” မင်း ”
လုရှီယုံက အံတင်းတင်းကြိတ်လျက် ပြောသည်။ သူက ငြင်းဆန်ချင်သော်လည်း ယခုအခိုက်အတန့်တွင် သူခံစားနေသည့် နာကျင်မှုဒဏ်သည် ဆေးလုံးစားခဲ့သည့် ထောင်သားများ ပုံမှန်ခံစားရသည်ထက် အမှန်တကယ် ကျော်လွန်နေသည်။
အခြားသော ထောင်သားများမှာ မျိုသိပ်ထားသည့် ဖိအားကို မလွှတ်ထုတ်နိုင်သည့်အတွက် နာကျင်မှုဒဏ်ကို ခံစားရသော်လည်း လုရှီယုံ၏ တမူထူးခြားသော သဘာဝကြောင့် ဆေးလုံးတစ်လုံး မစားရခြင်းကြောင့် ဖြစ်လာသည့် နာကျင်မှုက မခံနိုင်လုနီးပါးပင်။
ပိုင်ရှောင်ချန်းမှာ အတန်ငယ် ရှက်သွားလေသည်။ သူလုပ်နေသော အရာသည် အလွန်အရှက်မဲ့သည်ဟုပင် ခံစားနေရတော့သည်။ ဤသည်မှာ လူတစ်ယောက်၏ ဆန္ဒကို အခွင့်ကောင်းယူ၍ ခြိမ်းခြောက်အခွင့်ကောင်းယူနေသည့် လုပ်ရပ်ဖြစ်သည်။
သူက မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း ပြောသည်။
” ပြောလိုက်ဗျာ ဟုတ်ပြီလား။ ခင်ဗျားသိတာ ပြောရင် ကျုပ် နောက်ထပ်ပေးမယ် ”
လုရှီယုံ၏ မျက်လုံးများထဲတွင် သူ၏ ချီထွက်ပေါက်များမှာ တောက်လောင်နေသည့် မီးတောက်များ၊ သူ၏ ခန္ဓာကိုယ်ထဲတွင် တောက်လောင်နေသည့် ရမ္မက်ဇောအဟုန်များ အားလုံး ပါဝင်နေဟန်တူသည်။ အမှန်တွင် သူက အသက်ရှူချိန် အနည်းငယ်မျှသာ တောင့်ခံနိုင်လိုက်ပြီး ပိုင်ရှောင်ချန်းကို သူသိသမျှပြောပြတော့သည်။
ထို့နောက် ပိုင်ရှောင်ချန်းကလည်း သူ့စကားအတိုင်း ကတိတည်လေသည်။ သူ့မေးခွန်းများအတွက် အဖြေများ ရပြီးနောက် သူက လုရှီယုံကို ကာမအားတိုးဆေးလုံးပေးလိုက်သည်။ ၄င်းကိုစားပြီးနောက် သူ၏ အရေပြားကနီရဲတောက်လာလေရာ ပိုင်ရှောင်ချန်းမှာ ထူးဆန်းသော အမူအရာဖြစ်သွားပြီး သက်ပြင်းချသွားတော့သည်။
” ဒီလိုမျိုးကို မြင်ရတာ ပထမဆုံးပဲ။ ငါ့ရဲ့ ကာမအားတိုးဆေးလုံးဖော်စပ်နည်းကို ပြောင်းဖို့ လိုအပ်နေပြီနဲ့ တူတယ်။ ”
လုရှီယုံကို အတန်ငယ် စစ်ဆေးပြီးနောက် သူက ထွက်ခွာရန် လှည့်လိုက်သည်။
သို့သော် သူ အကျဥ်းခန်းထဲမှ ထွက်တော့မည့်ဆဲဆဲတွင် လုရှီယုံက အရူးသဖွယ် အော်လိုက်သည်။
” တာအိုရောင်ရင်း ပိုင်။ နေပါဦး… ငါ…ငါ.. နောက်ဆေးတစ်လုံးလောက်လိုချင်တယ်။.ငါ.. ငါ..ပြီးတော့မှာ။ပြီးခါနီးနေပြီ။ နောက်ထပ်ပေးလိုက်ကွာ ဟုတ်ပြီလား ”
လုရှီယုံမှာ သိသိသာသာပင် တုန်ရီနေပြီး သူ၏ မျက်လုံးများမှာ တစ်ခါမှ မကြုံဖူးသော စိတ်ဆန္ဒများဖြင့် တောက်ပနေလေသည်။
ထိုမြင်ကွင်းက ပိုင်ရှောင်ချန်းကို လုံးဝတုန်လှုပ်သွားစေ၏။
” ခင်ဗျား သုံးလုံးတောင် ယူပြီးပြီလေ။ ခင်ဗျားကိုယ် ခင်ဗျား သတ်နေတာလား။ အများကြီးစားတာက ခင်ဗျားအတွက် မကောင်းဘူး”
” သုံးလုံးသာ ထပ်ပေးကွာ။ တာအိုရောင်ရင်းပိုင် ငါတောင်းပန်ပါတယ် နောက်ထပ်သုံးလုံးပေးပါကွာ။ ” လုရှီယုံမှာ ပိုင်ရှောင်ချန်း၏ ဆေးလုံးများသည် သူအပေါ်တွင် ထူးဆန်းစွာ သက်ရောက်မှုရှိလိမ့်မည်ဟု ဘယ်တုန်းကမျှ မထင်ထားခဲ့ပေ။ ၄င်းက သူ့ခန္ဓာကိုယ်ထဲတွင် မီးများပွင့်သွားစေပြီး သူ၏ ပျက်စီးနေသော ကျင့်ကြံခြင်းအခြေခံတွင် ပြန်လည်သက်သာလာသော လက္ခဏာများ ဖြစ်ပေါ်လာစေလေသည်။ သူ၏ ကျင့်ကြံခြင်း ပျက်စီးသွားခဲ့ကတည်းက သူ့ဘဝကြီးက သေမင်းမှလွှဲ၍ မည်သည့်အရာမျှ မရှိတော့သဖြင့် မျှော်လင့်ချက်များ ပျက်သုဥ်းပြီး စိတ်ပျက်ဖွယ်ကောင်းခဲ့သည်။ သို့သော် ရုတ်တရက် သူ့တွင် မျှော်လင့်ချက်ရှိလာလေပြီ။
မည်သည့်အတွက်ကြောင့် ပိုင်ရှောင်ချန်းသည် သူ၏တောင်းဆိုချက်ကို လိုက်လျောရမည်နည်း။ သူက မြေရိုင်းဒေသတွင် ဖြစ်ပြီး မည်သည့်နည်းနှင့်မျှ ဆေးဖော်၍မရသည့်အပြင် သူ၏လက်ကျန်ပစ္စည်းများကို ဖြည့်တင်း၍ရမည်မဟုတ်ပေ။ သူသာ ဆေးလုံးများ ပြတ်သွားပါက အမှောင်စစ်ဆေးရေးမှူးဂုဏ်ပုဒ်ကို ထိနိးသိမ်းရခက်ပေမည်။
” ဘာတုံးဗျာ။ ခင်ဗျားကို အများကြီးပေးတာက ဖြုန်းတီးရာရောက်တယ်ဗျ ”
” တာအိုရောင်ရင်း ပိုင် ။ ငါ… ငါ.. လျှို့ဝှက်ချက်တစ်ခုကို သိတယ်။ ငါ့ကို ဆေးသုံးလုံးသာပေးမယ်ဆိုရင် မင်းကို ပြောပြမယ်”
” စိတ်မဝင်စားဘူး”
ပိုင်ရှောင်ချန်းက လှည့်ပင် မကြည့်ဘဲ ပြန်ဖြေလိုက်သည်။
ထို့နောက် သူက ရှေ့သို့တစ်လှမ်းတိုးလိုက်ရာ အနက်ရောင်မြူခိုးများ၏ အစွန်အဖျားကို ရောက်သွားသည်။ လုရှီယုံမှာမူ ပူပန်စိတ်များဖြင့် မျက်လုံးများ ရဲရဲနီနေပြီး လွှတ်ခနဲ ပြောလိုက်လေသည်။
“ အဲဒါ သရဲကြီးမြို့တော်ရဲ့ လျှို့ဝှက်ချက်။ ဒါကို မင်းသိတာနဲ့ သရဲကြီးမြို့ထဲမှာဆိုရင် နတ်ဘုရားတစ်ပိုင်းအဆင့်ေအာက်မှာရှိတဲ့လူမှန်သမျှလက်ကနေ လွတ်အောင်ရှောင်တိမ်းနိုင်လိမ့်မယ် ”
ထိုသည်ကို ပိုင်ရှောင်ချန်း ကြားသောအခါ သူက တုံ့ခနဲရပ်သွားပြီး လုရှီယုံကို သိချင်စိတ်ပြင်းပြစွာ လှည့်ကြည့်လိုက်သည်။
ပိုင်ရှောင်ချန်း ပြန်လှည့်ကြည့်သည်ကို လုရှီယုံမြင်သောအခါ သူ၏နှလုံးသားမှာ စိတ်လှုပ်ရှားမှုများဖြင့် တဒိန်းဒိန်းခုန်သွားပြီး လျှို့ဝှက်ချက်၏ အသေးစိတ်ကို အလျင်အမြန်ပင် ပြောပြတော့သည်။ ပိုင်ရှောင်ချန်းမှာ နားထောင်နေစဥ် သူ၏ ရင်မှာ တဒိန်းဒိန်းနေပြီး မျက်လုံးများသည် လက်ဖက်ရည်ပန်းကန်ပြားသဖွယ် ပြူးကျယ်လာတော့သည်။
” မင်း အခု ဘာပြောလိုက်တာ။ သရဲကြီးမြို့တော်မှာ တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက် ရာချီရှိတာလား။ အများစုက မြို့တော် နယ်နိမိတ်ထဲက ကြံရာ နေရာတွေကို ရောက်တယ်တဲ့လား။ ဒါပေမဲ့ တစ်ခုက မင်းကို ကီလိုမီတာတစ်သောင်း တည်နေရာရွှေ့ပြောင်းပေးနိုင်တယ်ပေါ့ ”
” ပြီးတော့ တချို့က ထောင်ချောက်တွေလား။ ပြီးတော့ အဲဒီတစ်ခုထဲမှာ ပိတ်မိနေတဲ့ ကျောက်လူကြီးတစ်ကောင်တောင် ရှိသေးတယ်ပေါ့။ သူ့ကို တစ်ခါပဲ ဆင့်ခေါ်လို့ရပြီး အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်လောက် ကြာပေမယ့်လဲ နတ်တစ်ပါးလောက် သန်မာတယ်ပေါ့ ”
ပိုင်ရှောင်ချန်းမှာ သူကြားနေရသည်ကို မယုံနိုင်အောင်ဖြစ်နေသည်။ သူ၏ နှလုံးသားသည် တဒိန်းဒိန်းခုန်နေရာ သွေးများသည် သူ၏သွေးကြောထဲတွင် အရှိန်အဟုန်ပြင်းစွာ စီးဆင်းနေတော့သည်။ လုရှီယုံက သူ၏ လျှို့ဝှက်ချက်ကို ဆက်လက်ရှင်းပြနေစဥ် သူ၏ဘိုးဘေးတစ်ဦးက မန္တန်အစီအရင်အရာတွင် ကျော်ကြားသော မဟာအကြီးအကဲတစ်ယောက်ဖြစ်ပြီး သရဲကြီးမြို့တော် တည်ထောင်ရာတွင် ပါဝင်ခဲ့ကြောင်း ပိုင်ရှောင်ချန်း သိလိုက်ရလေသည်။ အမှန်တကယ်ဆိုရလျှင် သူသည် မြို့တော်၏ အကာအကွယ်မန္တန်ကို နေရာချ စီမံခဲ့သူတစ်ဦးဖြစ်ပေသည်။
အမှန်တကယ်တော့ သူသည် ပထမမြောက် သရဲကြီးဘုရင်၏ အတင်းအကြပ်ခိုင်းစေမှုကြောင့် မြို့တော်၏ မဟာမန္တန်အစီအရင်ကို ဖန်တီးရန်မှတစ်ပါး ရွေးချယ်စရာမရှိခဲ့ခြင်းဖြစ်သည်။ သို့သော် သူသိထားသည့် လျှို့ဝှက်ချက်များကြောင့် လုပ်ဆောင်ချက်ပြီးမြောက်လျှင် အသတ်ခံရမည်ဖြစ်ကြောင်း သူသိလေသည်။ ထို့ကြောင့် ထွက်ပြေးရန် လမ်းကြောင်းကို သူ့အတွက်သူ ဖန်တီးခဲ့ခြင်းဖြစ်သည်။
သရဲကြီးမြို့တော်ကို တည်ထောင်နေသည့်ကာလတစ်လျှောက် သူသည် ဟိုဟိုသည်သည် ထောင်ချောက်များ ချန်ထားခဲ့သည်။ မဟာမန္တန်အစီအရင်တွင် သေးငယ်သော မန္တန်အစီအရင်ငယ်လေးများဖြင့် ရှုပ်ယှက်ခတ်နေကြောင်းကို ပထမမြောက် သရဲကြီးဘုရင်ပင်လျှင် သတိမထားမိခဲ့ပေ။
ကံဆိုးစွာပင် ပထမမြောက် သရဲကြီးဘုရင်ထံမှ ထိုကိစ္စများကို ဖုံးဖိနိုင်ခဲ့သော်လည်း နောက်ဆုံးတွင်တော့ သေခြင်းတရားမှ မလွတ်မြောက်နိုင်ခဲ့ပေ။ သို့သော် မန္တန်အစီအရင်ငယ်များ၏ ကွန်ရက်အကြောင်း သတင်းအချက်အလက်များကို သူ၏ မျိုးဆက်များကြားထဲတွင် မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်းခဲ့ကြလေသည်။
ထိုအချက်အလက်များမပေါက်ကြားအောင် သူမည်သို့ ထိန်းသိမ်းခဲ့သည်ကို မရှင်းလင်းသော်လည်း ပထမမြောက် သရဲကြီးဘုရင်သော်လည်းကောင်း၊ ထို့နောက် မျိုးဆက်များသော်လည်းကောင်း ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် လက်ရှိ ကိုးဆက်မြောက် သရဲကြီးဘုရင်သည်လည်း ထိုအကြောင်းကို သိနိုင်မည်မဟုတ်ပေ။
လုရှီယုံက မျိုးနွယ်စုငယ်များ၏ ငွေကြေးများကို အတင်းအဓမ္မလုယူခဲ့ရသည့်အကြောင်းရင်းမှာ မြို့တော်ရှိ မန္တန်အစီအရင်များ သက်ဝင်စေရန်ဟူသော ရည်ရွယ်ချက်အတွက် ဖြစ်ကြောင်း ဆက်လက်ရှင်းပြလေသည်။ ထိုတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်များသည် ဟောင်းနွမ်း၍ အများစုမှာ ပြင်မရတော့သော်လည်း တချို့မှာတော့ အလုပ်လုပ်သေးသည်။
သို့သော် အသက်သွင်းရန် ဝိညာဥ်ဆေးများစွာ လိုအပ်လေသည်။ ကံဆိုးစွာပင် လုရှီယုံသည် ဝိညာဥ်ဆေးလုံလောက်စွာ မစုဆောင်းနိုင်ခဲ့အတွက် သူ့ကို မြို့စားလာရှာသောအခါ မထွက်ပြေးနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် သူ မန္တန်အစီအရင်ကို အသက်သွင်းလိုက်သည်နှင့် သရဲကြီးဘုရင်သည် သူ့ကို ဘယ်တော့မှ လွှတ်ပေးတော့မည်မဟုတ်ပေ။
ပိုင်ရှောင်ချန်း သိလိုက်ရသော သတင်းက သူ့နှလုံးသားကို တုန်လှုပ်ခြင်းလှိုင်းလုံးများ ဝင်ဆောင့်လိုက်သည့်အလား။ အမှန်ပင် အခုအချိန်တွင် လုရှီယုံ၏ ပြောစကားများ မှန်၊ မမှန်ကို သူ မည်သည့်နည်းနှင့်မျှ အတည်ပြုနိုင်မည်မဟုတ်ပေ။ ဟုတ်မှန်လျှင်တော့…. ၄င်းသည် ပိုင်ရှောင်ချန်းအတွက် အလွန့်အလွန် အရေးပါလှပေသည်။
“ဒါက ထွက်ပြေးဖို့ ငါ့အခွင့်အရေးပဲ။ ပိုင်မျိုးနွယ်စု ငါ့လာရှာရင် မိစ္ဆာအကျဥ်းထောင်က ထွက်နိုင်သရွေ့ လုံးဝထွက်ပြေးနိုင်အောင် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို သုံးလို့ရမယ် ”
သူက စိတ်လှုပ်ရှားမှုများဖြင့် ရင်တဒိန်းဒိန်းခုန်ရင်း အတွေးများကို တည်ငြိမ်အောင်လုပ်ကာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်နှင့် ၄င်းတို့ရှိရာ နေရာများအကြောင်း အသေးစိတ်မေးလိုက်သည်။ သူ့ကိုပေးသော စာရင်းအရ အစီအရင် စုစုပေါင်း ( ၃၇၁ ) ခုရှိလေသည်။ သေသေချာချာမှတ်သားပြီးနောက် ပိုင်ရှောင်ချန်းက အာသီသပြင်းပြနေသည့် လုရှီယုံကို ကာမအားတိုးဆေးသုံးလုံးပစ်ပေးလိုက်သည်။
လုရှီယုံက ရသည်နှင့် တစ်ပြိုင်နက် သူ့ပါးစပ်ထဲ ကမန်းကတန်းထည့်လိုက်သည်။ အချိန်အနည်းငယ်ကြာသော် သူ၏ချီလမ်းကြောင်းများကို ယခင်က ပိတ်ဆို့ထားသည်များသည် ပွင့်ထွက်တော့မတတ်ဖြစ်သွားသောကြောင့် သူ့မျက်နှာသည် ရဲရဲနီသွားပြီး တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန်တုန်ရီသွားတော့သည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းသည် ထိုလူကို နှုတ်ပိတ်ရန် သတ်သင့်၊ မသတ်သင့် စဥ်းစားနေသည့်အတွက်ကြောင့် သူ၏မျက်လုံးများတွင် တွေဝေတုံ့ဆိုင်းမှုများ ပေါ်လာလေသည်။
ထိုလူကို သတ်လိုက်ခြင်းသည် အန္တရာယ်အကင်းဆုံးဖြစ်ပေမည်။ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်နှင့်ပတ်သက်သည့် သတင်းများမှန်လျှင်တော့ ထိုသတင်းများမပေါက်ကြားသွားရန် ပိုင်ရှောင်ချန်းအတွက် ဒုက္ခအကြီးအကျယ်မရောက်စေရန် အလွန်အရေးကြီးလေသည်။
” ဒီလူက ရက်စက်ပြီး ကြမ်းကြုတ်တယ်။ သေချာပေါက် လူဆိုးတစ်ယောက်ပဲ။ ပြီးတော့ အရူးလဲမဟုတ်ဘူး။ သူ့အတွက် ငါ့ ဆေးလုံးတွေက ဘယ်လောက်အရေးကြီးတယ်ဆိုတာရယ်၊ သူ့ပြောလိုက်တဲ့စကားတွေက ဘယ်လောက်အန္တရာယ်များလဲဆိုတာ ထည့်တွက်လိုက်ရင် သူ့အနေနဲ့ ဒါရဲ့ အကျိုးဆက်တွေကို မစဥ်းစားမိပဲ နေမှာမဟုတ်ဘူး ”
ဤအချိန်တွင် ပိုင်ရှောင်ချန်း၏ မျက်လုံးများ အရောင်လက်သွား၏။
” သူလိမ်နေတာပဲ ဖြစ်ရမယ်။ ဘယ်လောက်ကောက်ကျစ်လိုက်တဲ့ လူယုတ်မာကြီးလဲ။ ဟွန်း ။ ငါက အရူးမဟုတ်ဘူးကွ….”
လုရှီယုံကို အလွန်အထင်အမြင်သေးနေရင်း သူက ထိုလူ ညည်းညူလိုက်ပြီး အကြိမ်အနည်းငယ် ရှေ့နောက် ခါယမ်းသွားသည့်အထိ စောင့်လိုက်သည်။ ယခုအခါ သူသည် မောဟိုက်နေပြီး သူ့ကိုယ်တွင်းမှ ထွက်လာသည့် ချွေးများ၊ အညစ်အကြေးများဖြင့် ဖုံးလွှမ်းနေလေသည်။
မကြာမီ သူ၏ မျက်လုံးများက အလယ်သို့ ပြန်ရောက်လာပြီး ပိုင်ရှောင်ချန်းကို မော့ကြည့်လိုက်သည်။သူက ခပ်တိုးတိုးရယ်ရင်း ပြောသည်။
” ငါနိုးလာဦးမယ်လို့ တွေးတောင်မတွေးထားဘူး။ ငါ့လျှို့ဝှက်ချက်တွေကို သိပြီးရင် မင်းငါ့ကို သတ်တော့မယ်ထင်တာ ”
အမှန်ပင် သူ့၌ ရွေးစရာမရှိပေ။ သူ့အတွက် ဆေးလုံးများက မည်မျှ အရေးပါကြောင်း စဥ်းစားလိုက်ရင်း သူက အရဲစွန့်ရန် စဥ်းစားလိုက်ခြင်းဖြစ်သည်။ ထို့အပြင် ပိုင်ရှောင်ချန်းသာ သူ့ကို တကယ်သတ်လျှင် သူ့မှာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များ သုံးသည့် မည်သူမဆို နောင်တရသွားစေနိုင်သည့် လျှို့ဝှက်လက်နက်ရှိလေသည်။
” မင်းငါ့ကို မသတ်တာက စကားပြောဖို့ နောက်ထပ်အခွင့်အရေးပေးချင်လို့မလား ပိုင်ဟောက်။ ကောင်းပြီလေ ငါမင်းကို နောက်တစ်ခုထပ်ပြောပြမယ်။ မန္တန်အစီအရင် ၃၀၀ ကျော်ထဲက အသုံးပြုဖို့ အထူးတံဆိပ်တော်လိုတဲ့ ၂၇ ခုရှိတယ်။ တံဆိပ်တော်မပါရင် မင်းအပြင်မှာပဲ ပိတ်မိနေမှာ။ ပြီးတော့ တည်နေရာရွှေ့ပြောင်းတဲ့ အစီအရင်အများစုက မြို့ထဲက တခြားနေရာတွေကို ရောက်သွားစေတာ။ မြို့တော်ရဲ့ အပြင်ဘက် ကီလိုမီတာ ၅၀၀၀၀ ကို ရောက်သွားစေနိုင်တာ …. တစ်ခုတည်းပဲရှိတယ် ”
“ပိုင်ဟောက် မင်းပိုင်မျိုးနွယ်စုကို သစ္စာဖောက်ပြီး သရဲကြီးဘုရင်ရဲ့ အမိန့်ကြောင့် အကျဥ်းချခံရတာ ငါသိပါတယ်။ မင်းလဲ ငါ့လိုပဲ ဒီက တော်တော်ထွက်သွားချင်နေမှာပေါ့။ ဒီတော့ အချိန်ကျရင် ငါ့ကို မင်းနဲ့ခေါ်သွားကွာ။ ငါက အဲဒီ ပိတ်ထားတဲ့ အစီအရင်တွေကို ဖွင့်ပေးနိုင်တယ်။ ပြီးတော့ မင်းကို မြို့တော်အပြင်ဘက်ရောက်သွားစေတဲ့တစ်ခုဆီကိုလဲ ခေါ်သွားပေးလို့ရတယ်”
” ငါမပါပဲ မင်းဘယ်မှ ထွက်ပြေးလို့ရမှာ မဟုတ်ဘူး။ ပြီးတော့ စကားမစပ် မြို့ပြင်ကို ဦးတည်တဲ့ အစီအရင်က ဝင်ရောက်ဖို့ တံဆိပ်တော် လိုတာတွေထဲက တစ်ခုပဲ ”
လုရှီယုံ၏ မျက်လုံးများသည် မရိုးသားမှုများဖြင့် တောက်ပနေသည်။ ဤအချိန်တွင် သူသည် ပိုင်ဟောက်က သူ၏ တောင်းဆိုချက်ကို သဘောတူမည်ဟု လုံးဝယုံကြည်နေတော့သည်။ ထို့နောက် သူအမှန်တကယ် လွတ်မြောက်သည့်အချိန်ကျလျှင် ပိုင်ဟောက်ကို သတ်ပြီး တစ်ယောက်တည်း ထွက်ပြေးမည်ဖြစ်သည်။
” ငါ့မှာ တခြားရွေးစရာမရှိဘူး ”
သူက တွေးလိုက်သည်။ သူ၏ နှလုံးသားထဲတွင် လောဘများပြည့်နေလေသည်။
” ငါ အဲဒီဆေးလုံးတွေ လိုတယ်။ပြီးတော့ ပိုင်ဟောက်အိတ်ထဲမှာ သေချာပေါက်အများကြီးရှိမှာပဲ။ သူတော့ ဘယ်လိုဖြစ်ဖြစ် သေပြီပဲ ”
အမှန်တကယ်တော့ ပိုင်ရှောင်ချန်းက အရူးမဟုတ်ပေ။ ကာမအားတိုးဆေးလုံးများနှင့်ပတ်သက်၍ လုရှီယုံမည်သို့ ခံစားနေရကြောင်း ထည့်တွက်လိုက်ပါက သူသည် အကျဥ်းခန်းမှ လွတ်ပြီးနောက် သူ၏အထောက်အပံ့အတွက် ပိုင်ရှောင်ချန်းကို သတ်ရန် မျှော်လင့်နေကြောင်း သိသာလေသည်။ မည်သို့မှမလုပ်ခင် ပိုင်ရှောင်ချန်းသည် သူ စောစောကကြားခဲ့ရသည်တို့ မှန်၊မမှန် အတည်ပြုရန် ဆုံးဖြတ်လိုက်သည်။
” အထူးတံဆိပ်တော်နဲ့ပဲ အဲဒီအစီအရင်တွေထဲ ခင်ဗျားဝင်လို့ရမှာလား”
“ဟုတ်တာပေါ့”
လုရှီယုံက ကျေနပ်နေသည့် အပြုံးဖြင့်ပြောလိုက်သည်။
ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်တွင် ထူးဆန်းသော အကြည့်တစ်ချက်ကို မြင်ရပြီး သူကဆက်မေးသည်။
” စိတ်ဝင်စားစရာပဲ။ ဒီတော့ တံဆိပ်တော်မပါရင် ကျုပ်အပြင်မှာ ပိတ်မိနေမှာပေါ့။ အထဲပြန်ဝင်ရင် အန္တရာယ်ဖြစ်နိုင်မှာလား”
လုရှီယုံက အတန်ငယ် အံ့သြသွားပုံရရင်း ခေါင်းညိတ်လိုက်သည်။
ပိုင်ရှောင်ချန်းက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီးနောက် သိချင်စိတ်ပြင်းပြစွာ မေးလိုက်ပြန်သည်။
” ပြီးတော့…အာ… ခင်ဗျားလုပ်ရမှာက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသက်သွင်းရုံပဲပေါ့ ”
” ဘယ်လို မေးခွန်းတွေတုန်း ”
လုရှီယုံက စိတ်တိုတိုဖြင့် ပြန်အော်လိုက်သည်။
” သောက်ရေးမပါတွေထားလိုက်။ မန္တန်အစီအရင်ထဲဝင်ဖို့ တစ်ခုတည်းသောနည်းလမ်းက တံဆိပ်အမှတ်အသားနဲ့ပဲ။ မင်းအထဲရောက်သွားတာနဲ့ ဘယ်ဟာမဆို အသက်သွင်းလို့ရတယ်ကွ ”
လုရှီယုံသည် ပိုင်ဟောက်၏မျက်လုံးထဲရှိ မပြတ်မသားဖြစ်နေသည်များကို ဆွဲထုတ်နိုင်လိုက်ကြောင်း အပြည့်အဝယုံကြည်နေတော့သည်။ ယခုအခါ သူတို့နှစ်ယောက်၌ တူညီသော ပန်းတိုင်ရှိလေရာ သူတို့နှစ်ယောက်ပူးပေါင်းခြင်းက ကျိုးကြောင်းဆီလျော်လေသည်။ ပိုင်ဟောက်သာ ပူးပေါင်းရန် သဘောမတူလျှင်တော့ လုရှီယုံသည် သူ၏ လျှို့ဝှက်ချက်ကို အခြားသူများကို ပြန်ပြောပြီး သူ၏ အစီအစဥ်များကို ဖျက်စီး၍ အသက်ရှည်ရှည်နေနိုင်မည်ဟု တွေးထားသည်။
” သေချာလား ”
ပိုင်ရှောင်ချန်းက စူးရှတောက်ပနေသည့် မျက်လုံးများဖြင့် မေးလိုက်သည်။
” လုံးဝသေချာတယ်”
လုရှီယုံက မျက်မှောင်ကြုတ်ရင်း ပြန်ဖြေလိုက်သည်။ မည်သည်ဖြစ်ကြောင်း မသေချာသော်လည်း ရုတ်တရက် အခြေအနေက တစ်ခုခု ထူးဆန်းနေကြောင်း ခံစားလိုက်ရလေသည်။
အတည်ပြုပြီးနောက် ပိုင်ရှောင်ချန်းက ပြုံးလိုက်သည်။ ထိုအပြုံးကို လုရှီယုံမြင်သောအခါ မျက်နှာပျက်သွားလေသည်။
သူ မည်သို့မျှ မလှုပ်နိုင်ခင် ပိုင်ရှောင်ချန်းက လက်ကို ဝှေ့ယမ်းလိုက်ရာ လေပြင်းတစ်ချက်သည် လုရှီယုံ၏ နဖူးကို ထိုးဖောက်သွား၏။
“မင်း ”
လုရှီယုံ၏ မျက်လုံးများမှာ မယုံကြည်နိင်မှုများဖြင့် ဝိုင်းစက်ပြူးကျယ်သွားသည်။ သူအကုန်လုံးဖွင့်ပြောပြီးသည့်နောက်တွင် ပိုင်ဟောက်က သူ့ကို အမှန်တကယ် သတ်လိမ့်မည်ဟု ဘယ်တုန်းကမှ စိတ်ပင်မကူးမိခဲ့ပေ။