အခန်း ( ၆၃၅ )

ကျုပ်ကို ဘယ်လိုကိုင်တွယ်မတုံး

ပိုင်ရှောင်ချန်း၏ ခန္ဓာကိုယ်အစစ်နှင့် ကိုယ်ပွားလေးယောက်က မှော်သိုင်းများကို ထုတ်ဖော်လိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံးကို လေပြင်းများ လွှမ်းခြုံလာ၏။ လူငါးယောက်၏အစွမ်းများထုတ်ဖော်ရာမှ ထွက်ပေါ်လာသော လေပြင်းများကြောင့် ချိုင်မျိုးနွယ်စုလက်ရွေးစင်ပတ်လည်တွင် တဝုန်းဝုန်း မြည်ဟည်းနေပြီး သူ့အပေါ်မှ သေစေနိုင်သော စွမ်းအားလှိုင်းများ စုဆုံကျလာတော့သည်။

လက်ရွေးစင်လူငယ်၏ ဦးခေါင်းခွံမှာ စပ်ဖျဥ်းဖျဥ်းဖြစ်လာပြီး ပေါက်ကွဲတော့မတတ်ဖြစ်လာလေသည်။ သူက မတည်မငြိမ်ဖြစ်လာပြီး စိတ်လိုက်မာန်ပါလိုက်ဖမ်းမိသည်ကို နောင်တရလာသည်။ သို့သော်လည်း ယခုအခိုက်အတန့်တွင် တွေးတောစဥ်းစားနေရန်သော်လည်းကောင်း၊ အစီအစဥ်ချနေရန်သော်လည်း အချိန်မရှိပေ။ သူလုပ်နိုင်သည်မှာ လင်းတကြီးကို လှည့်၍ အဝေးသို့ မြန်နိုင်သမျှမြန်မြန် ပျံပြေးရန်ပင်ဖြစ်သည်။

ကံကောင်းထောက်မစွာ လင်းတကြီးကား မယုံကြည်နိုင်ဖွယ်ကောင်းစွာ မြန်လှပေသည်။ စောစောက သူ ရှိခဲ့သည့် နေရာသို့ စွမ်းအင်လှိုင်းများ ရောက်ချလာချိန်တွင် သူက မီတာရာချီ အကွာအဝေးသို့ ရောက်နေလေပြီ။ အန္တရာယ်ဘေးမှ လွတ်သွားသည့်တိုင်အောင် သူသည် အံသြတုန်လှုပ်သဖြင့် ရင်တဒိန်းဒိန်းခုန်နေဆဲပင်ဖြစ်သည်။

သူ၏မျိုးနွယ်စုဝင်များ ရောက်ရှိလာသည့်အချိန်ထိ အချိန်ဆွဲထားရန်အတွက် သူက အော်လိုက်သည်။
” ချိုင်မျိုးနွယ်စုက မင်းကို ဘယ်တုန်းက ရန်လာစလို့လဲ ပိုင်ဟောက်။ ဘာလို့ ငါတို့ရဲ့ ဝိညာဥ်မြေတွေကို လာဖျက်စီးတာတုန်း”

ပိုင်ရှောင်ချန်း မျက်မှောင်ကြုတ်သွား၏။ ဤလင်းတကြီးကို မှော်သိုင်းတစ်ခုခုဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး မကြာမီ ပျောက်ကွယ်တော့မည်ဟု သူ သိလိုက်သည်။ သို့သော် ယခုအခါ အလွန်တိုတောင်းလှသောအချိန်လေးသည်ပင် သူ့အတွက် အရေးကြီးနေသည်။

” မင်းတို့ ချိုင်မျိုးနွယ်စုတွေက ငါ့ကို ခြိမ်းခြောက်ပြီး ငါ့ဝိညာဥ်တွေ ခိုးသွားတာ”
သူကအော်လိုက်သည်။
” ဟမ့်၊ မင်းတို့ဆီက ငါ ပြန်ခိုးတာ တရားတယ်ကွ ”
ယခုအချိန်သည် အရေးမပါသော ပြိုင်ဘက်တစ်ယောက်ကို စိတ်ပူနေရမည့် အချိန်မဟုတ်ကြောင်း သိရာ ပိုင်ရှောင်ချန်းက လှည့်၍ အမြင့်ဆုံးအရှိန်ဖြင့် ပြေးလိုက်တော့သည်။

လက်ရွေးစင်က အံတင်းတင်းကြိတ်လိုက်ပြီးနောက် သူ၏ လင်းတကြီးကို နောက်ကလိုက်စေသည်။ ယခုအချိန်မှာ သူသာ အနား မကပ်သရွေ့ အန္တရာယ်ကင်းလိမ့်မည်ဟု ယူဆကာ သူ လိုက်နေခြင်းဖြစ်သည်။ ထို့အပြင် ပစ်မှတ်အပေါ်တွင် မျက်စိဒေါက်ထောက်ကြည့်နေနိုင်မည် ဖြစ်ရာ ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးအနေဖြင့် သူ့ကို ခြေရာခံရလွယ်ကူမည်ဖြစ်သည်။

သူတို့နှစ်ယောက်လုံး လျှပ်စီးတန်းပမာ တရိပ်ရိပ်ပြေးနေသည်။ ပိုင်ရှောင်ချန်းမှာ နောက်ကလိုက်ခံရသဖြင့် အလွန်စိတ်ပူနေသော်လည်း လင်းတကြီးက အလွန်တရာ မြန်လွန်းပေသည်။ သူသာ လှည့်၍ တိုက်ခိုက်လျှင် သူ၏ ပြိုင်ဘက် အလွယ်တကူ ထွက်ပြေးနိုင်မည်ဖြစ်ပြီး လိုက်ဖမ်းလိုက်လျှင်လည်း မလိုအပ်ဘဲ အချိန်ကုန်ဦးမည်ဖြစ်သည်။

” အသာစီးရဖို့ အမြန်နှုန်းအပေါ် မှီခိုနေတဲ့ ဒီလိုကောင်တွေကို မုန်းလိုက်တာ။ ဟမ့်၊ အဲဒီငှက်ကလေးသုံးပြီး ငါ့ကို လိုက်မှီမယ်လို့ ထင်နေလားမသိဘူး ”

သူ၏ မျက်လုံးများမှာ အေးစက်သော အလင်းများ တောက်ပသွားသော်လည်း သူမျက်နှာအမူအရာက တည်ငြိမ်နေဆဲ။ သရဲကြီးမြို့တောဆီသို့သာ တန်းတန်းမတ်မတ် ဆက်လက်ဦးတည်သွားနေရင်း သူက အေးစိမ့်ကိုယ်တော်အဆင့် အရှိန်အဝါကို မသိမသာ ထုတ်လွှတ်လိုက်လေသည်။

ပြင်းထန်သော အအေးဓာတ်က လင်းတကြီးထံရောက်သွားသောအခါ ချိုင်မျိုးနွယ်စုလက်ရွေးစင်မှာ တုန်ရီသွားသည်။ တခဏကြာသော် သူက နောက်ဆုတ်သင့်ကြောင်း သတိပြုမိလိုက်သဖြင့် မျက်နှာပျက်သွားတော့သည်။ သို့သော် သူ့အတွက် အချိန်မရှိတော့ပေ။ ထိုစဥ် အချိ ပိုင်ရှောင်ချန်းက ချာခနဲလှည့်လာပြီး ပြောသည်။
” နောက်ကျသွားပြီကွ ”

အေးစိမ့်ကိုယ်တော်အငွေ့အသက်များ အေးစိမ့်နယ်မြေတစ်ခွင် ပျံ့နှံ့လာသည်နှင့်အတူ ပိုင်ရှောင်ချန်းက ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူကဲ့သို့ အလွယ်တကူ တည်နေရာရွှေ့ပြောင်းနိုင်သည်။

သူ၏ အသံပဲ့တင်ထပ်သွားချိန် သူက ပျောက်သွားပြီး လင်းတကြီး၏ ထိပ်တည့်တည့် ချိုင်မျိုးနွယ်စု လက်ရွေးစင်ရှေ့တွင် ပေါ်လာတော့သည်။ ထို့နောက် သူက တောင်ဖြိုသိုင်းကို ထုတ်လိုက်ပြီး လက်ရွေးစင်လူငယ်ထံ ကြောက်စရာကောင်းလှသော စွမ်းအားဖြင့် ပြေးဝင်လိုက်သည်။

” မင်း ”
လူငယ်မှာ ရှောင်တိမ်းရန် အချိန်မရှိသဖြင့် ခုခံရန်ပြင်လိုက်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံသည် ယင်ယန်ဝိညာဥ်အဆင့်သို့ရောက်လုဆဲဖြစ်သည့်တိုင် ပိုင်ရှောင်ချန်းနှင့်ယှဥ်လျှင် အလွန်အားနည်းလွန်းလှသည်။

ပိုင်ရှောင်ချန်းက လူငယ်၏ ရင်ဘတ်ကို ဝင်ဆောင့်လိုက်လေရာ ဝုန်းခနဲအသံကြီး ထွက်ပေါ်လာကာ လူငယ်၏ ပါးစပ်မှ သွေးများပန်းထွက်လာတော့သည်။ သူ၏ အရိုးများ ကျိုးကြေသွားပြီး သေခါနီး ဖြစ်လာသော်လည်း ထိုအခိုက်အတန့်တွင် သူ၏လည်မှာ ဆွဲထားသည် ဆွဲပြားထံမှ အဝါရင့်ရောင် အလင်းတစ်ခု ဖြာထွက်လာသည်။ ထိုအလင်းက နတ်တစ်ပါး၏ စွမ်းအားဖြစ်ပြီး တိုက်ကွက်ကို တန်ပြန် တိုက်ခိုက်လိုက်လေသည်။

လက်ရွေးစင်လူငယ်သည် ကြိုးဖြတ်ခံလိုက်ရသော စွန်ငယ်ကဲ့သို့ နောက်သို့ အရုပ်ကြိုးပြတ်လွင့်ထွက်သွားပြီး သွေးတစ်ပွက်အန်လိုက်ရသည်။ သူ့ကိုဝန်းရံထားသော အဝါရောင်အလင်းက တစ်ဝက်ကျော်ပင်ပျောက်ကွယ်သွားပြီး သူ၏ ဆွဲပြားမှာမူ ယခုအခါ အက်ကြောင်းများ ပြည့်နေတော့သည်။

သိသာစွာပင် နတ်အဆင့်ဆွဲပြားက သူ့အသက်ကို ကယ်ခဲ့ခြင်းပင်။ သို့သော် ထိုတိုက်ကွက်မျိုးကို ထပ်မံခံရပါက သူ ကံကောင်းတော့မည် မဟုတ်ပေ။ သူ့မျက်နှာမှာ သွေးဆုတ်ဖြူရော်နေကာ အကြောက်တရားများ ပြည့်နှက်နေပြီး တွေးလိုက်သည်။
” ခေါင်းဆောင်ကြီးက ငါ့ကိုပေးထားတဲ့ အသက်ကယ်မှော်ပစ္စည်းသာမရှိရင်…. အခုဆို ငါ သေနေပြီ။ ပိုင်ဟောက်.. သူ….သူက ငါ့အသက်ကို နှုတ်ယူတော့မလို့ ”

လူငယ်မှာ တစ်ကိုယ်လုံးတုန်ရီနေပြီး သူ၏ သတ္တိများလည်း ပျောက်ကွယ်သွားလေပြီ။ တစ်ချက်ကလေးပင် တုံ့ဆိုင်းမနေဘဲ သူက လိုက်ဖမ်းလိုစိတ်မှန်သမျှ ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားပြီး ထွက်ပြေးတော့သည်။ ယခုအခါ ပစ်မှတ်ကို လိုက်ဖမ်းခြင်းက အရေးမကြီးတော့ပေ။ ၄င်းမှာ သူ့အသက်ကို စွန့်စားနေရလေသည်။

” ဒီမဟာမျိုးနွယ်စုကြီးတွေက သူတို့လူတွေကို ကာကွယ်ပေးဖို့ တကယ်ကြီးနည်းလမ်းပေါင်းစုံ သံုးထားတာပါလား ”
ပိုင်ရှောင်ချန်းက မျက်မှောင်ကြုတ်ကာတွေးလိုက်သည်။ လက်ရွေးစင်လူငယ် ထွက်ပြေးသွားသည်ကို ကြည့်ရင်း သူက နှာမှုတ်လိုက်ပြီး သူ့နောက်လိုက်ရန် စဥ်းစားလိုက်သည်။ သို့သော် သူ၏မျက်နှာ ဝင်းလက်သွားပြီး သူက လှည့်၍ ခြေတစ်လှမ်းလှမ်းလိုက်ရာ လေကို ခွင်း၍ ပျောက်ကွယ်သွားတော့သည်။

အသက်ရှူချိန်အနည်းငယ်မျှသာကြာသော် ကြောက်လန့်တုန်ရီနေသော ချိုင်မျိုးနွယ်စုလက်ရွေးစင်နောက်မှ အလင်းတန်းသုံးခု ချဥ်းကပ်လာသည်ကို တွေ့လိုက်ရသည်။ တဂျိန်းဂျိန်း ထစ်ခြုန်းမြည်ဟည်းသံများ ကြားလိုက်ရပြီး စောစောက ပိုင်ရှောင်ချန်း ပျောက်သွားသည် နေရာတွင် အဘိုးအိုသုံးယောက်ပေါ်လာတော့သည်။

လက်ရွေးစင်လူငယ်သည် အဘိုးအိုများကို မြင်သောအခါ သူ၏ မျက်နှာသည် စိတ်လှုပ်ရှားမှုဖြင့် ဝင်းပသွားပြီး သူက အော်လိုက်သည်။
” အကြီးအကဲတို့ ။ သူခိုးက ပိုင်ဟောက်ဗျ။ ပိုင်မျိုးနွယ်စုရဲ့ သစ္စာဖောက် ”

ထိုအဘိုးအိုသုံးယောက်သည် မျိုးနွယ်စုအကြီးအကဲများဖြစ်ကြပြီး သူတို့ထဲမှတစ်ယောက်သည် ယင်ယန်ဝိညာဥ်အဆင့် မဟာစက်ဝန်းသို့ ရောက်ရှိထားသည်။ လက်ရွေးစင်ထံမှ သတင်းကို ကြားလိုက်ရသည်တွင် သူတို့အားလုံး၏မျက်နှာများ တင်းမာခက်ထန်သွားတော့သည်။ ထို့နောက် သူတို့က ခေါင်းညိတ်ကာ လိုက်ဖမ်းရန် ဆက်သွားလိုက်သည်။

ထိုအချိန်တွင် သရဲကြီးမြို့တော် အနီးနားရှိ တစ်နေရာတွင် အက်ကြောင်းတစ်ခုပေါ်လာပြီး ပိုင်ရှောင်ချန်းကို မြင်လိုက်ရတော့သည်။ သူခံစားနေရသည့် စိုးရိမ်သောကများကြောင့် သူ၏ အရှိန်အဝါမှာ ပရမ်းပတာဖြစ်နေသော်လည်း သူက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ သရဲကြီးမြို့တော်ထံ တဟုန်ထိုး ဦးတည်လိုက်သည်။

” ချီးပဲကွာ။ ချိုင်မျိုးနွယ်စုကလူတွေ မြန်ချက်ပဲ။ ဟိုကလေးကို ဆုံးမပြီးရုံပဲရှိသေးတယ် လူကြီးတွေက ချက်ချင်းကို ပေါ်လာတယ်။ သူတို့သာ သိပ်တော်နေရင် ငါ့ကို တစ်ယောက်ထဲ လိုက်ဖမ်းလေကွာ ”

မြို့တော်ထဲသို့ သူဝင်တော့မည့်ဆဲဆဲမှာပင် ချိုင်မျိုးနွယ်စုမှ အကြီးအကဲသုံးဦးသည် သူ့အနောက်ဘက်တွင် ပေါ်လာပြီး အလွန်လျင်မြန်စွာ လှုပ်ရှားလိုက်ကြသဖြင့် ကောင်းကင်ရှိ တိမ်များပင် တုန်ခါလာပြီး မိုးခြိမ်းသံများ လေထဲ ပြည့်နှက်သွားတော့သည်။

ပိုင်ရှောင်ချန်း မြို့တော်ထဲဝင်တော့မည်ကို သူတို့ သတိပြုမိလိုက်သောအခါ သူတို့က ပို၍မြန်သော အရှိန်ဖြင့် ရှေ့သို့ တဟုန်ထိုးတက်လာကြ၏။ သူတို့၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ တဟုန်းဟုန်း တောက်လောင်နေသည်။

” ပိုင်ဟောက် ” တစ်ယောက်က အော်ဟစ်လိုက်သည်။
” သရဲကြီးမြို့တော်ထဲမှာ မင်းက တရားဝင်ရာထူးရှိနေလဲ ငါ ဂရုမစိုက်ဘူး။ ငါတို့ချိုင်မျိုးနွယ်စုဝိညာဥ်မြေတွေထဲ ခိုးဝင်တဲ့အတွက် မင်းကို သေအောင်သတ်ပစ်ရမယ် ”

သူ၏ ကျင့်ကြံခြင်းအခြေခံသည် ယင်ယန်ဝိညာဥ်အဆင့် မဟာစက်ဝန်းတွင်ဖြစ်ရာ သူ၏ စကားလုံးများသည် တုန်ခါလှိုင်းတစ်ခုအသွင်ဖြင့် ပိုင်ရှောင်ချန်းနားစည်သို့တိုင် ရိုက်ခတ်သွားလေသည်။

ပိုင်ရှောင်ချန်းသည် ခေါင်းလှည့်ကြည့်ရန်ပင် ကြောက်လှသဖြင့် မြို့တော်ဆီသို့ တစ်ချိုးတည်း ပြေးတော့သည်။ ကြောင်တောင်တောင်ဖြစ်နေသော မြို့စောင့်များက သူ့လမ်းကို ပိတ်ရန် ရှေ့တိုးတော့မည့်အချိန်တွင် သူက မိစ္ဆာအကျဥ်းထောင် အမိန့်ပေးဆွဲပြားကို ထုတ်လိုက်ပြီးနောက် ဟိန်းဟောက်လိုက်၏။
” ငါက မိစ္ဆာအကျဥ်းထောင်က အစောင့်ကွ။ ချိုင်မျိုးနွယ်စုက ပုန်ကန်ဖို့လုပ်နေတာ။ သူတို့ကို တားကြစမ်း ”

သူ၏ စကားလုံးများသည် သရဲကြီးမြို့တော်ထဲတွင် ပဲ့တင်ထပ်သွားသဖြင့် မြို့စောင့်များ၏ မျက်နှာများထက်ဝယ် အရိပ်အယောင်အမျိုးမျိုး ဖြတ်ပြေးသွားသည်။

ထို့အပြင် သူတို့သည် ပိုင်ရှောင်ချန်း၏ အမိန့်ပေးဆွဲပြားနှင့် ချိုင်မျိုးနွယ်စုမှလူများက လိုက်ဖမ်းနေသည်ကို မြင်သည်နှင့်တစ်ပြိုင်နက် ပို၍ အုတ်အော်သောင်းနင်းဖြစ်သွားသည်။ အကြီးအကဲသုံးယောက်၏မျက်နှာများ မည်းမှောင်သွားတော့သည်။

” လုံးဝ အဓိပ္ပါယ်မရှိဘူး”

” ချိုင်မျိုးနွယ်စုက သရဲကြီးဘုရင်ကို သစ္စာရှိရှိနဲ့ အမြဲခစားခဲ့တာ။ ငါတို့နာမည်ကိုဖျက်ဖို့ လုံးဝ မတွေးနဲ့ ”

ပိုင်ရှောင်ချန်းမှာ သူ၏ဗျူဟာအလုပ်ဖြစ်ကြောင်း တွေ့ရသဖြင့် ဝမ်းမြောက်သွားလေသည်။ သူက ဟိန်းဟောက်ရင်း မြို့ထဲ ပြေးတော့သည်။ မျိုးနွယ်စုအကြီးအကဲသုံးဦးမှာ သူ့နောက်လိုက်ဖမ်းရန် ကြိုးစားသော်လည်း မြို့စောင့်များက တားဆီးလိုက်ပြီး ကင်းလှည့်နေသော အစောင့်များလည်း ပေါ်လာသည်။ စောစောက ပိုင်ရှောင်ချန်း၏ လိမ်ညာစကားများကြောင့်သာ မဟုတ်လျှင် အကြီးအကဲများမှာ မည်သည့်နည်းနှင့်မဆို သတ်ရန်ကြိုးစားနိုင်ပေသည်။ သို့သော် ယခုတွင်သာ ထိုသို့ လုပ်လိုက်ပါက ပို၍ ရှုပ်ထွေးသွားမည်ဖြစ်ပြီး တွေးလိုက်ရုံနှင့်ပင် သူတို့မှာ ကြောက်ရွံ့သွားတော့သည်။

မျိုးနွယ်စုအကြီးအကဲသုံးဦးမှာ ခံပြင်းခြင်းများနှင့် အမျက်ဒေါသများအား အတင်းမျိုချလိုက်ရပြီး အစောင့်များကို ကြိုးစားရှင်းပြလိုက်သည်။ နှောင့်နှေးနေမှုကြောင့် ပိုင်ရှောင်ချန်းသည် ကျုံးကို အရောက်သွားနိုင်လိုက်ပြီးနောက် အမိန့်ပေးဆွဲပြားကို သုံးကာ ရေထဲ ခုန်ဆင်းလိုက်တော့သည်။

” ပိုင်မျိုးနွယ်စုတစ်စုလုံးကို သစ္စာဖောက်ခဲ့တောတောင်မှ ငါ မိစ္ဆာအကျဥ်းထောင်ထဲရောက်တာနဲ့ လှုပ်တောင် လှုပ်ရဲမှာမဟုတ်ဘူး။ ဒီချိုင်မျိုးနွယ်စုကတော့ကွာ…… ငါ သူတို့ရဲ့ ဝိညာဥ်မြေလေးနှစ်ကွက်ပဲ ခိုးတာကို ။ ငါ့နောက်ဘယ်တော့မှ လိုက်ရဲမှာမဟုတ်ဘူး ”
သူ့ကိုယ်သူ အလွန်တရာကျေနပ်နေရင်း သူက ကျုံးအောက်ခြေရှိ ကျောက်လိပ်ကြီးထံဦးတည်လိုက်ပြီး ၄င်းနောက်ရှိ မိစ္ဆာအကျဥ်းထောင်ကို သွားလိုက်သည်။

သူ၏ ထင်မြင်ချက်များကား လုံးဝမှန်နေသည်။ အစောင့်များနှင့် ရှင်းလင်းပြီးနောက် ချိုင်မျိုးနွယ်စုမှ အကြီးအကဲသုံးဦးသည် ကျုံးဘေးတွင်ရပ်၍ ရေထဲသို့ ဒေါသတကြီးကြည့်နေရုံမှတစ်ပါး ရွေးချယ်စရာရှိကြပေ။ မိစ္ဆာအကျဥ်းထောင်သည်….. ဖိတ်ခေါ်မခံရဘဲ မည်သူမျှ ဝင်ရန် မကြိုးစားဝံ့သည့် နေရာတစ်ခုဖြစ်ပေသည်။

အချိန်အနည်းငယ်ကြာသော် သူတို့အားလုံးမှာ တင်းမာခက်ထန်သော မျက်နှာထားဖြင့်သာ ထွက်သွားကြရတော့သည်။

ကိစ္စများသည် အဆုံးသတ်သို့ ရောက်လာတော့မည့်ပုံပေါ်သော်လည်း စောစောက အဖြစ်အပျက်များကြောင့် မြို့တော်ထဲတွင် ပိုင်ရှောင်ချန်း၏ ပိုင်မျိုးနွယ်စုအပေါ် သစ္စာဖောက်မှုကဲ့သို့ အံသြတုန်လှုပ်ဖွယ်သတင်း ဖြစ်လာတော့သည်။ ဝိညာဥ်ကျင့်ကြံသူများအားလုံးသည် ဖြစ်ပျက်ခဲ့သမျှအကြောင်းစုံကို ကြားသွားကြပြီး ပိုင်ဟောက်နှင့် ချိုင်မျိုးနွယ်စုအကြောင်း ပြောနေကြတော့သည်။

“မင်းကြားသေးလား။ ဟိုလူပိုင်ဟောက်လေ ပြဿနာရှာလာတာတဲ့။ သူက ချိုင်မျိုးနွယ်စုရဲ့ ဝိညာဥ်မြေတွေထဲကို ခိုးဝင်ပြီး နှစ်ကွက်လုံးကို မီးလောင် တိုက်သွင်းလိုက်တာ ပြောင်သလင်းခါသွားတယ်တဲ့ ”

” သူကဗျာ ဘယ်လို ပြဿနာရှာရမလဲ ကောင်းကောင်းသိတယ်။ ပိုင်မျိုးနွယ်စုရဲ့ ပုန်ကန်သူ ဖြစ်လာရုံတင်မကဘူး ချိုင်မျိုးနွယ်စုကိုတောင် သွားရန်စလိုက်သေးတယ် ”

” ကျုပ်ကြားတာတော့ ချိုင်မျိုးနွယ်စုက သခင်လေးတွေက သူနဲ့ ဝိညာဥ်တွေကို ပြန်လုကြရင်းလေလံဆွဲကြတယ်ဆိုပဲ။ အဲဒါနဲ့ သူက ဒေါသထွက်သွားပြီး ဒီလိုဖြစ်လာတာတဲ့ဗျာ ”

” ဒီလို ကိစ္စသေးသေးလေးအတွက် ဒီလောက်လုပ်တယ်ဆိုတာ ကျုပ်ဖြင့် ယုံတောင် မယုံနိုင်ဘူး။ ပိုင်ဟောက်က ရက်စက် ကြမ်းကြုတ်တာတင်မကဘူး၊ မကျေနပ်ချက်သေးသေးလေးအတွက်တောင် လက်စားချေတယ်။ ကျုပ်ကြားတာတော့ သူ့မှာ ကောင်းကင်ဘုံကနေ မီးကို ဆင့်ခေါ်နိုင်တဲ့ အံဖွယ်ထူးကဲ နတ်ဘုရားစွမ်းရည် ရှိတယ်ဆိုပဲ ”

ထိုကောလာဟလာသတင်းစကားများအားလုံးကြောင့် ပိုင်ဟောက်၏ ဂုဏ်သတင်း ကြီးမားလာပြီး သူ၏ ကောင်းကင်ဘုံမီးနှင့် ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများအကြောင်းကို လူတိုင်း သိလာကြတော့သည်။


Comment

Leave a Reply


Options

not work with dark mode
Reset