အခန်း ( ၆၄၀ )

ယုံကြည်မှုရှိနေသော သရဲကြီးဘုရင်

မာန်ဖီဟိန်းဟောက်နေသည့် ခွေးမည်းကြီး၏ မြင်ကွင်းသည် ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီး၏ နှလုံးသားထဲတွင် နက်ရှိုင်းလှသော အကြောက်တရားများ ပေါက်ဖွားလာစေတော့သည်။ ထိုမျှသာမက သူ့ပါးစပ်ထဲသို့ သိပ်ထည့်ခံလိုက်ရသည့် ကာမအားတိုးဆေးလုံးများစွာကြောင့် သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းဆုံးရှုံးတော့မည်ဟု သူ ပြောနိုင်လေသည်။
ယခုအထိ ခွေးမည်းကြီးကို ပိုင်ရှောင်ချန်း မလွှတ်ပေးသေးသည့် အချက်က အကြီးအကဲ၏ ရင်ထဲတွင် အလွန်အမင်းစိတ်ဆင်းရဲခြင်းများ ပြည့်နှက်သွားစေသည်။ သူသည် ပိုင်ရှောင်ချန်းကို ရည်ရွယ်ချက်ရှိရှိ စိတ်ထိခိုက်အောင် လုပ်ခဲ့ခြင်းအပေါ် နောင်တရနေပြီဖြစ်သည်။

ပထမဆုံးအနေနှင့် အကြီးအကဲ၏ မျက်လုံးများထဲတွင် တွေဝေတုံ့ဆိုင်းနေသည့်အကြည့်တစ်ခု ပေါ်လာတော့သည်။

” စကားပြောရအောင်လေနော် ပိုင်ဟောက်။ ငါ… ”

သူ တခြားဘာမှ ထပ်မပြောနိုင်လိုက်ခင် ပိုင်ရှောင်ချန်းက ကြားဖြတ်ပြောလိုက်သည်။
” ကျုပ်မကြားချင်ဘူး ”

ထို့နောက် သူက ခွေးကြီး၏ကြိုးကို လွှတ်လိုက်တော့သည်။ ခွေးကြီးသည် ချက်ချင်းပင် ဟိန်းဟောက်၍ ချိုင်မျိုးနွယ်စုအကြီးအကဲအပေါ် ခုန်တက်လိုက်သည်။

အပြင်ဘက်တွင် စုဝေးနေကြသည့် လူအုပ်ကြီးမှာ သူတို့ ဘဝတစ်လျှောက်လုံး တစ်ခါမှ မကြားခဲ့ဖူးသည့် အော်ဟစ်သံများကို ကြားလိုက်ရတော့သည်။ ထိုအသံတွင်ပါဝင်သော ခါးသီးနာကျည်းမှုက သူတို့ တွေးနိုင်သည့် မည့်သည့်အော်ဟစ်သံထက်မဆို သာလွန်နေသည်။

ထိုအော်ဟစ်သံများမှာ အထွတ်အထိပ်သို့ရောက်နေသည့် နာကျင်မှုများ ကိန်းအောင်းနေသည့် အော်သံများသာဖြစ်တော့သည်။

အမှတ်တစ်ထောင်ခန်း၏ ထောင်စောင့်များအားလုံးမှာ ပင့်သက်ရှိုက်နေကြပြီး တုန်ရီနေကြတော့သည်။ တစ်ဦးတစ်ယောက်စီတိုင်းက တူညီသောအရာတစ်ခုတည်းကို တွေးနေကြသည်။

ပိုင်ဟောက်ကို ဘယ်တော့မှ ရန်မစမိစေနဲ့။

အကျဥ်းခန်းကို ကြည့်ရင်း အမှောင်စစ်ဆေးရေးမှူးများ၏ မျက်နှာအမူအရာအမျိုးမျိုး ပြောင်းလဲနေတော့သည်။ သူတို့သည် မည်သို့ဖြစ်ပျက်နေသည်ကို မပြောနိုင်သော်လည်း သူတို့စိတ်ကူးယဥ်ထားသည့်အရာများ ဖြစ်ပျက်နေခြင်းကြောင့် မဖော်ပြနိုင်လောက်အောင် တုန်လှုပ်နေကြလေသည်။

” ဘယ်လောက် ရက်စက်လိုက်လဲ ”

” ဘယ်သူကများ ဒီလို ဒဏ်ကို ခံနိုင်မှာတုံး။ ဒါက ရုပ်ပိုင်းဆိုင်ရာတင်မဟုတ်ဘူး။ စိတ်ပိုင်းဆိုင်ရာပါ ထိုးနှက်လိုက်တာ။ အံဖွယ်သရဲ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်တဲ့ ချိုင်မျိုးနွယ်စုရဲ့ ဂုဏ်ယူစရာအဖွဲ့ဝင်တစ်ယောက်က ငါတို့မျက်စိေရှ့မှောက်မှာ ဖျက်စီးခံနေရပါလား ”

” ပိုင်ဟောက်က တကယ့်ကို ရက်စက်တဲ့ လူတစ်ယောက်ပဲ။ ဒီလို နည်းလမ်းတွေ သုံးနေတယ်ဆိုတာက… သူ …သူက တကယ့် အမှောင်စစ်ဆေးရေးမှူးဆိုတာ သက်သေပြနေတာပဲ။ သူ့နှလုံးသားကို အမှောင်ထုက ဝါးမြိုလိုက်ပြီ ”

လီရှူ၏ မျက်လုံးများမှာ ပြူးကျယ်နေပြီဖြစ်ပြီး ရိုးတွင်းခြင်ဆီအထိ အေးစိမ့်သွားတော့သည်။ ယခုအခါမှသာ ပိုင်ဟောက်သည် ရက်စက်ခြင်း ၊ အကြင်နာတရားကင်းမဲ့ခြင်းနှင့် သူလိုချင်သည့်အရာရရန်အတွက် မည့်သည့်နေရာဖြစ်ပါစေ အရောက်သွားသည်ဟူသော ကောလဟာလများ ပြောသည့်အတိုင်း အမှန်တကယ်ဟုတ်မှန်ကြောင်း သူ သဘောပေါက်သွားတော့သည်။

ခွေးမည်းကြီး၏ ဟိန်းဟောက်သံနှင့် ရောနေသည့် အကြီးအကဲ၏ အော်သံများသည် အမှတ်တစ်ထောင်ခန်း ရှိ ထောင်စောင့်များ၏ ဆံပင်မွှေးများကို အဆုံးစွန်ထိ ထောင်ထသွားစေတော့သည်။ ကံကောင်းထောက်မစွာ ထိုဖြစ်ရပ်သည် မကြာလိုက်ပေ။ အသက်ရှူချိန်ဒါဇင်အနည်းငယ်မျှသာ ကြာလိုက်လေသည်။ ထိုအချိန်တွင် ချိုင်မျိုးနွယ်စု အကြီးအကဲ၏ အော်သံများသည် ပီပီသသစကားလုံးများအဖြစ် ပြောင်းလဲသွားတော့သည်။

” ငါပြောမယ်။ ငါပြောမယ်၊ သစ်သားဓာတ် ဝိညာဥ်တွေ။ ငါတို့ သစ်သားဓာတ်ဝိညာဥ်တွေ မသုံးသလောက်ပဲ။ လုံးဝကို မသုံးသလောက်ပဲ၊ ရပ်ပေးပါ၊ ရပ်ခိုင်းလိုက်ပါတော့ ”

ချိုင်မျိုးနွယ်စုအကြီးအကဲသည် လီရှူမေးခိုင်းသည့်အကြောင်းများကို ထုတ်ဖော်ပြောသည်သာမက သူကိုယ်တိုင်မှတ်ထားသည့် သတင်းများကိုလည်း ပြောလာတော့သည်။ နောက်ဆုံးတွင် သူက စိတ်ပျက်လက်ပျက် စူးစူးဝါးဝါးအော်လိုက်ပြီး နောက်ဆုံးအသေးစိတ်သတင်းတစ်ခုကို ပြောပြတော့သည်။
” မျိုးနွယ်စုသုံးစုက ပုန်ကန်ဖို့ လုပ်နေကြတယ် ”

ဤအချိန်တွင် ချိုင်မျိုးနွယ်စုအကြီးအကဲမှာ အလွန်နာကျင်နေပြီဖြစ်၍ အသက်သေသွားဖို့ရန်ပင် ဆုတောင်းနေမိတော့သည်။ ညှင်းပန်းနှိပ်စက်မှုဒဏ်ကြောင့် သူ မခံနိုင်တော့သဖြင့် သူသိသမျှ သတင်းအကုန်အား မထိမ်ချန်ဘဲ ပြောပြလေသည်။ သို့တိုင်အောင် ထိုအော်ဟစ်သံများကား မရပ်တန့်သေးပေ။

အကျဥ်းခန်း အပြင်ဘက်ရှိ အဖွဲ့သည် သူ၏ နောက်ဆုံးဝန်ခံချက်ကို ကြားသောအခါ သူတို့၏ အမူအရာများ ပြောင်းလဲသွားကြပြီး လီရှူ၏ မျက်နှာထက်တွင် ကြောက်မက်ဖွယ်ကောင်းသော အလင်းတစ်ခု လင်းလက်လာတော့သည်။

” မဟာမျိုးနွယ်စုကြီးသုံးစုက ပုန်ကန်ဖို့ လုပ်နေတယ်”

” သရဲကြီးဘုရင်ကိုပုန်ကန်ဖို့ မဟာမျိုးနွယ်စုကြီးသုံးစုကို ဘယ်သူကများ သတ္တိတွေပေးနေတာတုန်း ”

လူတိုင်းမှာ အံသြတုန်လှုပ်လျက် ချာချာလည်သွားကြစဥ် ပိုင်ရှောင်ချန်းက တင်းမာခက်ထန်သော အမူအရာဖြင့် အကျဥ်းချန်းထဲမှ လမ်းလျှောက်ထွက်လာသည်။ သူက တစ်ခွန်းမှမပြောဘဲ လီရှူကို တခဏ ကြည့်လိုက်ပြီးနောက် ထွက်သွားတော့သည်။

သူအတွက် ပြောနေစရာပင် မလိုတော့ပေ။ လူတိုင်းသည် ဝန်ခံချက်ကိုကြားခဲ့ပြီးဖြစ်၍ ချိုင်မျိုးနွယ်စုခေါင်းဆောင် စောစောကပြောလိုက်သည်မှာ လုပ်ကြံထားခြင်းဖြစ်လျှင် ယခုထက်ပို၍ အမှန်စကားထွက်အောင် လုပ်ရန်ဆိုသည်မှာ ဖြစ်နိုင်အံ့မထင်။

လီရှူက ပိုင်ရှောင်ချန်း ထွက်သွားသည်ကို ကြည့်လိုက်သည်။ စောစောက သူ့အပေါ် ခံစားချက်များ မတင်မကျဖြစ်ခဲ့သော်လည်း ယခုတွင်တော့ ပျောက်ကွယ်သွားပြီး နက်နက်နဲနဲလေးစားမှုများက အစားထိုးဝင်ရောက်လာတော့သည်။

” တကယ့်ကို အမှောင်စစ်ဆေးရေးမှူးအစစ်ပါလား ”
လီရှူသည် ချိုင်မျိုးနွယ်စု အကြီးအကဲပြောစကားအများစုက အမှန်ဖြစ်ကြောင်း ယုံကြည်လေသည်။ သူက အဖွဲ့ဝင်တစ်ယောက်အနေဖြင် မဟာမျိုးနွယ်စုကြီးသုံးစု အစီအစဥ်ချထားသော ပုန်ကန်မှုကို ဝန်ခံခဲ့သည့် အချက်မှာ လိုအပ်သည့်သက်သေအကုန်ဖြစ်သည်။

အမှောင်စစ်ဆေးရေးမှူးလေးယောက်သည် လေးစားရိုသေမှူများ တောက်ပနေသော မျက်ဝန်းများဖြင့် ပိုင်ရှောင်ချန်းထွက်သွားသည်ကို ကြည့်နေကြလေသည်။ သူတို့၏ နှလုံးသားအနက်ရှိုင်းဆုံးနေရာထဲတွင် စစ်ဆေးမေးမြန်းခြင်းအရာမှာ သူ၏ ကျွမ်းကျင်မှုက အမှောင်စစ်ဆေးရေးမှူးအဆင့်ကိုပင် ကျော်လွန်ကြောင်း သူတို့သိကြလေသည်။

ဤအချိန်တွင် လီရှူက ပိုင်ရှောင်ချန်းထွက်ခွာနေသည့်ပုံရိပ်မှ အကြည့်လွှဲလိုက်ပြီး အခန်းတစ်ဝိုက်ကို အေးစက်စွာ ကြည့်လိုက်သည်။
” ဒီနေ့ကြားခဲ့ရတာတွေကို ဘယ်သူမှ တစ်ခွန်းမဟရဘူး ”

လက်ထောက်ထောင်မှူးများက ချက်ချင်းပင် အခြေအနေ၏လေးနက်မှုကို သဘောပေါက်လိုက်ကြပြီး ပို၍လေးနက်သော အမိန့်များ ပေးလိုက်ကြသည်။

မိစ္ဆာအကျဥ်းထောင်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသည့်အဆင့်တစ်ခုတွင် ရှိကာ အချက်အလက်များ မပေါက်ကြားစေရန် ကာကွယ်ခြင်းသည် အလွန်ရိုးရှင်းသော အရာတစ်ခုဖြစ်သည်။

အမှားအယွင်းတစ်စုံတရာမရှိကြောင်း သေချာစေရန် လီရှူက ထောင်တစ်ခုလုံးကို ပိတ်ချထားရန် အမိန့်ပေးလိုက်သည်။ သူ၏ ခွင့်ပြုမိန့်မရှိဘဲ မည်သူမှ အပြင်ထွက်ခွင့်ရှိမည်မဟုတ်ပေ။

လိုအပ်သောအရာများအား ဆောင်ရွက်ပြီးနောက် လီရှူသည် မိစ္ဆာအကျဥ်းထောင်မှ ထွက်၍ သရဲကြီးရုပ်တုပေါ်ရှိ နယ်စားသေမင်းေအာ်သံ၏ မဟာခန်းမကို ဦးတည်လိုက်သည်။

ချိုင်မျိုးနွယ်စုအကြီးအကဲမှာမူ အရေးမပါတော့သည်ဖြစ်ရာ သူ၏ အရိုးခေါင်း အကျဥ်းခန်းထဲတွင် ချုပ်နှောင်ခံလိုက်ရသည်။

ပိုင်ရှောင်ချန်းက အမှတ်လေးထောင်ခန်းကို ပြန်ရောက်နေပြီဖြစ်ပြီး သူ၏ တန်းလျားတွင် ချိုင်မျိုးနွယ်စုအကြီးအကဲထံမှ သိခဲ့သည့် သတင်းများကို မျက်မှောင်ကြုတ်ရင်း စဥ်းစားနေလေသည်။ သူသည် ပိုင်ဟောက်၏ ကံကြမ္မာကို ပို၍ပင် သနားကရုဏာသက်နေသည်သာမက ဖော်ပြခဲ့သည့် ပုန်ကန်မှုအကြောင်းကိုလည်း အလွန်သိချင်နေလေသည်။

” ပုန်ကန်ဖို့ကြံရလောက်အောင် ဘယ်လိုလျှို့ဝှက်လက်နက်မျိုးက မဟာမျိုးနွယ်စုသုံးစုကို သတ္တိတွေ ပေးနေတာလဲ။ ”
ပိုင်ရှောင်ချန်းမှာ နတ်ဘုရားတစ်ပိုင်းအဆင့်တစ်ယောက်၏ လှုပ်ရှားမှုကို တစ်ခါမှမမြင်ဖူးသော်လည်း နတ်များနှင့် နတ်ဘုရားများသည် မိုးနှင့်မြေကဲ့သို့ ကွာခြားကြောင်း သူသိထားသည်။

ဥပမာပြောရလျှင် ရှင်းကုံကျစ်တာအိုဂိုဏ်းတွင် နတ်များစွာရှိသော်လည်း နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်သာ ရှိသည်။ နတ်ဘုရားတစ်ပိုင်းများသည် နတ်များကို ဒဏ်ခတ်ခြင်းဖြင့် နင်းခြေပစ်နိုင်သည်။ သို့ထိတိုင်အောင် သရဲကြီးမြို့တော်၏ မဟာမျိုးနွယ်စုကြီးသုံးစုက နတ်ဘုရားတစ်ပိုင်းတစ်ယောက်ကို ပုန်ကန်ချင်နေလေသည်။

ရည်ရွယ်ချက်များအနက် ပို၍ အရေးပါသည်မှာ ဤနေရာသည် မျိုးနွယ်စုများအားလုံး၏ အိမ်ဖြစ်သည်။ သူတို့ ပုန်ကန်ရန် စီစဥ်ထားပြီး အသက်ရှင်ချင်လျှင်တော့ ထိုနတ်ဘုရားတစ်ပိုင်းဘုရင်ကြီးကို သတ်ရမည်ဖြစ်သည်။

” ငါသတိမထားမိတဲ့ ကြီးကြီးမားမား လျှို့ဝှက်ချက် နည်းနည်းပါးပါး သေချာပေါက်ရှိရမယ်။ လျှို့ဝှက်ပူးပေါင်းဖို့ကြံနေတာကြောင့် သရဲကြီးဘုရင်လှုပ်ရှားဖို့သည်းခံနေတာများ ဖြစ်နိုင်မလား။ ”
ပိုင်ရှောင်ချန်းအတွက် ထိုကိစ္စမှာ မြူထဲတွင် ပန်းပွင့်များကို လေ့လာရန် ကြိုးစားနေသည့်အလား ဇဝေဇဝါဖြစ်စရာပင် ဖြစ်နေတော့သည်။

” မဟာမျိုးနွယ်စုကြီးသုံးစုမှာ အောင်မြင်မယ်လို့ ယုံကြည်နေစေတဲ့ တစ်ခုခု ရှိကို ရှိရမယ်။ ဒါပေမဲ့ အဲဒါ ဘာကြီးတုံး ”
ပိုင်ရှောင်ချန်းမှာ အတွေးထဲ နစ်မြောနေစဥ် လီရှူသည် သရဲကြီးရုပ်တုပေါ်ရှိ မဟာခန်းမတွင် နယ်စားသေမင်းေအာ်သံကို အရိုအသေပေးနေသည်။

” နယ်စားသေမင်းေအာ်သံ ကျုပ် ဒီကို ချိုင်မျိုးနွယ်စု ဝိညာဥ်ဘယ်လောက်….. ”

လီရှူစကားဆုံးအောင် မပြောနိုင်လိုက်မီ နယ်စားေသမင်းအော်သံက ကြားဖြတ်ပြောသည်။
” ငါ့ကို မပြောနဲ့။ မင်းကို အရှင်မင်းမြတ်ဆီ တိုက်ရိုက်ခေါ်သွားမယ်”

နယ်စားသေမင်းေအာ်သံက တဟုန်ထိုးထွက်ခွာလိုက်ပြီး ရုပ်တုကြီး၏ ဦးခေါင်းပေါ်တွင်ရှိသော တော်ဝင်နန်းတော်ထံ ဦးတည်လိုက်သည်။

စိတ်လှုပ်ရှားနေသည့် လီရှုက နောက်က လိုက်ပါလာသည်။ သူတို့နှစ်ယောက်လုံးဝည် အလောတကြီးသွားနေကြသဖြင့် သူတို့ကို မည်သူမျှ မတားကြဘဲ မကြာမီ တော်ဝင်နန်းတော်သို့ ရောက်သွားလေသည်။ နန်းတော်၏ အမြင့်ဆုံးအဆင့်ရှိ မိုးပေါ်သို့ ထိုးတက်နေသည့် ပြာဿဒ်ကြီးတစ်ခုထဲတွင် အရပ်ခပ်မြင့်မြင့် တောင့်တင်းထွားကြိုင်းသော ခန္ဓာကိုယ်နှင့် သရဲကြီးဘုရင်ရှိလေသည်။

” အရှင်မင်းကြီးကို ဂါဝရပြုပါတယ်”
သူတို့နှစ်ယောက်က ပြိုင်တူ ပြောလိုက်သည်။

သရဲကြီးဘုရင်သည် ထူးဆန်းသောအလင်းများ တောက်ပနေသည့် မျက်ဝန်းများဖြင့် အောက်ဖက်ရှိ ယောက်ယှက်ခတ်နေသည့် မြို့တော်ကို ငုံကြည့်ရင်း ရပ်နေသည်။ သူသည် ထိုမျက်လုံးများဖြင့် အရာအားလုံးကို ဖောက်ထွင်း၍ လျှို့ဝှက်ချက်များအားလုံးကို မြင်နိုင်သည့်အလား။ တခဏကြာသော် သူက အေးစက်စွာ ပြောလိုက်သည်။ ” ကောင်းပြီ။ ရလဒ်ကဘာတဲ့လဲ”

လီရှူမှာ တဆတ်ဆတ် မတုန်မိဘဲ မနေတော့ပေ။ သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ရင်း သူက ကျောက်စိမ်းပေလွှာကို ထုတ်၍ သရဲကြီးဘုရင်ကို ရိုရိုသေသေ ဆက်သလိုက်သည်။

သရဲကြီးဘုရင်က ကျောက်စိမ်းပေလွှာကို ပျံလိုက်စေပြီး သူလက်ထဲတွင် ဆင်းသက်စေလိုက်သည်။ တခဏကြာကြည့်ပြီးသော် သူ၏ မျက်လုံးများလက်သွားပြီး ကျောက်စိမ်းပေလွှာသည် ပြာကျသွား၏။

ထိုမြင်ကွင်းက လီရှူကို ရင်ခုန်သွားစေပြီး သူက စိတ်လှုပ်တရှား ခေါင်းငုံ့အရိုအသေပေးလိုက်သည်။ ကျောက်စိမ်းပေလွှာထဲရှိ သတင်းများသည် အများအားဖြင့် မှန်ကန်ကြောင်း သူယုံကြည်ချက်ရှိသော်လည်း အမှားတစ်စုံတရာရှိလျှင် သူက တာဝန်ယူရမည့်လူဖြစ်သည်။

နောက်ထပ် အချိန်အနည်းငယ်ကုန်လွန်သွားပြီးနောက် သရဲကြီးဘုရင်က ပြောသည်။
” မင်းတို့နှစ်ယောက် ပြန်လို့ရပြီ”

လီရှူမှာ စိတ်သက်သာရာရသွားပြီး သက်ပြင်းချကာ သူ၏ မျက်လုံးထောင့်စွန်းမှနေ၍ နယ်စားသေမင်းေအာ်သံကို လှမ်းကြည့်လိုက်သည်။ နယ်စားသေမင်းေအာ်သံသည် တချိန်လုံး အမူအရာတစ်ချက်မပျက်သော်လည်း တွေ့ဆုံစဥ်က သူသည်လည်း အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ လီရှူနှင့် နယ်စား သေမင်းေအာ်သံတို့နှစ်ယောက် ထွက်ခွာသွားကြသည်။

သူတို့ ထွက်သွားပြီးနောက် သရဲကြီးဘုရင်က မြို့တော်ကိုလှမ်းကြည့်ရင်း မြို့စားဆယ်ဦးတည်ရှိရာနေရာနှင့် မဟာမျိုးနွယ်စုကြီးသုံးစု တစ်စုစီရှိရာဘက်သို့ စူးစိုက်ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ့မျက်နှာတွင် အပြုံးတစ်ခုပေါ်လာ၏။

” ဒီတော့ စစ်မေးတာက ပုန်ကန်မယ့် အစီအစဥ်ကို ထုတ်ဖော်လိုက်တယ်ပေါ့။ ငါထင်ထားတဲ့အတိုင်း.. သစ်သားဓာတ်ဝိညာဥ်တွေကို အနည်းဆုံးသုံးထားတာပဲ…။ မဟာမျိုးနွယ်စုသုံးစုက ငရဲဧကရာဇ်ရဲ့ ဆက်ခံသူကိစ္စကို ဆင်ခြေပေးပြီး ဝိညာဥ်တွေစုနေကြတာပါလား။ သူတို့က ဘာကိုမှ မချန်ထားတော့ဘူးပဲ “

” ပြောပုံအရ ဝိညာဥ်ဓာတ်ငါးပါးလုံးကို မျှမျှတတ သုံးရမှာလေ။ ဝိညာဥ်ဓာတ်တစ်ခု အသုံးနည်းတာမျိုး မဖြစ်သင့်ဘူး “

” အားလုံးအပေါ်အခြေခံရင် အဲဒီခွေးကောင်တွေက ငါကျင့်ကြံတဲ့ နည်းလမ်း အသေးစိတ်ကို သိသွားကြပုံပဲ။ အဲဒီကောင်တွေ ငါရဲ့ဆုတ်ယုတ်ချိန်အကြောင်းကို သိထားပါလား “

” ဆုတ်ယုတ်ချိန်အတွင်းမှာ ငါ့ကျင့်ကြံခြင်းအခြေခံက မြန်မြန်ကျဆင်းလိမ့်မယ်။ အရေးအကြီးဆုံးက အဲဒီအချိန်အတောအတွင်းမှာ သစ်သားဓာတ်ဝိညာဥ်အများကြီးကို သုံးပြီး ငါရဲ့စွမ်အားတစ်ခုလုံးကို လျှော့ချပစ်နိုင်တယ် “

” အဲဒါကပဲ သူတို့ အောင်မြင့်ဖို့ အခွင့်အရေးအတွက် တစ်ခုတည်းသော အချိန်ပဲ။ ငါ နယ်စားသေမင်းေအာ်သံကို အပြည့်အဝယုံကြည်လို့ရတာ သိတယ်။ ဒါပေမဲ့ တခြား နယ်စားလေးယောက်နဲ့ မြို့စားဆယ်ဦးကိုတော့ ဘယ်သူတွေ မှာ မကောင်းတဲ့အကြံတွေရှိလဲ အရမ်းသိချင်လာပြီ။ ဒီတစ်ကြိမ်တော့ ငါတို့ တစ်ခါတည်းနှင့် အကုန်တွေ့ရတာပေါ့ကွာ ”
သူ့အတွက်တော့ မဟာမျိုးနွယ်စုကြီးသုံးစုနှင့် သူ၏လက်အောင်ငယ်သားများဖြစ်သည့် နယ်စားငါးယောက်နှင့် မြို့စားဆယ်ယောက်တို့်အားလုံးသည် ပိုးကောင်လေးများသဖွယ်သာဖြစ်သည်။

” ပိုင်ဟောက်က မဆိုးဘူးပဲ။ ပြဿနာရှာရတာလဲ ကြိုက်တယ်။ မီးတောက်ဖန်တီးရာမှာလဲ ပါရမီရှိတယ် ”
သရဲကြီးဘုရင်က ပြုံးရင်း သူ၏ ကစားပွဲလေးထဲတွင် ပိုင်ဟောက်အား နယ်ရုပ်လေးအဖြစ် မည်သို့အသုံးချရမည်ကို စဥ်းစားနေတော့သည်။


Comment

Leave a Reply


Options

not work with dark mode
Reset