ပိုင်ရှောင်ချန်းမှာ အမှတ်လေးထောင်ခန်း မှထွက်ခွာလာပြီးနောက် အဖွဲ့နံပါတ်ကိုးထံမှ ဝိညာဥ်ကျင့်ကြံသူအချို့နှင့် ဆုံလိုက်သဖြင့် သူတို့နှင့် စကားစမြည်အနည်းငယ် ပြောလိုက်ကြသည်။ ထို့နောက် သူ၏အခန်းသို့ ပြန်သွားတော့သည်။
” အဖွဲ့နံပါတ်ကိုးက ကင်းလှည့်တာဝန်ပြန်ကျဖို့ တော်တော်လိုသေးတယ်။ ဒီအားလပ်နေတဲ့အချိန်ကိုအသုံးချပြီး တတ်နိုင်သလောက် စိတ်စွမ်းအင်အဆင့်မြှင်တင်ခြင်းတွေ လုပ်ထားရမယ် ”
အဆင့်တစ်ဆယ့်လေးအထိ စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားသော ပစ္စည်းများအား ခေါင်းအစခြေအဆုံး ဆင်မြန်းထားသည့် သူ့ပုံရိပ်ကြီးကို ပိုင်ရှောင်ချန်းက စိတ်ကူးထဲတွင် ပုံဖော်နေတော့သည်။
သူက တစ်ခဏကြာ ဝင့်ကြွားစွာ ရယ်မောလိုက်ပြီး မန္တန်အစီအရင်အချို့ကို တပ်ဆင်ကာ သူ၏ လုံခြုံမှုအတွက် လိုအပ်သည့် အခြားသတိထားစရာအချက်များကိုလည်း ဆောင်ရွက်လိုက်သည်။ ထို့နောက် သူက သူ၏ ဝိညာဥ်သိုလှောင်စေတီတော်ထဲရှိ အမုန်းဝိညာဥ်အမြောက်အမြားကိုသုံးကာ ဆယ့်လေးရောင်ခြယ်မီးတောက် များစွာကို ဖန်တီးလိုက်သည်။ အဆုံးတွင် သူ၏ လိပ်ဒယ်အိုးလေးကိုထုတ်ကာ စိတ်စွမ်းအင်အဆင့်မြှင်တင်ခြင်းကို စတင်လိုက်တော့သည်။
သူပထမဆုံး အဆင့်မြှင့်တင်သည့်အရာမှာ ထာဝရထီးဖြစ်သည်။ ထိုထီးမှာ အဆင့်တစ်ဆယ့်လေးအထိ ရောက်သွားသောအခါ ပုံပန်းသွင်ပြင် ထပ်မံပြောင်းလဲသွားပြန်သည်။ ထီး၏မျက်နှာပြင်ပေါ်ရှိ သရဲမျက်နှာကြီးပေါ်တွင် ပြုံးနေသလား၊ ငိုနေသလား မသဲကွဲသည့် ထူးဆန်းကြယ်သော အမူအရာတစ်ခု ပေါ်လာတော့သည်။ ထို့အပြင် ထိုသရဲမျက်နှာကြီး၏ နဖူးပေါ်ရှိ အမှတ်အသားကြီးတစ်ခုထဲတွင် တတိယမျက်လုံးမဟုတ်တော့ပဲ နောက်ထပ်သရဲမျက်နှာတစ်ခု ပေါ်လာပြီဖြစ်သည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသည်တွင် ပိုင်ရှောင်ချန်းမှာ တုန်လှုပ်သွားရသည်။
” နောက်ထပ်တစ်ဆင့်ရောက်ရင် အဆင့်တစ်ဆယ့်ငါးဆိုတော့ နတ်အဆင့်ရှိတဲ့ မှော်ပစ္စည်းတစ်ခုရဲ့ အဆင့်ကိုရောက်သွားတော့မှာ ” ပိုင်ရှောင်ချန်း၏ မျက်ဝန်းများမှာ လင်းလက်စွာ တောက်ပလာပြီး စုတ်သပ်လိုက်တော့သည်။ ပစ္စည်းတစ်ခုမှာ အဆင့်တစ်ဆယ့်ငါးအထိ စိတ်စွမ်းအင်အင်အဆင့်မြှင့်တင်ခံရပြီးလျှင် နတ်အဆင့်ရှိသော အငွေ့အသက်များကို ထုတ်လွှတ်နိုင်မည်ဖြစ်ကြောင်းကို သူကသိထားသည်။ ထိုသို့သောပစ္စည်းများမှာ ဤမြေရိုင်းဒေသထဲမှာပင် အလွန်ရှားပါးသည်။
မြေရိုင်းဒေသထဲတွင် ရောင်စုံခြယ်မီးတောက်များ အလွန်များပြားစွာရှိပါသော်လည်း စိတ်စွမ်းအင်အဆင့်မြှင့်တင်ရာတွင် အောင်မြင်နိုင်ခြေမှာ ကောင်းကင်တံတားဒေသနှင့် အတူတူပင်ဖြစ်သည်။ ထို့ကြောင့် အဆင့်နိမ့်ပစ္စည်းများကိုသာ တွေ့ရများပြီး အဆင့်မြင့်ပစ္စည်းများမှာ ရှားပါးနေရခြင်းဖြစ်သည်။
ပိုင်ရှောင်ချန်းသာ သူ၏တစ်ကိုယ်လုံးတွင် အဆင့်တစ်ဆယ့်လေးအထိ စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားသည့် ပစ္စည်းများကို ဆင်မြန်းလိုက်ပါက မြေရိုင်းဒေသထဲတွင် မည်သူမှ မလုပ်ဖူး၊ မကြားဖူးသည့် လုပ်ရပ်ကြီးတစ်ခုကို လုပ်ပြလိုက်သကဲ့သို့ ဖြစ်သွားမည်သာဖြစ်သည်။ သို့သော် အလွန်အံ့သြစရာကောင်းနေမည်မှာတော့ အမှန်ပင်။
ထာဝရထီးကို အဆင့်မြှင့်လိုက်ပြီးနောက် ဘေးဘီဝဲယာသို့အကဲခတ်လိုက်ပြီး အခြားလူများက သူ့ကို သတိမပြုမိကြောင်း သေချာသွားသောအခါမှ သူ၏မျက်နှာဖုံးကိုချွတ်လိုက်ပြီး အဆင့်မြှင့်တင်ကာ ပြန်လည်တပ်လိုက်တော့သည်။ ထို့နောက် သူက အခြားသော မှော်ပစ္စည်းများကိုလည်း အလားတူ လုပ်ဆောင်လိုက်တော့သည်။ ကျိုးရီရှင်း၏လေးနှင့် သူစုဆောင်းရရှိခဲ့သည့် စွမ်းအားကြီးမြားများကိုလည်း အဆင့်မြှင့်လိုက်သေးသည်။ ထို့အပြင် သူ၏ဓားပျံများနှင့် အခြားသောအရေးကြီး မှော်ပစ္စည်းများကိုပါ အဆင့်မြှင့်တင်လိုက်တော့သည်။
ထိုသို့အဆင့်မြှင့်တင်နေရင်း သူသည် မျိုးနွယ်စုကြီးသုံးခုမှ သူဌေးသားများ၏ တောက်ပြောင်စွာဝတ်စားထားပုံများကို အမှတ်ရသွားတော့သည်။ သူက အကျောမခံလိုသဖြင့် သူ၏ထည့်စရာအိတ်ထဲရှိ အဝတ်အစားအချို့ကိုပင် အဆင့်တစ်ဆယ့်လေးအထိ အဆင့်မြှင့်လိုက်ပြန်တော့သည်။
ထိုသို့သော ချမ်းသာကြွယ်ဝမှုအကြောင်းသာ သတင်းများပျံ့နှံ့သွားပါက လူများမှာ အရူးအမူးဖြစ်သွားကြမည်သာ ဖြစ်သည်။ အဆုံးတွင် ပိုင်ရှောင်ချန်းမှာ အဆင့်မြှင့်တင်စရာ ပစ္စည်းများကုန်သွားသည်အထိပင်။ သူ အဆင့်မြှင့်တင်ခဲ့သည့်အရာတိုင်းကို တွေ့လိုက်ရသည်လူတိုင်းမှာ ရူးသွပ်သွားမည်သာဖြစ်သည်။ သူ၏တစ်ကိုယ်လုံးတွင် အဆင့်တစ်ဆယ့်လေးအထိ အဆင့်မြှင့်ထားသော ပစ္စည်းများနှင့် ပြည့်နှက်နေပြီဖြစ်သည်။ ယခုတွင်မူ သူသည် လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် စစ်သည်တစ်ယောက်အလား ဖြစ်နေလေပြီ။
” အခုချိန်သာ ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးနဲ့ တွေ့လို့ကတော့ သူ့ကိုသတ်ချင်ရင်တောင် သတ်လို့ရနေလောက်ပြီ ”
သူက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး သူ၏ဝိညာဥ်များကို စစ်ဆေးကြည့်လိုက်သောအခါ တစ်ဝက်ကျော်ကိုသာ သုံးရသေးကြောင်း သိလိုက်ရသဖြင့် ကျေနပ်သွားတော့သည်။
” ငါ့ရဲ့ကျင့်ကြံခြင်းအခြေခံကို အခုလောလောဆယ်အဆင့်မြှင့်တင်လို့ မရသေးပေမဲ့ ငါ့ရဲ့အတိုက်အခိုက်စွမ်းရည်ကတော့ အရင်ကထက် သာလွန်သွားပြီဟေ့။ ဆယ့်ငါးရောင်ခြယ်မီးတောက်ကိုသာ ဖန်တီးနိုင်ပြီး အဆင့်တစ်ဆယ့်ငါးအထိ မြှင့်တင်ထားတဲ့ ပစ္စည်းတွေကိုသာ သုံးနိုင်လို့ကတော့ကွာ၊ ငါနဲ့တိုးတဲ့ နတ်အဆင့်ကျင့်ကြံသူတိုင်း ပျားတုတ်ပြီသာမှတ်။ သိပ်မှန်တာပေါ့။ ကြောက်ချေးပန်းတဲ့အထိ လုပ်ပစ်မယ်။ အဲဒါဆို တိုက်ခိုက်စရာတောင် မလိုလောက်တော့ဘူး…ဟားဟားဟား ”
သူက အလွန် သဘောကျကျေနပ်နေပါသော်လည်း မိမိ၏ချမ်းသာကြွယ်ဝမှုများကို ကြွားဝါခြင်းမှာ ဘေးအန္တရာယ်များကို လက်ယပ်ခေါ်နေသည်နှင့်တူကြောင်းကို သူကသိသည်။ သူ၏မျက်နှာဖုံးမှာ သူ၏ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ပေးနိုင်ပါသော်လည်း သူက အချိန်ပေးကာ ပစ္စည်းများအားလုံးပေါ်ရှိ ရွှေရောင် ပုံစံကွက်များကို ဖုံးအုပ်လိုက်သေးသည်။
ထို့နောက် သူကတင်ပျဥ်ခွေထိုင်ကာ ပိုင်ဟောက်၏ စမ်းသပ်ချက်မှတ်စုတိုများကို ဖတ်ကာ ဆယ့်ငါးရောင်ခြယ်မီးတောက်၏ ဖော်စပ်နည်းကို စတင်တွက်ချက်နေတော့သည်။
ခုနစ်ရက်ဆိုသောအချိန်မှာ တစ်ခဏအတွင်းကုန်ဆုံးသွားပြီး ထိုအတောအတွင်း သူသည် ဆယ့်ငါးရောင်ခြယ်မီးတောက်ကိုသာ အာရုံစိုက်နေခဲ့သည်။
အောက်လမ်းမျိုးနွယ်စုတိုင်းအတွက် ဆယ့်ငါးရောင်ခြယ်မီးတောက် ဖန်တီးနိုင်ခြင်းမှာ အလွန်အရေးကြီးသည့် ကိစ္စတစ်ခုဖြစ်သည်။ ပိုင်ဟောက်၏ မှတ်စုများထဲတွင် ဆယ့်ငါးရောင်ခြယ်မီးတောက်နှင့် ပတ်သတ်သည့် အချက်အလက်များပါဝင်သော်လည်း မပြည့်စုံပေ။ ဆယ့်ငါးရောင်ခြယ်မီးတောက်မှာ အလွန်ခက်ခဲသဖြင့် ခုနစ်ရက်တိတိ အချိနိပေးကာ တွက်ချက်ခဲ့သည့် ပိုင်ရှောင်ချန်းပင်လျှင် ဆွံ့အနေရတော့သည်။
ဆယ့်လေးရောင်ခြယ်မီးတောက်ကိုဖန်တီးရခြင်း နှင့် ဆယ့်ငါးရောင်ခြယ်မီးတောက်ကိုဖန်တီးရခြင်းတို့အကြားရှိ အခက်အခဲများကို ဂဏန်းများဖြင့် ဖော်ပြမည်ဆိုပါက ဆယ့်လေးရောင်ခြယ်မီးတောက်မှာ တစ်ဆယ်ရှိမည်ဖြစ်ပြီး ဆယ့်ငါးရောင်ခြယ်မီးတောက်မှာ တစ်ရာအထိ ရှိနေမည်ဖြစ်သည်။
ဆယ့်ငါးရောင်ခြယ်မီးတောက်မှာ ဆယ့်လေးရောင်ခြယ်မီးတောက်ထက် ဆယ်ဆတိတိ ပို၍ခက်ခဲသည်ဖြစ်၍ ထိုမီးတောက်နှစ်မျိုးမှာလည်း ကောင်းကင်နှင့်မြေကြီးအလား ကွာခြားနေမည်သာဖြစ်သည်။ ဆယ့်ငါးရောင်ခြယ်မီးတောက်မှာ မြေရိုင်းဒေသထဲရှိ မြေအောက်လမ်းဆရာအားလုံးနီးပါးအတွက် အဟန့်အတားတစ်ခုအလား ဖြစ်နေသည်။
ထိုမီးတောက်ကို အောင်မြင်စွာ ဖန်တီးနိုင်ပါက မြေရိုင်းဒေသထဲတွင် ဒါဇင်အနည်းငယ်မျှသာရှိသည့် ကောင်းကင်အောက်လမ်းဆရာတစ်ယောက် ဖြစ်သွားမည်ဖြစ်သည်။ ထိုအချင်းအရာကိုကြည့်လျှင်ပင် ဆယ့်ငါးရောင်ခြယ်မီးတောက်ကို ဖန်တီးရသည်မှာ မည်မျှခက်ခဲကြောင်းကို သိနိုင်သည်။
သို့သော်လည်း ပိုင်ရှောင်ချန်းမှာ သူ၏စမ်းသပ်ချက်များနှင့် နိမိတ်ဖတ်ခြင်းပညာရပ်များထဲတွင် အာရုံစိုက်ထားရုံမှလွဲ၍ အခြားမတတ်နိုင်ပေ။ အဆုံးတွင် သူသည် ကနဦး စမ်းသပ်မှုအချို့ပြုလုပ်နိုင်ရန် ယုံကြည်မှုရှိသွားတော့သည်။ သို့သော် နောက်ထပ်သုံးရက်ကုန်ဆုံးသွားသောအခါတွင်မူ သူသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကုတ်နေရတော့သည်။ ယခုဆိုလျှင် သူသည် စမ်းသပ်မှုများနှင့် နမိတ်ဖတ်ခြင်းအတတ်များထဲတွင် စိတ်ကိုနှစ်ထားခဲ့သည်ဖြစ်သော်လည်း ရလဒ်မှာမူ မျက်မှောင်ကြုတ်နေရဆဲပင်။
ထိုအချိန် အပြင်ဘက်တွင် အဖွဲ့နံပါတ်ကိုး၏ ထောင်ခေါင်းက အပျော်ကြီးပျော်နေသည့် လေသံဖြင့် စကားပြောနေသည်ကို ကြားလိုက်ရသည်။
” အပြင်ထွက်ခဲ့ဟေ့ ပိုင်ဟောက်ရေ။ ကိစ္စကြီးတစ်ခု ဖြစ်နေပြီဟ ”
ထိုအခါ ပိုင်ရှောင်ချန်းက မျက်မှောင်ကြုတ်ကာ အပြင်သို့ထွက်သွားသောအခါ အလွန်အမင်းပျော်ရွှင်နေသည့် ထောင်ခေါင်းကို မြင်လိုက်ရသည်။
” ဘာတွေများ ဖြစ်နေတာလဲ ထောင်ခေါင်းရဲ့ ” ပိုင်ရှောင်ချန်းက သမ်းဝေကာ မေးလိုက်သည်။
” ထောင်သားအသစ်တစ်ယောက် ရောက်တာလား၊ ဘာတုံး ”
” ဟုတ်တယ်ကွ။ ထောင်သားအသစ်တစ်ယောက် ရောက်လာတာ။ ဒါပေမဲ့ သူ့ကို အမှတ်လေးထောင်ခန်း ကိုပို့တာတော့မဟုတ်ဘူး။ ပြီးတော့ ဒီ ထောင်သားအသစ်နဲ့ပတ်သတ်လို့ မင်းကို ထောင်မှူးကြီး ကိုယ်တိုင်က တွေ့ချင်နေတာ ” ထိုသို့ဆိုကာ သူက ပိုင်ရှောင်ချန်းကို ဆွဲခေါ်သွားတော့သည်။
” ထောင်မှူးကြီးဟုတ်လား ”
ပိုင်ရှောင်ချန်းသည် သူစရောက်သည့်အချိန်က ကျုံးအပြင်ဘက်တွင် တွေ့ခဲ့ရသည့် လီရှူဆိုသည့်လူကို ပြန်အမှတ်ရသွားသဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။
” သရဲကြီးဘုရင်က ငါ့ကိုသိပ်ဂရုမစိုက်တဲ့ အချက်ကို အခွင့်ကောင်းယူပြီး ချိုင်မျိုးနွယ်စုတို့၊ ပိုင်မျိုးနွယ်စုတို့က ငါ့ကိုပြဿနာလာရှာတာများလား ”
သူက စိုးထိတ်သွားသည်။ သို့သော်လည်း ထောင်ခေါင်း၏ ပျော်ရွှင်နေပုံကိုကြည့်၍ ထိုသို့မဖြစ်နိုင်ကြောင်း တွေးလိုက်တော့သည်။
ပိုင်ရှောင်ချန်းက ဆတ်ခနဲရပ်လိုက်ပြီး မေးလိုက်တော့သည်။
” ထောင်ခေါင်း၊ ဘာတွေဖြစ်နေတာတုံးဗျာ ”
” အံ့သြဖို့ကောင်းတဲ့ အရာကြီးတစ်ခုပေါ့ကွာ ” ထောင်ခေါင်းမှာ ဟက်ဟက်ပက်ပက် ရယ်မောနေသော်လည်း ပိုင်ရှောင်ချန်းမှာအနည်းငယ်စိုးရိမ်နေသည်ကို သူကသတိထားမိလိုက်သည်။ ထို့ကြောင့် သူ့ကိုထပ်၍ဆွဲခေါ်ကာ အသေးစိတ်ရှင်းပြလိုက်တော့သည်။
ခဏအကြာတွင် ပိုင်ရှောင်ချန်းမှာ အရာအားလုံးကို ရှင်းရှင်းလင်းလင်း နားလည်သွားတော့သည်။
ထောင်ခေါင်း၏ ပြောစကားအရ အမှတ်တစ်ထောင်ခန်း သို့ ထောင်သားအသစ်တစ်ယောက် ရောက်လာခဲ့သည်။ ထိုထောင်သားမှာ အလွန်အရေးကြီးသည့် လူတစ်ယောက်ဖြစ်ပြီး သူ့ထံမှ စကားစစ်မေးရန်မှာ သေရေးရှင်ရေးတမျှ အရေးကြီးနေသဖြင့် ထောင်မှူးကြီးကိုယ်တိုင်ပင် ထိုကိစ္စကို စိတ်ဝင်စားခဲ့ရသည်။
ထိုထောင်သားအသစ်မှာ အလွန်နှုတ်လုံသဖြင့် ထောင်ခန်းလေးခန်းစလုံးမှ အမှောင်စစ်ဆေးရေးမှူးများပင် သူ့ထံမှ စကားတစ်လုံးတစ်လေပင် စစ်မမေးနိုင်ပေ။ သူသည် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေ၍ ဝိညာဥ်ရှာဖွေသည့် နည်းလမ်းမှာလည်း မထိရောက်ပဲ အကယ်၍ ထိုနည်းကိုသုံးခဲ့ပါက သူသေသွားနိုင်သည်။ ထို့ကြောင့် ထိုထောင်သားအသစ်မှာ မိစ္ဆာအကျဥ်းထောင်အတွက် ဆူးတစ်ချောင်းကဲ့သို့ ဖြစ်နေသည်။
ဤအခြေအနေကြောင့် ထောင်မှူးကြီးမှာလည်း ဖိအားများနှင့် ရင်ဆိုင်နေရပြီး အကြိမ်အနည်းငယ်ခန့်ပင် ဒေါကန်ခဲ့ရသေးသည်။ သို့သော် အမှောင်စစ်ဆေးရေးမှူး လေးယောက်စလုံးမှာ တတ်နိုင်သမျှနည်းလမ်းများကို သုံးခဲ့ပါသော်လည်း သူတို့အားလုံးမှာ မည်သည်ကိုမှ စစ်မမေးနိုင်ခဲ့ချေ။
လမ်းဆုံးနေပြီဖြစ်သဖြင့် အမှတ်လေးထောင်ခန်း ၏ လက်ထောက်ထောင်မှူး စွန်းဖုန်က ပိုင်ဟောက်သည် စစ်ဆေးမေးမြန်းရာတွင် အလွန်ကျွမ်းကျင်သည်ဟု အကြံပေးလိုက်လေသည်။ အမှတ်လေးထောင်ခန်း ထဲရှိ ထောင်သားဟောင်းများအားလုံးကို သူက စစ်မေးနိုင်ခဲ့သည့်အချက်ကိုပင် ပြောလိုက်သေးသည်။
ပုံမှန်ဆိုလျှင် ဤကဲ့သို့အရေးကြီးသော ကိစ္စမျိုးကို ပိုင်ရှောင်ချန်းအား ဖွင့်ပြောကြမည်မဟုတ်ပေ။ သို့သော် လီရှူမှာ အကြံအိုက်နေပြီ ဖြစ်ပြီး စွန်းဖုန်က ပိုင်ဟောက်ဟူသည့် နာမည်ကို ဆိုလိုက်သောအခါ ထိုလူမှာ အရေးကြီးသောလူတစ်ယောက်ဖြစ်သည်ကို လီရှူက အမှတ်ရသွားသည်။ သူက ကြံရာမရတော့သဖြင့် ပိုင်ဟောက်ကို အခွင့်အရေးပေးကြည့်ရန် ဆုံးဖြတ်လိုက်တော့သည်။
” ငါ့ကောင်လေး ပိုင်ရေ။ ဒါအခွင့်ကောင်းပဲ ” ထောင်ခေါင်းက စိတ်လှုပ်တရှား ဆိုလိုက်သည်။
” ဒီထောင်သားကိုသာ ရအောင်စစ်မေးနိုင်ရန် ဒီမိစ္ဆာအကျဥ်းထောင်မှာ မင်းက နံပါတ်တစ် အမှောင်စစ်ဆေးရေးမှူးဖြစ်ပြီပဲ ”
ထောင်ခေါင်းမှာ ပိုင်ရှောင်ချန်းကို အပြည့်အဝယုံကြည်နေပြီး သူ၏ရှေ့တွင် မည်သူမှ ပါးစပ်ပိတ်၍ မနေနိုင်ကြောင်းကို တထစ်ချယုံကြည်နေတော့သည်။
” နံပါတ်တစ် အမှောင်စစ်ဆေးရေးမှူးဆိုတဲ့ ဘွဲ့ထူးက သမားရိုးကျ ပေးလေ့ပေးထမရှိပေမဲ့ မိစ္ဆာအကျဥ်းထောင်ရဲ့ စည်းမျဥ်းတွေအရ ထောင်ခန်းလေးခန်းစလုံးကသာ လက်ခံတယ်ဆိုရင် တရားဝင်ဖြစ်တယ်။ နံပါတ်တစ်အမှောင်စစ်ဆေးရေးမှူးဆိုတာ ထောင်မှူးကြီးရဲ့အောက်တစ်ဆင့်မှာရှိပြီး လက်ထောက်ထောင်မှူးတွေနဲ့ အဆင့်အတူတူပဲ ”
” မင်းသာ အောင်မြင်သွားမယ်ဆိုရင် အဆင့်တွေ တဟုန်ထိုး တက်သွားတော့မှာကွ။ အခြားထောင်ခန်းသုံးခန်းက ထောင်သားဟောင်းတွေရဲ့ ကြွယ်ဝမှုတွေကိုပါ မင်းယူရင်ယူနိုင်လောင်တယ်။ အဲဒီလိုသာဖြစ်ရင် အမှတ်လေးထောင်ခန်းက မင်းရဲအဖွဲ့ဟောင်းလေးကို မေ့မသွားနဲ့နော် ”
ထောင်ခေါင်းက တစ်လမ်းလုံး စိတ်လှုပ်ရှားစွာ စကားများပြောရင်း ပိုင်ရှောင်ချန်းကို အမှတ်တစ်ထောင်ခန်း ဆီသို့ ဆွဲခေါ်သွားတော့သည်။
ယခုအခါ ပိုင်ရှောင်ချန်းက အရာအားလုံးကို နားလည်သွားပြီဖြစ်ရာ စိတ်သက်သာရသွားသဖြင့် သက်ပြင်းချလိုက်တော့သည်။ ပိုင်မျိုးနွယ်စုနှင့် ချိုင်မျိုးနွယ်စုတို့က သူ့ကိုပြဿနာလာမရှာသရွေ့ သူ့မှာ ကြောက်စရာမရှိပေ။ ယခုကိစ္စသည် စစ်ဆေးမေးမြန်းရန်သာဖြစ်၍ သူက လုံးဝစိတ်ပူပန်နေခြင်း မရှိတော့ပေ။
” အာ အေးဆေးပါ။ မပူပါနဲ့ ခေါင်းဆောင်။ ကျွန်တော် မဖော်နိုင်တဲ့ လျှို့ဝှက်ချက်ဆိုတာ မရှိဘူး။ ”
သူက ဝင့်ကြွားစွာ မေးငေါ့ကာ အမှတ်တစ်ထောင်ခန်းသို့ ထောင်ခေါင်းနှင့်အတူ ပြေးသွားတော့သည်။
အမှတ်တစ်ထောင်ခန်း မှာ အမှတ်လေးထောင်ခန်း နှင့် အလွန်ဆင်တူသည်။ သို့သော် အရွယ်အစား ပို၍ကြီးမားပြီး ပိုမို ရက်စက်ကြမ်းကြုတ်သည့်ပုံစံ ပေါက်နေသည်။ ထောင်ခန်းတစ်ခုလုံးကို အေးစက်ပြီးကြောက်စရာကောင်းသည့် အငွေ့အသက်ကြီးတစ်ခုက လွှမ်းခြုံထားပြီး အစောင့်များ၏ အခန်းများထဲတွင် စွမ်းအားကြီး ဝိညာဥ်အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။ ဤနေရာတွင် ကျင့်ကြံပါက အလွန်အကျိုးရှိမည်ဖြစ်သည်။
အမှတ်တစ်ထောင်ခန်း၏ အလယ်ရှိမြေကွက်လပ်ထဲတွင် ဧရာမဦးခေါင်းခွံကြီးတစ်ခုရှိပြီး ထိုအထဲတွင် စုတ်ပြတ်နေသည့်အဝတ်အစားများကိုဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်လူတစ်ယောက် ရှိသည်။ လှောင်အိမ်ထဲတွင် ထိုလူကြီး၏ လည်ပင်းကို ချုပ်နှောင်ထားသည့် အရာတစ်ခုရှိနေပါသော်လည်း သူ၏မျက်ဝန်းများမှာမူ အထင်သေးသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။ မည်သည့်အကြောင်းကြောင့်တော့မသိ ထိုမျက်ဝန်းများကို ပိုင်ရှောင်ချန်းက ရင်းနှီးနေမိသည်။
လှောင်အိမ်အပြင်ဘက်တွင် လူအနည်းငယ်စုဝေးနေကြသည်။ ထိုသူများထဲတွင် အမှတ်လေးထောင်ခန်း မှ စွန်းဖုန်နှင့် သူ၏ ဘယ်ညာတွင် ရက််စက်ကြမ်းကြုတ်သည့် အမူအရာရှိသော အဘိုးကြီးသုံးယောက်ရှိသည်။ ထိုသုံးယောက်မှာ အခြားထောင်ခန်းသုံးခန်းက လက်ထောက်ထောင်မှူးများဖြစ်ကြသည်။
နောက်ထပ် ကျင့်ကြံသူလေးယောက်လည်း ရှိသေးသည်။ ထိုအထဲမှ အချို့မှာ ငယ်ရွယ်ပြီး အချို့မှာ အသက်ကြီးနေပြီဖြစ်သည်။ သို့သော် သူတို့အားလုံးထံတွင်လည်း ရက်စက်ကြမ်းကြုတ်ဖွယ် အငွေ့အသက်များ ရှိနေသည်။ သူတို့ကြားတွင် လမ်းလျှောက်ရမည်မှာ မြွေပွေးများဖြင့် ပြည့်နေသည့်ကျဥ်းကြီးတစ်ကျဥ်းထဲသို့ လမ်းလျှောက်သွားရမည့်အတိုင်းပင်။
ထိုလေးယောက်ထဲမှ တစ်ယောက်ကို ပိုင်ရှောင်ချန်းက မှတ်မိလိုက်သည်။ သူသည် အမှတ်လေးထောင်ခန်း မှ အမှောင်စစ်ဆေးရေးမှူးဖြစ်သည်။ ထိုအခြင်းအရာကို ကြည့်၍ အခြားသုံးယောက်မှာလည်း အခြားထောင်ခန်းသုံးခန်းက ထိပ်သီးစစ်ဆေးရေးမှူးများဖြစ်ကြသည့် အမှောင်စစ်ဆေးရေးမှူးများ ဖြစ်ကြောင်း သိနိုင်သည်။
သူတို့အပြင် အမှတ်တစ်ထောင်ခန်းမှ အစောင့်များစွာလည်းရှိသေးသည်။
ထိုလူများအားလုံးအပြင် ထိုထောင်သားကို လည်ပင်းမှနေ၍ ကိုင်မြှောက်ထားသည့် လူတစ်ယောက်လည်း ရှိသေးသည်။ ထိုလူမှာ ထောင်မှူး လီရှူပင်ဖြစ်သည်။
လီရှုူက လူသစ်များရောက်လာသည်ကို မြင်လိုက်ရသောအခါ ထောင်သားကို လွှတ်လိုက်ပြီး ပိုင်ရှောင်ချန်းကို လှည့်ကြည့်လိုက်သည်။
သူ၏အကြည့်မှာ ဝံပုလွေတစ်ကောင်၏ အကြည့်အလား ကြောက်စရာကောင်းပြီး ဓားသွားပမာ စူးရှထက်မြက်နေသည်။