Switch Mode

အခန်း ( ၆၃၈ )

ချိုင်မျိုးနွယ်စုအကြီးအကဲ

လီရှူ၏အကြည့်မှာ စူးရှလွန်းလှသဖြင့် ပိုင်ရှောင်ချန်းမှာ နောက်ဘက်သို့ အနည်းငယ် တွန့်သွားရတော့သည်။ လီရှူသည် နတ်အဆင့်ကျင့်ကြံသူတစ်ယောက် မဟုတ်သော်လည်း ယင်ယန်ဝိညာဥ်အဆင့် မဟာစက်ဝန်းတွင် ရှိနေသည်ဖြစ်ပြီး မိစ္ဆာအကျဥ်းထောင်၏ ထောင်မှူးကြီးဆိုသော ဘွဲ့နှင့် ပေါင်းလိုက်သောအခါ မည်သည့်အချိန်တွင်မဆို ကြောက်မက်ဖွယ်အားကြီးဖြင့် ထ၍ပေါက်ကွဲနိုင်သည့် လူတစ်ယောက်နှင့် တူနေတော့သည်။

” ပိုင်ဟောက်။ ဒီထောင်သားကို မင်းရအောင်စစ်မေးနိုင်ရင် မိစ္ဆာအကျဥ်းထောင်ရဲ့ နံပါတ်တစ်အမှောင်စစ်ဆေးရေးမှူးဆိုတဲ့ ဘွဲ့ထူးကို ပေးမယ်။ ရအောင်စစ်မမေးနိုင်ဘူးဆိုရင် ဒီကနေမြန်မြန်လစ်ပြီး ကိုယ့်အရှုပ်ထုပ်ကို ကိုယ့်ဟာကိုရှင်းဖို့သာ ပြင်ထားတော့ ”
လီရှူမှာ လတ်တလော နေ့ရက်များတွင် ဖြစ်ပေါ်ခဲ့သည့်ကိစ္စများကြောင့် စိတ်သိပ်မရှည်တော့ပေ။ ထို့အပြင် ထိုထောင်သားကို နှစ်ရက်အတွင်း စစ်မမေးနိုင်ပါက သူ ပြဿနာအကြီးအကျယ်တက်မည် ဖြစ်သည်။

ထိုအချက်များကြောင့် သူ၏ သည်းမခံနိုင်မှုများမှာ တိုးပွားလာရသည်။ ထို့အပြင် ဤထောင်သားကို မသတ်မိစေရန်အတွက်လည်း သတိထားနေရသေးသည်။ သူသတိကြီးကြီးထားကာ ပြုလုပ်ခဲ့သည့် စုံစမ်းစစ်ဆေးချက်များအရ ဤထောင်သားကို စစ်မေးရန် အမိန့်ချမှတ်ခဲ့သူမှာ သရဲကြီးဘုရင်ကိုယ်တိုင်ဖြစ်ကြောင်းကို သူက သိခဲ့ရသည် မဟုတ်ပါလော။

ထောင်မှူးကြီး၏ စကားကိုကြားလိုက်ရသေယအခါ အဖွဲ့နံပါတ်ကိုး၏ထောင်ခေါင်းမှာ မျက်နှာပျက်သွားရတော့သည်။ စွန်းဖုန်မှာလည်း အံ့အားသင့်သွားရတော့သည်။ စွန်းဖုန်ကိုယ်တိုင်က ပိုင်ဟောက်အား ဤကိစ္စကိုကိုင်တွယ်ခိုင်းရန် အကြံပေးခဲ့သည်ဖြစ်သော်လည်း လီရှူကမူ အခြေအနေကောင်းတစ်ရပ်ကို ပြောင်းပြန်ဖြစ်အောင် လုပ်နေသည် မဟုတ်ပါလော။

ပိုင်ရှောင်ချန်းကမူ ရပ်တန့်လိုက်ပြီး လီရှူကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

အခြားလက်ထောက်ထောင်မှူးသုံးယောက်နှင့် အမှောင်စစ်ဆေးရေးမှူးများအားလုံးမှာလည်း အသက်မဲ့နေသည့် မျက်နှာထားများဖြင့် ကြည့်နေကြတော့သည်။ သို့သော် အများစုမှာ စိတ်ထဲတွင်မူ အေးစက်စက်ရယ်မောနေကြသည်သာဖြစ်သည်။ အခြားထောင်ခန်းသုံးခန်းမှ အမှောင်စစ်ဆေးရေးမှူးများဆိုလျှင် ပို၍ပင်ဆိုးသည်။ သူတို့အားလုံးမှာ မောက်မာဝင့်ကြွားသော လူများဖြစ်၍ သူတို့ကိုယ်တိုင်မအောင်မြင်ခဲ့သည့် အလုပ်ကို ဤစစ်ဆေးရေးမှူးပေါက်စလေးအား လွှဲအပ်ခြင်းမှာ အချိန်ဖြုန်းနေခြင်းသာ ဖြစ်သည်ဟု ထင်မှတ်ထားကြသည်။

” မင်းသူ့ကို ရအောင်စစ်မေးနိုင်လား။ မမေးနိုင်ဘူးဆိုရင် မိစ္ဆာအကျဥ်းထောင်ထဲက အခုချက်ချင်းထွက်သွားလို့ရတယ် ”
လီရှူ၏လေသံမှာ အေးစက်ပြီး နိုင်လိုမင်းထက်ပြုမူသည့် ပုံစံပေါက်နေသဖြင့် အခန်းထဲရှိ အခြားလူများအားလုံးမှာ တိတ်ဆိတ်နေကြတော့သည်။ စွန်းဖုန်မှာ စိတ်ထဲတွင် ကြိတ်၍ သက်ပြင်းချနေပြီး အဖွဲ့နံပါတ်ကိုး၏ ထောင်ခေါင်းမှာ အသားများတုန်ရီကာ စကားမပြောရဲတော့ပေ။

ပိုင်ရှောင်ချန်းကမူ ဤသို့သော အခြေအနေကို မကျေနပ်ပေ။ လီရှူက သူ့အား သဘောမကျသည်ကို သူက သိပါသော်လည်း ဤနေရာသို့ သူ့ဆန္ဒနှင့်သူ လာခဲ့ခြင်းမဟုတ်ပေ။ သူ့ကို ဆင့်ခေါ်၍သာ လာခဲ့ရသည် မဟုတ်ပါလော။

” သူ့ဟာသူဒေါသထွက်နေတာကို ငါ့ကို လာမဲနေတယ် ဟုတ်လား ”
သူက တွေးလိုက်လေသည်။
” ဒီအခြေအနေကို အသုံးချပြီး ငါ့ကိုမိစ္ဆာအကျဥ်းထောင်ကနေ ထုတ်ဖို့များ ကြံနေတာလားဟ ”

ဘေးကျပ်နံကျပ် အခြေအနေသို့ ရောက်နေပြီဖြစ်သည်။ မိစ္ဆာအကျဥ်းထောင်ထဲမှ ထုတ်ခံရလျှင် ပိုင်မျိုးနွယ်စုနှင့် ချိုင်မျိုးနွယ်စုတို့ကို သူ ရင်ဆိုင်ရမည် မဟုတ်ပါလော။ သူကြုံတွေ့နိုင်သည့် အခက်အခဲများကို သုံးသပ်လိုက်ပြီးနောက် လောလောဆယ် သည်းခံလိုက်ခြင်းသည်သာ အကောင်းဆုံးဟု မှတ်ယူလိုက်သည်။

ထို့ကြောင့် သူက ဦးခေါင်းခွံလှောင်အိမ်ဆီသို့ ဖြေးညင်းစွာလျှောက်သွားပြီး အတွင်းထဲရှိလူကို သေသေချာချာ ကြည့်ရှုလိုက်တော့သည်။ ထိုလူမှာ အစထဲက သူနှင့်ရင်းနှီးနေသည်ဟု သူကခံစားမိနေသည်ဖြစ်ပြီး အနီးကပ်ကြည့်ရှုလိုက်သောအခါတွင် ထိုလူမှာ ယခင်က သူ့ကိုလိုက်ဖမ်းခဲ့သည့် ချိုင်မျိုးနွယ်စု အကြီးအကဲသုံးယောက်ထဲမှ တစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသည်။

ထိုအကြီးအကဲကြီးမှာ ပိုင်ရှောင်ချန်းကို ချက်ချင်း မှတ်မိသွားသည်။ သူ၏ဆံပင်များမှာရှုတ်ပွကာ ပါးစပ်အစွန်းမှ သွေးများစီးကျနေပါသော်လည်း သူ၏ အထင်သေးသည့် အကြည့်ကိုမူ မပြောင်းပေ။ သူ၏တစ်ကိုယ်လုံးမှာ ရိုက်နှက်ခံထားရသဖြင့် ညိုမဲနေပါသော်လည်း သူ၏ မျက်ဝန်းထဲရှိ သတ်ဖြတ်လိုစိတ်များကို အတိုင်းသားမြင်နေရသေးသည်။ သူက သွေးစများပါဝင်နေသည့် တံတွေးများကိုပင် ပိုင်ရှောင်ချန်း၏ ဝတ်ရုံပေါ်သို့ ထွေးချလိုက်သေးသည်။

ပိုင်ရှောင်ချန်းမှာ သူ၏ ဝတ်ရုံကိုခါယမ်းကာ တံတွေးများကို ဖယ်ချလိုက်ပြီး လီရှူဘက်သို့လှည့်ကာ မေးလိုက်သည်။
” ထောင်မှူး။ သူကဘယ်သူလဲဗျ ”

ပိုင်ရှောင်ချန်း၏ တည်ငြိမ်စွာပြုမူနေပုံကို မြင်လိုက်သောအခါ လီရှူမှာ အေးစက်စက် နှာမှုတ်လိုက်ပြီး စိတ်မရှည်သည့် လေသံဖြင့် ပြန်ပြောလိုက်သည်။
” သူဘယ်သူလဲဆိုတာ မင်းသိစရာမလိုဘူး။ မင်းသူ့ကိုစစ်မေးနိုင်လား၊ မမေးနိုင်ဘူးလားဆိုတဲ့ အဖြေပဲ ငါ လိုချင်တာ။ မမေးနိုင်ဘူးဆိုလည်း လစ်တော့ ”

အမှန်မှာ သူသည်ဤအခွင့်အရေးကို အသုံးချကာ သူအစထဲက သဘောမကျခဲ့သည့် ပိုင်ရှောင်ချန်းကို မိစ္ဆာအကျဥ်းထောင်ထဲမှ ထုတ်ရန် တွေးနေသည်။

ဘေးနားတွင် လူများစွာရှိနေသဖြင့် ပိုင်ရှောင်ချန်းမှာ ဘာမှမဖြစ်သလို ဆက်လက်ဟန်မဆောင်နိုင်တော့ပေ။ သူက ဒေါသထွက်နေသည့် မျက်ဝန်းကြီးများဖြင့် လီရှူကို ကြည့်ကာ ပေါက်ကွဲလိုက်တော့သည်။
” ဒီမှာ ထောင်မှူးကြီး။ ကျုပ်ကို ထွက်သွားစေချင်တာများ ပြောလိုက်ပြီးရော။ ဒီလိုအကွက်တွေ နင်းနေစရာမလိုပါဘူး။ သူ့ကို စစ်မေးခိုင်းချင်တာမလား။ ကျုပ်က ဘယ်လိုစစ်မေးရမှာတုံး။ သူဘယ်သူလဲဆိုတာတောင် ထောင်မှူးကြီးက ကျုပ်ကို မပြောပဲ စစ်မေးခိုင်းချင်နေတာလား။ တော်ပါဗျာ။ ကျုပ်ကို မမြင်ချင်တာများ ထွက်သွားပေးမယ်။ ”
သူက ပီပြင်စေရန် အင်္ကျီလက်ကိုပင် ခါယမ်းလိုက်သေးသည်။
” ဒါပေမဲ့ ဒီတစ်ချက်တော့ မှတ်ထားဗျ။ ပိုင်ဟောက်ဆိုတဲ့ ကျုပ်ကလွဲလို့ ဒီမိစ္ဆာအကျဥ်းထောင်ထဲမှာ သူ့ကိုစစ်မေးနိုင်မဲ့လူ တစ်ယောက်မှ မရှိဘူး။ ”

ထိုသို့ဆိုကာ သူက အေးစက်စက်ရယ်မောရင်း ထွက်ခွာရန်ပြင်လိုက်တော့သည်။

သူ၏ စကားလုံးများမှာ အခြားသော အမှောင်စစ်ဆေးရေးမှူးများအား စော်ကားသလို ဖြစ်နေမည်ကို ပိုင်ရှောင်ချန်းက သိသည်။ သို့သော် လီရှူက အကြောင်းမရှိ အကြောင်းရှာကာ သူ့ကိုပြဿနာရှာနေသဖြင့် အခြားရွေးချယ်စရာ မရှိတော့ပေ။ ပို၍ဆိုးသည်မှာ လီရှူသည် ဤအခွင့်အရေးကို အသုံးချကာ သူ့အား မိစ္ဆာအကျဥ်းထောင်ထဲမှ နှင်လွှတ်ရန် ကြံစည်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သူ ပြန်လည်တုံ့ပြန်လိုပါက မိမိကိုယ်ကို ယုံကြည်မှုပြင်းထန်နေသည့်ပုံစံ ဖမ်းထားရမည်သာဖြစ်သည်။

” ဒီကိစ္စက လီရှူအတွက် တကယ့်ကို သေရေးရှင်ရေးဆိုရင် သူငါ့ကို ဒီမှာ ဆက်ထားရမှာပဲ။ မဟုတ်ရင် ငါတော့ ကိစ္စချောပြီ။ အဲဒီခွေးသားကြီးက ငါ့ကိုနှင်ထုတ်ဖို့ ဒီကိစ္စကြီးတစ်ခုလုံးကို တကယ်ပဲ ဖန်တီးခဲ့တာများလား ”
သူက ထွက်သွားရန်ပြင်လိုက်စဥ်မှာပင် သူ၏နောက်ဘက်မှ အေးစက်စက် စကားသံတစ်သံ ထွက်လာတော့သည်။

” သူက ချိုင်မျိုးနွယ်စုက အကြီးအကဲတစ်ယောက်။ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း သူတို့မျိုးနွယ်စုရဲ့ ကျင့်ကြံရေးနဲ့ မီးတောက်ဖန်တီးရေး ကဏ္ဍတွေမှာ ဘယ်လိုဝိညာဥ်အမျိုးအစားတွေကို သုံးခဲ့လဲဆိုတာကို ငါသိချင်တာ။ ပြီးတော့ အဲဒီဝိညာဥ်တွေရဲ့ အရေအတွက်ကိုရောပဲ။ ”
လီရှူ၏ အသံမှာ အေးစက်နေဆဲဖြစ်သော်လည်း သူ၏ စကားအသုံးအနှုန်းများမှာ ယခင်ကထက် အနည်းငယ် ရို့ကျိုးလာပြီဖြစ်သည်။

ထိုအခါ ပိုင်ရှောင်ချန်းက လမ်းလျှောက်နေရာမှ ရပ်လိုက်သည်။ လီရှူ၏ စကားအရဆိုလျှင် သူသည် ထိုမေးခွန်းများ၏ အဖြေကို အမှန်တကယ် သိချင်နေသည်ဖြစ်ပြီး ပိုင်ရှောင်ချန်းကို တိုက်ခိုက်ရန်သက်သက် ဤအခြေအနေကို အခွင့်ကောင်းယူနေခြင်း မဟုတ်သည်ကို သိနိုင်သည်။

” ချိုင်မျိုးနွယ်စုရဲ့ အကြီးအကဲတစ်ယောက အဖမ်းခံရပြီး မိစ္ဆာအကျဥ်းထောင်ထဲကို ရောက်လာတာပါလား ”
သူက တွေးနေတော့သည်။ ထို့နောက် လှောင်အိမ်ထဲရှိ လူကြီးကိုကြည့်လိုက်သောအခါ ရုတ်တရက် သူ၏ အတွေးထဲတွင် ယခင်က ရှုပ်ထွေးနေခဲ့သည့် ပဟေဋိအပိုင်းအစများမှာ အဖြေပေါ်လာတော့သည်။

” ဝိညာဥ်အမျိုးအစားနဲ့ အရေအတွက်နော် ”
သူက ခပ်ကျယ်ကျယ် ပြန်မေးလိုက်သည်။ ထိုမေးခွန်းများထဲတွင် လျှို့ဝှက်အဓိပ္ပါယ်များ မရှိသည်မှာ အသေအချာပင်။ ချိုင်မျိုးနွယ်စု၏ အကြီးအကဲက သတင်းအချက်အလက်အားလုံးကို မှန်မှန်ကန်ကန်နှင့် မထိမ်မချန် ဖြေစေဖို့ စစ်မေးရန်သာ ခက်ခဲမည်ဖြစ်သည်။

ထိုအခါ လီရှူမှာ အနည်းငယ်စိတ်ရှုပ်သွားသည့် လေသံဖြင့် ပြန်ဖြေလိုက်သည်။
” သတ္ထု၊ သစ်သား၊ ရေ၊ မီး၊ မြေကြီး။ ဝိညာဥ်တွေမှာ အဲဒီလိုအမျိုးအစားငါးခု ရှိတယ်။ စောစောတုံးက အခြား အမှောင်စစ်ဆေးရေးမှူးလေးယောက်က သူ့ကို အဲဒီမေးခွန်းတွေမေးပြီးသွားပြီ။ ဒါပေမဲ့ တစ်ယောက်ကို အဖြေတစ်ခုစီဖြစ်နေတာ။ အဲဒါကြောင့် သူမင်းကိုပေးတဲ့ အဖြေက မှန်ကန်ကြောင်း သက်သေအထောက်အထားပါ လိုတယ်။ အဲဒီသက်သေကိုဘယ်လိုရှာရမလဲဆိုတာကတော့ မင်းရဲ့ကျွမ်းကျင်မှုအပေါ်မှာပဲ မူတည်တယ် ”

ပိုင်ရှောင်ချန်းက အရိုးခေါင်းလှောင်အိမ်ဆီသို့ ပြန်သွားလိုက်ပြီး ချိုင်မျိုးနွယ်စုအကြီးအကဲကို ကြည့်လိုက်သည်။ ထိုလူကြီးနှင့် သူ၏ရောင်းရင်းနှစ်ယောက် သူ့ကိုလိုက်ဖမ်းခဲ့စဥ်က သူသာအနည်းငယ်နှေးကွေးနေခဲ့လျှင် အသတ်ခံရမည်မှာ အသေအချာပင်။ ထို့ကြောင့် သူက ထိုလူကြီးကို လုံးဝ စာနာသနားမှုမရှိတော့ပေ။

မိစ္ဆာအကျဥ်းထောင်ထဲတွင် သူနေခဲ့သည့် အချိန်အတောအတွင်း ထိုမျိုးနွယ်စုကြီးသုံးခုမှာ တစ်ခုနှင့်တစ်ခု မဟာမိတ်ဖွဲ့ထားသည့်ပုံစံ ပေါ်လွင်နေပါသော်လည်း ထိုသို့ဖွဲ့ထားရခြင်းမှာ သူတို့ မထိန်းချုပ်နိုင်သည့် ပြင်ပမှ အချက်များကြောင့်ဖြစ်ကြောင်း သူက သိခဲ့သည်။

ထို့နောက် သရဲကြီးဘုရင်က သူ့အား ပိုင်မျိုးနွယ်စုထံမှ ကယ်တင်ခဲ့သည်ကို ပြန်တွေးမိလိုကိသောအခါ သူ၏ခေါင်းထဲတွင် အတွေးအသစ်တစ်ခု ပေါ်လာတော့သည်။

” သေချာတယ်။ သရဲကြီးဘုရင်က ဒီမျိုးနွယ်စုကြီးသုံးခုနဲ့ ကတောက်ကဆ ဖြစ်နေတာပဲ ဖြစ်ရမယ်။ ဒါပေမဲ့ မျိုးနွယ်စုကြီးသုံးခုက ဘာလို့များ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်နဲ့ ယှဥ်နိုင်လိမ့်မယ်လို့ သူတို့ကိုယ်သူတို့ ထင်နေရတာလဲ။ ပြီးတော့ သရဲကြီးဘုရင်ရဲ့ ကျင့်ကြံခြင်းအခြေခံက အဲဒီလောက်အဆင့်မြင့်နေတာကို ဘာလို့များ အဲဒီမျိုးနွယ်စုသုံးခုကို မြေပုံပေါ်ကနေပျောက်အောင် ဖျောက်မပစ်လဲ။ ”
ပိုင်ရှောင်ချန်းမှာ ထိုမေးခွန်း၏ အဖြေကို သိချင်နေတော့သည်။

လီရှူက သူ၏အဖြေကို ရပ်စောင့်နေသည်ဖြစ်သဖြင့် ပိုင်ရှောင်ချန်းမှာ အခြားရွေးချယ်စရာ မရှိတော့ကြောင်း သိလိုက်သည်။ မြေရိုင်းဒေသထဲတွင် အသက်ရှင်လိုပါက သရဲကြီးဘုရင်နှင့် မျိုးနွယ်စုကြီးသုံးခု အကြား တစ်ဖက်ကို ရွေးချယ်ရမည်ဖြစ်သည်။

ထိုသို့ရွေးပြီးသည်နှင့် အဆုံးထိအောင် ထိုရွေးချယ်ချက်အတိုင်း မလွဲမသွေ ဆောင်ရွက်ရမည်ဖြစ်သည်။ အဆုံးတွင် သူသည် ရွေးချယ်ရမည့်ဘက်ကို ရှည်ရှည်ဝေးဝေးပင် စဥ်းစားမနေတော့ပေ။ သူသည် အေးစက်စွာ တောက်ပနေသည့် မျက်ဝန်းများဖြင့် ထောင်ခန်း၏တံခါးကိုဖွင့်ကာ အတွင်းသို့ ဝင်သွားတော့သည်။

တချိန်ထဲမှာပင် သူ၏လက်ဖဝါးထဲမှ အနက်ရောင်မီးခိုးများထွက်လာပြီး ထောင်ခန်းကို ဝန်းရံလိုက်သဖြင့် အတွင်းသို့မမြင်ရတော့ပေ။ ယင်ယန်ဝိညာဥ်အဆင့်မဟာစက်ဝန်းမှာ ရှိသည့် လီရှူပင်လျှင် ပိုင်ရှောင်ချန်း၏ မျက်နှာဖုံးက ဖန်တီးပေးနိုင်သော အတားအဆီးမြူခိုးကို ထွင်းဖောက်၍မမြင်နိုင်ပေ။

အမှတ်လေးထောင်ခန်း၏ အမှောင်စစ်ဆေးရေးမှူးမှာ ပိုင်ရှောင်ချန်း၏ နည်းလမ်းကို ရင်းနှီးနေသဖြင့် တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေလိုက်တော့သည်။ အခြား အမှောင်စစ်ဆေးရေးမှူးများမှာ ပိုင်ရှောင်ချန်းက သူ့ကိုယ်သူအထင်ကြီးနေသည်ဟု တွေးကာ ယခင်ကထက်ပင် ပို၍အေးစက်စွာရယ်မောနေကြတော့သည်။

သူတို့မှာ ရေခဲတမျှအေးစက်သော အပြုံးများဖြင့် သူတို့အချင်းချင်း စကားများပြောနေကြတော့သည်။

” သူက တမင်တကာ ဟိတ်ဟန်တွေထုတ်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ပုံစံ ပေါက်အောင်လုပ်နေတာပါကွာ။ သူ့ကိုယ်သူ ဘယ်လောက်ကျွမ်းတယ်ထင်နေလဲဆိုတာ ကြည့်ကြတာပေါ့။ ငါတို့တောင် စစ်မမေးနိုင်တာ သူကစစ်မေးနိုင်မယ်လို့ တကယ်ကြီးထင်နေတာလား ”

” အဲဒီမေးခွန်းရဲ့အဖြေကို တွေးနေစရာတောင် မလိုပါဘူး။ သူဟန်ဆောင်နေတာ အသိအသာကြီးပါ။ သူထွက်လာရင် တွေ့ကရာ အဖြေတွေလျှောက်ပြောလိမ့်မယ် ကြည့်နေ ”

လီရှူမှာမူ မျက်မှောင်ကြုတ်နေသော်လည်း ရင်တထိတ်ထိတ်ဖြင့် ပိုင်ရှောင်ချန်း အဖြေမှန်ရစေရန် ဆုတောင်းနေတော့သည်။ ချိုင်မျိုးနွယ်စု၏ အကြီးအကဲထံမှ အမှန်တရားကိုသာရအောင် စစ်မေးနိုင်ပါက သူက မည်သည့်အခြေအနေကိုမဆို လက်ခံနိုင်သည်။

ထောင်ခန်းအတွင်း ပိုင်ရှောင်ချန်းက ချိုင်မျိုးနွယ်စု အကြီးအကဲကိုကြည့်ကာ သက်ပြင်းချလိုက်တော့သည်။

” ကျုပ်သိချင်တာကိုသာ ပြောပြဗျာ ” သူက အေးစက်စက် ပြောလိုက်သည်။
” ကျုပ်မေးခွန်းတွေမေးပြီဆိုရင် ကျုပ်ကိုယ်ကျုပ်တောင် ပြန်ကြောက်ရတာနော် ”

သတ်ဖြတ်လိုသည့်စိတ်များ တဟုန်းဟုန်းတောက်လောင်နေသည့် မျက်ဝန်းများဖြင့် မျိုးနွယ်စု အကြီးအကဲကြီးမှာ ပိုင်ရှောင်ချန်းကို တံတွေးနှင့်ထွေးကာ ပြန်ပြောလိုက်လေသည်။
” မင်း အဲဒီတုံးက ထွက်ပြေးတာသာ နှေးနေခဲ့ရင် မင်းကိုငါ အမှုန့်ချေပြီးနေလောက်ပြီ မျိုးမစစ်ကောင်လေးရဲ့။ အခုမင်းက ချိုင်မျိုးနွယ်စုကို ရန်စလိုက်ပြီဆိုတော့ အသက်မြန်မြန် ပျောက်တော့မှာ အသေအချာပဲ ”

” လူတွေကို တံတွေးနဲ့ လိုက်ထွေးရတာ အဲဒီလောက်ပျော်ဖို့ကောင်းလား ”
ပိုင်ရှောင်ချန်းက နှစ်ကြိမ်တိတိ တံတွေးနှင့် အထွေးခံလိုက်ရသည့်အတွက် သည်းမခံနိုင်တော့ပဲ အိတ်ကိုပုတ်၍ ကာမအားတိုးဆေးလုံး လက်တစ်ဆုပ်စာ ထုတ်ယူလိုက်တော့သည်။

” နှုတ်လုံတယ်ပေါ့ ဟုတ်လား။ အေး ဒါပြီးရင်တော့ ခင်ဗျား ပါးစပ်ပိတ်ရဲဦးမလား ကြည့်ကြသေးတာပေါ့ ”

အမွှေးတိုင်းတစ်ဝက်လောက်ကျွမ်းစာအချိန် ကုန်ဆုံးသွားပြီဖြစ်သည်။ ထို့နောက် ချုပ်တည်းထားသည့် စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေသည်ဟုထင်ရသော အက်ကွဲသံကြီးနှင့် အော်ဟစ်သံများ ထွက်လာတော့သည်။

အမှောင်စစ်ဆေးရေးမှူး သုံးယောက်မှာ အံ့သြသွားကြပြီး သူတို့အချင်းချင်း နောက်ထပ် စကားများထပ်ပြောလိုက်ကြတော့သည်။

” ဒီအော်သံတွေအရဆိုရင်တော့ ပိုင်ဟောက်မှာ ကျွမ်းကျင်မှုနည်းနည်းပါးပါးတော့ ရှိသားပဲ။ ဒါပေမဲ့ ဒီလိုမျိုးအော်သံတွေ ထွက်လာအောင်လုပ်တာကတော့ ငါတို့ဆို မျက်လုံးမှိတ်ပြီးတော့တောင် လုပ်နိုင်တယ် ”

ယခင်ကအတိုင်း သူတို့ အထင်သေးနေကြဆဲ။

အဖွဲ့နံပါတ်ကိုး၏ထောင်ခေါင်းမှာ ထိုအော်ဟစ်သံကို ကြားလိုက်သည်နှင့် သူ၏မျက်ဝန်းများ အရောင်လက်လာတော့သည်။ ယခုအခါ သူ၏ယုံကြည်မှုများမှာ မှန်ကန်နေကြောင်း ခံစားလိုက်ရပြီဖြစ်သည်။

လီရှူ၏အမူအရာမှာ တင်းမာနေဆဲ ဖြစ်သော်လည်း စိတ်ထဲတွင်မူ သူရရှိနိုင်မည့် အကျိုးအမြတ်များနှင့် အဆုံးအရှုံးများကို ချင့်ချိန်နှိုင်းဆနေသည်။

လူတိုင်း၏ စိတ်ထဲတွင် အတွေးအမျိုးမျိုး ယောက်ယတ်ခတ်နေကြစဥ် ထောင်ခန်းထဲမှ အော်ဟစ်သံများမှာ ဖော်ပြ၍မရနိုင်သော ဒေါသများပါဝင်နေသည့်အလား ပို၍ကျယ်လောင်လာတော့သည်။

” မင်းအသေဆိုးနဲ့သေမှာ ပိုင်ဟောက်။ ငါမင်းကိုသတ်မယ်။ အရင်တစ်ခေါက်ကသာ မင်းနည်းနည်းလောက် နှေးခဲ့မယ်ဆိုရင်တောင် မင်းကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ငါလုပ်ပြီးနေလောက်ပြီ။ ”

ချိုင်မျိုးနွယ်စု အကြီးအကဲမှာ ဒေါသတကြီးကျိန်ဆဲသော နည်းလမ်းကိုသုံးကာ သူခံစားနေရသည့် နာကျင်မှုများနှင့် နှိပ်စက်မှုများကို ဖြေဖျောက်ရန် ကြိုးပမ်းနေသည်။

” အားးး ”

တစ်နာရီတိုင်တိုင် ထိုအော်ဟစ်သံများ ပိုမို ကျယ်လောင်လာတော့သည်။ ထောင်ခန်းအပြင်ဘက်ရှိ လူတိုင်း၏အသက်ရှူသံများ မြန်နေကြပြီး အမှောင်စစ်ဆေးရေးမှူးသုံးယောက်မှာမူ တစ်ယောက်ကိုတစ်ယောက် တအံ့တသြနှင့် ပြန်ကြည့်နေကြတော့သည်။ ထောင်မှူးကြီးလီရှူ၏မျက်ဝန်းများသည်ပင် လင်းလက်စွာတောက်ပနေသည်ဖြစ်ရာ အမှတ်တစ်ထောင်ခန်းရှိ အစောင့်များကိုမူ ဖော်ပြစရာမလိုတော့ပေ။ လူတိုင်းမှာ အလွန်အမင်း တုန်လှုပ်နေကြပြီဖြစ်သည်။

” ပိုင်ဟောက်က အထဲမှာ ဘာတွေများလုပ်နေတာလဲ။ ဘယ်လိုနည်းနဲ့များ ဒီလိုခံစားချက်အပြည့်ပါတဲ့ အော်သံတွေ ထွက်လာအောင် လုပ်နိုင်တာလဲ ”

“ဘုရားရေ အသံနဲ့တင် ကျောချမ်းစရာ ကောင်းနေပြီ ”

” ပိုကြောက်စရာကောင်းတာက အချိန်ကုန်သွားလေလေ အော်ဟစ်သံတွေက ပိုပြီး ခါးသီးလာလေပဲ။ တရားခံရဲ့ သက်စောင့်အားေတွပါ ပိုများလာတယ်။ ဒါ…ဒါ… စိတ်ကူးနဲ့တောင် မတွေးဝံ့စရာပါလား “

Comment

Leave a Reply

Options

not work with dark mode
Reset