အခန်း ( ၆၃၄ )

ငါ့ကိုသိတာ ဘာ​ေကာင်းကျိုးမှမရှိဘူးကွ

ဝိညာဥ်အစောင့်များပင် မလွတ်ပေ။ အမွှေးတိုင်တစ်တိုင်ဝက်လောင်ကျွမ်းချိန်ထက်ပင် တိုတောင်းလှသော အချိန်အတောအတွင်း ဝိညာဥ်မြေနှစ်ကွက်တွင် ဝိညာဥ်များ ပြောင်လင်းခါသွားတော့သည်။

ပိုင်ရှောင်ချန်းမှာ အနည်းဆုံး ရှေ့ဆက်လုပ်ရန် လုံလောက်သည်အထိ ရရှိလိုက်သော ဝိညာဥ်စက်လုံးအရေအတွက်ကြောင့် အလွန်ကျေနပ်သွားလေသည်။

သို့သော် နောက်ဆုံးလက်ကျန်ဝိညာဥ်များကို သူစုပ်ယူလိုက်သည့် အခိုက်အတန့်တွင် သူသည် မန္တန်အစီအရင်ရှိ တစ်ခုခုကို ဖွင့်မိလိုက်ဟန်တူရာ စူးရှတောက်ပသော အလင်းတန်းကြီးတစ်ခုက ကောင်းကင်သို့ ထိုးတက်သွားသည်။ ထိုအခြင်းအရာကြောင့် ချိုင်မျိုးနွယ်စု လျင်မြန်စွာ သတိပြုမိသွားမည်မှာ သိသာထင်ရှားလှသည်။

” ချီးပဲ။ ဝိညာဥ်မြေကို ရှင်းပစ်တာက မန္တန်အစီအရင်ကို အသက်ဝင်သွားစေတာလား”
ပိုင်ရှောင်ချန်းသည် မျက်နှာပျက်သွားကာ တွေးလိုက်လေသည်။ မန္တန်အစီအရင်၏ စူးရှတောက်ပနေသော အလင်းကြောင့် ချိုင်မျိုးနွယ်စုလူများသည် ချက်ချင်း သတိပြုမိသွားကြပြီး တအံ့တသြအော်ဟစ်လိုက်ကြကာ လေပေါ် ပျံတက်လာကြတော့သည်။

” ဘာတွေဖြစ်နေတာတုံး ”

“ဒါက…..ဒါက ဝိညာဥ်မြေတွေက လာတာမလား”

” ဘာတွေဖြစ်နေတာတုံး။ ဝိညာဥ်မြေမန္တန်အစီအရင်က ထလင်းလာတဲ့ပုံပဲ။ နေဦး ဝိညာဥ်မြေနှစ်ကွက် ”
ချိုင်မျိုးနွယ်စု ခေါင်းဆောင်ကြီးပင် ပျံထွက်လာပြီး ဝိညာဥ်မြေများရှိရာသို့ အပြေးအလွှားသွားလိုက်လေသည်။

ပိုင်ရှောင်ချန်းမှာ အလွန်အမင်းကြောက်လန့်တုန်လှုပ်နေရင်း ထွက်ပြေးရန်ပြင်လိုက်သော်လည်း တုံ့ခနဲ ရပ်လိုက်သည်။

” ဝိညာဥ်စုစည်းဆေးလုံးက ခြေရာလက်ရာကျန်ခဲ့တယ်။ လူတွေသာ အဲဒါကို အနီးကပ်ကြည့်လိုက်ရင် ငါတကယ်ဘယ်သူလဲဆိုတာ သူတွေးမိလိမ့်မယ်။ ငါ ခြေရာလက်ရာဖျောက်ရမယ်။ သူတို့ ငါ့ကို မြင်ရင်တောင်မှ ငါ့ရဲ့ သရုပ်မှန်လောက် အရေးမကြီးဘူး ”
သူက ဆယ့်သုံးရောင်ခြယ်မီးတောက်ဖန်တီးခြင်းအတွက် နောက်တစ်ကြိမ်ကြိုးစားရန် စောစောက အဆင်သင့်ပြင်ထားခဲ့သည့် ဆယ့်နှစ်ရောင်ခြယ်မီးတောက်ကို အလျင်အမြန်ဆွဲထုတ်လိုက်သည်။ ချက်ချင်းပင် သူ၏ ကိုယ်ပွားတစ်ယောက် ထွက်လာပြီး ဖန်တီးခြင်းဖြစ်စဥ်ကို မြန်စေလိုက်သည်။

သူ မည်မျှ ကျွမ်းကျင်ပိုင်နိုင်စွာ လေ့ကျင်ထားသည်နှင့် သူ၏ ကိုယ်ပွားကူညီနေသည်ကို ထည့်တွက်လိုက်ပါက အရာအားလုံးက အလွန်လျင်မြန်စွာ ဆက်သွားနေသည်။

သို့သော် မီးတောက်ဖန်တီးခြင်းသည် သူ၏ ပန်းတိုင်အစစ်မဟုတ်ပေ။ ဆယ့်သုံးရောင်မြောက် အရောင်ပေါ်လာတော့မည့်ဆဲဆဲတွင် သူ၏ ကိုယ်ပွားကျေးဇူးနှင့် မီးတောက်က မငြိမ်မသက်ဖြစ်လာလေသည်။ထို့နောက် ပေါက်ကွဲသွားတော့သည်။

ကောင်းကင်နှင့် မြေပြင်တွင် ထစ်ခြုန်းသံများ ပျံ့နှံ့သွားပြီး ခေါင်းအထက်တွင် နီရဲနေသော တိမ်တိုက်ကြီးများပေါ်လာ၏။ ထို့နောက် မရေမတွက်နိုင်သော ဆယ့်သုံးရောင်ခြယ်မီးမိုးကြိုးများ ထွက်ပေါ်လာပြီး ကောင်းကင်ယံမှ ဆင်းသက်လာကြတော့သည်။

တုနှိုင်း၍ မရအောင် ပြင်းထန်သော အပူဓာတ်ကြီးက ကောင်းကင်နှင့် မြေပြင်တွင် ပြည့်သွားပြီး ဝိညာဥ်မြေနှစ်ကွက်မှာ ချက်ချင်း မီးရှို့ဖျက်စီးခံလိုက်ရတော့သည်။

ထိုအခြင်းအရာကြောင့် ဝိညာဥ်စုစည်းဆေးလုံး၏ သဲလွန်စများ ပျောက်သွားသည်သာမက မန္တန်အစီအရင်လည်း မတည်မငြိမ်ဖြစ်သွားပြီး ပြိုလဲပျက်စီးလာတော့သည်။ အမှန်တကယ်တော့ ပိုင်ရှောင်ချန်းက မဆင်မခြင်လူသတ်တတ်သည့် လူမျိုးမဟုတ်လေရာ သူက သတိလစ်နေသည့် ချိုင်မျိုးနွယ်စု ကျင့်ကြံသူများကို အန္တရာယ်ကင်းသော နေရာတစ်ခုသို့ ပို့လိုက်လေသည်။

မီးတောက်များ ပျံ့နှံ့နေစဥ် ပိုင်ရှောင်ချန်းသည် သူလိုအပ်သော ဝိညာဥ်များကို ခိုးနိုင်ခဲ့ပြီးနောက် သက်သေကိုဖျောက်ခဲ့ရသည့်အတွက် ပီတိများဖြာနေလျက် အလင်းတန်းတစ်ခုအသွင်ပြောင်းပြီး အမြင့်ဆုံးအရှိန်ဖြင့် ပြေးတော့သည်။

” ငါ့ဝိညာဥ်တွေကို လုလို့ရတယ်လို့ ဘယ်သူပြောတုံးကွ။ ဟမ် ”
စောစောက ကိစ္စကြီးတစ်ခုကို လုပ်ခဲ့မိပြီဟု သဘောပေါက်သဖြင့် သူ ရင်တဒိန်းဒိန်းခုန်လာတော့သည်။

သို့သော် ယခုတွင် ထိုကိစ္စကို တွေးတောနေရန် အချိန်မရှိပေ။ သူ တရိပ်ရိပ်ပြေးနေစဥ် ဒေါသထွက်နေသည့်ဟိန်းဟောက်သံကြီးတစ်သံပေါ်ထွက်လာတော့သည်။

” ငါတို့ ချိုင်မျိုးနွယ်စုရဲ့ ဝိညာဥ်မြေတွေကို လာရှုပ်ရဲတယ်ပေါ့ ဟုတ်လား။ မင်းသေချင်နေပြီလားကွ”
ပုံရိပ်ရှစ်ခုသည် ဘွားခနဲပေါ်လာပြီး အလင်းကဲ့သို့ အမြန်နှုန်းဖြင့် ရွေ့လျားလာလေသည်။ သူတို့ထဲကတစ်ယောက်သည် အသက်သုံးဆယ်အောက်သာ ရှိမည့်ပုံပေါ်သော တစ်ခေါင်းလုံး ဖြူဖွေးနေသည့် လူငယ်လေးတစ်ယောက်ဖြစ်ပြီး အမြုတေအဆင့်၏ မဟာစက်ဝန်းရှိ အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။

သူက ယင်ယန်ဝိညာဥ်တစ်ပိုင်းအဆင့်သို့ ရောက်ရှိနေရာ ယင်ယန်ဝိညာဥ်အဆင့်နှင့် အလွန်နီးကပ်နေပြီဖြစ်၍ တံခါးပိတ်ကျင့်ပြီး အချိန်အနည်းငယ်ပေးလိုက်ရုံနှင့် အဆင့်တက်သွားမည် ဖြစ်ပေသည်။

အမြန်နှုန်းအရဆိုလျှင် သူသည် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ဦးနှင့်ပင် ဆင်တူနေပြီး သူက ဒေါသမီးများတောက်လောင်နေသည့် မျက်လုံးများဖြင့် ပိုင်ရှောင်ချန်းနောက်လိုက်နေသည်။ သူ့နောက်မှ ကျင့်ကြံသူရှစ်ဦးမှာမူ အမြုတေအဆင့်ကျင့်ကြံသူများဖြစ်ကြပြီး မီးလောင်ပြာချခံလိုက်ရသော ဝိညာဥ်မြေများကို မြင်သောအခါ သူတို့မျက်နှာများသည် ဒေါသများဖြင့် တောက်လောင်လာတော့သည်။

” မင်း သေချင်နေတာလား”
သူတို့က အဝေးသို့ ထွက်ပြေးနေသော ပိုင်ရှောင်ချန်းကို မြင်သောအခါ သူတို့၏ သတ်ဖြတ်လိုစိတ်များ တဟုန်းဟုန်း ထွက်ပေါ်လာလေသည်။

သူတို့ကား ပထမဆုံးပေါ်လာသည့်လူများသာဖြစ်သည်။ ထို့နောက်တွင် ယင်ယန်ဝိညာဥ်အဆင့် မျိုးနွယ်စုအကြီးအကဲများဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ ချိုင်မျိုးနွယ်စုက လျင်မြန်စွာ တုံ့ပြန်သည်ကိုကြည့်၍ ထိတ်လန့်သွားပြီး တိုက်ပွဲကြာရှည်ပါက သူဒဏ်ရာအကြီးအကျယ်ရနိုင်ကြောင်း သိလိုက်သည်။ ထို့ကြောင့် အမြင့်ဆုံးအရှိန်ဖြင့် ထွက်ပြေးလေတော့သည်။

သူအသုံးပြုနိုင်သည့် အမြန်နှုန်းကို စဥ်းစားလိုက်ပါက ချက်ချင်းပင် သူ့နောက်လိုက်နေသူများနှင့် သူ့အကြား အတော်လေးကွာဟသွားတော့သည်။ ထို့နောက် သူက ပျောက်သွားတော့သည်။

အဖြူရောင်ဆံပင်နှင့်လက်ရွေးစင်က ပိုင်ရှောင်ချန်း လွတ်တော့မည်ကို မြင်သောအခါ သူ၏ သတ်ဖြတ်လိုစိတ်များမှာ ပို၍တောက်လောင်လာတော့သည်။ တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ သူက အိတ်ကို ပုတ်၍ သားရဲအရေခွံတစ်ခုအား ထုတ်ကာ သူ့ရှေ့ပစ်လိုက်သည်။ သားရဲအရေခွံသည် ချက်ချင်းပင် မီးလောင်သွားပြီး ပြာကျသွားချိန်တွင် လူငယ်နောက်ရှိ လေထုသည် ပုံပျက်ရှုံ့တွသွားပြီး အရိပ်သားရဲတစ်ကောင် ပေါ်လာတော့သည်။

၄င်းသည် မီတာရာပေါင်းများစွာရှိသည့်တောင်ပံနှစ်ဖက်ဖြင့် ကြီးမားလှသော လင်းတကြီးတစ်ကောင်ဖြစ်သည်။ ၄င်းက ထွက်ပေါ်လာသည်နှင့် ခေါင်းနောက်လှန်ကာ ဆိုးရွားလှသော နားကွဲလုမတတ်အော်သံကြီးဖြင့် အော်ဟစ်လိုက်ကာ တောင်ပံများကို တဖျပ်ဖပ်ခတ်၍ ပျံသန်းရန်ပြင်လိုက်သည်။ တချိန်တည်းမှာပင် ချိုင်မျိုးနွယ်စု လက်ရွေးစင်သည် ၄င်းကျောပေါ် ခုန်တက်လိုက်၏။ အံသြတုန်လှုပ်ဖွယ်ကောင်းစွာ လူငယ်သည် လျှို့ဝှက်နည်းလမ်းအနည်းငယ်ကို သုံး၍ ပိုင်ရှောင်ချန်း၏ လမ်းကြောင်းအတိုင်း ခြေရာခံကာ လိုက်တော့သည်။

ပိုင်ရှောင်ချန်းသည် ခပ်ဝေးဝေး ငါး ကီလိုမီတာတွင် ပေါ်လာတော့သည်။သူက တခဏပင် မရပ်နားဘဲ သရဲကြီးမြို့တော်ကို အမြင့်ဆုံးအရှိန်ဖြင့် ဦးတည်နေတော့သည်။

” အရှိန်တင်မှပဲ ။ ချိုင်မျိုးနွယ်စုကတစ်ယောက်ယောက် ငါ့ကို မိသွားတာနဲ့ ဒုက္ခရောက်ကုန်မယ် ”
ယခုတွင် ဝိညာဥ်များလုယူရသည့် ခံစားချက်အရှိန်များအားလုံး ကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်ပြီး သူ့ရင်ထဲတွင် စိုးရိမ်သောကများနှင့် ကြောက်လန့်ခြင်းများကိုပင် ခံစားလာရတော့သည်။

” သူတို့ကြောင့် ငါဒီလိုလုပ်ရတာ ”
သူက နဖူးမှ စီးကျလာသည့် ချွေးများကို သုတ်ရင်း တွေးလိုက်သည်။ အလင်းတန်းအသွင်ဖြင့် တဟုန်ထိုးပြေးနေရာ သရဲကြီးမြို့တော်နှင့် နီးသထက် နီးလာလေသည်။ အသက်ရှူချိန်အနည်းငယ်အတွင်း သရဲကြီးမြို့သို့ သူ ရောက်တော့မည်ဖြစ်သည်။ သို့သော် ထိုအချိန်တွင် ပြင်းထန်လှသော တဝီဝီမြည်သံများ ေလထဲ ပြည့်နှက်သွားပြီး လေပြင်းများ ထွက်ပေါ်လာတော့သည်။ ၄င်းမှာ ထိမိသမျှအရာတိုင်းကို ဖျက်စီးချေမှုန်းပစ်နိုင်သော လေအမျိုးအစားဖြစ်ပြီး ပိုင်ရှောင်ချန်းကို ကြောက်လန့်သွားစေသည်။

သူက တုန်ရီသွားရင်း လှည့်ကြည့်လိုက်ချိန်တွင် သူ့ထံပြေးလာနေသည့် ဧရာမခေါင်းနှစ်လုံးလင်းတကြီးကို မြင်လိုက်ရခြင်းကြောင့် မျက်လုံးများ ပြူးလာတော့သည်။

လင်းတ၏ ကျောပေါ်တွင် ညာလက်၌ အနက်ရောင်လှံရှည်ကြီးတစ်ချောင်းကို ဆုပ်ကိုင်ထားပြီး မျက်နှာတွင် ဒေါသများဖုံးလွှမ်းနေသည့် လူငယ်တစ်ယောက်ရှိလေသည်။

” အတင့်ရဲလိုက်တဲ့သူခိုး။ ငါတို့ ချိုင်မျိုးနွယ်စုရဲ့ ဝိညာဥ်မြေတွေကို ဘယ်လိုတောင် ကျူးကျော်ရဲတာလား။ ငါမင်းရဲ့ ခန္ဓာကိုယ်ကော ဝိညာဥ်ကိုပါ သတ်ပစ်မယ်ကွ”
ထို့နောက် လင်းတကြီးသည် အရှိန်တင်လိုက်ပြီး လူငယ်က သူ၏ ကျင့်ကြံခြင်းအခြေခံ စွမ်းအားအပြည့်ဖြင့် လှံကိုလည်း ဆန့်ထုတ်ရင်း ပိုင်ရှောင်ချန်းထံပစ်လွှန်ရန် ပြင်လိုက်သည်။

ပိုင်ရှောင်ချန်းမှာ လင်းတကြီး၏ မယုံကြည်နိုင်ဖွယ်အမြန်နှုန်းကို အလွယ်တကူပင် မတုံ့ပြန်နိုင်လိုက်ပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၄င်းက သူ့အပေါ်တည့်တည့်သို့ရောက်လာပြီး ချိုင်မျိူးနွယ်စုလက်ရွေးစင်၏ လှံနက်ကြီးက သူ့ထံ ထိုးဆင်းလာတော့သည်။

ပိုင်ရှောင်ချန်းမှာ မျက်နှာပျက်သွားပြီး အော်လိုက်ကာ လက်များဖြင့် သူ့ကိုယ်သူကာကွယ်လိုက်လေသည်။

ဘုန်းးး

ပိုင်ရှောင်ချန်းသည် မီတာပေါင်းများစွာ နောက်သို့လွင့်သွားတော့သည်။ အရှိန် ရပ်တန့်သွားသောအခါ သူက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်လေည်။
” ဟင် ၊ နာလဲမနာပါလား ”

လွန်ခဲ့သည် အချိန်အနည်းငယ်အတွင်းက လူငယ်၏ တိုက်ကွက်သည် မယုံနိုင်စရာကောင်းလှ၍ ပိုင်ရှောင်ချန်းမှာ ဆိုးဆိုးရွားရွားဒဏ်ရာရတော့မည်ဟု ထင်ခဲ့လေသည်။ သို့သော် အံ့သြဖွယ်ကောင်းစွာ သူ လုံးဝမထိခိုက်လိုက်ပေ။
” အသုံးမဝင်ဘူး။ ဒီလင်းတ တော့်တော်ကို စွမ်းအားကြီးတယ်။ဒါပေမဲ့ ငါနဲ့ယှဥ်ရင် လုံးဝ အားနည်းသေးတယ်။ သူ့အမြန်နှုန်းကြီးကြောင့် မပြင်ဆင်လိုက်ရလို့သာပေါ့ ”

လင်းတပေါ်ရှိ လူငယ်သည် အံသြတုန်လှုပ်လျက် ပင့်သက်ရှိုက်ရင်း ပိုင်ရှောင်ချန်းကို ကြည့်နေမိတော့သည်။ သူ၏ လင်းတက အမြန်နှုန်းအရာတွင် ယင်ယန်ဝိညာဥ်အဆင့် မဟာစက်ဝန်းကျင့်ကြံသူကို ယှဥ်နိုင်လေသည်။ ထို့အပြင် သူသည် သူ၏ ကျင့်ကြံခြင်းအခြေခံဖြင့် လှံကို အားဖြည့်ထားခဲ့သည်ဖြစ်ရာ ယင်ယန်ဝိညာဥ်အဆင့်ရှိ လူတစ်ယောက်ကိုပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေနိုင်သည်။ သို့သော် ဤသူခိုးကား ထိခိုက်ခြင်းမရှိပေ။ လုံးလုံးလျားလျား တုန်လှုပ်သွားသော လူငယ်သည် ပိုင်ရှောင်ချန်း၏ မျက်နှာကို အနီးကပ်ကြည့်လိုက်သည်တွင် မျက်လုံးများ ပြူးကျယ်သွားတော့သည်။

“မင်း၊ မင်း၊ ပိုင်ဟောက် ”

ပိုင်မျိုးနွယ်စုကို ပုန်ကန်ခဲ့ခြင်းကြောင့် ပိုင်ဟောက်၏ မျက်နှာသည် ထိုပတ်ဝန်းကျင်တွင် အလွန်လူသိများ၏။မဟာမျိုးနွယ်စုကြီးသုံးစု၏ အရေးပါသော ကျင့်ကြံသူများအပါအဝင် လူတိုင်းက သူ့ကို သတိပြုနိုင်မည်မဟုတ်သော်လည်း လက်ရွေးစင်များအားလုံးက သူ့ပုံစံကို မြင်ဖူးထားကြလေသည်။ အလောသုံးဆယ်အခြေအနေကြောင့် ဤလူငယ်သည် သူရင်ဆိုင်နေရသည့်လူက မည်သူဖြစ်သည်ကို အာရုံမထားသော်လည်း အနီးကပ်ကြည့်လိုက်ရာတွင် အလွယ်တကူ မှတ်မိသွားတော့သည်။

ချက်ချင်းပင် စိတ်လှုပ်ရှားမှုများက သူ့၏ နှလုံးသားထဲ ကြီးစိုးလာတော့သည်။ ပိုင်ဟောက်သည် အလယ်ပိုင်း ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည့် ပိုင်မျိုးနွယ်စုခေါင်းဆောင်ကို ဖမ်းဆီးနိုင်ခဲ့သော အလွန်ရက်စက်ကြမ်းကြုတ်သည့် မကောင်းဆိုးဝါးတစ်ကောင်ဖြစ်သည်မဟုတ်ပါလော။ သူက ပိုင်မျိုးနွယ်စု၏ နတ်အဆင့်ခေါင်းဆောင်ကြီးကိုပင် ကိုယ်ထိလက်ရောက်ရန်စခဲ့သည်။ သိသာထင်ရှားစွာပင် သူကား လူသတ်ရမည်ကို လက်တွန့်နေမည့် လူစားမျိုးမဟုတ်ပေ။

” ငါ့ကို သိတယ်လား ”
ပိုင်ရှောင်ချန်းက အော်ပြောလိုက်သည်။
” အင်း၊ ငါ့ကို သိတာက မင်းအတွက် ဘာကောင်းကျိုးမှ မရှိဘူးကွ ”

သူကလက်ကို ဝှေ့ယမ်းလိုက်ရာ ချိုင်မျိူးနွယ်စုလက်ရွေးစင်ထံ လေပြင်းတစ်ချက် တိုးဝှေ့တိုက်ခတ်လာလေသည်။


Comment

Leave a Reply


Options

not work with dark mode
Reset