Chapter 20

လေလုံးထွားတာ ဟုတ်၊မဟုတ်

*ခင်ဗျားမှာ ရွေးချယ်စရာ နှစ်ခုရှိတယ်… ကျုပ်ညီရှေ့ ဒူးထောက်ပြီး သူ့ကို တောင်းပန်လိုက် ဒါမှမဟုတ် သူ့ရှေ့ ဒူးထောက်ပြီး သတ်သေလိုက်*

ယဲ့ဖန် ပြောလိုက်သည့်စကားကြောင့် ဘားတစ်ခုလုံး တိတ်ကျသွားသည်။

လူတိုင်းနီးပါး သူတို့ နားကြားမှားသည်ဟုတောင် ထင်မိကြသည်။

တစ်စုံတစ်ယောက်က ဝံပုလွေရိုင်းကို ဒူးထောက်ပြီး သူတို့ညီအတွက် တောင်းပန်ခိုင်းလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။

ဒုတိယရွေးချယ်ခွင့်ဖြစ်သည့် ဒူးထောက်ပြီး သတ်သေလိုက်ဆိုသည့် စကားကြောင့် သူတို့ ပို၍ထိတ်လန့်သွားကြသည်။

*ဒါ…ဒါ ရူးနေလို့ပဲ*

ထို့နောက် ဘားတစ်ခုလုံး ဆူညံပွတ်လောရိုက်သွားသည်။

“ဘုရားရေ…သူ ဘာပြောလိုက်တာလဲ…သူက ဝံပုလွေရိုင်းကို သူ့ညီရှေ့ ဒူးထောက်ခိုင်းပြီးတော့ တောင်းပန်ခိုင်းတယ်!!! ရူးနေတာလား”

“ချီးပဲ … ဒီကောင် စိတ်ကူးယဥ်နေတာလား … ဘယ်လိုလုပ်ပြီး သူက ဝံပုလွေရိုင်းကို တောင်းပန်ခိုင်းရတာလဲ … သောက်ရူး”

“စောက်ရူး … ဒီကောင်က စောက်ရူးပဲ …. ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”

…..

အားလုံးက ယဲ့ဖန်ကို မယုံနိုင်သလို ကြည့်နေကြသည်။ သူတို့အမြင်တွင် ယဲ့ဖန်က အရူးတစ်ယောက်ပင် ဖြစ်သည်။

“ကျားဘုရင်ကိုတောင် ဝံပုလွေရိုင်းက အနိုင်ပိုင်းလိုက်တာ…ဒီကောင်က ဝံပုလွေရိုင်းကို ဒီလိုပြောနေမှတော့ သေတော့မှာပဲ”

ချွီထောင်နှင့် မိန်းကလေးသုံးယောက်တို့ ယဲ့ဖန်စကားကြောင့် မှင်တက်မိသွားသည်။

ဘာတွေဆက်ဖြစ်လာမယ်ဆိုတာကို တွေးမိပြီး ချွီထောင် ရယ်ချင်မိသွားသည်။

**ဟားဟား…ဘယ်လောက်တောင် ရူးသွပ်လိုက်လဲ… ငါ ရယ်ရလွန်းလို့ အူတောင်နာတယ်… သူက လုံးဝကို ဂြိုဟ်ဆိုးပဲ… ဟားဟား… သူတော့ သေပြီပဲ**

အစောပိုင်းတုန်းက သူက ယဲ့ဖန်ကို အားကျမိသေးသည်၊ အခုတော့ သူက အပျော်ကြီး ပျော်နေမိသည်။ သူ့မျက်လုံတွင် ယဲ့ဖန်က သေလူပင် ဖြစ်၏။

**သူတော့ သေပြီပဲ**

ယွမ်လီနှင့် ရှုချင်တို့လည်း တူညီစွာ တွေးမိသည်။ အထူးသဖြင့် ယွမ်လီက အပျော်ကြီး ပျော်နေသည်။

**ဟွန့်…. သူက သုံးစားမရတဲ့ ဂြိုဟ်ဆိုးကောင်ပါလို့ ငါ အစောကြီးကတည်းက ပြောသားပဲ…ဖေးချမ်က သူ့ကြောင့် ဒီကိစ္စထဲ မကြာခင် ပါလာတော့မှာပဲ**

ယွမ်လီက လှောင်ရိပ်သန်းနေသည့် အကြည့်ဖြင့် ဖေးချမ်နှင့် ယဲ့ဖန်တို့ကို ကြည့်နေကာ သူတို့ ဒုက္ခရောက်မည်ကို ကြည့်နေသည်။

ကျန်းဝေ့ဝေ့က ကြံရာမရဖြစ်နေသည့်ဟန် ဖြစ်နေသလို ယဲ့ဖန်အား သူ့ချစ်သူအဖြစ် လက်မခံမိသည်ကို ကံကောင်းတယ်ဟု တွေးမိနေသည်။

**ဒီလူက တကယ့်ကို တော်ပင်မယ့် ပြဿနာရှာလွန်းတယ်…. ဒီတစ်ခါတော့ သူ ဝံပုလွေရိုင်းကို အာခံမိလို့ သေရမှာပဲ**

ကျန်းဝေ့ဝေ့ သက်ပြင်းချလိုက်မိသည်။ အရင်တုန်းက သူမ ယဲ့ဖန်ကို ဆုံးရှုံးရလို့ နောင်တရမိသည်။ အခုတော့ နောင်တရစိတ်အစား ကံကောင်းမှုဟု ထင်လိုက်မိသည်။

အခုချိန်တွင် ယဲ့ဖန်စကားကြောင့် အခြားသူ မပြောနှင့် ဖေးချမ်ပါ ချွေးတွေစို့နေသည်။

“ဖန်…မင်း ငါ့အတွက် အဲ့လိုလုပ်ပေးဖို့ မလိုပါဘူး….”

ဖေးချမ် တော်တော်လေး ခံစားသွားရသည်။ ယဲ့ဖန်က သူ့အတွက် လုပ်ပေးနေမှန်း သူ သိသည်။ ဒီအတွက်ကြောင့်လည်း ယဲ့ဖန် သေသွားနိုင်သည်။

ဖေးချမ် ယဲ့ဖန်အပေါ် လိပ်ပြာမသန့်သလို ခံစားနေရသည်။ အံ့သြနေသော ရိုစ့်သည် ပင့်သက်ရှိုက်ကာ ယဲ့ဖန်ကို ပြောလိုက်သည်။

“ကောင်လေး…. မင်း စိတ်လိုက်မာန်ပါ လုပ်လွန်းတယ်”

ထို့နောက် သူမက ယဲ့ဖန်ကို ခွင့်လွှတ်ပေးရန် ဝံပုလွေရိုင်းအား ပြောမည်ဟု ကြံရွယ်လိုက်သည်။ သို့သော် သူမ ပါးစပ်ပင်မဟရသေးခင် ဝံပုလွေရိုင်းက လက်ခါပြကာ
“ရိုစ့် … မင်း ဒီသကောင့်သားအတွက် ပြောပေးစရာမလိုဘူး … အသုံးမဝင်ဘူး”

ထိုသို့ပြောလိုက်ပြီး ဝံပုလွေရိုင်းက ယဲ့ဖန်အား သွေးဆာနေသော ဝံပုလွေသဖွယ် စိုက်ကြည့်နေသည်၊သူ့မျက်လုံးများ ကြမ်းကြုတ် ရက်စက်သည့်ဟန်ဖြင့် တလက်လက်တောက်ပနေသည်။

“ငနာလေး …. သုံးနှစ်ရှိပြီ … သုံးနှစ်အတွင်း လူ ၇၂ယောက်က မင်းလိုမျိုး ငါ့ကို ပြောကြတယ် …ဒါ ပေမယ့် ၄၁ယောက်က သူတိုလက်ကို ဆုံးရှုံးလိုက်ရပြီး ကျန်တဲ့သူတွေက သူတို့ ခြေထောက်ကို ဆုံးရှုံးလိုက်ရတယ်”

ထို့နောက် သူက နှုတ်ခမ်းတွန့်ရုံ ပြုံးကာ ပြင်းထန်သော ချီဓါတ်ကို ထုတ်လိုက်သည်။

“ဂုဏ်ယူပါတယ်…မင်းက ငါ့ကြောင့် ဒုက္ခိတ ဖြစ်လာမယ့် ၇၃ယောက်မြောက်သူပဲ”

……

ဝံပုလွေရိုင်း၏စကားမှ ရက်စက်မှုတို့ကို ခံစားမိပြီး လူတိုင်း သွေးခဲမတတ်ဖြစ်သွားသည်။ ဝံပုလွေရိုင်း အလွန် ပေါက်ကွဲနေသည်ကို သူတို့ သတိထားမိသည်။ ယဲ့ဖန်သည် အနှေးနှင့်အမြန် ပြင်းထန်စွာ အပြစ်ပေးခံရတော့မည်။

ထို့နောက် ဝံပုလွေရိုင်းက လျင်မြန်စွာ ပြေး၍ ဖေးချမ်ကို ခပ်ပြင်းပြင်း ပိတ်ကန်လိုက်သည်။

ဘန်း!

ဖေးချမ် ၃မီတာခန့် လွင့်သွားပြီး စားပွဲတစ်လုံးပေါ် ပြုတ်ကျသွားသည်။

စက္ကန့်ပိုင်းအတွင်းမှာပင် ဖေးချမ် အသည်းအသန် သွေးအန်ကာ မျက်နှာက ဖြူရော်လာသည်။ ဖေးချမ် ပြင်းထန်စွာ ဒဏ်ရာရသွားသည်။

ထိုသို့ပြုမူပြီးသည်နှင့် ဝံပုလွေရိုင်းက ယဲ့ဖန်အား လှောင်သလိုကြည့်ကာ ပြောလိုက်သည်။

“ငါ အခုလေးတင် မင်းညီကို ကန်လိုက်ပြီးတော့ အသည်းအသန် ဒဏ်ရာရအောင်လုပ်လိုက်ပြီ။ အဲ့တော့ မင်း ဘာလုပ်ချင်လဲ?”

*ဘာလုပ်ချင်လဲတဲ့လား*

*တော်တော် မောက်မာတာပဲ*

*ရဲတင်းလွန်းတယ်*

ဝံပုလွေရိုင်း၏ ရက်စက်ပုံကို မြင်ပြီး ယဲ့ဖန်မှလွဲ၍ လူတိုင်းနီးပါး ထိတ်လန့်သွားကြသည်။ ယဲ့ဖန်ကတော့ ထူးဆန်း၍ ကြောက်လန့်ဖွယ်ကောင်းသည့် နတ်ဆိုးသဖွယ် အပြုံးမျိုးနှင့် ပြုံးနေသည်။

“လူပေါင်း ၃၉,၉၉၉ ယောက်”

ပြတင်းပေါက် အပြင်ဘက်မှ ကြယ်များဖြင့် လင်းလက်တောက်ပနေသော ကောင်းကင်အား ကြည့်​​နေရင်း ယဲ့ဖန် အသံထွက်လာသည်။ သူ၏ အပြစ်ကင်းစင်၍ ချော​မောသော မျက်နှာပေါ်တွင်လည်း အတိတ်ကို လွမ်းဆွတ်သတိရကာ ဝမ်းနည်းပူဆွေးနေသည့် အမူအရာမျိုး ပေါ်နေသည်။

“ပြီးခဲ့တဲ့ အတိတ်ကမ္ဘာတုန်းက စုစုပေါင်း လူပေါင်း ၃၉,၉၉၉ ယောက်က ငါ့ညီအစ်ကိုတွေကို ထိခိုက်နာကျင်အောင် လုပ်ခဲ့တယ် … သူတို့အားလုံး ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ အရပါ ပျောက်ကွယ်သွားပြီး ပြန်လည်ဝင်စားဖို့တောင် မလုပ်နိုင်ကြတော့ဘူး”

ထို့နောက် ယဲ့ဖန်က နတ်ဆိုးဆန်ဆန် ပြုံးကာ ပြောလိုက်သည်။

“မင်းက အယောက် ၄၀,၀၀၀ မြောက် သူ မဖြစ်ဖို့ ဆုတောင်းပါတယ်”

*ဘာ*

ယဲ့ဖန် စကားကြောင့် အားလုံး ကြောင်သွားသည်။

*အတိတ်ကမ္ဘာတုန်းက*

*စုစုပေါင်း လူပေါင်း ၃၉,၉၉၉ ယောက်*

*ဒီကောင် ရူးသွားတာလား*

သူတို့အားလုံး ယဲ့ဖန် အရူးတစ်ယောက်လို လေလုံးထွားနေသည်ဟု ထင်လိုက်မိကြသည်။ ဝံပုလွေရိုင်းတောင် ရယ်ချင်ပက်ကျိဖြစ်နေသောကြောင့် အခြားသူများဆို ပြောနေစရာ​တောင် မလိုတော့ပေ။

“ကောင်းတယ်…. သိပ်ကိုကောင်းတယ်”

ဝံပုလွေရိုင်းက ထိုသို့ပြောပြီး ရက်စက်ကြမ်းကြုတ်သည့် အမူအရာဖြင့် ပြင်းထန်သော ချီဓာတ်ကို ထုတ်ဖော်လိုက်သည်။

“ငါ တွေ့ခဲ့ဖူးသမျှသူတွေထဲမှ မင်းက စိတ်ကြီးအဝင်ဆုံးပဲလို့ ပြောရမှာပဲ …. မင်း သေကိုသေရမယ်”

ထို့နောက် ဝံပုလွေရိုင်းက လွှားခနဲ ခုန်အုပ်ကာ ယဲ့ဖန်ကို ပြေးဝင်လာသည်။

“သတိထား!”

ရိုစ့်နှင့် ဖေးချမ်တို့ ချက်ချင်း မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်ကာ ယဲ့ဖန်အား အော်ဟစ် သတိပေးလိုက်သည်။ သို့သော်လည်း ဝံပုလွေရိုင်း၏ လှုပ်ရှားမှုက မြန်ဆန်လွန်းလှသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဝံပုလွေရိုင်းသည် ယဲ့ဖန်ရှေ့ရောက်လာကာ သူ၏လက်ဝါးတစ်ဘက်က ယဲ့ဖန်၏ လက်ကောက်ဝတ်ကို ပြင်းထန်စွာ ဖမ်းဆီး ချုပ်ကိုင်ရန် ဟန်ပြင်နေသည်။ သူက ယဲ့ဖန်၏ လက်မှ သွေးကြောများကို ဖျက်ဆီးချင်နေ၏။

“ဟီးဟီး…. ကောင်စုတ်လေး… မင်းတော့ ဒုက္ခိတဖြစ်ပြီ”

ဝံပုလွေရိုင်းက ယဲ့ဖန်၏ လက်ကောက်ဝတ်အား ဖမ်းထားရင်း အားရပါးရ ပြုံးကာ ပြောလိုက်သည်။

ဤသည်ကို ကြည့်ပြီး လူတိုင်းက ယဲ့ဖန်၏ လက် သုံးစားမရဖြစ်တော့မှာကို မြင်ယောင်ပြီး မျက်လုံးပိတ်ထားမိလိုက်ကြသည်။

“သွားသေလိုက်တော့!”

လှောင်ရယ်လိုက်ရင်း ဝံပုလွေရိုင်းကယဲ့ဖန်၏ လက်ကောက်ဝတ်အား ရုတ်တရက် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ တစ်ချိန်တည်းမှာပင် ယဲ့ဖန်ကလည်း သူ့လက်ကောက်ဝတ်ကို ကိုင်ထားသည်ကို သူ သတိထားလိုက်မိသည်။ ဝံပုလွေရိုင်း ခဏမျှ ကြောင်သွားမိပြီးနောက် ယဲ့ဖန်က သူ့ကို ပြုံးပြနေသည်ကို မြင်လိုက်ရသည်။

ဘာရယ်ကြောင့်မှန်းမသိဘဲ ဝံပုလွေရိုင်း ရုတ်တရက် စိတ်ထဲထင့်သလို ဖြစ်ကာ ရှေးဟောင်းသားရဲမိစ္ဆာကြီးက သူ့အား သွေးတွေ အေးခဲသွားမတတ် ကြည့်နေသည်ဟု ခံစားလိုက်ရသည်။

“မဟုတ်ဘူး!”

ဝံပုလွေရိုင်း စိတ်ထဲ မတင်မကျ ဖြစ်နေတာ သေချာသွားကာ တစ်ခုခု လွဲမှားနေသည်ကို သတိပြုလိုက်မိပြီး သူ့လက်ကို ပြန်ရုတ်ရန် ဟန်ပြင်လိုက်သည်။

သို့သော် ယဲ့ဖန်၏လက်က ပြုတ်တူသဖွယ် မြဲမြံကာ သူ ဘယ်လောက် အားနှင့်ရုန်းရုန်း မရပေ။

ထိုအချိန်မှာပင် ယဲ့ဖန်က ဝံပုလွေရိုင်းအား ကြက်ပေါက်စသဖွယ် အသာလေးမကာ ကိုင်ပေါက်လိုက်သည်။

ဘန်း!

ကြမ်းပြင် အက်ကွဲသွားကာ အုတ်အကျိုးအပဲ့များက နေရာပေါင်းစုံကို လွင့်ထွက်သွားသည်။ ဝံပုလွေရိုင်းကတော့ မြေကြီးထဲ ကိုယ်တစ်ဝက် မြုပ်နေရှာသည်။


Comment

  1. pyaephyothwe9793@gmail.com says:

    Good

Leave a Reply

Options

not work with dark mode
Reset