” စောစောထဲက အဲဒီလို ပြောမှပေါ့။ ငါ ရင်တောင်ထိတ်သွားရတယ် ”
ပိုင်ရှောင်ချန်းက စိတ်သက်သာရာရသွားဟန်ဖြင့် သူ၏ အင်္ကျီလက်ကို ခါယမ်းလိုက်တော့သည်။ ထို အထူးပြုလုပ်ထားသည့် မန္တန်အစီအရင် နှစ်ဆယ့်ခုနစ်ခုထဲသို့ ဝင်ရောက်ရန် အထူးတံဆိပ်တော်တစ်ခု လိုအပ်သော်လည်း သူက ထာဝရပြုစားခြင်းသိုင်းကို အသုံးပြုနိုင်သည် မဟုတ်ပါလော။
” မဟာတံတိုင်းကြီးရဲ့ မန္တန်အစီအရင်ကိုတောင် ငါကျော်နိုင်သေးတာပဲ။ ဒီလို ဘာမဟုတ်တဲ့ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်လောက်ကတော့ အေးဆေးကြီးပါကွာ ”
သူက မေးငေါ့ကာ အသက်မရှိတော့သော လုရှီယုံကို ငုံ့ကြည့်လိုက်ပြီး ဉာဏ်ပညာချင်း ယှဥ်ပြိုင်သည့် တိုက်ပွဲတွင် အနိုင်ရသွားသဖြင့် သူ့ကိုယ်သူ ဂုဏ်ယူနေတော့သည်။
” ငါ့လောက် အမြော်အမြင်မရှိတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်ကွာ ”
ထိုသို့ဆိုကာ သူက ထောင်ခန်းထဲမှ ထွက်သွားတော့သည်။
လုရှီယွဲ့၏ သေဆုံးမှုကြောင့် အရှုပ်အထွေးများအနည်းငယ် ရှိလာသော်လည်း အမှတ်နှစ်ထောင်ခန်း၏ ထောင်စောင့်များက ထိုအရာများကို ဖြေရှင်းနိုင်လိုက်သည်။ လက်ထောက်ထောင်မှူးအား သူ၏ ပစ္စည်းများနှင့်ပတ်သတ်သော သတင်းအချက်အလက်များကို ပေးလိုက်သောအခါ သူသေဆုံးသွားသည့် အချက်မှာ အရေးမပါတော့ပေ။
ထောင်စောင့်များမှာ ထုံအသူများ မဟုတ်သည်တော့ အမှန်ပေ။ ပိုင်ရှောင်ချန်းက အခြားသော လျှို့ဝှက်ချက်များကိုပါ သိလိုက်ရ၍ လုရှီယွဲ့ကို နှုတ်ပိတ်လိုက်ခြင်းဖြစ်ကြောင်း သူတို့က သိကြသည်။ သို့သော်လည်း ပိုင်ရှောင်ချန်းမှာ သူ့ထံသို့ ပေးစရာရှိသော ဝေစု၏ သုံးဆယ်ရာခိုင်နှုန်းကို မယူတော့ပဲ လျှော်ပေးလိုက်သဖြင့် ထောင်စောင့်များမှာ စိတ်ကြည်လင်သွားကြတော့သည်။
တရားဝင်စည်းကမ်းများအရ စစ်ဆေးရေးမှူးများသည် လျှို့ဝှက်သတင်းများကို ရရှိနိုင်သည် ဆိုသော အချက်ကို ခွင့်ပြုထားသည် မဟုတ်ပါလော။ စစ်ဆေးရေးမှူးကို လူတိုင်းက သဘောကျနှစ်သက်နေပါက ထိုအချက်ကြောင့် ပြဿနာ တက်နိုင်မည် မဟုတ်ပေ။
ပိုင်ရှောင်ချန်း၏ ကိုင်တွယ်ဖြေရှင်းသည့်နည်းလမ်းများကြောင့် မေးခွန်းများကို ဟန့်တားနိုင်လိုက်ရုံသာမက ထိုကိစ္စတွင် ပါဝင်ပတ်သက်နေသည့် လူတိုင်းမှာ ကျေနပ်သွားကြတော့သည်။ ထို့နောက် ပိုင်ရှောင်ချန်းမှာ နှုတ်ဆက်စကားအချို့ဆိုလိုက်ပြီး တက်ကြွနေသည့် စိတ်ဓာတ်များဖြင့် အမှတ်လေးထောင်ခန်း ဆီသို့ ပြန်လာတော့သည်။ သူက ကျိုးရီရှင်းကို ဆက်သွယ်ရန်ပင် ဆုံးဖြတ်လိုက်သေးသည်။ ယခင်က လီရှူသည် မိစ္ဆာအကျဥ်းထောင်ကို အပြီးတိုင် ပိတ်ဆို့ထားသဖြင့် အပြင်ဘက်နှင့် အဆက်အသွယ် လုပ်၍မရခဲ့ပေ။
သို့သော် ယခုတွင်မူ သူ၏ ဆက်သွယ်မှုမှာ ချိတ်ဆက်မိသွားတော့သည်။ ပိုင်ရှောင်ချန်းမှာ မန္တန်အစီအရင်များနှင့် ပတ်သတ်သည့် အကြောင်းအရာအချို့ကို ပေးပို့လိုက်ပြီး ကျိုးရီရှင်းအား မှန်၊ မမှန် သွား၍ စစ်ဆေးခိုင်းလိုက်တော့သည်။ နောက်နေ့တွင်မူ သူက ပြန်၍ အကြောင်းပြန်လေသည်။
ကျိုးရီရှင်းမှာ မယုံကြည်နိုင်သည့် လေသံဖြင့် သတင်းပြန်ပို့သည်။
” မန္တန်အစီအရင်တွေအကုန်လုံး ရှိပါတယ် သခင်။ အဲဒီနေရာတစ်ခုချင်းစီက တော်တော်ကိုထူးဆန်းပြီး ရှာတွေ့ဖို့ဆိုတာ မဖြစ်နိုင်လောက်အောင်ပါပဲ။ နတ်ဘုရားအာရုံသုံးရင်တောင် မရလောက်ဘူး။ အမှန်အတိုင်းပြောရမယ်ဆိုရင် မန္တန်အစီအရင်တွေရဲ့ အစအနတောင် ကျွန်တော် တွေ့ခဲ့တာမဟုတ်ဘူးဗျ။ သခင်သာ နေရာအတိအကျ ပြောမထားရင် ကျွန်တော်လုံးဝ ရှာတွေ့မှာ မဟုတ်ဘူး ”
ထိုသတင်းကို ပိုင်ရှောင်ချန်းက ကြားလိုက်သောအခါ စိတ်သက်သာရာ ရသွားသည့်အလား သက်ပြင်းချလိုက်ပြီး စိတ်လှုပ်တရှားဖြင့် လက်သီးများကို ဆုပ်လိုက်တော့သည်။
” တကယ်အမှန်ပဲကိုးကွ။ ဟားဟား ။ အဲဒီ တည်နေရာရွှေ့ပြောင်းခြင်း ဝင်ပေါက်တွေနဲ့ဆိုရင် ငါထွက်ပြေးနိုင်ဖို့ အခွင့်အရေး ပိုများသွားပြီ ”
” မျိုးနွယ်စုကြီးသုံးခုနဲ့ သရဲကြီးဘုရင်တို့က အခုဆို အခြေအနေတွေ တင်းမာနေမှာ အသေအချာပဲ။ အခြေအနေတွေ ရှုပ်ထွေးလာပြီဆိုတာနဲ့ ပိုင်မျိုးနွယ်စု ငါ့ကိုလာရှာတာကို ငါက ထိုင်စောင့်နေလို့ မဖြစ်ဘူး။ မိစ္ဆာအကျဥ်းထောင်ထဲက ရအောင်ထွက်ပြီး လွတ်ရာကျွတ်ရာကို ပြေးရမယ် ”
ထိုသို့ဆုံးဖြတ်လိုက်ပြီး ပိုင်ရှောင်ချန်းမှာ စိတ်ရှည်ရှည်ထားကာ စောင့်ဆိုင်းနေလိုက်တော့သည်။ နောက်ထက် လဝက်တိတိ ကုန်ဆုံးသွားပြန်သည်။ ပုန်ကန်မှုကြီး ဖြစ်တော့မည်ကို မြို့ထဲရှိ လူအများစုမှာ သိနေကြပြီ ဖြစ်သော်လည်း လက်တွေ့တွင် တကယ်ဖြစ်လာသောအခါ လူတိုင်းမှာ အံ့သြသွားကြရသည်သာ ဖြစ်သည်။
ပထမဆုံး တုန်လှုပ်စရာကောင်းသည့် ဖြစ်ရပ်ကြီးမှာ မျိုးနွယ်စုကြီးသုံးခုထဲတွင် ဖြစ်ခဲ့သည်မဟုတ်ပေ။ သရဲကြီးမြို့တော်၏ အထက် ကောင်းကင်ယံတွင် ပုံရိပ်ယောင် ပုဆိန်ကြီးတစ်လက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ထိုပုဆိန်ကြီးမှာ မီတာသုံးသောင်းခန့်ရှည်လျားပြီး ကြောက်မက်ဖွယ် စွမ်းအင်များကို ထုတ်လွှတ်နေသည်။ ၎င်းက လေထုကို ဖြိုခွင်းကာ မြို့လယ်ခေါင်ရှိ သရဲကြီးရုပ်ထုဆီသို့ ဆင်းသက်လာသည်။
ထိုအခါ ကောင်းကင်ယံနှင့် ကမ္ဘာမြေကြီးပေါ်တွင် ထစ်ချုန်းသံများဖြင့် ပြည့်နှက်သွားပြီး တချိန်ထဲမှာပင် ရုပ်ထုကြီး၏ ဦးခေါင်ပေါ်ရှိ တော်ဝင်နန်းတော်ထဲမှ ဒေါသတကြီး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာတော့သည်။
” အတင့်ရဲလှပါလား သောကကင်းဝေးကိုးသွယ်ဘုရင် ”
ထိုအသံကြီး ထွက်လာသည်နှင့် တစ်ပြိုက်နက် သရဲကြီးတစ်ကောင်၏ ပုံရိပ်တစ်ခုလည်း လေထုထဲတွင် ပေါ်ပေါက်လာသည်။ ထိုသရဲကြီးမှာ ကြောက်မက်ဖွယ်ကောင်းစွာ မာန်ဖီလိုက်ပြီး ပျံဝဲလာနေသည့် ပုဆိန်ကြီးဘက်သို့ လက်သီးတစ်ချက် ထိုးနှက်လိုက်တော့သည်။
ထိုအရာနှစ်ခုမှာ တစ်ခုနှင့်တစ်ခု မျက်နှာချင်းဆိုင်၍ အရှိန်ပြင်းစွာ ပျံသန်းလာကြသောအခါ ဖော်ပြ၍မရနိုင်လောက်အောင် ကြီးမားသည့် စွမ်းအားကြီးမှာ အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားသဖြင့် အရာအားလုံးမှာ ရှုပ်ထွေးသွားကြပြီး လေထုကြီးပင် ကွဲအက်လုမတတ်ဖြစ်သွားရတော့သည်။
” ငါ ပြန်ဆပ်စရာအကြွေးတစ်ခုရှိလို့သာ ဒီလိုလုပ်ရတာပါ သရဲကြီးဘုရင်ရာ။ အခုမင်းတစ်ယောက်ထဲ ဖြစ်သွားပါပြီ ”
ထိုပုဆိန်ကြီးနှင့်အတူ ရယ်သံကြီးတစ်ခုပါ ပေါ်ထွက်လာသဖြင့် ထစ်ချုန်းသံများနှင့် ရောနှောသွားတော့သည်။ ထို့နောက် ပုဆိန်ကြီးနှင့် သရဲကြီးတို့မှာ တိုက်မိသွားတော့သည်။
ထိုအခါ တအုန်းအုန်းမြည်ဟည်းသံများ လေထဲတွင် ပြည့်နှက်သွားတော့သည်။
မိုးခြိမ်းသံများထက်ပင် ကျယ်လောင်သည့် အသံကြီးတစ်သံမှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖျက်ဆီးတော့မည့်အလား ပေါ်ထွက်လာတော့သည်။ ကြီးမားသော တုန်ခါမှုလှိုင်းကြီးတစ်ခုမှာ ပျံ့ထွက်သွားသဖြင့် လမ်းတစ်လျှောက်ရှိ အရာအားလုံးမှာ အမှုန့်ကျေသွားကြပြီး ကောင်းကင်ယံမှာ အပေါက်ကြီးများ ပွင့်လာတော့သည်။
သရဲကြီးမြို့တော်မှာ ချက်ချင်းပင် ရုန့်ရင်းဆန်ခတ် ဖြစ်သွားပြီး လူတိုင်းမှာ မော့ကြည့်လိုက်ကြတော့သည်။ သူတို့မြင်လိုက်ရသည့် မြင်ကွင်းမှာ သရဲကြီးတစ်ကောင်၏ ပုံရိပ်က ပုဆိန်ကြီးကြောင့် ပျက်စီးသွားသည့် မြင်ကွင်းပင်ဖြစ်သည်။
” ဒါ…ဒါ… ”
” ဘုရားရေ။ သရဲကြီးဘုရင်က ပြန်မတိုက်နိုင်ပါလား ”
” မဖြစ်နိုင်တာ ”
ပုဆိန်ကြီးမှာ သရဲကြီး၏ပုံရိပ်ကို ဖြတ်ကာ သရဲကြီးမြို့တော်ဆီသို့ ဆင်းသက်လာနေသည်ကို ဘေးနားတွင်ကြည့်နေကြသူများက မြင်လိုက်ရသဖြင့် တုန်လှုပ်သွားကြတော့သည်။ သို့သော်လည်း ကံကောင်းစွာပင် တလက်လက်တောက်ပနေသည့် အလင်းတန်းဒိုင်းကာတစ်ခု ပေါ်ထွက်လာတော့သည်။ ၎င်းမှာ မြို့တော်၏ မြင့်မြတ်သောမန္တန်အစီအရင်ပင် ဖြစ်သည်။
ထို့နောက် နားစည်များပင် ကွဲအက်သွားစေနိုင်သည့် အသံကြီးတစ်သံ ပေါ်ထွက်လာပြီး မန္တန်အစီအရင်၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်ထွက်လာတော့သည်။ ဒိုင်းကာကြီးမှာ ကျန်ရစ်ခဲ့ပြီး ပုဆိန်ကြီးမှာ ပျောက်ကွယ်သွားပါသော်လည်း ရယ်မောသံများ ထပ်မံထွက်ပေါ်လာတော့သည်။
” တကယ်ပဲ မင်းက ဆုတ်ယုတ်နေတဲ့ အချိန်အပိုင်းအခြားထဲကို ရောက်နေတာကိုး သရဲကြီးဘုရင်ရေ။ ဒီ ကပ်ဘေးကြီးကို မင်းအနိုင်ယူမလား၊ မယူနိုင်ဘူးလားဆိုတာကတော့ ငါနဲ့မဆိုင်ပါဘူး။ နှုတ်ဆက်ပါတယ် ”
ထို့နောက် ထိုအရူးတပိုင်းရယ်မောသံကြီးမှာ ဖြည်းညင်းစွာဖြင့် ကွယ်ပျောက်သွားတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့်လူတိုင်းမှာ တုန်ရီနေကြပြီး ပုန်ကန်မှုမှာ ယနေ့တွင်စပြီဖြစ်ကြောင်းကို ချက်ချင်းသိလိုက်ကြတော့သည်။
ထိုအချိန်တွင် အလင်းတန်းခြောက်တန်းမှာ မြို့တော်၏ အထက်ရှိ လေထုထဲသို့ ရုတ်တရက် ပျံတက်လာကြတော့သည်။ ထိုအလင်းတန်းများထဲတွင် သရဲကြီးမြို့တော်ကို အုပ်ချုပ်သည့် ကောင်းကင်မြို့စား ခြောက်ယောက်ပါရှိသည်။ ထိုမြို့စားတစ်ယောက်ချင်းစီမှာ မြို့တော်ထဲတွင် ချထားသည့် တပ်ဖွဲ့ဆယ်ဖွဲ့ထဲမှ တစ်တပ်စီကို ထိန်းချုပ်ထားကြသူများဖြစ်သည်။ အခြားကျန်ရှိသည့် ကောင်းကင်မြို့စားလေးယောက်မှာမူ ဘာမှမလုပ်ကြချေ။
” သရဲကြီးဘုရင်ရေ။ ဒီနေ့က မင်းကံကုန်တဲ့ နေ့ပဲ ”
” သေပေတော့ သရဲကြီးဘုရင်ရေ ”
ထို ကောင်းကင်မြို့စား ခြောက်ယောက်ထဲတွင် နတ်အဆင့်ကျင့်ကြံသူ တစ်ယောက်မှ မပါဝင်ပါသော်လည်း အချို့မှာ နတ်တစ်ပိုင်းအဆင့်သို့ တက်လှမ်းထားနိုင်ကြသူများ ဖြစ်သည်။ တော်ဝင်နန်းတော်ကို သူတို့က စုပေါင်းတိုက်ခိုက်လိုက်ကြသဖြင့် သရဲကြီးမြို့တော်မှာ တုန်ရီသွားသော်လည်း ထိုအချိန်တွင် ရုပ်ထုကြီး၏ လက်တစ်ဖက်ဆီမှ ဒေါသတကြီး အော်ဟစ်သံတစ်သံ ပေါ်ထွက်လာတော့သည်။ နယ်စားကြီးသေမင်းေအာ်သံမှာ တင်းမာနေသည့် မျက်နှာထားဖြင့် ပေါ်ပေါက်လာပြီး ဆောင်းတွင်း နှင်းမှုန်များအလား အေးစက်နေသည့်လေသံကြီးဖြင့် အော်ဟစ်လိုက်လေည်။ ထိုအော်သံထဲတွင် သူ၏နတ်အဆင့်ကျင့်ကြံခြင်းအခြေခံမှ စွမ်းအားများ ပါဝင်နေသည်။
” အတင့်ရဲလှပါလား ”
သို့သော် နယ်စားကြီး သေမင်းအော်သံ က ထိုကောင်းကင်မြို့စားခြောက်ယောက်ကို တားဆီးရန် ထွက်လာချိန်တွင် သရဲကြီးရုပ်ထု၏ အခြားလက်တစ်ဖက်မှ သက်ပြင်းချသံတစ်သံ ပေါ်ထွက်လာတော့သည်။
” မိတ်ဆွေ သေမင်းအော်သံ ရေ ” ဝမ်းနည်းနေသည့် စကားသံ တစ်သံပေါ်ထွက်လာတော့သည်။
” ကျုပ်တို့နှစ်ယောက် မိတ်ဆွေတွေအဖြစ်နေလာတာ နှစ်ပေါင်းများစွာရှိနေပြီဆိုတာကို သိပေမယ့် အခုတော့…. ကျုပ်တို့က ရန်သူတွေ ဖြစ်သွားကြပြီကွ ”
ထိုအသံနှင့်အတူ ရုပ်ထုကြီး၏ အခြားလက်တစ်ဖက်ပေါ်တွင် လူရိပ်တစ်ခု ပေါ်ထွက်လာတော့သည်။
ထိုလူမှာ သရဲကြီးမြို့တော်၏ နယ်စားငါးယောက်ထဲမှ တစ်ယောက်ဖြစ်သော နယ်စားကြီးဝိညာဥ်လောက ပင်ဖြစ်သည်။
” ဝိညာဥ်လောက၊ မင်းကပါ ရှင်ဘုရင်မင်းမြတ်ကို သစ္စာဖောက်နေတာပေါ့ ”
နယ်စားကြီး သေမင်းအော်သံ ၏ မျက်ဝန်းများထဲတွင် ချက်ချင်းပင် သတ်ဖြတ်လိုစိတ်များ ပေါ်ထွက်လာပြီး သူက ပစ်မှတ်ကို ပြောင်းလဲလိုက်တော့သည်။
ထိုအချိန်တွင် မျိုးနွယ်စုကြီးသုံးခုမှာ စတင်လှုပ်ရှားလိုက်ကြတော့သည်။
အံ့သြဖွယ်ကောင်းသည့် အလင်းတန်းသုံးတန်းမှာ လေပေါ်သို့ ပျံတက်လာပြီး သရဲကြီးရုပ်ထုဆီသို့ ဦးတည်သွားကြတော့သည်။ ထိုအလင်းတန်းများထဲတွင်မူ မျိုးနွယ်စုသုံးခုမှ နတ်အဆင့်ခေါင်းဆောင်ကြီးများ ပါဝင်ပေသည်။
ထိုခေါင်းဆောင်ကြီးသုံးယောက် ယခုမှစတင်လှုပ်ရှားရသည့် အကြောင်းအရင်းမှာ သောကကင်းဝေးကိုးသွယ်ဘုရင်၏ ရှေ့ပြေးတိုက်ခိုက်မှုကို စောင့်ဆိုင်းနေသောကြောင့် ဖြစ်သည်။ ယခုတွင်မူ သရဲကြီးဘုရင်မှာ အမှန်တကယ် အင်အားနည်းနေပြီဖြစ်ကြောင်း သူတို့က ယုံကြည်သွားကြသဖြင့် တိုက်ခိုက်ရန် စိတ်အားထက်သန်နေကြသည်။
သူတိုသုံးယောက်မှာ ကြောက်မက်ဖွယ်အမြန်နှုန်းဖြင့် လေဟုန်ကိုခွင်းကာ ကောင်းကင်မြို့စားခြောက်ယောက်နှင့် ပူးပေါင်း၍ တော်ဝင်နန်းတော်ကို တိုက်ခိုက်လိုက်ကြတော့သည်။
ထိုအရာများအားလုံးမှာ နောက်ထပ်ထွက်ပေါ်လာမည့် အရှုပ်အထွေးများ၏ နိဒါန်းမျှသာ ရှိသေးသည်။ မြို့စားဆယ်ယောက်ထဲတွင် ခြောက်ယောက်မှာ သစ္စာဖောက်သွားကြပြီဖြစ်သည်။ နယ်စားငါးယောက်ထဲတွင် လေးယောက်မှာ ပုန်ကန်နေကြပြီ ဖြစ်သည်။ ထိုသို့သောဖြစ်ရပ်မျိုးမှာ မြေရိုင်းဒေသထဲတွင် မြင်ရခဲသည့် ဖြစ်ရပ်မျိုးသာဖြစ်သည်။
အမှန်အတိုင်းဆိုရမည်ဆိုလျှင် အတော်အတန် ရှားပါးသည့် ဖြစ်ရပ်ဟုပင် ဆိုနိုင်သည်။ ဘုရင်ကြီးတစ်ယောက်ကို သူတို့က တိုက်ခိုက်နေကြသည် မဟုတ်ပါလော။ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို သတ်ရန် သူတို့က ကြိုးစားနေကြသည် မဟုတ်ပါလော..
” သရဲကြီးဘုရင်ရေ၊ မင်းရဲ့လျှို့ဝှက်ချက်ကို ငါတို့သိပြီးပြီကွ။ မင်းကျင့်ကြံတဲ့ ပညာရပ်မှာ အန္တရာယ်အလွန်ကြီးတဲ့ ချို့ယွင်းချက်တစ်ခု ရှိတယ်မလား။ ငါတို့က မင်းရဲ့ ဆုတ်ယုတ်နေတဲ့ အချိန်အပိုင်းအခြားကို အတိအကျမတွက်ချက်နိုင်ပေမဲ့ အခုတော့ မင်းအဲဒီအချိန်ထဲရောက်နေတာ အသေအချာပဲ။ မင်းသေဖို့ အချိန်တန်ပြီဟေ့ ”
” ဒီအချိန်ကို ငါအကြာကြီးစောင့်နေရတာ သရဲကြီးဘုရင်ရေ။ ဒီနေ့တော့ မင်းအသက်ပျောက်ပြီသာမှတ်ပေတော့ ”
နတ်အဆင့် ခေါင်းဆောင်ကြီး သုံးယောက်မှာ စူးရှထက်မြက်သည့်ဓားသွားများအလား လေဟုန်ကိုဖြိုခွင်းကာ သူတို့၏ နောက်တွင် အလင်းတန်းများသာ ကျန်ခဲ့သည်အထိ ပျံသန်းသွားကြပြီး သရဲကြီးရုပ်ထုကို ဝင်တိုက်ခိုက်လိုက်ကြတော့သည်။
ဝုန်း
သရဲကြီးရုပ်ထုမှာ ထိုတိုက်ခိုက်မှု၏ ပြင်းအားကို တောင့်မခံနိုင်ပေ။ ၎င်း၏မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာကြပြီး တော်ဝင်နန်းတော်ကြီးမှာ ပြိုလဲစပြုလာတော့သည်။ ထို့နောက် ကျောက်စကျောက်နများနှင့် ဖုန်မှုန့်များအကြားတွင် မြွေနဂါးပုံတစ်ခုကို ရေးထိုးထားသည့် ခရမ်းရောင်ဝတ်ရုံကိုဝတ်ဆင်ထားကာ ဘုရင့်သရဖူတစ်ခုကို ဆောင်းထားသော အရပ်ရှည်ရှည်နှင့် ဗလတောင့်တောင့်လူတစ်ယောက် ပေါ်ထွက်လာတော့သည်။
သူသည် သက်လတ်ပိုင်းတွင် ရှိသည့်ပုံပေါ်ပြီး ဒေါသမထွက်ပါသော်လည်း ကြောက်စရာကောင်းနေသည်။ ထို့အပြင် ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက်တစ်ခုကိုလည်း ထုတ်လွှတ်နေတော့သည်။ သူကား သရဲကြီးဘုရင်ပင်ဖြစ်သည်။
” နောက်ဆုံးတော့ မင်းတို့စတင် လှုပ်ရှားပြီပေါ့ ”
သူက လေပေါ်သို့ပျံတက်သွားကာ နတ်အဆင့်ခေါင်းဆောင်ကြီးသုံးယောက်နှင့် ကောင်းကင်မြို့စားခြောက်ယောက်ကိုကြည့်ကာ ဆိုလိုက်သည်။ သူသည် စိုးရိမ်နေသည့် ပုံစံပင်မပေါ်ပဲ ပြုံးနေသေးသည်။ ထို့အပြင် ထိုအပြုံးထဲတွင် သူ့ကိုယ်သူ ယုံကြည်နေမှုများ အပြည့်ပါဝင်နေသည်။
” မင်းတို့ထဲက ဘယ်သူတွေ ဒီပုန်ကန်မှုမှာ ပါမလဲဆိုတာကို ငါသေချာမသိလို့ မင်းတို့ကို အမှုန့်မချေခင် မင်းတို့အရင်လှုပ်ရှားတာကို စောင့်နေတာ။ အခုတော့ အချိန်ကျပြီဆိုတော့ မင်းတို့အတွက် ကံဆိုးတာပဲ။ ငါ့ရဲ့ ကစားပွဲလေးက မပြီးသေးဘူးကွ။ ”
သရဲကြီးဘုရင်၏ စကားအရ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေသည်ကို မြင်လိုက်ရ၍ နတ်အဆင့်ခေါင်းဆောင်ကြီးသုံးယောက်မှာ အမူအရာ ပြောင်းလဲသွားရတော့သည်။
သို့သော်လည်း ယခုတွင်မူ နောက်ပြန်ဆုတ်၍ မရတော့ပေ။ သူတို့က အံကြိတ်ကာ မန္တန်လက်ကွက်များကို ဖော်လိုက်ကြတော့သည်။
” သစ်သားနယ်မြေ။ ။ သတ်ဖြတ်ခြင်း တံဆိပ်တော်။ ” သူတို့အားလုံးမှာ အတူတကွ အော်ဟစ်လိုက်ကြတော့သည်။ ချက်ချင်းပင် မရေမတွက်နိုင်သော ဝိညာဥ်များဖြင့် ပြည့်နှက်နေသည့် ဧရာမလေပွေကြီးတစ်ခု ပေါ်ထွက်လာတော့သည်။
ထိုဝိညာဥ်အားလုံးမှာ သစ်သားအမျိုးအစားများ ဖြစ်ကြပြီး သူတို့မှာ ပေါက်ကွဲသွားသည်နှင့် သရဲကြီးမြို့တော်တစ်ခုလုံးကို ဖုံးအုပ်သွားနိုင်သည့် ဧရာမအချုပ်အနှောင် အမှတ်အသားကြီးတစ်ခုကို ဖန်တီးလိုက်ကြတော့သည်။ ထို့နောက် တစ်မြို့လုံးကို သစ်သားဓာတ်များဖြင့် ပြည့်နှက်သွားစေတော့သည်။
သရဲကြီးဘုရင်ထံမှ ပေါ်ထွက်လာနေသည့် စွမ်းအင်များက ထိုသစ်သားစွမ်းအင်နှင့် ထိတွေ့မိသွားသောအခါ ဆူပွက်နေသည့် ရေပူထဲသို့ကျဆင်းသွားသော နှင်းပွင့်လေးတစ်ပွင့်အလား အရည်ပျော်သွားတော့သည်။