Switch Mode

အခန်း ( ၆၄၁ )

ရတနာကဲ့သို့အနံ့အသက်

ချိုင်မျိုးနွယ်စုမှ အကြီးအကဲတစ်ယောက် ပျောက်ဆုံးသွားသည့်အချက်ကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်မနေကြချေ။ ချိုင်မျိုးနွယ်စုမှာ သတိထားမိဟန်ပင် မတူပဲ ထိုကိစ္စကို ထဲထဲဝင်ဝင် လိုက်လံ စုံစမ်းမနေချေ။

သရဲကြီးမြို့တော် ထဲတွင်လည်း နေ့တဓူဝ လုပ်ငန်းဆောင်တာများမှာ ပုံမှန်အတိုင်းပင်။

သရဲကြီးဘုရင်မှာလည်း ထူးထူးဆန်းဆန်း မလှုပ်ရှားချေ။ ယခုဖြစ်ပျက်နေသည့် ကိစ္စများကို သတိမထားမိသည့် လူများအတွက်မူ မည်သည့်အရာမှ မဖြစ်ပျက်နေသည့်အတိုင်းပင်။ သို့သော် ထိုကိစ္စကို သိနေကြသူများအတွက်မူ အရာရာတိုင်းမှာ အရင်ကနှင့် မတူညီကြတော့ပေ။

သူတို့အတွက် ကပ်ဆိုးကြီးတစ်ခု ကျရောက် တော့မည့်အလား ဖြစ်နေတော့သည်။

ချိုင်မျိုးနွယ်စုအကြီးအကဲကြီး၏ ဝန်ခံချက်ကို ကြားလိုက်ရသည့် မိစ္ဆာအကျဥ်းထောင်ထဲမှ လူများအားလုံးမှာ အလွန်စိုးရိမ်နေကြပြီး ထိုကိစ္စအကြောင်းကို မဆွေးနွေးရဲကြပေ။ နောက်ထပ်ဆက်ဖြစ်မည့် အရာကိုသာ သူတို့က စောင့်ဆိုင်းနေကြတော့သည်။

” တစ်လတောင်ရှိနေပြီ ” ပိုင်ရှောင်ချန်းက တွေးလိုက်သည်။
” ဘာလို့ တိုက်ခိုက်မှုတွေက မစသေးတာလဲ ”
ထိုကိစ္စရပ်ကို သူ အလွန်အာရုံစိုက်ထားပါသော်လည်း တစ်လတိတိ ကုန်ဆုံးသွားသည့်တိုင် မျိုးနွယ်စုကြီးသုံးခုနှင့် သရဲကြီးဘုရင်တို့ နှစ်ဘက်စလုံးက လှုပ်ရှားမှုများ မလုပ်သေးသည် မဟုတ်ပါလော။

” ချိုင်မျိုးနွယ်စုက သူတို့ရဲ့ အကြီးအကဲတစ်ယောက် အဖမ်းခံလိုက်ရတာကို ချက်ချင်း မသိခဲ့ဘူးဆိုရင်တောင် အခုလောက်ဆို သိနေလောက်ပါပြီ။ ပုန်ကန်မှုနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို သူဖွင့်ပြောခဲ့တာကိုလည်း သူတို့ သိလောက်ပါပြီဟ ”

” ဒါပေမဲ့ ဘာလို့ မလှုပ်ရှားသေးတာလဲ။ သရဲကြီးဘုရင်ကလည်း ဘာဆိုဘာမှ မပြောသေးဘူး။ ကြည့်ရတာ တစ်ယောက်အခြေအနေ တစ်ယောက်ကြည့်နေကြတာများလား ”
သူက စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကိုကုတ်လိုက်ပြီး သရဲကြီးဘုရင်ကို စိတ်ထဲတွင် အနည်းငယ်ပင် အထင်သေးသွားတော့သည်။

” သူ့လောက် ဖျင်းတဲ့ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူ ရှိမှာမဟုတ်ဘူး။ ငါသာ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်ဆိုရင် အဲဒီ မျိုးနွယ်စုကြီးသုံးခုစလုံးကို အမှုန့်ချေပြီးသွားလောက်ပြီ။ အဲဒါဆို ကိစ္စလည်း အေးရောပဲ ”

” မျိုးနွယ်စုကြီးသုံးခုကလည်း သေသေချာချာ မပြင်ဆင်ရသေးလို့ပဲနေမှာ။ ဒါမှမဟုတ် တွေဝေတုံ့ဆိုင်းနေတာပဲ ဖြစ်ရမယ်။ အဲဒီနှစ်ချက်ထဲက တစ်ချက်ပဲ။ ကဲပါ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ငါ့အတွက် အခွင့်ကောင်းတစ်ခုပဲ ”
ထိုသို့ဆိုကာ သူ၏ ထည့်စရာအိတ်ကို စစ်ဆေးလိုက်ပြီး ချိုင်မျိုးနွယ်စု၏ ဝိညာဥ်မြေများထံမှ သူခိုးယူခဲ့သည့် ဝိညာဥ်များမည်မျှကျန်သေးသည်ကို ကြည့်လိုက်သည်။ သူ၏ မှော်ပစ္စည်းများအားလုံးကို အဆင့်ဆယ့်လေးအထိ စိတ်စွမ်းအင်အဆင့်မြှင့်တင်လိုက်ပြီးနောက် မူလခိုးယူခဲ့သည့် ပမာဏ၏ တစ်ဝက်လျော့လျောခန့် ကျန်သေးသည်။ ထို့နောက် သူက ဆယ့်ငါးရောင်ခြယ်မီးတောက်နှင့် ပတ်သတ်သည့် စမ်းသပ်ချက်အချို့ပြုလုပ်ခဲ့လိုက်သဖြင့် ပမာဏအနည်းငယ်သာ ကျန်ရှိတော့သည်။

” ကုန်တော့မှာ။ မီးတောက်တွေဖန်တီးရတာ ဝိညာဥ်တွေ တော်တော်ကုန်တာပဲ ”
သူက မျက်လုံးမှေးကြီးများဖြင့် တွေးလိုက်ပြီး ခေါင်းတငြိမ့်ငြိမ့် ဖြစ်နေတော့သည်။

” တစ်ခါတလေတော့လည်း စွန့်စားရမှာပဲ။ အခြေအနေကိုသွားပြီး အကဲခတ်ကြည့်မှ။ အဆင်ပြေရင်တော့ ဝိညာဥ်နည်းနည်းလောက် ယူခဲ့မယ်။ မပြေဘူးဆိုရင်လည်း ဒီအတိုင်းထားလိုက်တာပေါ့ ”
သူက ရင်တထိတ်ထိတ်ဖြင့် အနည်းငယ် တွေးတောလိုက်ပြီး မတ်တတ်ထရပ်လိုက်တော့သည်။

မိစ္ဆာအကျဥ်းထောင်ကို ဝင်ခွင့်ထွက်ခွင့်များ ပိတ်ပင်ထားသည် ဖြစ်သော်လည်း ပိုင်ရှောင်ချန်းမှာ နံပါတ်တစ် အမှောင်စစ်ဆေးရေးမှူးဖြစ်ပြီး သေရေးရှင်ရေးတမျှ အရေးပါသည့် သတင်းအချက်အလက်ကိုလည်း စစ်မေးနိုင်ခဲ့သူ မဟုတ်ပါလော။ သူသည် မျိုးနွယ်စုကြီးသုံးခုဘက်တွင် မရှိသည်မှာ သေချာသဖြင့် လီရှူက သူ့ကို ထောင်မှထွက်ခွာခွင့် ပြုလိုက်တော့သည်။

ခဏအကြာတွင် ပိုင်ရှောင်ချန်းသည် ရုပ်ဖျက်လိုက်ပြီး ကျုံးကိုဖြတ်ကာ မြို့တော်ထဲသို့ ဦးတည်သွားတော့သည်။

ကျုံးမှာ အလွန်မကြီးမားသော်လည်း ပိုင်ရှောင်ချန်းမှာ လူအမြင်မခံပဲ ထွက်သွားနိုင်သည့် နေရာတစ်ခုကို ရှာတွေ့လိုက်သည်။ ခဏအကြာတွင် သူသည် သရဲကြီးမြို့တော်အပြင်ဘက်သို့ ရောက်သွားတော့သည်။

” ငါ့ရဲ့ရုပ်ဖျက်နိုင်တဲ့ စွမ်းရည်တွေကို သတိထားပြီးသုံးနေရတာ တော်တော်ဆိုးဝါးတာပဲ။ ဒါကြောင့်မို့ ငါက သာမန်ရုပ်ဖျက်နည်းတွေပဲ သုံးနေရတာ ”
ယခုတွင် သူသည် နားပန်းအကြီးကြီးပါသော ဦးထုပ်တစ်လုံးကို ဆောင်းထားပြီး အင်္ကျီအထပ်ပေါင်းများစွာကိုဝတ်ထားသဖြင့် ပုံမှန်ထက်ကြီးသည့်ပုံစံ ပေါက်နေတော့သည်။ သူက ခေါင်းကိုငုံ့ကာ သရဲကြီးမြို့တော်ထဲမှ ထွက်ခွာသွားပြီး ချန်မျိုးနွယ်စုဘက်သို့ ဦးတည်သွားတော့သည်။

” ချိုင်မျိုးနွယ်စုဆီက ငါခိုးပြီးပြီဆိုတော့ သူတို့က အစောင့်တွေ သေချာချထားမှာပဲ။ ပိုင်မျိုးနွယ်စုမှာက ပေးရတဲ့အချိန်နဲ့တန်တဲ့ ဝိညာဥ်အရေအတွက်ကို ပြန်ရမှာမဟုတ်ဘူး။ ချန်မျိုးနွယ်စုပဲ ရွေးစရာကျန်တော့တယ် ”
သူက အရောင်တောက်နေသည့် မျက်ဝန်းများဖြင့် ချန်မျိုးနွယ်စုရှိသည့် နေရာသို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။ ထိုမျိုးနွယ်စု ပတ်ပတ်လည်၏ မတူညီသောနေရာများတွင် ဝိညာဥ်မြေရှစ်ကွက်ရှိသည်။

လေပေါ်ပျံဝဲနေသည့် ပျားအုံကဲ့သို့သော အဆောက်အဦများ၏ ပတ်ပတ်လည်တွင် ပျံသန်းနေကြသည့် အမုန်းဝိညာဥ်များစွာ၏ မြင်ကွင်းကြောင့် ပိုင်ရှောင်ချန်းမှာ မျှော်လင့်တကြီးဖြင့် တံတွေးများကိုပင် မျိုချနေတော့သည်။

ထိုအခြေအနေကို အကဲခတ်လိုက်ပြီးနောက် သူက ရေရွတ်လိုက်တော့သည်။
” ချန်မျိုးနွယ်စုမှာ ဝိညာဥ်တွေအများကြီး ရှိတာပဲ… ”

သို့သော်လည်း ထိုဝိညာဥ်မြေများမှာ မျိုးနွယ်စုနှင့် အလွန်နီးကပ်နေပြီး အစောင့််များစွာ ချထားသည်။ သူသည် အလွန်လျင်မြန်ပါသော်လည်း လုပ်ငန်းစလိုက်သည်နှင့် အစောင့်များက တန်း၍ သတိထားခံရမည်မှာ အသေအချာပင်။

” ချန်မျိုးနွယ်စုက တကယ့် ကပ်စေးကုတ်တွေပဲ။ ဘာမှမဟုတ်တဲ့ ဝိညာဥ်မြေလေးတွေကိုများကွာ။ ဘာလို့ ဒီလောက် အစောင့်အများကြီး ချထားရတာလဲ ”
မြင်သာမြင် မကြင်ရဆိုသည့် ခံစားချက်ကြီးကြောင့် သူ့ရင်ထဲ ဗလာင်ဆူနေရတော့သည်။

” ဝိညာဥ်လေးတွေကိုများကွာ။ ဒီလောက် ကျိကျိတက်ချမ်းသာတဲ့ မျိုးနွယ်စုကြီးက ဒီလောက်ကပ်စေးနဲနေတာ ငါ့ဖြင့် မယုံနိုင်ဘူး။ အနိုင်ကျင့်ဖို့လောက် သိတဲ့ကောင်တွေကွာ ”
သူက သက်ပြင်းချကာ သူလိုချင်သည့် အခွင့်အရေး မရှိကြောင်း ဆုံးဖြတ်လိုက်တော့သည်။ ထို့ကြောင့် စိတ်ညစ်စွာဖြင့် သရဲကြီးမြို့တော်ဆီသို့ ပြန်သွားတော့သည်။ မြို့ထဲသို့ဝင်ကာ မိစ္ဆာအကျဥ်းထောင်ဆီသို့ သွားရန် ပြင်လိုက်ချိန်မှာပင် သရဲကြီးရုပ်ထုကြီးထဲမှ လူတစ်ယောက်ပျံထွက်လာပြီး သူ့ဘက်သို့ ဦးတည်လာနေသည်ကို မြင်လိုက်ရသဖြင့် သူ မျက်လုံးပြူးသွားရတော့သည်။

ထိုသူနှင့် အလွန်ဝေးကွာနေပါသော်လည်း သူ့၏ ကျင့်ကြံခြင်းအခြေခံကြောင့် ပိုင်ရှောင်ချန်းမှာ ထိုသူသည် နယ်စားကြီးသေမင်းအော်သံ ဖြစ်သည်ကို ချက်ချင်းပင် သိလိုက်သည်။ ထို့အပြင် သူသည် ပိုင်မျိုးနွယ်စုဆီသို့ သွားနေခြင်း ဖြစ်သည်။

နယ်စားကြီးသေမင်းအော်သံ မှာ နတ်အဆင့်ကျင့်ကြံသူ တစ်ယောက်ဖြစ်ပြီး သူ၏ လှုပ်ရှားမှုများကို ဖုံးကွယ်ထားခြင်းမရှိသဖြင့် ပိုင်ရှောင်ချန်းတစ်ယောက်သာ သူ့ကိုမြင်ရသည်မဟုတ်ပေ။ အခြားလူအနည်းငယ်လည်း သူ့ကိုသတိထားမိလိုက်ကြပြီး အများစုမှာ စတင် ငြင်းခုံနေကြတော့သည်။

” ဘာလား ” ပိုင်ရှောင်ချန်းမှာ မျက်တောင်တဖျတ်ဖျတ်ခတ် နေတော့သည်။
” ဘာကိစ္စနဲ့များ ဒီလို ထိလွယ်ရှလွယ်တဲ့ အချိန်ရောက်မှ နယ်စားကြီးသေမင်းအော်သံက ပိုင်မျိုးနွယ်စုဆီကို သွားနေရတာတုံး ”

ပိုင်ရှောင်ချန်းမှာ အံ့သြသွားသော်လည်း သူက များများစားစား တွေးတောမနေပဲ သူ့လမ်းသူသာ ဆက်လျှောက်လိုက်တော့သည်။

တဖြည်းဖြည်းနှင့် မှောင်ရီပျိုးလာပြီဖြစ်သော်လည်း မြို့တော်ထဲရှိ လမ်းများမှာ လူများနှင့် ပြည့်နှက်နေဆဲပင်။ သူသည် ကျုံးဆီသို့ ရောက်ရန် ခရီးတစ်ဝက်လောက်သာ လိုတော့သည်အချိန်တွင် ရုတ်တရက် သရဲကြီးရုပ်ထုဆီမှ တောက်ပသည့် အလင်းတန်းတစ်ခု ပေါ်ထွက်လာတော့သည်။

ရုပ်ထုကြီး၏ ဦးခေါင်းထက်တွင်ရှိသော တော်ဝင်နန်းတော်ထဲမှ ထိုအလင်းတန်းလင်းလက်လာသောအခါ လူတစ်ယောက်လည်း ပေါ်ထွက်လာသည်။ သူသည် အရပ်ရှည်ကာ သန်မာပြီး မြွေနဂါးရုပ်ပုံဖြင့် ပန်းထိုးထားသည့် ခရမ်းရောင်ဝတ်ရုံတစ်ခုကို ဆင်မြန်းထားသည်။ သူ၏ဦးခေါင်ပေါ်တွင် တော်ဝင်သရဖူတစ်ခုရှိပြီး ကောင်းကင်ကိုတုန်ရီစေကာ မြေကြီးကိုပင်အက်ကွဲစေနိုင်သည့် စွမ်းအင်ကို ထုတ်လွှတ်နေတော့သည်။

သူက လေပေါ်တွင်ရစ်ဝဲကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးရှိ အရာအားလုံးကို နစ်မွန်းသွားအောင်လုပ်နိုင်သည့် စွမ်းအင်ကြီးကို ထုတ်လွှတ်နေသည်။ ထို့နောက် သူက ကင်းလှည့်နေသည့်အလား မြို့တော်အထက်ရှိ လေထဲတွင် ပျံဝဲနေတော့သည်။

” သရဲကြီးဘုရင်ပါလား ”

” ရှင်ဘုရင် မင်းမြတ်ပဲဟေ့ ”

” မင်္ဂလာပါ ရှင်ဘုရင် မင်းမြတ်ခင်ဗျား ”

မရေမတွက်နိုင်သော ဝိညာဥ်ကျင့်ကြံသူများစွာမှာ ဒူးများထောက်ကာ အရိုအသေပေးလိုက်ကြသဖြင့် ဆူဆူညံညံ ဖြစ်သွားတော့သည်။ ကင်းလှည့်နေသည့် မြို့စောင့်များမှာလည်း ထိုနည်းတူပင်။

သရဲကြီးဘုရင်မှာ တည်ကြည်မှုအပြည့်ဖြင့် လေပေါ်တွင် ပျံဝဲနေဆဲ။ မိုးခြိမ်းသံများမှာ တဂျုန်းဂျုန်းမြည်နေပြီး တိမ်တိုက်ကြီးမှာလည်း တလိပ်လိပ်ထနေတော့သည်။ လျှပ်စီးတန်းများ ကခုန်နေသည်ကိုပင် မြင်နိုင်ပေသည်။

ကောင်းကင်ပေါ်တွင် ပေါ်ပေါက်လာသည့် ထိုသို့သော လက္ခဏာရပ်များကြောင့် အောက်ဘက်ရှိ လူများ၏ စိတ်နှလုံးများကို ကြောက်ရွံ့မှုများက ဖုံးလွှမ်းသွားရတော့သည်။ ပို၍ အံ့သြဖို့ကောင်းသည်မှာ သရဲကြီးဘုရင်၏နောက်တွင် လိုက်ပါကာ သူနှင့်အတူ ပျံဝဲနေသည့် ဧရာမ အရိပ်ကြီးတစ်ခုဖြစ်သည်။ ထိုအရိပ်ကြီးသာ အပြည့်အဝပေါ်ထွက်လာပါက ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကိုပင် တစ်စစီ ဆုတ်ဖြဲနိုင်လောက်သည်အထိ စွမ်းအားကြီးနေမည်ဖြစ်သည်။

ပိုင်ရှောင်ချန်း၏ အငွေ့အသက်များမှာ ရှုပ်ယှက်ခက်နေတော့သည်။ သရဲကြီးဘုရင်ကို ပထမဆုံးအကြိမ် သူတွေ့ဖူးသည်ဖြစ်ပြီး သူ့ထံမှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ် စွမ်းအင်ကြောင့် ပိုင်ရှောင်ချန်းမှာ အလွန်အမင်း တုန်လှုပ်နေရတော့သည်။

” သရဲကြီးဘုရင် နန်းတော်ထဲက ထွက်လာတာ မျိုးနွယ်စုကြီးသုံးခုကို ခြိမ်းခြောက်ဖို့များလား ”
ပိုင်ရှောင်ချန်းမှာ တံတွေးများကို မျိုချကာ လေပေါ်ရှိ ကြောက်မက်ဖွယ်ပုံရိပ်ကြီးကို ကြည့်နေတော့သည်။ ထိုသို့ သူကြည့်နေစဥ်တွင် မကြားရသည်မှာ အတော်အတန်ကြာနေပြီဖြစ်သည့် အသံတစ်သံကို ကြားလိုက်ရတော့သည်။

” အမယ်လေး ဘာအနံ့လဲဟ။ ငါလိပ်ကိုယ်တော်က ဒီအနံ့ကို ရင်းရင်းနှီးနှီးမှတ်မိနေပါတယ်။ ရတနာပစ္စည်းတစ်ခုခုရဲ့ အနံ့ပဲ ”
ထိုအသံနှင့်အတူ ပိုင်ရှောင်ချန်း၏ ထည့်စရာအိတ်ထဲမှ ခေါင်းတစ်လုံး ပြူထွက်လာတော့သည်။

၎င်းမှာ ပျောက်ချက်သားကောင်းနေသည့် လိပ်ကလေးပင်ဖြစ်သည်။ ပိုင်ရှောင်ချန်းမှာ သူ၏အိတ်ကို မည်သို့ပင် မွှေနှောက်ရှာဖွေခဲ့စေကာမူ သူ့ကိုရှာမတွေ့ခဲ့ပေ။ လိပ်ကလေးကို သူသတိမေ့အောင် လုပ်ခဲ့စဥ်က ရှာတွေ့ခဲ့ရသည့် နေရာမှာပင် မတွေ့ခဲ့ရပေ။

ပိုင်ရှောင်ချန်းသည် ထိုအာသွက်လျှာသွက်ရှိသော လိပ်ကလေးမှာ ထွက်ခွာသွားပြီဟုပင် မှတ်ယူထားသည်။ ထိုအတွေးကြောင့် သူက အနည်းငယ် စိတ်အေးသွားရပါသော်လည်း လိပ်ကလေးကိုဆုံးရှုံးလိုက်ရသဖြင့် အနည်းငယ်လည်း စိတ်ပျက်နေတော့သည်။ ထိုလိပ်ကလေးမှာ ယခုလိုအချိန်မျိုးတွင်မှ ပေါ်လာလိမ့်မည်ဟု မည်သူက တွေးမိမည်နည်း။

သူက ပါးစပ်အဟောင်းသားဖြင့် လိပ်ကလေးကို ငုံ့ကြည့်လိုက်သည်။ လိပ်ကလေး၏ မျက်ဝန်းများမှာ တန်ဖိုးကြီး ရတနာတစ်ခုကို တွေ့လိုက်ရသည့်အလား အရောက်လက်နေသည်။ သူသည် သွားရည်များပင် ယိုနေသည်ဟု ပိုင်ရှောင်ချန်းက ယုံကြည်နေတော့သည်။

” မင်း…မင်းက… ဒီမှာရှိတုံးလား ”
အမှန်တွင် ပိုင်ရှောင်ချန်းမှာ စိတ်ကျေနပ်သွားသည်။ သူသည် မြေရိုင်းဒေသထဲတွင် အလွန်အထီးကျန်နေရသဖြင့် သူနှင့်အတူ လိပ်ကလေးရှိသေးသည်ဆိုသော အချက်မှာ သူ့အတွက် ပျော်ရွှင်စရာတစ်ခု ဖြစ်နေတော့သည်။

ထိုအခါ လိပ်ကလေးမှာ ဝင့်ကြွားစွာ ခေါင်းမော့လိုက်ပြီး အထင်သေးသော အကြည့်ဖြင့် ပိုင်ရှောင်ချန်းကို ကြည့်လိုက်တော့သည်။
” ငါလိပ်ကိုယ်တော်က ခဏအိပ်နေတာကွ။ ဘာဖြစ်တုံး။ မင်းကငါ့ကို လွမ်းနေတာလား အရူးကောင်လေး။ မင်းလွမ်းနေလည်း ဘာမှတော့ မထူးပါဘူး။ ငါ့ကို လာပြီးစကားတောင် လာမပြောစမ်းနဲ့ကွာ။ ငါက ပိုးမွှားတွေနဲ့ဆို ဓာတ်မတည့်ဘူး ”

ထိုသို့ စကားနာထိုးသည့် စကားလုံးများကို ကြားလိုက်ရသဖြင့် မိတ်ဆွေဟောင်းတစ်ယောက်ကို တွေ့လိုက်ရသဖြင့် ကျေနပ်နေသည့် ပိုင်ရှောင်ချန်း၏ ခံစားချက်များမှာ ဒေါသများအဖြစ်သို့ ပြောင်းလဲသွားရတော့သည်။

” ပါးစပ်ပိတ်စမ်း ”
သူက လိပ်ကလေးကို လျစ်လျှူရှုကာ အော်လိုက်ပြီး သရဲကြီးဘုရင်ကို ခေတ္တမျှ မော့ကြည့်လိုက်သည်။ ထို့နောက် သူက လိပ်ကလေး၏ ဦးခေါင်းကို ထည့်စရာအိတ်ထဲသို့ ပြန်ထိုးထည့်လိုက်ပြီး ကျုံးထဲသို့ပျံသန်းကာ မိစ္ဆာအကျဥ်းထောင်ထဲသို့ ဝင်သွားတော့သည်။

ထိုအချိန်တွင် ပိုင်မျိုးနွယ်စု၏ နတ်အဆင့် ခေါင်းဆောင်ကြီးမှာ ပိုင်မျိုးနွယ်စု၏ ပင်မခန်းမဆောင်ထဲတွင် မျက်နှာထားတင်းမာနေသည့် နယ်စားကြီးသေမင်းအော်သံကို ကြည့်နေသည်။

ခေါင်းဆောင်ကြီးက ဒေါသတကြီးအံကြိတ်ကာ ဆိုလိုက်သည်။
” ရှင်ဘုရင် မင်းမြတ်ကို ငါသစ္စာရှိရှိ တာဝန်ထမ်းဆောင်ခဲ့တဲ့ နှစ်အရေအတွက်ကို ထည့်မပြောတော့ပါဘူး။ ငါတို့တွေ တိုက်ပွဲမြေပြင်ပေါ်မှာ ဘေးချင်းယှဥ်ပြီး ရန်သူတွေကို တိုက်ခိုက်ခဲ့ဖူးတာပဲ။ အဲဒီကတည်းက ငါက သစ္စာရှိခဲ့တာ။ ပြီးတော့ ငါ့ရဲ့ကျင့်ကြံခြင်းအခြေခံအဆင့်နဲ့ ရှင်ဘုရင်ကို ဘယ်လို တိုက်ခိုက်နိုင်မှာတုံး။ ဘာလဲ မင်းက ငါ့ကိုရူးနေတယ်လို့ ထင်နေတာလား။ ပိုင်မျိုးနွယ်စုက ပုန်ကန်မှုတစ်ခုလုပ်ဖို့ ဘာကိစ္စ ငါက ဦးဆောင်ရမှာတုံး။ အဓိပ္ပါယ်မရှိတာ။ ငါ့ကို မတော်တရား စွပ်စွဲမယ်ဆိုလည်း အကြောင်းပြချက် ကောင်းကောင်းပေးလေကွာ ”

ခေါင်းဆောင်ကြီးမှာ ဒေါသတထောင်းထောင်းဖြင့် ဆက်ပြောလိုက်သည်။
” ပြီးတော့ ငါ့ရဲ့မျိုးနွယ်စုက ကျေးဇူးကန်းတဲ့ မျိုးမစစ်ကောင်ရဲ့ ကိစ္စနဲ့ပတ်သတ်လို့ ရှင်ဘုရင်ရဲ့ ဆန္ဒကို ငါ လိုက်လျောခဲ့တယ်ဆိုတာက အချင်းချင်း မျက်နှာပျက်စရာတွေ ဖြစ်ကုန်မှာစိုးလို့။ အဲဒါကြောင့်သာ ငါဘာမှ ဆက်မလုပ်တာ။ ဒါပေမဲ့ သူ့အကြောင်း ငါကြားမိတဲ့ ကောလာဟလတွေအရ ငါမေးရပါဦးမယ် နယ်စားကြီး သေမင်းေအာ်သံေရ။ ဒီလိုဖြစ်နေရတာ ဘာလို့တုံး ”

နယ်စားကြီး သေမင်းအော်သံမှာ စိတ်ထဲတွင်ကြိတ်၍ သက်ပြင်းချနေတော့သည်။ သူသည် သရဲကြီးဘုရင်၏ လူယုံတော်တစ်ယောက်ဖြစ်သဖြင့် အခြားသူများမသိသည့် လျှို့ဝှက်ချက်အနည်းငယ်ကို သူကသိထားသည်။ ထို့အပြင် ဘုရင်ကြီး မည်သို့တွေးနေသည်ကိုလည်း သူက အနည်းငယ်မှန်းဆနိုင်သည်။ သို့သော် မျိုးနွယ်စုကြီးသုံးခုထံသို့သွားကာ သူတို့၏ ခေါင်းဆောင်ကြီးများအား ပုန်ကန်ရန် ကြံစည်နေသလားဟုမေးရန် သူ့ကိုအမိန့်ပေးခဲ့သည့် အကြောင်းအရင်းကိုမူ မတွေးနိုင်လောက်အောင် ဖြစ်နေရသည်။ ထို့အပြင် ငြိမ်းချမ်းရေးရစေရန် ထိုမျိုးနွယ်စုကြီးသုံးခု၏ တောင်းဆိုချက်များကို လိုက်လျောသင့်သည်ဟု ဘုရင်ကြီးက အရိပ်အမြွှက် ပြောဆိုခဲ့သေးသည်။

နယ်စားကြီးသေမင်းအော်သံ မှာ ထိုကိစ္စကြောင့် စိုးရိမ်တကြီး ဖြစ်နေတော့သည်။

သူက စိတ်ထဲတွင် သက်ပြင်းထပ်ချလိုက်ပြီး ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးကို ကြည့်ကာတွေးလိုက်လေသည်။
” ရှင်ဘုရင်က သူ့ရဲ့ရန်သူတွေရဲ့ ခေါင်းထဲကို သူအားနည်းနေတယ်ဆိုတဲ့ သတင်းအမှားကြီးထည့်ပြီး သူတို့ရဲ့ စခန်းတွေထဲက ထွက်လာအောင် လုပ်နေတာများလား။ ဒါမှမဟုတ် သူက တကယ်ပဲ ဆုတ်ယုတ်တဲ့အချိန်အပိုင်းအခြားထဲကို ရောက်နေတာများလား။ ”

ပိုင်မျိုးနွယ်စု ခေါင်းဆောင်ကြီး၏ မျက်လုံးများကိုစိုက်ကြည့်ကာ သူကဆိုလိုက်သည်။
” အစ်ကိုပိုင်ရာ ရှင်ဘုရင်ကသာ ကောလာဟလတွေကို ယုံရင် ကျွန်တော့်ကို ဒီလိုစေလွှတ်လိုက်ပါ့မလား။ ပိုင်ဟောက်ရဲ့ ကိစ္စနဲ့ပတ်သတ်လို့ကတော့ အစ်ကို့ရဲ့ စိတ်ပျက်မှုကို ကျွန်တော် နားလည်ပါတယ် ”

” အဲဒါဆိုရင် ” ခေါင်းဆောင်ကြီးက ဆိုလိုက်သည်။
“ ညီလေးသေမင်းအော်သံ ရေ။ ငါတစ်ခုလောက် တောင်းဆိုချင်တယ်။ ရှင်ဘုရင်ကို ပြောပေးပါ။ အဲဒီကျေးဇူးကန်းတဲ့ မျိုးမစစ်သားက မိစ္ဆာအကျဥ်းထောင်မှာ အစောင့်ဖြစ်ဖို့ မတန်ဘူးလို့ ”

အမှန်မှာ ခေါင်းဆောင်ကြီးသည် ဤအခြေအနေကို အသုံးချကာ သရဲကြီးဘုရင် တကယ်မသိချင်ယောင်ဆောင်ေ သည် ဟုတ်၊မဟုတ် စမ်းသပ်လိုခြင်းဖြစ်သည်။

မျိုးနွယ်စုကြီးသုံးခုမှာ စတင်လှုပ်ရှားရန် အဆင်သင့် မဖြစ်သေးသည် မဟုတ်ပါလော။

Comment

Leave a Reply

Options

not work with dark mode
Reset