်းကိုသူက နားလည်သွားတော့သည်။ သူက အမှုန့်ချေရန် ဆန္ဒမရှိခဲ့သည် မဟုတ်။ သူ၏ဆုတ်ယုတ်အချိန်အပိုင်းအခြားထဲရောက်နေသဖြင့် မစွမ်းဆောင်နိုင်ခဲ့ခြင်းသာ ဖြစ်သည်။
” သောက်ကျိုးနည်း သရဲကြီးဘုရင်ရာ။ ခင်ဗျားကြီး ကစားချင်တာများ ကစားပေါ့။ ဘာလို့များ ကျုပ်ကိုပါ ဆွဲထည့်ရတာတုံးဗျ ”
သူက စိတ်ဓာတ်များကျနေပါသော်လည်း ဤအခြေအနေကို ပြောင်းလဲ၍မရနိုင်တော့ကြောင်း သိလိုက်သည်။ သူ့ကိုယ်သူ အန္တရာယ်တောထဲ ရောက်နေပြီဖြစ်သည်ကို ရိပ်မိလိုက်ပြီ ဖြစ်သည်။ ဒေါသထွက်နေသည့် ပိုင်မျိုးနွယ်စုက သူ့ကိုလွှတ်ပေးမည်မဟုတ်သဖြင့် တတ်နိုင်သမျှ အမြန်ဆုံးထွက်ပြေးရန်လိုအပ်ကြောင်းကို သူကသိလိုက်သည်။
ထိုသို့ တွေးတောလိုက်ပြီးနောက် သူက ကျေးဇူးတင်သည့် အမူအရာဖြင့် ထောင်ခေါင်း၏ ပခုံးကို ဆုပ်ကိုင်လိုက်တော့သည်။
” အစ်ကိုတို့ရေ ”
ထောင်ခေါင်းနှင့် ထောင်စောင့်များကို ခေါ်ကာ သူက ဆိုလိုက်သည်။
” အစ်ကိုတို့ရဲ့ ကြီးမားလှတဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် တစ်သက်လုံး မမေ့ပါဘူး။ အခုက စကားပြောဖို့အချိန် မဟုတ်ဘူးဆိုတော့ ကျွန်တော် ထွက်သွားမှ ရတော့မယ်…. ”
သို့သော် သူထွက်ခွာရန် ပြင်လိုက်ချိန်တွင် လိပ်ကလေး၏ အသံကို သူ၏နားထဲတွင် ကြားလိုက်ရတော့သည်။
” ဟေ့ကောင်။ ဘာလို့ ဒီလောက်အလောတကြီး ထွက်ခွာချင်နေရတာတုံး။ ငါတို့ ပွပေါက်တိုးမဲ့ အခွင့်အရေးတစ်ခု ရှာတွေ့ထားတယ်။ မင်းစိတ်ဝင်စားလား “