Switch Mode

အပိုင်း(၂၀၄၁)

တိုက်ရိုက် တိုက်ခိုက်ခြင်း

ရှင်းသန့်သော ငွေရောင်ဆံပင်ဖြင့် ရီဖူရှင်း နှင့် နတ်မိမယ်ထိုက်ဟွာတို့သည် စင်မြင့်ထက်တွင် မျက်နှာချင်းဆိုင် ရပ်နေကြသည်။

နတ်တေးသွားတို့ ရင်ဆိုင်ခြင်းက သရေဖြင့် အဆုံးသတ်ခဲ့သည်။ ရီဖူရှင်းနှင့် ထိုက်ဟွာနတ်မိမယ်တို့သည် ယှဉ်ပြိုင်ခြင်းဖြစ်သော်လည်း သူတို့သည် အလွန်လိုက်ဖက်ညီသော အတွဲများ ဖြစ်လာနိုင်သည်ဟု အများအပြားက တွေးကြသည်။

အတိတ်တွင် နင်ဟွာနှင့် ထိုက်ဟွာနတ်မိမယ်တို့ လိုက်ဖက်သည်ဟု သူတို့တွေးကြသည်။ ယခုမှ ရီဖူရှင်းသည် ထိုက်ဟွာနတ်မိမယ်နှင့် ပို၍ လိုက်ဖက်ကြောင်း သိလိုက်ကြသည်။ သူသည် နတ်တေးသွားကိုလည်း တီးခတ်နိုင်ကာ သူတို့နှစ်ဦး စည်းချက်ညီစွာ တီးခတ်ဖျော်ဖြေခြင်းက အလွန်ကောင်းမွန်သော မြင်ကွင်းတစ်ခု ဖြစ်လာနိုင်၏။

သူတို့သည် ယခုပင် ထိုက်ဟွာနတ်တေးသွားနှင့် နတ်ဘုရားတို့ပူဆွေးခြင်းတေးသွားတို့ကို တီးခတ်ခဲ့၏။ ပရိသတ်များသည် ထိုတေးသွားများကို နားဆင်ခဲ့ရသည့်အပေါ် အလွန်စိတ်ကြေနပ်ကြသည်။

နတ်မိမယ်ထိုက်ဟွာနှင့် ရီဖူရှင်းတို့က တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ ရီဖူရှင်းက ပြုံးလျှက်ပြောသည် “ကျုပ်က မိန်းကလေးရဲ့တေးသွားကို နားဆင်ပြီး အများကြီး သင်ယူခဲ့ရပါတယ်။ မိန်းကလေးက ကျုပ်ထက် ဂီတမှာ ပိုထူးချွန်ပါတယ်”

ရီဖူရှင်း၏နှိိမ့်ချစိတ်အပေါ် လူအများက အထင်ကြီးကြရသည်။ သူ၏ထူးခြားကောင်းမွန်သော ပါရမီနှင့်ကျော်ကြားမှုတို့အရ ရီဖူရှင်းကား အလွန်သိုသိပ်လွန်းသည်။ သူသည် ကျင့်ကြံခြင်းအဆင့်နိမ့်နေလျှက်ပင် ထိုက်ဟွာနတ်မိမယ်အား မှော်ဂီတပညာ၌ သရေ တီးခတ်နိုင်သည်။ တစ်ဘက်တွင် သူက ထိုက်ဟွာနတ်မိမယ်ထက် နိမ့်ကျကြောင်း ပြောဆို၏။

သည်ပြိုင်ပွဲတွင် နှစ်ဦးလုံး မည်သူမှ သာလွန်ခြင်းမရှိကြောင်း ပရိသတ်များ ပြောနိုင်သည်။

“ရန်ဟောင်ရီက အရမ်းနှိမ့်ချတာပဲ။ နတ်ဘုရားတို့ပူဆွေးခြင်းတေးသွားကို နားထောင်ရတာ ကျွန်မအတွက် ဂုဏ်ယူစရာပါပဲ” ထိုက်ဟွာနတ်မိမယ်က ပြန်ပြောသည်။ သူမကဲ့သို့အဆင့်တွင် ကောင်းကင်တေးသွားများနှင့်ပတ်သက်၍ ပိုမိုသင်ယူလိုသည်မှာ သဘာဝဖြစ်သည်။ ယခု သူမသည် နတ်ဘုရားတို့ပူဆွေးခြင်းတေးသွားဖြင့်ပင် ယှဉ်ပြိုင်တီးခတ်ခဲ့ရ၏။ သူမအတွက် ရှားပါးကာ ကောင်းမွန်သော အခွင့်အရေးတစ်ခုလည်း ဖြစ်၏။

တုန်းဟွာနန်းတော်တွင်ထိုင်နေသော အင်ပါယာရှီက ရီဖူရှင်းနှင့် ထိုက်ဟွာနတ်မိမယ်တို့အား ကြည့်ကာ ပြောသည် “နတ်ဘုရားတို့ပူဆွေးခြင်းတေးသွားနဲ့ ထိုက်ဟွာနတ်တေးသွားတို့ကို တပြိုင်နက်တည်း နားထောင်ခဲ့ရတာပဲ။ ဒါက ကျုပ်တို့အတွက်တောင် ထူးခြားတဲ့ အတွေ့အကြုံပဲ”

“ထိုက်ဟွာနတ်တေးသွားဟာ ကြွရွပြီးတော့ မဟာလမ်းစဉ်တွေကို ဖိနှိပ်နိုင်တယ်။ နတ်ဘုရားတို့ပူဆွေးခြင်းတေးသွားကတော့ အဆုံးမဲ့နောင်တတွေနဲ့ ဝမ်းနည်းပူဆွေးမှုကို ဖော်ကျူးတယ်။ သူတို့က တကယ်ပဲ ကောင်းကင်တေးသွားဆယ်ပုဒ်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ လိုက်ဖက်ပါပေတယ်” မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က ပြောသည်။

သူက ရီဖူရှင်းအား အလွန်သဘောကျနေဟန်ရသည်။ ရီဖူရှင်းကဲ့သို့ ထူးခြားသော စွမ်းရည်များဖြင့် ပြည့်စုံသူအား တစ်ခါမှ မမြင်တွေ့ဖူးပေ။

ရီဖူရှင်းသည် မည်သည့်အရာတွင်မဆို ကျွမ်းကျင်လိမ္မာဟန်ရသည်။

ရီဖူရှင်းသည် ဓားပညာဖြင့် နာမည်ကျော်ကြားလာ၏။ သို့သော်လည်း နောက်ပိုင်းတွင် သူ ထုတ်ပြသော မည်သည့်ပညာရပ်တွင်မဆို ဓားပညာထက် မနိမ့်သော အဆင့်အတန်း၌ ရှိ၏။

ထို့အပြင် သူသည် ထိုပညာရပ်များကိုလည်း ပေါင်းစပ်အသုံးပြုနိုင်သေးသည်။ ခုနကလည်း သူသည် ဓားပညာနှင့် မှော်ဂီတကို ရောယှက် ထုတ်ဖော်ခဲ့ပြီး နတ်ဘုရားတို့ပူဆွေးခြင်းတေးသွားကို တမူထူးသော ပုံစံဖြင့် ထုတ်ပြခဲ့၏။

သူသည် အမှန်တကယ်ပင် အရှေ့နတ်ဘုရားကျွန်းစု၏တပည့်တစ်ယောက်မျှသာလား။

တုံ့လိုင်နတ်ဘုရားအကြီးအကဲ သက်ရှိထင်ရှား ရှိသေးလျှင်ပင် ရီဖူရှင်းကဲ့သို့သော ပါရမီရှင်ကို လေ့ကျင့်ပေးရန် မလွယ်ကူလောက်ပေ။ လက်ရှိတွင် တုန်းဟွာကုန်းမြေ၌ ရီဖူရှင်းအား ယှဉ်နိုင်သူ သိပ်မရှိပေ။

“မှန်တယ်… တုန်းဟွာဧည့်ခံပွဲဟာ ဒီလို ထူးခြားထက်မြက်တဲ့ လူငယ်မျိုးဆက် အများကြီးကို တွေ့မြင်ရတာမို့လို့ အောင်မြင်တယ်လို့ ပြောလို့ရတယ်။ သူတို့က အနာဂတ်မှာ အားထားရမယ့် လူငယ်တွေပဲ” ခေါင်းဆောင်နင်က ပြုံးလျှက်ပြောသည်။ တခြားလူများကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်ကြသည်။

ရီဖူရှင်းနှင့် ထိုက်ဟွာနတ်မိမယ်တို့ ကိုယ်စီ ထိုင်ခုံနေရာသို့ ပြန်သွားကြသည်။

ဝမ်ရှန့်မျှော်စင်မှ တန်ခိုးရှင်များက ရီဖူရှင်းကိုကြည့်ကာ ပို၍ စိတ်ဝင်စားလာကြသည်။

“အရမ်းကောင်းတယ်…” ဝမ်ရှန့်မျှော်စင်မှ အဆင့်မြင့်ရန်ဟောင်တစ်ဦးက လေးစားသော မျက်လုံးများဖြင့် ကြည့်သည်။

“ခင်ဗျားက နတ်တေးသွားကို ဘယ်တုန်းက သင်ယူခဲ့တာလဲ။ ပြီးတော့ တခြားမဟာလမ်းစဉ်စွမ်းအားတွေကိုလည်း ကျွမ်းကျင်တယ်။ အသက်ငယ်ငယ်နဲ့ ဒီလောက် ဘယ်လို လေ့လာခဲ့တာလဲ” တစ်ယောက်က စိတ်မထိန်းနိုင်ဘဲ မေးသည်။ ရီဖူရှင်းကား အလွန်အသက်ငယ်သေးသည်။ သူသည် အသက်တစ်ရာပင် မပြည့်သေးပုံရသော်လည်း သူ၏စွမ်းရည်များက များပြားကာ ထက်မြက်လွန်း၏။

မည်သို့ဆိုစေ ပေ့ကုန်းအော့နှင့် ပေ့ကုန်းရွမ်တို့ကား အသားကျနေပြီဖြစ်သည်။ ရီဖူရှင်းက မည်မျှ ထူးခြားသည်ကို သူတို့ သိပြီးဖြစ်ရာ သူက မည်မျှပင် အံ့အားသင့်ဖွယ်ရာများ ဖန်တီးပါစေ၊ သူတို့က မအံ့ဩတော့ပေ။

ထိုအခိုက်တွင် ရှေးဟောင်းတော်ဝင်ယန်မိသားစုမှ ယန်ဟန်ရှင်းက ပြောသည် “ကြီးမြတ်တဲ့ယန်မိသားစုက လိပ်နတ်ဘုရားတောင်ကုန်းမှာ ဝမ်ရှန့်မျှော်စင်နဲ့ ယှဉ်ပြိုင်ခဲ့တယ်။ အခု အခွင့်အရေးရမှတော့ ကျုပ်တို့က ဆေးအင်ပါယာရဲ့တပည့်တွေဆီက သင်ယူချင်ပါတယ်”

လူတချို့က ယန်ဟန်ရှင်း၏စကားကို ကြားကာ အံ့အားသင့်ကြသည်။ မျက်လုံးအစုံများစွာက သူ့ထံသို့ ချက်ချင်း ရောက်လာသည်။

သူတို့သည် တုန်းဟွာကောင်းကင်သို့ လာသောအခါ တိုက်ခိုက်ရန် အခွင့်အရေး ရနိုင်သည်ဟု ခေါင်းဆောင်နင်က ပြောခဲ့၏။ ယခု သူတို့အားလုံး သည်နေရာသို့ ရောက်နေပြီဖြစ်သည်။ ထို့အပြင် ရှေးဟောင်းတော်ဝင်ယန်မိသားစုသည် လိန်ချင်းဟန်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။ ရီဖူရှင်းက ယန်တုန်းရန်ကို အနိုင်ယူကာ အမုန်းတရားကို ပိုမိုကြီးထွားစေခဲ့၏။

ရှေးဟောင်းတော်ဝင်ယန်မိသားစုက သူတို့၏မလိုမုန်းထားစိတ်ကို ဖုံးကွယ်ရန် မကြိုးစားကြတော့။ သူတို့က ဝမ်ရှန့်မျှော်စင်အား တိုက်ရိုက် စစ်ခင်းရန် ကြေညာနေခြင်း ဖြစ်သည်။

လူအုပ်ထဲမှ လူတစ်ယောက် ထွက်လာသည်။ ထိုသူကား ရှေးဟောင်းတော်ဝင်ယန်မိသားစုမှ နောက်ထပ် မင်းသားတစ်ပါးဖြစ်သူ ယန်ချီဖြစ်သည်။

ယန်ချီကား တတိယအဆင့် ရန်ဟောင်တစ်ပါး ဖြစ်၏။ သူသည်လည်း ထူးခြားထက်မြက်ကာ ယန်တုန်းရန်ထက်ပင် သန်မာ၏။

ဝမ်ရှန့်စောင့်ကြည့်မျှော်စင်တွင် သူ့အား အနိုင်ယူနိုင်သူ အဆင့်နိမ့်ရန်ဟောင်တစ်ပါး ရှိမည် မဟုတ်ပေ။

“ရှေးဟောင်းတော်ဝင်ယန်မိသားစုက မင်းသားတစ်ပါး…” လူအများက စတင်၍ တီးတိုးပြောကြသည်။

“ဟုတ်တယ်…” တစ်ယောက်က ခေါင်းညိတ်ကာ ပြောသည် “ရှေးဟောင်းတော်ဝင်ယန်မိသားစုက ဝမ်ရှန့်မျှော်စင်ကို တုန်းဟွာပွဲတော်မှာ တိုက်ခိုက်တော့မည့်ပုံပဲ။ သူတို့က ဒါကို အချိန်အကြာကြီး စီစဉ်ထားခဲ့တာ ဖြစ်နိုင်တယ်။ ပြီးတော့ ရှေးဟောင်းတော်ဝင်ယန်မိသားစုက စိန်ခေါ်တိုင်း ရီဖူရှင်းကိုပဲ တိုက်ခိုက်ခိုင်းလို့ မရဘူး။ ဒါက ဝမ်ရှန့်မျှော်စင်အတွက် စိန်ခေါ်မှုတစ်ခုပဲ”

“ကျုပ်က အဆင့်သုံးရန်ဟောင် ယန်ချီပဲ။ ခင်ဗျားတို့ ကြိုက်တဲ့လူကို လွှတ်လိုက်ပါ” ယန်ချီက စင်မြင့်ထက်ကို တက်လာကာ ပြောသည်။ ထိုစကားက သူ၏ယုံကြည်မှုကို ပြသနေ၏၊။

လူအများ၏မျက်လုံးများက ဝမ်ရှန့်မျှော်စင်ဘက်ကို ရောက်လာသည်။

ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ဘက်တွင် ယန်ချီအား အနိုင်ရနိုင်သူ ရှိမည် မထင်ပေ။

“ယန်ချီဟာ ယန်မိသားစုမှာ ထူးချွန်တဲ့သူပဲ။ ဝမ်ရှန့်မျှော်စင်က အဆင့်တူအတွင်း တိုက်ခိုက်ဖို့ စေလွှတ်ရင် အရေးနိမ့်ဖို့များတယ်။ ချင်းဖုန်း… မင်းသွားလိုက်…” လီချန်ရှင်းက ပြောသည်။

အားလုံး၏မျက်လုံးများ ပြူးကျယ်သွားကြသည်။

သို့သော်လည်း လီချန်ရှင်းက လူအများ၏အတွေးကို သိနားလည်သည့်အလား ပြုံးသည်။

လျှိုချန်းဖုန်းကား အဆင့်လေးရန်ဟောင်ဖြစ်ကာ ဝမ်ရှန့်မျှော်စင်တွင် ပြီးပြည့်စုံသောဝင်ရိုးကို ပိုင်ဆိုင်သော တစ်ဦးတည်းသော အဆင့်နိမ့်ရန်ဟောင်ဖြစ်သည်။ သူက ယန်ချီကို ရင်ဆိုင်ရာတွင် သေချာပေါက် ကျင့်ကြံခြင်းအဆင့် သာလွန်သော အားသာချက် ရှိသည်။

“လီချန်ရှင်း… ခင်ဗျား ဘာဆိုလိုတာလဲ” ယန်ဟန်ရှင်းက လီချန်ရှင်းကို ဒေါသတကြီးမေးသည်။

လီချန်ရှင်းက မျက်မှောင်ကျုံ့ကာ ယန်ဟန်ရှင်းအား ကြည့်သည်။ သူက ပြုံးလျှက်ပင် ပြောသည် “ဘာလဲ… ယန်မိသားစု မင်းသားက ကျုပ်တို့ကို ဘယ်သူမဆို လွှတ်ဖို့ ပြောခဲ့တာမလား။ ဘာမှားနေလို့လဲ”

“အလယ်အလတ်ရန်ဟောင်က အဆင့်နိမ့်ရန်ဟောင်ကို တိုက်ခိုက်မယ် ဟုတ်လား။ မင်း ဘာထင်လို့လဲ” ယန်ဟန်ရှင်းက အေးစက်စွာ ပြောသည်။ လီချန်ရှင်းက တုံးအဟန်လုပ်နေသည်ကို သူသိသည်။

“ဒါဆို မင်းတို့က အဆင့်ကန့်သတ်ထားပြီးမှ ဘာလို့ ဘယ်သူမဆို လွှတ်လို့ရတယ်လို့ ပြောတာလဲ” လီချန်ရှင်းက သရော်သည်။ ယန်မိသားစုမှ လူများ အနည်းငယ် အရှက်ရသွားသည်။

“ယန်မိသားစုက အစ်ကိုရီကို တိုက်ခိုက်တဲ့အခါ ကျင့်ကြံခြင်းအဆင့်ကို ထည့်မတွက်ခဲ့ဘူး ဟုတ်တယ်မလား။ သူတို့က အဆင့်ငါး၊ အဆင့်ခြောက် နဲ့ အဆင့်မြင့်ရန်ဟောင်တွေကိုတောင် လွှတ်ခဲ့တာပဲ။ ပြီးတော့ ဝမ်ရှန့်မျှေင်စင်မှာတုန်းက ယန်တုန်းရန် ဘယ်အဆင့်လဲ။ အစ်ကိုရီက ဘယ်အဆင့်လဲ” လီချန်ရှင်းက နှာမှုတ်ကာ ပြောသည် “သူတို့က အဆင့်ကန့်သတ်ဦးမယ်ဆိုရင် အစ်ကိုရီ… ခင်ဗျားက ယန်မိသားစုကလူတွေကို တစ်ယောက်ပြီး တစ်ယောက် စိန်ခေါ်ပေးလို့ရမလား”

“ပြဿနာမရှိဘူး” ရီဖူရှင်းက ဖြေကာ ထရပ်သည်။ ယန်မိသားစုမှ လူများအားလုံး မျက်နှာပျက်သွားကြ၏။

လီဟန်ရှင်းကား ယန်မိသားစု၏အထက်စီးဆန်သော အပြုအမူကို သည်းခံမည့်ဟန်မရှိပေ။ သူက သူ့အချက်နှင့်သူ မှန်ကန်နေသည်။

ယန်မိသားစုက ဝမ်ရှန့်မျှော်စင်အား တမင် ပစ်မှတ်ထားနေသည်ကို လူအများက သိကြပေသည်။ သို့သော်လည်း လီချန်ရှင်းက ယန်မိသားစုအား အနည်းငယ်မျှပင် အောက်ကျော့မည့်ဟန်မရှိပေ။

“ကောင်းပြီ… သူ အဆင်ပြေတယ်” ယန်ချီက စင်မြင့်ထက်မှနေ၍ ပြောသည်။ သူက လျိုချန်းဖုန်းနှင့် တိုက်ခိုက်ရန် သဘောတူသည်။

ယန်ဟန်ရှင်းက လီချန်ရှင်းအား ဒေါသတကြီးကြည့်လိုက်သော်လည်း ဘာမှတော့ မပြောပေ။

***

Comment

  1. hlaingzinphyo941 says:

    good

Leave a Reply

Options

not work with dark mode
Reset