Switch Mode

အခန်း ( ၆၄၂ )

ကောင်းကင်ဘုရင်၏အမိန့်

သရဲကြီးဘုရင် မည်သို့စဥ်းစားနေသည်ကို တစ်ယောက်မှ မခန့်မှန်းနိုင်ကြပေ။ သူ့ကိုယ်သူ အားနည်းကြောင်း ဟန်ဆောင်ကာ ရန်သူများကို စခန်းထဲမှ ခေါ်ထုတ်ရန်ကြံနေသည်နှင့် အလွန်တူနေသည်။ သို့သော် အခြားတစ်နည်းဖြင့်တွေးကြည့်လျှင်လည်း သူသည် ပြေပြေလည်လည် ညှိနှိုင်းရန် ကြိုးစားနေသည်နှင့် တူနေသည်။

ကန့်လန့်ကာနောက်ကွယ်မှ ဖြစ်ရပ်များကို ပိုသိလာလေလေ အခြေအနေများမှာ ပို၍ရှုပ်ထွေးလာလေလေ ဖြစ်သည်။ သရဲကြီးဘုရင်သည် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူ တစ်ယောက်ဖြစ်သည်ဆိုသော အချက်မှာ မျိုးနွယ်စုသုံးခုအတွက်ကြီးမားသည့် ဖိအားကြီးတစ်ခု ဖြစ်နေသည် မဟုတ်ပါလော။

နယ်စားကြီးသေမင်းအော်သံ ၏ နတ်အဆင့်ခေါင်းဆောင်ကြီးသုံးယောက်ထံသို့ သွားရောက်မှုကြောင့် သူတို့အားလုံးမှာ သံသယများ ရှိလာကြတော့သည်။ သို့သော်လည်း သူတို့တစ်ယောက်ချင်းစီမှာ တရားလွန်လှသော တောင်းဆိုချက်များကိုသာ တောင်းနေကြသည်။

သူတို့မှာ ထိုသို့ တမင်တောင်းဆိုကြသည်လည်း ဖြစ်သည်။ ထိုတောင်းဆိုချက်များကြောင့် သူတို့သည် ပုန်ကန်ရန်ဆန္ဒမရှိသည့် ပုံစံပေါက်နေသည်။ ဥပမာဆိုရသော် ပိုင်မျိုးနွယ်စုသည် ပုန်ကန်ရန် ပြင်ဆင်နေခဲ့ပါက အနိုင်ရရှိအောင် ပုန်ကန်မည်သာဖြစ်သည်။ ထိုသို့အနိုင်ရသောအခါတွင် ပိုင်ဟောက်၏ကိစ္စကို သူတို့ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်း၍ ရနိုင်မည် မဟုတ်ပါလော။ သရဲကြီးဘုရင်ကို သူတို့အတွက် လုပ်ခိုင်းပေးရန် တောင်းဆိုစရာမလိုပေ။

သို့သော် သူ၏တောင်းဆိုချက်ကို တစ်ရက်အတွင်း လက်ခံလိုက်မည်ဟု ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးကိုယ်တိုင်ပင် ထင်မထားချေ။ သရဲကြီးဘုရင်က လုံးဝတွေဝေမနေပဲ မိစ္ဆာအကျဥ်းထောင်သို့ တော်ဝင်အမိန့်တော်တစ်ခုကို ပေးပို့လိုက်တော့သည်။

ထိုအမိန့်တော်မှာ…

ပိုင်ဟောက်သည် သူ၏မျိုးနွယ်စုကို ပုန်ကန်ရှုတ်ချကာ သူ၏ဖခင်ကိုလည်း သိက္ခာချပြီး ဆွေမျိုးများကိုပါ သတ်ဖြတ်ခဲ့သူဖြစ်သည်။ သူသည် ရက်စက်ကြမ်းကြုတ်ကာ ယုတ်မာလွန်းလှသဖြင့် သူ၏ ထောင်စောင့်ဆိုသောရာထူးကို သိမ်းကာ မိစ္ဆာအကျဥ်းထောင်ထဲတွင် သူ့ကိုအကျဥ်းချစေ။

သရဲကြီးမြို့တော်ထဲမှ လူများစွာမှာ ထိုသတင်းကြောင့် အံ့အားသင့်ကုန်ကြတော့သည်။ ပိုင်ဟောက်သည် လတ်တလောတွင် လူအများ၏ စိတ်ဝင်စားမှုကိုရရှိကာ နာမည်ကြီးနေခဲ့သည် မဟုတ်ပါလော။ သူရုတ်တရက် အကျဥ်းချခံလိုက်ရသည့် ဖြစ်ရပ်ကြီးမှာ ကြီးမားသော ကိစ္စရပ်ကြီးတစ်ခု ဖြစ်နေတော့သည်။

ထိုသတင်းကို သခင်မချိုင် ကြားသောအခါ အလွန်ဝမ်းသာအားရသွားတော့သည်။ သူမသည် ပိုင်ဟောက်ကို သေစေချင်နေပါသော်လည်း မိစ္ဆာအကျဥ်းထောင်၏ ရက်စက်ကြမ်းကြုတ်မှုကို သူမက သိသဖြင့် ထိုအခြေအနေကို ကျေနပ်နေတော့သည်။

ပိုင်ရှောင်ချန်းမှာ အပြင်ဘက်ရှိလူများက သူ၏အကြောင်းပြောဆိုနေကြသည်ကို လုံးဝမသိပေ။ သူက သူ၏အခန်းထဲဆွင် တရားထိုင်နေစဥ် လက်ထောက်ထောင်မှူး စွန်းဖုန်နှင့် အမှတ်လေးထောင်ခန်း၏ထောင်စောင့်များက သူ၏အခန်းကို သတိမပေးပဲ ဝန်းရံလိုက်ကြတော့သည်။

ပိုင်ရှောင်ချန်းမှာ အံ့သြလွန်းသဖြင့် မည်သို့တုံ့ပြန်ရမည်ကိုပင် မသိတော့ပေ။ သူ၏ တစ်ကမ္ဘာလုံးမှာ ပြောင်းပြန်လှန်သွားသဖြင့် သူသည် ငိုချင်စိတ်များ ပေါက်လာတော့သည်။

” တစ်ခုခုတော့ မှားနေပြီ ”
ပိုင်ရှောင်ချန်းမှာ သူနှင့်ရင်းနှီးနေသည့် ထောင်စောင့်များအားလုံးကို ကြည့်ကာ တုန်တုန်ရီရီနှင့် ဆိုလိုက်သည်။

အမှတ်လေးထောင်ခန်း ၏ ထောင်စောင့်များမှာ ပိုင်ရှောင်ချန်းနှင့် ခင်မင်ရင်းနှီးကြသဖြင့် အနည်းငယ်ပင် တုံ့ဆိုင်းသွားတော့သည်။ သူတို့၏ မျက်ဝန်းများထဲတွင် ကရုဏာစိတ်များနှင့် အခြားသောခံစားချက်များစွာ ရောယှက်နေသည်ကို မြင်နိုင်သည်။ သို့သော် သူတို့မှာ တော်ဝင်အမိန့်တော်ကို မဖီဆန်ရဲသဖြင့် သက်ပြင်းချကာ ပိုင်ရှောင်ချန်းဘက်သို့ လက်ယှက်ရုံမှတစ်ပါး အခြားမလုပ်နိုင်တော့ပေ။

” ငါတို့လည်း ရွေးချယ်ခွင့်မရှိလို့ပါ ညီလေး ပိုင်ဟောက်ရာ ”

” နည်းနည်းလေးသာ တောင့်ခံလိုက် ပိုင်ဟောက်ရေ။ ရှင်ဘုရင်ကြီးက နည်းနည်းကြာရင် ဒေါသပြန်ပြေပြီး စိတ်ပြောင်းရင်ပြောင်းသွားမှာပါ ”

ထို့နောက် အဖွဲ့နံပါတ်ကိုး၏ထောင်ခေါင်းက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
” မပူပါနဲ့ ပိုင်ဟောက်ရာ။ မင်းကို အမှတ်လေးထောင်ခန်း ထဲမှာ အကျဥ်းချထားမှာပါ။ ငါတို့အားလုံးက မိသားစုကြီးတစ်ခုလိုပဲကို။ မင်းရဲ့ ဘွဲ့ထူးလေးပြောင်းသွားတာပဲ ရှိမှာ။ ထောင်ခန်းထဲမှာရှိတဲ့ ဘယ်သူမဆို မင်းကိုပြဿနာမရှာရဲအောင်လို့ ငါတို့အစောင့်တွေ လုပ်ပေးမယ် ”

အဖွဲ့ခေါင်းဆောင်မှာ လက်ရှိကိစ္စရပ်ကြီးကြောင့် နေမထိထိုင်မသာ ဖြစ်နေသည်မှာ အသိအသာပင်။ အခြားထောင်စောင့်များကလည်း သူ၏စကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။ မကြာသေးမီက ပိုင်ရှောင်ချန်း ဆောင်ရွက်ခဲ့သည့် စစ်ဆေးမေးမြန်းမှုများထံမှ သူတို့အားလုံး အတိုင်းအတာတစ်ခုအထိ အကျိုးအမြတ် ဖြစ်ထွန်းခဲ့ကြသည် မဟုတ်ပါလော။ ထို့အပြင် ပိုင်ရှောင်ချန်းက သူတို့အားလုံးကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့သည့် အချက်များနှင့် ပေါင်းစပ်လိုက်သောအခါ သူတို့အားလုံးက သူ့ကို ချစ်ခင်ရင်းနှီးနေကြသည်မှာ မထူးဆန်းပေ။

သူတို့သည် တော်ဝင်အမိန့်တော်တစ်ခုကို မဖီဆန်နိုင်ပါသော်လည်း အမှတ်လေးထောင်ခန်းထဲရှိ သူတို့၏ ရာထူးအာဏာကိုသုံးကာ ပိုင်ရှောင်ချန်း အေးအေးလူလူ နေရစေရန် ဆောင်ရွက်ပေးနိုင်သည်။

လက်ထောက်ထောင်မှူး စွန်းဖုန်က ချောင်းဟန့်ကာ ဖျောင်းဖျလိုက်လေသည်။
” ဝတ်ရတဲ့ အဝတ်အစားလေးပဲ ပြောင်းသွားတာပါ ပိုင်ဟောက်ရ။ မင်းရဲ့နေ့တဓူဝ လိုအပ်သမျှကို ငါတို့က တာဝန်ယူပေးမှာဆိုတော့ သိပ်အများကြီး မပြောင်းလဲသွားပါဘူး။ ပြီးတော့ မင်းအပြင်ထွက်လမ်းလျှောက်ချင်ရင်လည်း ငါတို့ကိုသာ အသိပေးလိုက်ကွာ ”

ဤဖြစ်ရပ်ထဲမှ ရုန်းထွက်မရနိုင်ကြောင်းကို ပိုင်ရှောင်ချန်းက သိလိုက်သည်။ သူက စိတ်ဓာတ်များကျနေပါသော်လည်း လူတိုင်းက သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံနေသဖြင့် စိတ်နှလုံးများ နွေးထွေးသွားရတော့သည်။ ထို့နောက် သူက သက်ပြင်းများချကာ အခြားလူများနှင့်အတူ ထောင်ခန်းထဲသို့ သွားလိုက်တော့သည်။

ခဏအကြာတွင် မီးခိုးရောင်ဝတ်ရုံနှင့် ထောင်သားများက ဖြစ်ကြောင်းကုန်စင်ကို သိသွားကြသဖြင့် ဆွံ့အနေကြတော့သည်။ ယခင်က ပိုင်ရှောင်ချန်း စစ်မေးခြင်းကို ခံခဲ့ရသည့် အရေးကြီးထောင်သားများစွာမှာ စိတ်လှုပ်ရှားနေကြပြီး ပိုင်ရှောင်ချန်း ဝဋ်လည်နေသည်ကိုကြည့်၍ ပျော်ရွှင်ကျေနပ်နေကြတော့သည်။

သို့သော် ထိုပျော်ရွှင်မှုများမှာ ကြာကြာမခံလိုက်ပေ။ အမှတ်လေးထောင်ခန်း၏ အဖွဲ့ခေါင်းဆောင် ဆယ်ယောက်က ပိုင်ဟောက်ကို အနှောင့်အယှက်မပေးရန် ထောင်သားများအား သတိတင်းကြပ်လိုက်သည်။ ထို့နောက် လက်ထောက်ထောင်မှူး စွန်းဖုန်က ပိုင်ဟောက်သည် တရားဝင် ထောင်စောင့်တစ်ယောက်မဟုတ်တော့သော်လည်း စစ်ဆေးရေးမှူးတစ်ယောက် အနေနှင့် ရှိနေဆဲဖြစ်ကြောင်း ထုတ်ပြောလိုက်လေသည်။ ထိုအခါတွင် ထောင်သားများမှာ လက်တုံ့ပြန်ရန် တွေးတောထားသည့် အကြံအစည်များကို စွန့်လွှတ်လိုက်ကြတော့သည်။

သူတို့၏ အတွေးထဲတွင် ပိုင်ရှောင်ချန်း ထောင်စောင့်တစ်ယောက်အဖြစ်ရှိနေသည်မှာ ပို၍ကောင်းကြောင်း တွေးနေကြတော့သည်။ ယခင်ကဆိုလျှင် သူသည် ကင်းလှည့်သည့် အချိန်တွင်သာ ထောင်ခန်းထဲသို့ ရောက်လာသည်။ သို့သော် ယခုတွင်မူ…. သူတို့နှင့်အတူ အချိန်တိုင်း ရှိနေတော့မည် ဖြစ်သည်။ သူ့ကို စိတ်ဆိုးအောင်လုပ်မိလျှင် ရင်ဆိုင်ရမည့် အကျိုးဆက်ကြောင့် သူတို့မှာ ကြောက်လန့်နေကြတော့သည်။

အဆိုးဆုံးအရာမှာကား ထောင်စောင့်များသည် သူ၏ ကျင့်ကြံခြင်းအခြေခံကို ချုပ်နှောင်ထားခြင်း မရှိသည့် အချက်ပင်ဖြစ်သည်။

ထိုအချက်ကြောင့် ထောင်သားတိုင်းမှာ စိုးရိမ်ထိတ်လန့်နေကြရတော့သည်။ အနည်းငယ်ကြာသောအခါ ထောင်စောင့်များမှာ နှုတ်ဆက်စကားများဆိုကာ ထွက်သွားကြတော့သည်။

ပိုင်ရှောင်ချန်းကမူ စိတ်ပျက်လက်ပျက်ဖြင့် လူလွတ်သည့် ဦးခေါင်ခွံတစ်လုံးကို ရှာလိုက်ပြီး အတွင်းသို့ဝင်ကာ တင်ပျဥ်ခွေထိုင်ချလိုက်သည်။

” အဖြစ်အပျက်တွေက မြန်လိုက်တာ။ ”
သူက သက်ပြင်းအရှည်ကြီးချကာ တွေးလိုက်တော့သည်။
” ငါက အစောင့်တစ်ယောက်ကနေ စစ်ဆေးရေးမှူး၊ ပြီးတော့ နံပါတ်တစ်အမှောင်စစ်ဆေးရေးမှူးအထိ ဖြစ်ခဲ့ပြီး အခုကျတော့လည်း အကျဥ်းသားတစ်ယောက်တဲ့လား ”

” စနောက်နေတာများလား။ သရဲကြီးဘုရင် ခင်ဗျားကြီးပဲ အစထဲက ကျုပ်ကို ကယ်ခဲ့တာလေ။ ဘာလို့အခုမှ ပြဿနာရှာနေရတာတုံး ”

” ခင်ဗျားက နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူလေဗျာ။ မျိုးနွယ်စုကြီးသုံးခုက ပုန်ကန်ဖို့ပြင်နေတာကို ဘာလို့ သွားပြီး မနှိမ်နင်းတာလဲ။ ဘာလို့ကျုပ်ကို အနိုင်ကျင့်နေရတာတုံး အရှုံးသမားကြီးရာ ”
သူ၏ အတွေးထဲတွင် သရဲကြီးဘုရင်နှင့် မျိုးနွယ်စုကြီးသုံးခုတို့အကြားရှိ ကစားပွဲတစ်ခုတွင် သူ့ကို နယ်ရုပ်ကလေးတစ်ခုကဲ့သို့ အသုံးချနေသည့်အလား ခံစားနေရတော့သည်။

” ဒီ မျိုးနွယ်စုကြီးသုံးခုမှာ ဘယ်လိုမျိုး လျှို့ဝှက်လက်နက်များ ရှိနေလို့လဲ။ သောက်ကျိုးနည်းကွာ။ ဒီကိစ္စက မျိုးနွယ်စုကြီးသုံးခုနဲ့ ဘုရင်ကြီးကြားက ကိစ္စလေကွာ။ ငါနဲ့ ဘာဆိုင်လို့တုံးကွ ”
သူက လက်သီးဆုပ်ကာ ဘေးဘီဝဲယာ သို့ကြည့်လိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်တော့သည်။

” ကံကောင်းတာက ငါ့ရဲ့အစ်ကိုတွေက ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံကို မချုပ်နှောင်သွားဘူး။ နို့မို့ဆို ဘဝက တကယ်ခါးနေလောက်ပြီ ”
ထိုအချက်ကြောင့် အနည်းငယ် စိတ်ကျေနပ်သွားသဖြင့် သူ၏ဘေးရှိ ထောင်ခန်းကို လှမ်းကြည့်လိုက်သည်။

ထိုအခန်းထဲတွင် အဘိုးကြီးတစ်ယောက်မှာ အသက်မဲ့သည့်မျက်နှာထားဖြင့် ထိုင်နေပြီး သူ၏မျက်နှာပေါ်တွင် အနီရောင်အမှတ်အသားကြီးတစ်ခုကို အထင်းသားမြင်နေရသည်။ ပထမဆုံးအကြိမ် သူ့ကို ထောင်ခေါင်း လိုက်လံရှင်းပြခဲ့စဥ်က ဤလူကြီးအကြောင်း ပါခဲ့သည်ကို သူက မှတ်မိလိုက်သည်။ ထိုအဘိုးကြီးမှာ သရဲကြီးဘုရင်ကို အမျက်တော်ရှအောင် လုပ်မိခဲ့သဖြင့် နှစ်ပေါင်းနှစ်ရာကျော်တိုင်အောင် ချုပ်နှောင်ခံထားရသူဖြစ်သည်။

ရောင်းရင်း အကျဥ်းသားတစ်ယောက်နှင့် အချင်းချင်းဖေးမရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ပိုင်ရှောင်ချန်းက ရုတ်တရက်ဆိုလိုက်လေသည်။
” ဟိတ် တာအိုရောင်းရင်း။ ခင်ဗျားကြီးက သရဲကြီးဘုရင်ကို အမျက်တော်ရှအောင် လုပ်ခဲ့တာလို့ ကျွန်တော်ကြားထားတာ။ အိမ်းး၊ ကြည့်ရတာ ခင်ဗျားနဲ့ ကျွန်တော်နဲ့က ဘဝတူတွေ ထင်တယ် ”

ထိုအဘိုးကြီးမှာ အနည်းငယ်မှ ပြန်လည်ခွန်းတုံ့မပြန်ပေ။ သူသည် စကားသံများကို မကြားမိလိုက်သည်လည်းဖြစ်နိုင်သလို မကြားချင်ယောင်ဆောင်နေသည်လည်း ဖြစ်နိုင်သည်။

” ခင်ဗျားရဲ့ ကျင့်ကြံခြင်းအခြေခံက ချုပ်နှောင်ခံထားရတာပဲ။ အဲဒါကိုဘာလို့ တချိန်လုံး တရားပဲထိုင်နေရတာလဲ။ ဘာအကျိုးထူးလို့တုံး။ လာလာ ။ အဲဒီသောက်ကျိုးနည်း သရဲကြီးဘုရင်အကြောင်းကို ပြောရအောင်ဗျာ။ သူက တော်တော်ကို အဆင့်အတန်းမရှိတဲ့ လူပဲဗျ ”
ပိုင်ရှောင်ချန်းမှာ အနည်းငယ်စိတ်တိုလာသဖြင့် အသံပင်အနည်းငယ် ကျယ်လာတော့သည်။

သို့သော်လည်း အဘိုးကြီးမှာ မလှုပ်မယှက်နှင့် တရားထိုင်နေဆဲပင်။ ထိုအခါ စိတ်မရှည်တော့သည့် ပိုင်ရှောင်ချန်းက အော်ပြောလိုက်တော့သည်။
” ကောင်းပြီဗျာ။ ကျွန်တော့်စကားတွေကို မကြားချင်ယောင်ပဲဆောင်နေလိုက်တော့။ အဲဒီလိုလုပ်ရတာ ဘာများ အံ့သြစရာ ကောင်းနေလို့တုံး။ ခင်ဗျားကြီးကိုလည်း ကျုပ်က တစ်ခါမှ စော်ကားမော်ကား ပြုမူခဲ့ဖူးတာလည်း မဟုတ်ဘူး ”

ပိုင်ရှောင်ချန်းမှာ နဂိုထဲက စိတ်ဓာတ်ကျနေသည်ဖြစ်ပြီး ဤအဘိုးကြီးမှာလည်း သူ့ကို လျစ်လျှူရှုထားသဖြင့် အကျိုးမထူးပေ။ ထို့ကြောင့် သူကအေးစက်စက်နှာမှုတ်ကာ ထောင်ခန်းနံရံကို မှီလိုက်ပြီး သူ၏ စိတ်ဒုက္ခများကို သုံးသပ်နေလိုက်တော့သည်။ သူက သက်ပြင်းချလိုက်ပြီး မဟာတံတိုင်းပေါ်တွင် သူ၏ဘဝကြီးမှာ ဂုဏ်ကျက်သရေများဖြင့် ဝေဆာနေခဲ့သည့်အကြောင်းများနှင့် အဏ္ဏဝါခေါ်သံဂိုဏ်းတွင် သူကြုံခဲ့သည့် အံ့သြဖွယ်ကောင်းသော အရာများကို ပြန်လည်းတွေးတောနေလိုက်တော့သည်။

” အို… ကျင်းဝမ်ရာ၊ နင့်ကိုငါ အရမ်းလွမ်းတာပဲ။ ရှောင်မေ့ရေ နင့်ကိုရောပဲ လွမ်းတယ်… ”
ထို့နောက် သခင်မလေးဟုန်ချိန်နှင့် ချိန်ဟဲ့ထျန်တို့၏အကြောင်းများ သူ၏အတွေးထဲသို့ ဝင်ရောက်လာသဖြင့် သူ ဒေါသများပိုထွက်လာရတော့သည်။

သို့သော် ဝမ်းနည်းပူဆွေးစွာထိုင်၍ ငိုယိုနေလျှင် အကျိုးထူးလာမည်မဟုတ်ကြောင်းကို သူကသိ၍ အချိန်အနည်းငယ်ကြာသောအခါ သူကတင်ပျဥ်ခွေ ပြန်၍ထိုင်ချလိုက်ပြီး မည်သို့ဆက်လုပ်ရမည်ကို တွေးတောလိုက်တော့သည်။ သို့သော် မည်သို့ပင် တွေးတောစေကာမူ အကြံတစ်ခုတစ်လေပင် ထွက်မလာပေ။ ယခင်ကထဲက သူ၏ထာဝရပြုစားခြင်းသိုင်းကို သူ စမ်းသုံးကြည့်ခဲ့ပါသော်လည်း မဟာတံတိုင်းအနီးရှိ ဝင်္ကပါထဲတွင် ရှိခဲ့စဥ်ကအတိုင်း မိစ္ဆာအကျဥ်းထောင်ထဲတွင် အသုံးမဝင်ကြောင်း သိလိုက်ရသည်။

ယခုတွင် သူသည် အကျဥ်းသားတစ်ယောက် ဖြစ်သွားပြီ ဖြစ်သဖြင့် မျှော်လင့်ချက်များ လုံးဝကုန်ဆုံးနေတော့သည်။

” သောက်ကျိုးနည်း သရဲကြီးဘုရင်ကွာ ” သူက အံကြိတ်ကာ ကျိန်ဆဲနေတော့သည်။
” ပြီးတော့ ပိုင်မျိုးနွယ်စုရောပဲ။ သူတို့အားလုံး ဇကောလောက်မှ ဇောက်မနက်တဲ့ကောင်တွေချည်းပဲ။ မျိုးနွယ်စုကြီးသုံးခုသာ ပုန်ကန်ပြီးတော့ အနိုင်ရသွားမယ်ဆိုရင် ငါ့ကိုလာသတ်မှာ အသေအချာပဲ။ အဲဒီလိုလာသတ်လို့ကတော့ ငါ့ရဲ့နတ်ဘုရားတစ်ပိုင်း ဝိညာဥ်ကိုသုံးပြီး လွတ်ရာပြေးရမှာပဲ ”
သူ၏ မျက်ဝန်းများမှာ ခက်ထန်ကြမ်းကြုတ်လှသော အရိပ်အယောင်များဖြင့်တောက်ပနေတော့သည်။
” သရဲကြီးဘုရင်သာ အနိုင်ရရင်တော့ ငါဒီနေရာကနေ ထွက်ခွာခွင့်ရှိလောက်ပါတယ်။ ထောင်ေခါင်းနဲ့ လက်ထောက်ထောင်မှုးစွန်းတို့က ငါ့ဘက်က လိုက်ပြောပေးပါလိမ့်မယ်။ ထောင်မှုးကြီးလီတောင် ပြောရင်ပြောပေးလောက်ပါတယ် ”

ပိုင်ရှောင်ချန်းမှာ နှာခေါင်းပွတ်ကာ ဖြစ်လာနိုင်ခြေရှိသော ရလဒ်နှစ်ခုကို တွေးတောသုံးသပ်နေတော့သည်။ ဒုတိယရလဒ်မှာ သူ့အတွက် ကောင်းမွန်သည်ဖြစ်ပြီး ပထမရလဒ်ထွက်ပေါ်လာပါက သေခြင်းတရားကိုရှောင်တိမ်းရန် ခက်ခဲမည်ဖြစ်သည်။ တိုက်ပွဲတစ်ခုတွင် သေဆုံးရမည့် အတွေးကြီးကြောင့် ပိုင်ရှောင်ချန်းမှာ တုန်ရီစပြုလာတော့သည်။

” မင်းတို့က ငါ့ကို ကျဥ်းထဲကြပ်ထဲရောက်အောင် လုပ်နေတာပဲ ”
သူက အသက်ပြင်းပြင်းရှူလိုက်ပြီးတရားထိုင်ရန် မျက်လုံးများ မှိတ်လိုက်တော့သည်။ ဤအခြေအနေတွင် အလုပ်သင့်ဆုံးအရာမှာ လျှပ်တစ်ပြက် လှုပ်ရှားနိုင်ရန်အတွက် မိမိကိုယ်ကိုယ် အကောင်းဆုံး ပြင်ဆင်ထားရန်ပင်ဖြစ်သည်။

အချိန်များမှာ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ တစ်ခဏအတွင်း လတစ်ဝက်တိတိ ကုန်သွားပြီဖြစ်သည်။ ပိုင်ရှောင်ချန်းမှာ ထိုတစ်ချိန်လုံး သတိကြီးကြီးထားနေခဲ့ပါသော်လည်း မည်သည့် ဖြစ်ရပ်ကြီးကြီးမားမားမှ မဖြစ်ခဲ့ပေ။ ထောင်သားများမှာ သူ့ကိုပြဿနာလုံးဝမရှာပဲ ထောင်စောင့်များမှာလည်း နေ့စဥ်ရောက်လာပြီး စကာစမြည်ပြောကာ အရက်များနှင့် စားစရာများကိုပင် ယူလာသေးသည်။ သူ့ကို သူတို့အားလုံးမှာ သေသေချာချာ ဂရုစိုက်နေသည်။

ပိုင်ရှောင်ချန်းမှာလည်း အဝတ်အစားပင် ပြောင်းဝတ်လိုက်ရသည်ဟုသာ ထင်မြင်လာတော့သည်။ သူဆန္ဒရှိလျှင် ထောင်စောင့်များမှာ ထောင်ခန်းထဲမှသူ့ကိုထုတ်ကာ အညောင်းပြေအညာပြေ လမ်းလျှောက်ခွင့်ပင် ပေးသေးသည်။ သူ၏ စိတ်မှာ တဖြည်းဖြည်း ကြည်လင်လာတော့သည်။

တစ်ခါတရံဆိုလျှင် ထောင်စောင့်များမှာ စစ်ဆေးမေးမြန်းရာတွင် သူ၏အကူအညီကို တောင်းလေ့ရှိသည်။ သူသည် မိစ္ဆာအကျဥ်းထောင်၏ နံပါတ်တစ် အမှောင်စစ်ဆေးရေးမှူး ဖြစ်နေသေးသည် မဟုတ်ပါလော။

Comment

Leave a Reply

Options

not work with dark mode
Reset