Switch Mode

အခန်း ( ၆၃၆ )

ဆယ့်လေးရောင်ခြယ်မီးတောက် ထွက်ပေါ်လာခြင်း

ယခုအခါ ပိုင်ရှောင်ချန်းသည် မိစ္ဆာအကျဥ်းထောင်ထဲ ပြန်ရောက်နေပြီဖြစ်ရာ အပြင်ဘက်တွင် ဖြစ်ပျက်နေသည့်အရာများမှာ အရေးမကြီးတော့ပေ။ သူက သူ၏ တန်းလျားသို့ ခပ်သုတ်သုတ် ပြန်လာလေသည်။ ရက်အနည်းငယ်ထပ်စောင့်လိုက်ပြီးနောက် မကြာသေးမီက အဖြစ်အပျက်များမှ ဂယက်ရိုက်ခြင်းများ မရှိသည့်အခါမှသာ သူ စိတ်သက်သာရာရသွားပြီး နောက်ဆုံးတွင် သက်ပြင်းချလိုက်တော့သည်။

” ထောင်စောင့်တစ်ယောက်ဖြစ်လာရတာ တော်တော် အသုံးဝင်တာပဲ။ အခုအချိန်မှာ အာရုံစိုက်ခံရတာတွေကို ရှောင်တာ အကောင်းဆုံးဆိုပေမယ့် လုံးဝမလိုအပ်ပဲ အပြင်မထွက်တော့ဘူးကွာ ”
သူက အိတ်ကို စိတ်လှုပ်တရှားပုတ်လိုက်ရင်း သူ၏ လက်ဖျားခါလောက်သော အစီအစဥ်ကို ပြန်ပြောင်းမစဥ်းစားမိဘဲ မနေတော့ပေ။
” မဟာမျိုးနွယ်စုကြီး သုံးခုက ငါ့ဆီက လုယူတယ်။ ငါက သူတို့ဆီကနေ ပြန်ခိုးတယ်။ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ဆိုတဲ့ ဆိုရိုးဟောင်းကြီးလိုပေါ့ကွာ။ ဒါက ကောင်းကင်နဲ့ မြေပြင်ရဲ့ အခြေ ခံစည်းမျဥ်းပဲ ”

ကျန်ရှိသောနေ့ရက်များတွင် သူသည် အဖွဲ့နံပါတ်ကိုး နှင့် ကင်းလှည့်ပြီး ဆယ့်လေးရောင်ခြယ်မီးတောက်အတွက် ဖန်တီးနည်းကို ဆက်လက်စဥ်းစားနေလေသည်။ အချိန်များ တရွေ့ရွေ့ ကုန်လွန်သွား၏။ တစ်ရက်တွင် သူသည် ေထာင်ခန်းထဲသို့ တစ်ယောက်တည်း ပြန်လာတော့သည်။

အမှတ်လေးထောင်ခန်းသည် ပုံမှန်အားဖြင့် ကျယ်လောင်ဆူညံသော နေရာတစ်ခုဖြစ်သည်။ အစောင့်များ မရှိသည့်အချိန်တိုင်း မီးခိုးရောင်ဝတ်ရုံထောင်သားများနှင့် အရိုးခေါင်းများထဲရှိ ထောင်သားများအားလုံးသည် သူတို့လုပ်ချင်သည့်အတိုင်း လုပ်ကြလေသည်။

အစောင့်များရှိနေလျှင်ပင် ထောင်သားအများစုသည် သူတို့ကို မျက်လုံးထဲပင် မထည့်ကြပေ။ သို့သော်လည်း ပိုင်ရှောင်ချန်း ထောင်ခန်းထဲ ဝင်လာသည့် အချိန်တွင် အရာအားလုံး တိခနဲ တိတ်ဆိတ်သွားကြသည်။

သူက ရောက်လာသည်နှင့် တစ်ပြိုင်နက် လက်နှစ်ဖက်နောက်ပစ်လိုက်ပြီး ဟိတ်ဟန်အပြည့်ဖြင့် ကြေညာလိုက်သည်။
” ကျုပ်ဒီနေ့တာဝန်ကျတယ်။ ဒီတော့ ကောင်းကောင်းနေကြပါ”

သူ၏ စကားလုံးများက မီးခိုးရောင်ဝတ်ရုံထောင်သားများကို ကြောက်ကြောက်လန့်လန့် တုန်ရီသွားစေသည်။ အရိုးခေါင်းအခန်းထဲရှိ ထောင်သား အများစုမှာ ကြောက်လန့်တကြား မျက်ခုံးလှုပ်သွားကြသည်။

” အမှောင်စစ်ဆေးရေးမှူး ”

” အဲဒါ သောက်ကျိုးနည်း စစ်ဆေးရေးမှူးကြီးပိုင်ဟ ”

“ဒီလူက ရက်စက်ပြီး မညှာတာဘူး။ ကျုပ်တော့ မိစ္ဆာအိုကြီးကျိုး စစ်မေးခံရတဲ့ ဝမ်းနည်းစရာနေ့ကြီးကို ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ဘူး ”

ယခင်က ပိုင်ရှောင်ချန်းစစ်မေးခံခဲ့ရသည့် ထောင်သားများမှာ တဆတ်ဆတ်တုန်ယင်သွားပြီး သူတို့၏ မျက်လုံးများတွင် ကြောက်ရွံခြင်း အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။

အမှတ်လေးထောင်ခန်း တစ်ခုလုံး အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်နေပြီး ပိုင်ရှောင်ချန်း ဖြတ်လျှောက်သွားစဥ် တစ်ယောက်မှ အသံသဲ့သဲ့ပင် မထွက်ရဲကြပေ။ သူ့နာမည်ဂုဏ်သတင်းက ထောင်ခန်းအတွင်း လွန်စွာကျော်ကြားနေသည် မဟုတ်ပါလော။ အမှတ်လေးထောင်ခန်းအထဲရှိ မည်သည့် နှစ်ရှည်ထောင်သားမဆို သူ့လက်ထဲ စစ်မေးခံရခြင်းမှ မလွတ်ခဲ့ပေ။

အားလုံးအထဲ ကြောက်စရာကောင်းဆုံးမှာ သူ၏လျှို့ဝှက်ဆန်းကြယ်သော စစ်မေးခြင်းနည်းလမ်းများပင်။ သူအသုံးပြုသည့် မြူခိုးများကြောင့် မည်သို့ဖြစ်ပျက်နေမှန်း တစ်ယောက်မှ မမြင်ရကြပေ။ သို့သော်လူများသည် မြူခိုးများထဲမှ ထွက်လာသည့် စိတ်နှလုံးချောက်ခြားဖွယ် အော်သံများကို အသေအချာကြားနေရသည် ဖြစ်ရာ ဘယ်တော့မှ မေ့ဖျောက်နိုင်တော့မည်မဟုတ်ပေ။

ယခုအခါ ပိုင်ရှောင်ချန်း ပြန်ရောက်လာပြန်ရာ ထောင်သားများအားလုံးသည် သတိထား၍ ပြုမူနေကြ၏။ သူ့ကို အတိုက်အခံလုပ်၍ ပြဿနာကို မီးထွန်းမရှာလိုကြပေ။ ထို့ကြောင့် သူတို့အားလုံးက မျက်နှာချိုသွေးကာ ပြုံးပြလိုက်ကြပြီး မီးခိုးရောင်ဝတ်ရုံထောင်သားများအုပ်လိုက်ကြီးသည် သူ့ပတ်လည်တွင် စုရုံးကာ နောက်ကလိုက်ပါလာကြလေသည်။

ပိုင်ရှောင်ချန်းက အတန်ငယ် ခေါင်းမော့ထားပြီး မည်သည့်နေရာသို့ သူရောက်သည်ဖြစ်ပါစေ အမြင့်ဆုံးသို့ ရောက်ရှိကြောင်း ပြန်ပြောင်းစဥ်းစားနေရင်း သူ့ကို အာရုံစိုက်ထားကြသည့် ကြောက်ရွံ့ရိုသေသော အကြည့်များကို ဘဝင်ခွေ့နေတော့သည်။

” ငါက အင်မတန်တော်တဲ့ကောင်ပဲ ”
သူက တွေးလိုက်သည်။
” ကဲ ဒါက ငါ့ရဲ့ ပန်းတိုင်မဟုတ်သေးဘူး။ သိုသိုသိပ်သိပ်နေရမယ် ”
တခဏကြာသော် သူက လက်ကို ဝှေ့ယမ်းလိုက်ကာ မီးခိုးရောင်ဝတ်ရုံထောင်သားများကို ပြန်လွှတ်လိုက်သည်။ ထို့နောက် တစ်ယောက်တည်း အချိန်အနည်းငယ်ကြာ လမ်းလျှောက်နေလေသည်။ နောက်ဆုံးတွင် ယခင်က မီးတောက် ဖန်တီးခြင်းဆောင်ရွက်ခဲ့သည့်ချောင်ကျသောနေရာကို ရောက်လာပြီဖြစ်ကြောင်း သူ တွေ့လိုက်ရာ ထိုနေရာတွင် တင်ပျဥ်ခွေထိုင်လိုက်လေသည်။

” ဒီနေရာက လုံးဝ ပြီးပြည့်စုံတယ်။ မီးတောက် ဖန်တီးဖို့ နေရာအကျယ်ကြီးပဲ ”
သူက သဘောကျကျေနပ်လျက် ခေါင်းညိတ်ရင်း မန္တန်အစီအရင်အချို့ကို နေရာချလိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်ကာ မြူခိုးတိမ်တိုက်ကြီးတစ်ခုကို ထုတ်ဖော်လိုက်လေသည်။ ထို့နောက် သူက မျက်လုံးများပိတ်ပြီး တရားထိုင်လိုက်သည်။

သူသိသမျှ ဆယ့်လေးရောင်ခြယ်မီးတောက်အကြောင်း ပြန်လည်စဥ်းစားပြီးနောက် သူက မျက်လုံးများကို ဖွင့်ကာ အိတ်ကိုပုတ်၍ ဝိညာဥ်သိုလှောင်စေတီကို ထုတ်လိုက်သည်။ ထို့နောက် သူ့မျက်နှာက အလွန်တရာ လေးနက်တည်ကြည်သွားပြီး ဆယ့်လေးရောင်ခြယ်မီးတောက်ဖန်တီးခြင်းလုပ်ငန်းစတင်တော့သည်။

ဝိညာဥ်များ ထွက်ပေါ်လာစဥ် သူက လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ကွက်ဖော်လိုက်ပြီးနောက် သူ၏ လက်ချောင်းများကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ဝိညာဥ်များသည် သူ့လက်ဖဝါးထံ ပြေးဝင်လာကြပြီး မီးတောက်တစ်ခု ဖြစ်ပေါ်လာသည်။ ၄င်းသည် တစ်ရောင်မှစ၍ သူက လျင်မြန်စွာ နောက်ထပ်အရောင်များ ထည့်ပေါင်းလိုက်သည်။ များမကြာမီ သူ့မှာ ဆယ့်သုံးရောင်ခြယ်မီးတောက်တစ်ခု ရှိလာြပီးနောက် ဆယ့်လေးရောင်မြောက် အရောင်သို့ ကူးပြောင်းနေသည်။

” ဆယ့်လေးရောင်ခြယ်မီးတောက် အောင်မြင်မယ်လို့ ငါတော်တော်လေး ယုံကြည်နေတယ်။ ငါလုပ်ရမှာက ပေါ်လာတဲ့ ပြဿနာနည်းနည်းပါးပါးကို ထိန်းညှိပေးလိုက်ရုံပဲ၊ ငါးကြိမ်အတွင်း အလုပ်ဖြစ်မယ်ဆိုတာ ေသချာတယ်ကွာ ”

ချက်ချင်းပင် ဝိညာဥ်များသည် သူ့လက်ထဲ စီးဝင်လာကြပြီး မီးတောက်ကို လောင်စာဖြည့်ပေးနေတော့သည်။

ထိုအခိုက်အတန့်အတွင်း နောက်ထပ် ဆယ့်လေးခုမြောက် အရောင်တစ်ရောင် ပေါ်လာတော့သည်။ သို့သော် မီးတောက်က ရုတ်တရက် ငြိမ်းသွားသဖြင့် ပိုင်ရှောင်ချန်း၏ အမူအရာပြောင်းသွားသည်။

သူက မျက်မှောင်ကြုတ်ရင်း လက်ကိုကြည့်လိုက်ပြီးနောက် နောက်တစ်ကြိမ် ထပ်မံကြိုးစားရန် အမုန်းဝိညာဥ်နောက်တစ်သုတ်ကို ထုတ်လိုက်သည်။ ကိုးရက်ဟူသော အချိန်က လျှပ်တစ်ပြက်အတွင်း ကုန်ဆုံးသွား၏။

ထိုကိုးရက်အတောအတွင်း သူသည် လေးကြိမ်ကြိုးစားခဲ့ပြီးဖြစ်ပြီး ထိုလေးကြိမ်လုံး မအောင်မြင်ခဲ့ပေ။ သို့သော် သူက စိတ်ပျက်မသွားပေ။ သူ့မှာ အလုပ်လုပ်ရန် ဝိညာဥ်များစွာ ရှိပြီး ကျရှုံးမှုတစ်ခုချင်းစီက သူ့ကို ပို၍ ထဲထဲဝင်ဝင် နားလည်သွားစေသည်။ ယခုရက်က ထောင်ခန်းထဲရှိနေသည့် သူ၏ ဆယ်ရက်မြောက်နေ့ဖြစ်ပြီး ရဲရဲနီနေသော မျက်လုံးများ၊ ရှုပ်ပွနေသည် ဆံပင်များဖြင့် မလှုပ်မယှက် တင်ပျဥ်ခွေထိုင်နေသော်လည်း သူ၏မျက်နှာအမူအရာအရ စိတ်လှုပ်ရှားနေဟန်တူသည်။

” ငါ ပြဿနာတွေအားလုံးကို ဖြေရှင်းပြီးပြီ။ ဒီတစ်ခါတော့ ဆယ့်လေးရောင်ခြယ်မီးတောက်ဖန်တီးတာ အောင်မြင်သင့်နေပြီ”

” ဒါက ငါ့ကို မြေအောက်လမ်းဆရာအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်သွားစေလိမ့်မယ်။ ပြီးရင် ငါ… ကောင်းကင်အောက်လမ်းဆရာဖြစ်လာမယ်”
သူ့နှလုံးသားတွင် မျှော်လင့်ချက်များဖြင့် ပြည့်ကြပ်နေသည်။ မြေရိုင်းဒေသထဲသို့ သူရောက်သည်မှာ အချိန်အတော်ကြာပြီဖြစ်ပြီး အောက်လမ်းဆရာများအကြောင်းကိုလည်း အတော်များများ နားလည်ထားပြီးဖြစ်သည်။ သိသာထင်ရှားစွာပင် မဟာမျိုးနွယ်စုကြီးများပင်လျှင် ကောင်းကင်အောက်လမ်းဆရာများကို အလွန်တရာ အရှိန်အဝါကြီးမားသူများဟု သတ်မှတ်ကြလေသည်။

ထို့နောက်တွင်ကား လောကဓာတ်အောက်လမ်းဆရာအဆင့်ဖြစ်ပြီး ပို၍ပင် ရှားပါးသည်။ ထိုလူများက အလွန်မြင့်မားသော ရာထူးကို ပိုင်ဆိုင်နိုင်သည်။ ကောင်းကင်ဘုရင်များကဲ့သို့ အဆင့်မမြင့်သော်လည်း နတ်အဆင့်ကျင့်ကြံသူများထက် သာလွန်သည်။

သူ့မျက်လုံးများ တဖျပ်ဖျပ်တောက်ပနေပြီး အသက်ပြင်းပြင်းရှူကာ စိတ်တည်ငြိမ်အောင်လုပ်လိုက်သည်။ အရာအားလုံးက အလွန်အဆင်ပြေချောမွေ့နေ၏။ သူက တစ်ရောင်ခြယ်မီးတောက်က စလိုက်ပြီး ဆယ့်သုံးရောင်အထိ မရပ်မနားဘဲ ဆက်တိုက်လုပ်ဆောင်လိုက်သည်။ ထို့နောက် သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ အမုန်းဝိညာဥ်အုပ်လိုက်ကြီး ပျံထွက်လာသည်။ နောက်ဆုံးတွင် သူက အော်ဟစ်လိုက်ကာ ဆယ့်သုံးရောင်ခြယ်မီးတောက်ကို မီးပင်လယ်တစ်စင်းအသွင် ပျံ့ကျဲသွားစေလိုက်သည်။

ဝိညာဥ်များသည် ဆယ့်သုံးရောင်ခြယ်မီးတောက်အထဲ တိုးဝင်သွားပြီး ထိုဖြစ်စဥ်သည် အမွှေးတိုင်ဝက် လောင်ကျွမ်းချိန်မျှသာ ကြာလိုက်သည်။ ထိုအချိန်တွင် ဆယ့်လေးရောင်မြောက်အရောင် ပေါ်ထွက်လာတော့သည်။

သူသည် စိတ်လှုပ်ရှားသဖြင့် ရင်တဒိန်းဒိန်းခုန်နေသော်လည်း သူ၏လက်မှာ အလွန်တည်ငြိမ်နေဆဲဖြစ်ပြီး နတ်ဘုရားအာရုံများစေလွှတ်၍ ထိန်းချုပ်နေသည်။ ဆယ့်လေးရောင်မြောက်မီး တဖြေးဖြေးကျုံ့လာသည့်အတောအတွင်း သူက လက်ပေါ်ရှိ အလုပ်ကိုသာ လုံးဝအာရုံစိုက်ထား၏။

တစ်နာရီကြာသော် သူက ဂရုတစိုက် လက်သီးဆုပ်လိုက်ရာ မီးပင်လယ်မှာ သူ့လက်အတွင်း ငုတ်လျှိုးပျောက်ကွယ်သွားသည်။

ရင်တဒိန်းဒိန်းခုန်ရင်း သူက လက်ကို ဖြေးညှင်းစွာ ဖွင့်လိုက်ရာ တလက်လက်တောက်ပနေသော ဆယ့်လေးရောင်မြောက်မီးတောက်တစ်ခု ပေါ်လာတော့သည်။

အလင်းတစ်ခုသည် ကြောက်မက်ဖွယ်အပူလှိုင်းနှင့်အတူ ၄င်းပတ်ပတ်လည်ရှိ အရာအားလုံးကို ကျော်လွန်၍ တောက်ပလာတော့သည်။

ဆယ့်လေးရောင်ခြယ်မီးတောက်မှာ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ကို ခြိမ်းခြောက်ရန် လုံလောက်မည်မဟုတ်သော်လည်း ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူအများစုကိုတော့ ဖျက်စီးပစ်နိုင်သည်အထိ စွမ်းအားကြီးမားသည်။

” အလုပ်ဖြစ်တယ်ကွ။ ငါနောက်ဆုံးလုပ်နိုင်သွားပြီ ”
သူက ပျော်ရွှင်ဝမ်းမြောက်မှုအပြည့်ဖြင့် ရယ်မောလိုက်သည်။
” နောက်ကျရင် ဆယ်ငါးရောင်ခြယ်မီးတောက်ပဲ။ သေချာပေါက် ခက်မှာ။ ဒါပေမဲ့ ငါဖန်တီးနိုင်ရင် ကောင်းကင်အောက်လမ်းဆရာဖြစ်သွားမယ်။ ဒါပေမဲ့လည်း ငါ့အတိုက်အခိုက်စွမ်းရည်ကို တိုးတက်အောင်မလုပ်သရွေ့ ဒီလိုမီးတွေက ငါ့ကို အဆင်ပြေအောင် လုပ်ပေးနိုင်ဦးမှာမဟုတ်သေးဘူး ”
သူက စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ရင်း ဆယ့်လေးရောင်ခြယ်မီးတောက်ကို သိမ်းလိုက်ပြီးနောက် ဝိညာဥ်မည်မျှကျန်သေးသည်ကို သိရှိရန် ရေတွက်လိုက်သည်။

“ငါ့မှာရှိတဲ့ ပစ္စည်းတွေ အကုန်လုံးကို ဆယ့်လေးဆမြှင့်တင်လိုက်ရင် ယင်ယန်ဝိညာဥ်အဆင့် မရောက်သေးပေမယ့်လဲ ငါ့ရဲ့အတိုက်အခိုက်စွမ်းရည်ကို တော်တော်လေး အထောက်အကူဖြစ်စေလိမ့်မယ် ”
တွေးလိုက်ရုံနှင့်ပင် သူ စိတ်လှုပ်ရှားနေပြီဖြစ်သည်။ သူသည် သူ့ကိုယ်သူ အမြင့်ဆုံးအထိ မြှင့်တင်ရန် စိတ်နှစ်ထားခဲ့သည် မဟုတ်ပါလော။

တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ သူက စိတ်စွမ်းအင်အဆင့်မြှင့်တင်သင့်ကြောင်း ဆုံးဖြတ်လိုက်သည်။ သို့သော် သူ၏ လိပ်ဒယ်အိုးကိုမထုတ်ခင် ရုတ်တရက် တစ်ခုခုကို စဥ်းစားမိလိုက်လေသည်။
“နေပါဦး ဒီမှာ မျက်လုံးတွေအများကြီးရှိတယ်။ ငါ့မြူခိုးတွေနဲ့ ငါ့ကိုယ်ငါဖုံးကွယ်ထားရင်တောင်မှ တတ်နိုင်သမျှ သေချာဂရုစိုက်သင့်တယ်။ ငါ့ရဲ့ ဒယ်အိုးက ရတနာစစ်စစ်ဆိုတော့ ဘယ်သူ့ကိုမှ မြင်ခွင့်ပေးလို့မရဘူး။ သိုသိုသိပ်သိပ်နေရမယ်။ ဟုတ်တယ် သိုသိုသိပ်သပ်နေရမယ်။ မြေရိုင်းဒေသမှာ သတိထားဖို့လိုတယ်။ ပြဿနာရှာလို့မရဘူး ”

ထို့နောက် သူက လက်ကိုဝှေ့ယမ်းကာ မြူခိုးများကို ဖယ်ရှားလိုက်ပြီး အလင်းတန်းတစ်ခုအသွင်ဖြင့် ထောင်ခန်း၏ ဝင်ပေါက်ထံပြန်သွားလိုက်သည်။

သူထွက်သွားနေစဥ် မလှမ်းမကမ်းရှိ အရိုးခေါင်းအခန်းတစ်ခန်းထဲတွင် တင်ပျဥ်ခွေထိုင်နေသည့် အဘိုးအိုတစ်ယောက်ရှိလေသည်။ ထိုအဘိုးအို၏ မျက်နှာပေါ်တွင် မွေးရာပါ အနီရောင်အမှတ်ကြီးတစ်ခုရှိပြီး မည်သည့်ရှူထောင့်ကကြည့်သည်ဖြစ်စေ အခြားထောင်သားများနှင့် တစ်ပုံစံတည်းဖြစ်သည်။ သို့သော် ပိုင်ရှောင်ချန်းထွက်သွားသည်နှင့် သူက မျက်လုံးများဖွင့်​လိုက်ရာ သူ့မျက်လုံးများထဲမှ ထူးဆန်းသော အလင်းတစ်ခု ထွက်ပေါ်လာ၏။

” သူ ဆယ့်သုံးရောင်ခြယ်မီးတောက်ကို အောင်မြင်သွားကာ သိပ်တောင် မကြာသေးဘူး။ ”
သူကတစ်ယောက်တည်း ရေရွတ်လိုက်သည်။
“အခုတော့ တကယ်ပဲ ဆယ့်လေးရောင်ခြယ်မီးတောက်ကို ဖန်တီးနိုင်သွားပါလား။ ဒီကလေးက တော်တော်စိတ်ဝင်စားစရာကောင်းတာပဲ”
ပိုင်ရှောင်ချန်းသည် အလွန်ချောင်ကျသော နေရာတွင် အလုပ်လုပ်နေခဲ့ပြီး မန္တန်အစီအရင်များလည်း နေရာချထားလေရာ ဆယ့်လေးရောင်ခြယ်မီးတောက် ဖန်တီးခဲ့သည်ကို ဤအဘိုးအိုမှလွဲ၍ မည်သူမျှ သတိမပြုမိလိုက်ပေ။

အချိန်အနည်းငယ်ကြာသော် အဘိုးအိုက မျက်လုံးများကို ပြန်မှိတ်လိုက်လေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset