ပိုင်ရှောင်ချန်း ထောင်စောင့်အဖြစ်မှ ထောင်သားအဖြစ်ပြောင်းသွားပြီးနောက် ကုန်ဆုံးသွားသည့် တစ်လအတောအတွင်း သရဲကြီးမြို့တော်က ပြောင်းလဲသွားလေပြီ။ မြို့တော်အပေါ်သက်ရောက်နေသည့် စိတ်လေးဖွယ် ဖိအားများ မရှိတော့ပေ။ လူအများစုအတွက် ပျံ့နှံ့နေသော သတင်းစကားများသည် ကောလဟလများသာ ဖြစ်ကြောင်း ယုံကြည်သွားကြလေသည်။
မဟာမျိုးနွယ်စုကြီးသုံးစုသည် သူတို့ယခင်က လုပ်နေကျအတိုင်း သရဲကြီးမြို့တော်ရှိ ဝိညာဥ်များအားလုံးကို ဆက်လက်ဝယ်ယူနေကြသည်။ အရာအားလုံး ပုံမှန်အတိုင်းဖြစ်နေသည့်အလား။ နည်းနည်းလေး ကွဲနေသည်မှာ သရဲကြီးမြို့တော်၏ မြို့စားဆယ်ဦးပင်ဖြစ်သည်။ ပုံမှန်ဆိုလျှင် သူတို့က လူမြင်ကွင်းသို့ထွက်မလာတတ်သော်လည်း ယခုအခါ မြိုတော်ထဲ အတွေ့များနေရလေသည်။
အပြင်ပန်းအခြေအနေများအရ မြို့တော်ထဲတွင် သတိပြုဖွယ် ကိစ္စတစ်စုံတစ်ရာ မဖြစ်ပွားပေ။ မဟာမျိုးနွယ်စုကြီးသုံးစုမှာမူ သူတို့၏ နတ်အဆင့်ခေါင်းဆောင်ကြီးများအားလုံးက တံခါးပိတ်ကျင့်ကြံနေကြသည်ဆိုသော်လည်း အနည်းဆုံးတော့ ထိုသည်မှာ မျိုးနွယ်စုကြီးများ၏ လူသိထင်ရှားကြေညာချက်တစ်ခုသာဖြစ်သည်။
နတ်အဆင့်ခေါင်းဆောင်ကြီးသုံးဦးမှာ တစ်စုံတခုကို စောင့်မျှော်နေသည့်အလား မိုးကောင်းကင်ကိုသာ မရပ်မနားမော့ကြည့်နေကြလေသည်။
နောက်ထပ် ခုနစ်ရက်ကုန်လွန်သွား၏။ ထိုအတောအတွင်း သရဲကြီးမြို့တော်သည် ထုံးစံအတိုင်း အသက်ရှင်သန်ရန် ရုန်းကန်နေရသော လူများဖြင့် ယောက်ယက်ခတ်နေလေသည်။ ထိုအချိန်တွင် ကျုံး၏ အောက်ခြေ မိစ္ဆာအကျဥ်းထောင်ထဲတွင် ပိုင်ရှောင်ချန်း၏ ဘဝသည်ကား ကောင်းစားနေတော့သည်။ သူသည် စည်းမျဥ်းစည်းကမ်းအရ ထောင်သားဖြစ်သော်လည်း အမှတ်လေးထောင်ခန်းထဲတွင် ထောင်စောင့်ဖြစ်ခဲ့သည့်အချိန်နှင့်အတူတူပင် အထူးအလေးပေးခံရလေသည်။
ထိုမျှသာမက သူက နံပါတ်တစ် အမှောင် စစ်ဆေးရေးမှုးတစ်ဦးဖြစ်နေသေးသည့် အတွက်ကြောင့် သူက အခြားသော ထောင်ခန်းများထံမှ စစ်မေးပေးရန်တောင်းဆိုချက်များကို ဆက်လက် ရရှိသည်။ ထို့ပြင် သူက စစ်မေးရာတွင် ဘယ်တော့မှ သတင်းမရဘဲ မနေလေရာ သူ၏နာမည်သတင်းသည် ကြီးထွားလာတော့သည်။
လောလောဆယ်တွင် အမှတ်နှစ်ထောင်ခန်းမှ လက်ထောက်ထောင်မှူးနှင့် ေထာင်ခေါင်းဆယ်ဦးသည် သူ့ပတ်လည်တွင် ခြံရံလျက် သူတို့ ထောင်ခန်းထံသို့ ဦးဆောင်ခေါ်သွားကြသည်။
” ညီလေးပိုင် မင်းဒီနေရာမှာ ငါတို့ကို တကယ်လာကူတာပဲ။ အဲဒီ လုရှီယုံက တော်တော့်ကို ဒုက္ခပေးတဲ့ လူဆိုးကွာ။ ငါတို့ ဘယ်နည်းလမ်းသုံးသုံး သူ့ပစ္စည်းတွေဘယ်မှာ ဖွက်ထားလဲ ပြောခိုင်းလို့ကို မရဘူးဖြစ်နေတာ”
“ဟုတ်တယ် ညီလေးပိုင်ရေ။ မင်း သူစကားပြောအောင်လုပ်ပေးနိုင်ရင် ငါတို့ မင်းကို သုံးဆယ်ရာခိုင်နှုန်းပေးမယ်ကွာ ”
အဖွဲ့က ပိုင်ရှောင်ချန်းကို ပြုံးကြည့်ရင်း စကားများကမ်းလှမ်းနေသည်။ ဤအချိန်တွင် သူသည် အလွန်တရာ နာမည်ကြီးလေရာ သူနှင့်သာအဆင်ပြေပါက သူဌေးဖြစ်မည့် ကံကြမ္မာဖြစ်ကြောင်း ထောင်စောင့်များအားလုံးသိကြလေသည်။
ပိုင်ရှောင်ချန်းက အားပါးတရရယ်ကာ ပြောသည်။
” အာ ဘာမှမဖြစ်ပါဘူး ညီအစ်ကိုတို့ရာ။ အမှတ်နှစ်ထောင်ခန်း လုပ်ရမှာက တောင်းဆိုလိုက်ရုံပဲ။ ဝေစုရရ၊မရရ ကျုပ်က အစွမ်းရှိသမျှ အကုန်လုပ်ပေးမှာပါ”
သူ၏ စကားပြောပုံက အမှတ်နှစ်ထောင်ခန်း မှ အဖွဲ့ကို အလွန်ကျေနပ်သွားစေ၏။ အမှန်ပင် မိစ္ဆာအကျဥ်းထောင်၏ အစဥ်အလာများကို ထိန်းသိမ်းရန်လိုအပ်ပေသည်။ အစဥ်အလာများအတွက်ဖြစ်စေ ဆက်ဆံရေးကောင်းရန်အတွက်ဖြစ်စေ သူမည်မျှ အပြင်ပန်းတွင် ယဥ်ကျေးနေစေကာမူ သူတို့သည် သူ့ကို ဝေစုတစ်စုတော့ သေချာပေါက် ပေးရမည်ဖြစ်သည်။
မကြာမီ သူတို့က အမှတ်လေးထောင်ခန်းက ထွက်လာကြ၏။ လမ်းတစ်လျှောက်တွင် သူတို့နှင့်တွေ့သည့် ထောင်စောင့်တိုင်းသည် ပိုင်ရှောင်ချန်းကို ပြုံးပြနှုတ်ဆက်ကြသည်။ သူက အမြဲတမ်း ပြန်လည်နှုတ်ဆက်၏။ လူအများက သူ့ကို ကောင်းကောင်းဆက်ဆံလျှင် သူကလည်း ထပ်တူဆက်ဆံလေရာ သူ့ကို ပို၍ပင် သဘောကျနေကြသည်။
များမကြာမီ သူတို့ အမှတ်နှစ်ထောင်ခန်းထဲ ရောက်သွားကြပြီး ၄င်းသည် အမှတ်တစ် ထောင်ခန်းလောက် မကြီးသော်လည်း အမှတ်လေး ထောင်ခန်း ထက်တော့ အတော်လေးပိုကြီးလေသည်။ အကျဥ်းခန်းများသည်လည်း ပို၍ အထင်ကြီးဖွယ်ကောင်းပြီး အထဲရှိ ထောင်သားများသည် အမှတ်လေး ထောင်ခန်းထဲက ထောင်သားများထက် အလွန်တရာပို၍ ရက်စက်ကြမ်းကြုတ်ကြသည်။
မကြာမီ သူတို့က အရိုးခေါင်းအကျဥ်းခန်းတစ်ခန်း၏ ရှေ့တွင် ရပ်လိုက်ကြပြီး လက်ထောက်ထောင်မှူးက ယဥ်ယဥ်ကျေးကျေးပြော၏။
” ကဲ ရောက်ပြီ။ ညီလေးပိုင်ဟောက်ရေ မင်းအပေါ်ပဲ မူတည်တော့တယ်”
ပိုင်ရှောင်ချန်းက ခေါင်းညိတ်ရင်း သူ၏ လက်များကို နောက်ပစ်ကာ အကျဥ်းခန်းကို ကြည့်လိုက်သည်။ အထဲတွင် သက်လတ်ပိုင်းကျင့်ကြံသူတစ်ယောက်ရှိပြီး ထိုလူမှာ လုရှီယုံကလွဲ၍ တခြားလူမဟုတ်ပေ။ ထိုလူသည် အေးအေးဆေးဆေးဖြစ်နေဟန်တူသော်လည်း ပိုင်ရှောင်ချန်းကို မြင်သည်တွင် သူ၏မျက်လုံးများ အတန်ငယ်ပြူးသွား၏။ သူသည် နံပါတ် တစ် အမှောင်စစ်ဆေးရေးမှူးအကြောင်း ကောလဟာလများ ကြားခဲ့ရသည် မဟုတ်ပါလော။
လုရှီယုံက ပြုံးလိုက်ပြီးနောက် လေသံပျော့ပျော့လေးဖြင့် ပြော၏။
” မင်း ငါ့ဆီမှာ အချိန်ဖြုန်းနေစရာမလိုပါဘူး။ ငါက ပါးစပ်ပိတ်ထားတတ်တဲ့ လူစာမျိုးလဲ မဟုတ်ပါဘူးကွာ။ ဒါပေမဲ့ ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံက ဖျက်စီးခံထားရတာမလို့ သေတော့မှာလေ။ တကယ်တော့ ငါ နောက်ဆယ်နှစ်တောင် ခံမှာ မဟုတ်တော့ဘူး။ ဒါကြောင့် မင်းတို့လူတွေ ဘယ်လောက်အာဏာရှိလဲ စဥ်းစားလိုက်ရင် မိစ္ဆာအကျဥ်းထောင် ဖြည့်ဆည်းပေးနိုင်တဲ့ တောင်းဆိုချက်တစ်ခုပဲ ရှိတာပါ။ ငါ့ကို ပြုစုပေးဖို့ တစ်ရက်ကို အမျိုးသမီးကျင့်ကြံသူတစ်ရာလိုချင်တယ်။ အခုကစပြီး ဆယ်နှစ်ကြာလို့ ငါသေတော့မယ့်အချိန်ကျရင် ငါ့ပစ္စည်းတွေ ဝှက်ထားလဲ အသေးစိတ်ပြောပြမယ် ”
ပိုင်ရှောင်ချန်းက သူ၏ စကားလုံးများကို ဂရုပင်မစိုက်ပေ။ ထောင်စောင့်တစ်ယောက်က တံခါးကို ဖွင့်ပေးပြီးသော် အရပ်မျက်နှာအနှံ့တွင် အနက်ရောင်မြူခိုးများ ပျံ့နှံ့လာလေသည်။
အမှတ်နှစ်ထောင်ခန်း၏ ထောင်စောင့်များမှာ ချက်ချင်း စိတ်လှုပ်ရှားလာကြချိန် လုရှီယုံမှာ ရင်တဒိန်းဒိန်းခုန်လာတော့သည်။ သူက ပိုင်ရှောင်ချန်းကို စူးစိုက်ကြည့်ရင်း ပြော၏။
” မင်း ဘာလုပ်နေတာလဲ။ နောက်ဆယ်နှစ်သာ စောင့်လိုက်ပါကွာ။ သေရမှာလဲ ကြောက်လို့ မဟုတ်ဘူး။ မင်း ငါလိုချင်တာ မပေးရင် ငါစကားတစ်ခွန်းမှ ပြောမှာမဟုတ်ဘူး”
ပိုင်ရှောင်ချန်းက ချောင်းဟန့်ရင်း ပြောလေသည်။
” ဟောကြည့် အပိုစကားပြောတာရပ်လိုက်ရအောင်။ ကျုပ် ပြောတာ ခင်ဗျားကြားတယ်မလား။ ကျုပ် မေးခွန်းတွေ မေးရင် ကျုပ်ကိုကျုပ်တောင် ကြောက်ပါတယ်ဆို။ ဘာလို့များ မပြောဘဲ နေတာတုံး ”
ထောင်စောင့်များ သူ့ကို ပြောပြခဲ့သည် အကြောင်းများအရ ဤလူ လုရှီယုံသည် အကျဥ်းမချခံရမီ မြို့စောင့်တစ်ဦးဖြစ်ခဲ့သည်။
သူ အကျဥ်းကျသည့်အပေါ် သူ့ကိုယ်သူက လွဲ၍ မည်သူ့ကိုမှ အပြစ်တင်စရာမလိုပေ။ သူသည် မကျေနပ်ချက် သေးသေးလေးအတွက် လက်စားချေလေ့ရှိသည့် လူစားမျိုးဖြစ်ပြီး သူ၏ အာဏာကို သုံး၍ သူသဘောမတွေ့သည့် လူတိုင်းကို သတ်ပြီးနောက် ထိုလူများ၏တစ်မိသားစုလုံးကိုရှင်းပစ်ရန်လည်း ဝန်မလေးခဲ့ေပ။ သူက မြို့စောင့်တစ်ယောက်၏ လုပ်ပိုင်ခွင့်အာဏာကို အသုံးချပြီး မြို့တော်ထဲရှိ အရေမတွက်နိုင်သော သေးငယ်သည့်မျိုးနွယ်စုများ၏ နေအိမ်များထဲ စီးနင်းဝင်ရောက်၍ သူတို့၏ ငွေကြေးဥစ္စာများကိုလည်း အတင်းအဓမ္မယူခဲ့သည်။ နှစ်များစွာကြာသောအခါ သူက အထုပ်အထည်နှင့် တစ်ပုံတခေါင်း စုဆောင်းမိခဲ့သည်။
ထိုသည်များသာ သူ၏ မကောင်းမှု ဒုစရိုက်အကုန်ဖြစ်လျှင် သူ လွတ်မြောက်နိုင်ပေဦးမည်။ သူ၏ မြို့စောင့်ရာထူးသည် ရင်ဆိုင်ရန် ခက်လှသည်မဟုတ်ပါလော။ သို့သော် သူသည် တဏှာစိတ်ကြီးလွန်းသော လူတစ်ယောက်ဖြစ်ပြီး ဝင်ဖမ်းရာတွင် မရေမတွက်နိုင်သော အမျိုးသမီးပေါင်းများစွာကို အခွင့်ကောင်းယူခဲ့လေသည်။ ထိုမတိုင်ခင် ရက်အနည်းငယ်က သူသည် သရဲကြီးမြို့တော်၏ မြို့စားများထဲမှ တစ်ယောက်နှင့် ဆက်စပ်နေပုံရသည့် အမျိုးသမီးကျင့်ကြံသူတစ်ယောက်ကို လိင်အကြမ်းဖက်ခဲ့လေသည်။ ထိုသည်က သူ့ကို ချွတ်ခြုံကျသွားစေခြင်းဖြစ်သည်။ ဒေါသထွက်နေသော မြို့စားက သူ၏ ကျင့်ကြံခြင်းအခြေခံကို ဖျက်စီးခဲ့ပြီး သူ့ကို သတ်မည့်အစား မိစ္ဆာအကျဥ်းထောင်ထဲတွင် ချုပ်နှောင်ခဲ့ခြင်းဖြစ်သည်။
မိစ္ဆာအကျဥ်းထောင်တွင် သူကဲ့သို့ ရွှေတွင်းကြီးသည် ထောင်စောင့်များ ဘယ်တော့မှ အလွတ်ပေးမည်မဟုတ်သည့် အရာမျိုးပင်ဖြစ်သည်။ သို့သော် သူက အသက်ရှင်ရန် အချိန်အနည်းငယ်သာရှိကြောင်း သိသောကြောင့် စကားပြောရန် အလဲအလှယ်အနေဖြင့် တောင်းဆိုချက် မျိုးစုံတောင်းနေခြင်းဖြစ်ပေသည်။ အမှတ်နှစ်ထောင်ခန်းသည် သူ့ လိုအင်များကို မဖြည့်ဆည်းပေးနိုင်သည်သာမက သူတို့သည် ဆယ်နှစ်မစောင့်လိုသည့်အတွက်ကြောင့် ပိုင်ရှောင်ချန်းထံမှ အကူအညီတောင်းခြင်းဖြစ်ပေသည်။
လုရှီယုံက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရင်း အသံကျယ်ကျယ်ဖြင့် ပြော၏။
” ဘာမှ ပြောစရာမရှိဘူးကွာ ”
ပိုင်ရှောင်ချန်းက သက်ပြင်းချလိုက်၏။ သူသည် မိစ္ဆာအကျဥ်းထောင်တွင် အသာတကြည်ပူးပေါင်းလိုသည့် ထောင်သား တစ်ယောက်တစ်လေကိုမှ မတွေ့ခဲ့ရပေ။ ခေါင်းတစ်ခါခါနှင့် သူက သေချာလေ့ကျင့်ထားသည့် ပုံစံဖြင့် ထည့်စရာအိတ်ကို ပုတ်ကာ ကာမအားတိုးဆေးတစ်လုံးကို ထုတ်လိုက်၏။ သူက ချေမွလိုက်ပြီးနောက် ဆေးမှုန့်များကို လုရှီယုံထံ ပျံသွားစေလိုက်ရာ လုရှီယုံမှာ သူ၏နှာခေါင်းထဲ ပါးစပ်ထဲ မဝင်စေရန် မတားဆီးနိုင်တော့ပေ။
ပိုင်ရှောင်ချန်းက လက်ကို နောက်ပစ်ရင်း မေးမော့ကာ ဂုဏ်ယူစွာ ပြောသည်။
” ကျုပ် စစ်မေးတဲ့ လူတိုင်းက စကားပြောဖို့ အမြဲငြင်းခဲ့ပေမယ့် နာရီနည်းနည်းကြာရင် ပါးစပ်ပိတ်မထားဝံ့ကြဘူး “
ပိုင်ရှောင်ချန်း၏ပါးစပ်မှ စကားလုံးများ ထွက်သွားချိန်တွင် လုရှီယုံ၏မျက်လုံးများတွင် ဒေါသများတောက်လောင်သွားသော်လည်း သူ့မျက်နှာပေါ်ရှိ ထူးဆန်းသော အမူအရာကိုမူ မည်သည့်နည်းနှင့်မျှ မယှဥ်နိုင်ပေ။
ဤသည်မှာ ပိုင်ရှောင်ချန်း စစ်မေးရာတွင် ထောင်သားများ ဖြစ်လေ့ဖြစ်ထရှိသည်နှင့် လုံးဝခြားနားသော တုံ့ပြန်မှုတစ်ခုဖြစ်သည်။ လုရှီယုံသည် နာကျင်နေသည့်ပုံမပေါက်သည်သာမက သူ့မျက်နှာပေါ်ရှိ တမူထူးသော အကြည့်မှာ အသက်ရှူချိန် ဆယ်ကြိမ်မျှသာကြာလိုက်ပြီးနောက် ယခင်အတိုင်း ပုံမှန်ပြန်ဖြစ်သွားလေသည်။
သူ၏ အရေပြားမှာ ချွေးများဖြင့် စိုရွှဲနေပြီး သူက တောက်ပနေသော မျက်လုံးများဖြင့် ပိုင်ရှောင်ချန်းကို ကြည့်ကာ ပြော၏။
” ဘာဖြစ်သွားတာလဲ။ မင်း မှာ ထပ်ရှိသေးလား”
သူသည် အလွန်အရေးကြီးသည့် ကိစ္စတစ်ခုလုပ်နေစဥ် နှောင့်ယှက်ခံလိုက်ရသော လူတစ်ယောက်သဖွယ် အလွန်တရာ စိတ်ပျက်လျက်ရှိနေသည်။
” ဟမ် ”
ပိုင်ရှောင်ချန်း၏နှုတ်မှ တအံ့တသြရေရွတ်သံ လွှတ်ခနဲ ထွက်သွားသည်။ ဤကဲ့သို့သော အခြေအနေမျိုးကို သူ ကြုံတွေ့ဖူးသည်မှာ ပထမဆုံးပင်ဖြစ်ပေသည်။ သူ့လက်ထဲရှိ ကျန်ရှိသော ဆေးမှုန့်များကို ပြန်ငုံ့ကြည့်ရင်း ဆေးမှားထည့်မိသည်လား သိချင်သွားသည်။ သို့သော် ကာမအားတိုးဆေးလုံးဖြစ်ကြောင်း အတည်ပြုပြီးနောက် သူက လုရှီယုံကို မယုံကြည်နိုင်ဖွယ် ပြန်ကြည့်လိုက်သည်။
လုရှီယုံက ပိုင်ရှောင်ချန်းလက်ထဲရှိ ဆေးမှုန့်များကို ကြည့်ရင်း ပြောသည်။
” ငါ့ နဲနဲထပ်ပေးစမ်းကွာ။ မြန်မြန် ထပ်ပေးလို့”
ထူးဆန်းသော အခြေအနေကြောင့် ပိုင်ရှောင်ချန်း၏ နဖူးတွင် ချွေးသီးများ ကျလာတော့သည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရင်း ကျန်ရှိသည့် ဆေးမှုန့်များကို လုရှီယုံထံ ပေးပို့လိုက်သည်။
လုရှီယုံက စိတ်လှုပ်တရှား ထခုန်ပြီး ဆေးမှုန့်များကို မျိုချလိုက်သည်။ သူ့တစ်ကိုယ်လုံး တဆတ်ဆတ်တုန်သွားပြီး သူက ယစ်မူးနေသည့်အလား မျက်လုံးများကို ပိတ်လျက် အကျဥ်းခန်းနံရံကို ကျောမှီလိုက်သည်။ ဤအချိန်တွင် ပိုင်ရှောင်ချန်းမှာ အံသြသွားသဖြင့် ခေါင်ကျိန်းသွားပြီး လုရှီယုံကို သရဲတစ်ကောင်သဖွယ် ကြည့်ရင်း မသိလိုက်ဘဲ နောက်သို့ ခြေလှမ်းအနည်းငယ်ပင် ဆုတ်လိုက်မိလေသည်။
” ဘာ…. ဘာတွေ ဖြစ်နေတာလဲ။ အလုပ်မဖြစ်ဘူးလား။ သူ…သူက တကယ်ကြီး ကြိုက်တာလားဟ။ ” ပိုင်ရှောင်ချန်းမှာ သူ့ပတ်ပတ်လည်ရှိ ကမ္ဘာကြီးတဖြည်းဖြည်း ပြိုကျလာသည့်အလား ခံစားလိုက်ရသည်။ လူတစ်ယောက်သည် ကာမအားတိုးဆေး၏ သက်ရောက်မှုကို အမှန်တကယ်သဘောကျနေလိမ့်မည်ဟု သူဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။
” ဒီလူက လုံးဝကို… တဏှာရူးပဲ ”
ပိုင်ရှောင်ချန်းမှာ အံ့သြနေရာမှ သတိပြန်မဝင်လာခင် လုရှီယုံမှာ တုန်တက်သွား၏။ ချွေးတို့ ရွှဲနစ်နေရမည့်အစား သူက ပုံမှန်အခြေအနေသို့ လုံးဝပြန်ရောက်သွားလေသည်။ သူက မျက်လုံးများကို ဖွင့်ရင်း အော်လိုက်သည်။
“ မင်းမှာ ထပ်ရှိသေးလား။ ထပ်ပေးဦး”
ပိုင်ရှောင်ချန်းမှာ လုရှီယုံ၏ အပြုအမူကြောင့် အလွန် အံသြသွားလေရာ ရင်တဒိန်းဒိန်းခုန်သွားလေသည်။ သို့သော် သူ၏ သိချင်စိတ်များလည်း ပြင်းပြနေရာ သူက နောက်ထပ် ကာမအားတိုးဆေးတစ်လုံးထုတ်ကာ လှမ်းပစ်လိုက်သည်။
လုရှီယုံက စိတ်လှုပ်ရှားစွာ လှမ်းဖမ်းလိုက်ပြီး သူ့ပါးစပ်ထဲ ထည့်လိုက်သည်။ အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းပြီးချိန်ကြာသော် သူက အရူးသဖွယ် သွေးရူးသွေးတမ်း အော်ဟစ်လိုက်သည်။
” နောက်ထပ် ပေးဦး မဟုတ်ဘူး။ ငါ့ကို သုံးလုံးပေး ”
ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခုကို မြင်ရပြီး သူက နောက်ထပ်ဆေးလုံးကို ထုတ်လိုက်သည်။ လုရှီယုံ၏ ကျင့်ကြံခြင်းအခြေခံသာ မပျက်စီးနေပါက သူသည် ထိုဆေးလုံးကို ရရန် ပိုင်ရှောင်ချန်းအား တိုက်ခိုက်မည်ဖြစ်သည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းက လည်ချောင်းရှင်းရင်း အနေရခက်စွာ ပြောလိုက်သည်။
” အဟမ်း… ခင်ဗျားရဲ့ ငွေတွေ ဘယ်မှာ ဖွက်ထားတုံး ပြောရင် ကျုပ် နောက်တစ်လုံးပေးမယ်”