အနက်ရောင် ဖျက်ဆီးခြင်း မိုးကြိုးကပ်ဘေးမုန်တိုင်းက ကောင်းကင်တွင် အော်မြည်နေဆဲဖြစ်ကာ လင်းရှောင်စေတီသည် ကြောက်မက်ဖွယ်မုန်တိုင်းအတွင်း ဝါးမြိုခံထားရဆဲ ရှိသေးသည်။ မုန်တိုင်းနတ်ဆိုးက လေထုအလယ်ရှိ ပျက်ကပ်မုန်တိုင်းအတွင်း ရပ်နေပြီး လင်းဟယ်ကို ငုံ့ကြည့်လိုက်၏။ အနက်ရောင်အလင်းတန်းများက လင်းဟယ်၏ ခန္ဓာကိုယ်အနီး ရိုက်ခတ်သွားကာ သူ့အား ပျက်ရယ်ပြုသလို လုပ်ဆောင်နေသည်။
လင်းဟယ်က သူ့ခေါင်းကို မော့ကာ မုန်တိုင်းနတ်ဆိုးအား ကြည့်လိုက်သည်။ သူ့မျက်ဝန်းများထဲ၌ စိတ်ဓာတ်ကျခြင်း ရှက်ရွံ့ခြင်းများနှင့် ပြည့်နေသည်။ လင်းဟယ်က လင်းရှောင်နန်းတော်၏ သခင်ငယ်တစ်ယောက်ဖြစ်ကာ ပြီးပြည့်စုံသော မဟာလမ်းစဉ် နတ်ဝင်ရိုးနှင့် တုန်းဟွာကောင်းကင်တွင် ထူးချွန်သော တန်ခိုးရှင်တစ်ယောက် ဖြစ်သည်။ သို့သော် သူက ရီဖူရှင်းနှင့် ချောက်ကမ်းပါး၌ ဆုံတွေ့ခဲ့စဉ်မှစကာ ထပ်ကာတလဲလဲ ရှုံးနိမ့်ခဲ့ရသည်။ သူ့ဖခင် လင်းရှောင်နန်းတော်သခင်နှင့် ပျက်စီးခြင်းနတ်ဘုရားကြားမှ သဘောထားကွဲလွဲကာ ရန်စဖြစ်လာခြင်းကြောင့် ပျက်စီးခြင်းနတ်နန်းတော်မှ ရန်ဟောင်တစ်ပါးနှင့် တိုက်ခိုက်ရင်း အနိုင်ယူခံခဲ့ရသည်။
ကံမကောင်းစွာနှင့် သူက ရှုံးနိမ့်ပြန်၏။ ထိုရှုံးနိမ့်မှုက သူ့ကိုယ်သူ အရှက်ရစေရုံမျှမက တုန်းဟွာနန်းတော်အတွင်း ထိုင်နေသော သူ့အဖေကိုပါ အရှက်တကွဲဖြစ်စေသည်။
“စင်ပေါ်က ထွက်သွား။ မင်းက ငါ့ပြိုင်ဘက်လုပ်ဖို့ အဆင့်မမီဘူး။” မုန်တိုင်းနတ်ဆိုးက အေးစက်ကာ လွှမ်းမိုးနိုင်သည့် အသံနှင့် ပြောလိုက်ပြီး လင်းဟယ်အား ထပ်မံအရှက်ရစေသည်။ ကြောက်မက်ဖွယ် ရွှေရောင်နတ်အလင်းတို့က လင်းဟယ်၏ ခန္ဓာကိုယ်မှ တောက်ပလာသည်။ သူက ဆက်လက်တိုက်ခိုက်ချင်နေသေး၏။
မုန်တိုင်းနတ်ဆိုးက ဖျက်ဆီးခြင်းမုန်တိုင်းအတွင်း လျင်မြန်စွာ ရွေ့လျားခဲ့သည်။ ကပ်ဘေးမိုးကြိုးက ကောင်းကင်မှ ကျဆင်းကာ လေလမ်းစဉ်နှင့် ပေါင်းစပ်သွား၏။ မုန်တိုင်းနတ်ဆိုးက ဖျက်ဆီးခြင်းမုန်တိုင်းအတွင်း ထပ်မံရွေ့လျားလိုက်သည်။ သူက တိုက်ပွဲပုဆိန်ကို လက်နှစ်ဖက်နှင့်မြှောက်ကိုင်ကာ လင်းဟယ်အား ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေး မပေးပေ။
အနက်ရောင်အလင်းတန်းက မြင်နိုင်လောက်အောင် ထင်ရှားလာပြီး ကောင်းကင်ကို ထက်ခြမ်းခွဲမိလုနီးပါးပင်။ တိုက်ပွဲပုဆိန်က အံ့သြလောက်စရာ ခွန်အားနှင့် ရွှေရောင်လှံအား ကိုင်စွဲထားသော လင်းဟယ်ကို တိုက်ခိုက်လိုက်သည်။ ဖျက်ဆီးခြင်းစွမ်းအားက အလွန် ကြောက်မက်ဖွယ်ကောင်းလှပြီး ကမ္ဘာကိုပင် တုန်ခါသွားစေသည်။
ရွှီး…
အက်ရာများက လှံပေါ်တွင် ပေါ်ပေါက်လာသည်။ လင်းဟယ်က အဝေးသို့ လွင့်ထွက်သွားကာ သူ့ပါးစပ်မှ သွေးတို့ ပန်းထွက်လာသည်။
“ဘယ်လောက် သနားစရာကောင်းလိုက်သလဲ။”
အောက်ဘက်မှ ကြည့်ရှုနေကြသော တန်ခိုးရှင်များက လင်းဟယ်အတွက် စိတ်မကောင်းဖြစ်သလို ခံစားလိုက်ကြရသည်။ လင်းဟယ်က လင်းရှောင်နန်းတော်၏ သခင်ငယ်ဖြစ်ကာ တုန်းဟွာကောင်းကင်တွင် ကျော်ကြားသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်၏။ ထို့ပြင် သူက ပြီးပြည့်စုံသော မဟာလမ်းစဉ်နှင့် ရန်ဟောင်တစ်ပါး ဖြစ်ပြီး တုန်းဟွာကျောင်းတော်၏ တပည့်တစ်ယောက်လည်း ဖြစ်သည်။ သို့သော် ဤအခိုက်အတန့်တွင် သူက မုန်တိုင်းနတ်ဆိုး၏ရှေ့၌ အရှုံးနှင့် ရင်ဆိုင်ခဲ့ရ၏။
တုန်းဟွာနန်းတော်အတွင်း ထိုင်နေသော လင်းရှောင်နန်းတော်သခင်က မုန်တိုင်းနတ်ဆိုးကို မည်းမှောင်သော အမူအရာနှင့် ကြည့်နေသည်။ လူတိုင်းသည် သူ၏ မျက်နှာထက်၌ ဒေါသထွက်နေသော အမူအရာတို့ရှိကာ သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်ထားသော မည်းမှောင်နေသည့် စွမ်းအားတို့ကို ခံစားမိသော်လည်း ပျက်စီးခြင်းနတ်ဘုရားက ဂရုမစိုက်ပေ။ သူက အောက်ဘက်ရှိ တိုက်ပွဲအား ကြည့်ကာ မှတ်ချက်ပင် ပေးလိုက်သေးသည်။ “မဆိုးဘူး။ သူက မုန်တိုင်းနတ်ဆိုးရဲ့ တိုက်ပွဲပုဆိန်ကို ခံနိုင်ရည်ရှိသားပဲ။”
အကုန်လုံး ဆွံ့အသွားကြ၏။ ထိပ်သီးအဆင့် တန်ခိုးရှင်များအားလုံးက လင်းရှောင်နန်းတော်သခင်အား အနည်းငယ်မျှပင် သိက္ခာမဆယ်ပေးလေသည့် ပျက်စီးခြင်းနတ်ဘုရားအား ကြည့်လိုက်ကြသည်။
လင်းရှောင်နန်းတော်သခင်က ပြန်မဖြေခဲ့ပေ။ သူသည် စကားလုံးများ ပျောက်ဆုံးနေခဲ့သည်။ ဤသည်က မျှတသော တိုက်ပွဲဖြစ်သည့်အတွက် သူက ရလဒ်နှင့် ပတ်သတ်ပြီး အထွန့်တက်နိုင်ခြင်း မရှိပေ။ လင်းဟယ်က လုပ်နိုင်စွမ်း လျော့နည်းနေသည့်အတွက်သာ ထိုသို့စော်ကားမှုခံရခြင်း ဖြစ်သည်။ သူက မည်သည်ကို ပြောနိုင်ပါမည်နည်း။
ထိုအချိန်တွင် ကိုးယို့ကားယားနိုင်သော တိတ်ဆိတ်မှုက ကြီးစိုးသွားသည်။ ပထမတိုက်ခိုက်သူ နှစ်ယောက်နှင့်စာလျှင် ဤတစ်ကြိမ်မှာ အရက်စက်ဆုံးနှင့် ရန်လိုမှုအများဆုံး တိုက်ပွဲဖြစ်သည်။ ၎င်းတို့ပွဲက တုန်းဟွာနန်းတော်အတွင်း ထိုင်နေသော ထိပ်သီးပုဂ္ဂိုလ်ကြီးနှစ်ဦးနှင့် သက်ဆိုင်နေသည်။ သူတို့က အချင်းချင်း တိုက်ခိုက်ရမည့်အစား သူတို့၏ ကိုယ်စားပြုသူများကို စေလွှတ်ခဲ့သည်။
သို့ဆိုလျှင်ပင် ဘုံကိုးဆင့်ကောင်းကင်မှ ရန်ဟောင်များနှင့် အောက်ဘက်ရှိ သာမန် ပွဲကြည့်သူများက ထိုတိုက်ခိုက်မှုကြောင့် တိတ်တိတ်လေး စိတ်လှုပ်ရှားနေကြသည်။ ဤသည်မှာ ထိပ်သီးအဆင့် ကျင့်ကြံသူများကြားမှ အစစ်အမှန်တိုက်ပွဲပင်ဖြစ်ပြီး သူတို့၏ ခွန်အားကို အဆုံးစွန် ထုတ်ဖော်ပြသကြသည်။ နင်ဟွာနှင့် ‘ပျက်စီးခြင်း’၊ မုန်တိုင်းနတ်ဆိုးနှင့် လင်းဟယ် ရန်ဟောင်အားလုံးနှင့် ပရိတ်သတ်များက နောက်ထပ် မည်သူများတက်လာမလဲ သိချင်နေကြသည်။
လမ်းစဉ်မုန်တိုင်းထက်ရှိ မုန်တိုင်းက ပျောက်ကွယ်သွားပြီး မဟာလမ်းစဉ် ဖျက်ဆီးခြင်းစွမ်းအားသည်လည်း ပျက်ပြယ်သွား၏။ လင်းဟယ်က စင်မြင့်ထက်မှ ဆင်းသွားပြီး စိတ်ပျက်အားလျော့စွာနှင့် ခေါင်းငိုက်စိုက်ကျနေသည်။ သူ လျှောက်လာစဉ် မရေတွက်နိုင်သော မျက်လုံးများက သူ့ကို စိုက်ကြည့်နေကြောင်း မြင်တွေ့ရသည်။ ထိုသည်မှာ သူ့ကဲ့သို့ စိတ်ခွန်အားရှိသူအတွက်ပင် သည်းခံရန် မလွယ်ကူပေ။
သူ အခု တွေ့ကြုံခဲ့ရသည်မှာ သာမန် ပညာဖလှယ်သည့် တိုက်ပွဲမဟုတ်ဘဲ အစော်ကားခံခဲ့ရသော တိုက်ပွဲတစ်ခုဖြစ်သည်။
မည်သို့ပင်ဖြစ်စေ မုန်တိုင်းနတ်ဆိုးက လမ်းစဉ်တိုက်ပွဲစင်မြင့်ထက်မှ ဆင်းမသွားသေးပေ။ လူအများသည် သူ စင်ပေါ်တွင် ရှိနေသေးသည့်အတွက် အံ့အားသင့်နေကြသည်။ သူက နောက်ထပ် တိုက်ခိုက်ချင်နေသေးသည်လား။
သေချာသလောက်ပင် မုန်တိုင်းနတ်ဆိုးက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များရှိရာသို့ ကြည့်ကာ ပြောလိုက်သည်။ “ကျုပ် ဓားအင်ပါယာလျှို့နျန်ရဲ့ စွမ်းဆောင်ရည်ကို မြင်တွေ့ချင်မိတယ်။ ကျုပ်ကို မျက်နှာသာပေးဖို့ မျှော်လင့်ပါတယ်။”
ရီဖူရှင်း…
အားလုံးသော မျက်လုံးများက ရီဖူရှင်းထံ ချက်ချင်းရောက်ရှိလာသည်။ သူ့ကို နောက်တစ်ဖန် စိန်ခေါ်ပြန်ပြီ ဖြစ်သည်။ ထို့ပြင် ဤတစ်ကြိမ်၌ သူ့အား စိန်ခေါ်လာသူမှာ လင်းဟယ်ကို ချေမှုန်းခဲ့သည့် မုန်တိုင်းနတ်ဆိုးပင် ဖြစ်သည်။
သို့သော် မုန်တိုင်းနတ်ဆိုးက မည်မျှ အစွမ်းထက်ပါစေ သူသည် ချန်ယိထက် အားနည်းသော ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်။
ချန်ယိက လွန်ခဲ့သော နှစ်နှစ်ဆယ်ကပင် ဒဏ္ဍာရီတစ်ပါး ဖြစ်နေပြီး ဖြစ်ကာ အလင်းဓားတွင် ကျွမ်းကျင်ပိုင်နိုင်သည်။ သူ၏ အရှိန်နှင့် စွမ်းအားက လူတိုင်း စိတ်ထဲတွင် အထင်ကြီးလေးစားမှုတို့ ချန်ရစ်ထားနိုင်ခဲ့၏။
ထို့ကြောင့် မုန်တိုင်းနတ်ဆိုးက သေချာပေါက် ရီဖူရှင်းအား ရှုံးနိမ့်မည် ဖြစ်သည်။ သို့သော် ကျော်ကြားထင်ရှားလာသော ဓားအင်ပါယာလျှို့နျန်သည် လူတိုင်းက စိတ်ထက်ထက်သန်သန်နှင့် ကျော်ဖြတ်ချင်နေသော တောင်တစ်လုံး ဖြစ်လာသည်။ ထိုသည်ကပင် မုန်တိုင်းနတ်ဆိုးက လင်းဟယ်ကို အနိုင်ယူပြီးနောက် သူ့ကိုယ်သူ သက်သေပြရန် ရီဖူရှင်းအား စိန်ခေါ်ချင်နေခြင်း ဖြစ်သည်။
သူက ရီဖူရှင်းအား စိန်ခေါ်လျှင် ရှုံးနိမ့်မည်ကို သိရှိသည်။ ဤသည်က လမ်းစဉ်ရှာဖွေခြင်းတိုက်ပွဲဖြစ်ကာ ရလဒ်သည် ဒုတိယ ဖြစ်၏။ မုန်တိုင်းနတ်ဆိုးက သူအနိုင်မယူနိုင်မှန်း သိထားသည်။ သူ့အဆင့်မှ တန်ခိုးရှင်တစ်ယောက်မှာ ရီဖူရှင်း မည်မျှ အစွမ်းထက်သည်အား ပြောနိုင်သည်။
ရီဖူရှင်းက တည်ငြိမ်သောအမူအရာနှင့် ထရပ်လိုက်၏။ ဤသို့သော ပွဲမျိုးတွင် သူ့အား တစ်စုံတစ်ယောက်က အနှေးနှင့်အမြန် စိန်ခေါ်လာမည်မှာ မေးခွန်းထုတ်ရန်ပင် မလိုပေ။ သူက အစကတည်းက ကောင်းစွာ ပြင်ဆင်ထားပြီး ဖြစ်သည်။ သူနှင့် ယှဉ်နိုင်သူအား တွေ့ရန် ခက်ခဲသော်လည်း ဤအခွင့်အရေးကို အသုံးပြုကာ ထိပ်သီးအင်အားစုများမှ ပါရမီရှင်များ၏ အရည်အချင်းကို စစ်ဆေးနိုင်သည်။
သူက ရှေ့သို့ ခြေလှမ်းကာ လမ်းစဉ်တိုက်ပွဲစင်မြင့်သို့ နောက်တစ်ခါ လျှောက်လှမ်းလိုက်၏။ သူ့ရှေ့မှ မုန်တိုင်းနတ်ဆိုးကို ကြည့်ပြီး သူက ပြောလိုက်သည်။ “ကျေးဇူးပြုပြီး”
“ကျေးဇူးပြုပြီး” မုန်တိုင်းနတ်ဆိုး၏ မျက်နှာက လေးနက်သွားသည်။ သူထံတွင် လင်းဟယ်နှင့် ရင်ဆိုင်စဉ်ကကဲ့သို့ မောက်မာခြင်းနှင့် အထင်အမြင်သေးခြင်းတို့ မရှိတော့ပေ။ သိသာစွာပင် သူ၏ ပြိုင်ဘက်က မည်မျှ အားကောင်းသန်မာသည်ကို နားလည်သည်။ ရီဖူရှင်း၏ မဟာလမ်းစဉ်နတ်ဝင်ရိုးက ‘ပျက်စီးခြင်း’နှင့် ကျန်းယွဲ့လီကဲ့သို့ အကျော်အမော်များထက်ပင် သာလွန်၏။ တုန်းဟွာနယ်မြေတွင် နင်ဟွာမှတပါး အခြားသူများက ရီဖူရှင်း၏ မဟာလမ်းစဉ် နတ်ဝင်ရိုးအဆင့်ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
ထို့ပြင် ရီဖူရှင်းက မဟာလမ်းစဉ် စွမ်းအားများစွာ ကျင့်ကြံခဲ့ပြီး နတ်ဝင်ရိုးများစွာကို ပိုင်ဆိုင်ထားကာ တစ်ခုချင်းစီက ပြီးပြည့်စုံသည့် အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။
ရီဖူရှင်းက အဆင့်ငါး နတ်ဝင်ရိုးကို စမ်းသပ်ပြသစဉ်က မုန်တိုင်းနတ်ဆိုးလည်း တုန်းဟွာကျောင်းတော်၌ ရှိနေခဲ့သည်။ ရီဖူရှင်းထံ၌ အများမြင်ကွင်းတွင် ထုတ်ဖော်မပြသရသေးသော အခြားနတ်ဝင်ရိုးများ ရှိနေသေး၏။ ၎င်းက အလွန် သန်မာပြီး အဆင့်ခြောက်သို့ ရောက်နေနိုင်သည်။
ထို့ကြောင့် မုန်တိုင်းနတ်ဆိုးက ရီဖူရှင်း၏ စွမ်းရည်ကို ကောင်းစွာ သဘောပေါက်ထား၏။
“ကျေးဇူးပြုပြီး” ရီဖူရှင်းက ပြောလိုက်သည်။ ဖျက်ဆီးခြင်းမုန်တိုင်းက သူ့အထက်ကောင်းကင်တွင် စုစည်းလာသည်။ မဟာလမ်းစဉ်နယ်မြေတစ်ခုလုံးက အနက်ရောင်သို့ ပြောင်းလဲသွားပြီး ဖျက်ဆီးခြင်းအလင်းတန်းတို့က အထက်မှ ကျဆင်းလာသည်။
အေးစက်သည့် လတစ်စင်းသည် ကောင်းကင်ထက်တွင် ပေါ်ပေါက်ကာ ဆက်လက်ကြီးမားလာသည်။ ရီဖူရှင်းက လမင်းနှင့်အတူ ရွေ့လျားလိုက်သည်။ ရုတ်ချည်းပင် ထူးဆန်းသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာ၏။ လရောင်များက နေရာတစ်ခုလုံးကို အေးခဲသွားစေပြီး ကြောက်မက်ဖွယ် ဖျက်ဆီးခြင်းစွမ်းအားတို့ကို ထုတ်လွှတ်နေကာ ရီဖူရှင်းအား တိုက်ခိုက်ရန် ကြိုးစားလာသည့် တိုက်ခိုက်မှုအားလုံးကို ဖျက်ဆီးပစ်လေသည်။
“ယင်စွမ်းအား” မုန်တိုင်းနတ်ဆိုးက ရီဖူရှင်းအား တည်ငြိမ်သောအမူအရာနှင့် ကြည့်နေသည်။ အဆုံးမဲ့ ကပ်ဘေးအလင်းတို့က မုန်တိုင်းနတ်ဆိုးထံ ကျရောက်လာပြီး ထိုနေရာတဝိုက်ကို ကျယ်ပြောလှသော စွန့်ပစ်မြေအဖြစ် ပြောင်းလဲသွားစေသည်။ မုန်တိုင်းနတ်ဆိုး၏ ကြီးမားသော ခန္ဓာကိုယ်က ဆက်လက်ကြီးထွားလာပြီး သူ့ကို ပျက်စီးခြင်းစစ်နတ်ဘုရားအဖြစ် ပြောင်းလဲသွားစေ၏။ ဖျက်ဆီးခြင်းအလင်းတို့က တောက်ပလာကာ အနက်ရောင် တိုက်ပွဲပုဆိန်က ကောင်းကင်ထက်ရှိ ဖျက်ဆီးခြင်းမုန်တိုင်းအတွင်းမှ ဖြေးညင်းစွာ ကျဆင်းလာသည်။
မုန်တိုင်းနတ်ဆိုးက လက်ကို ဆန့်ထုတ်လိုက်ပြီး ပုဆိန်အား ဖမ်းယူလိုက်သည်။ ထိုအခိုက်တွင် ဖျက်ဆီးခြင်းကပ်ဘေးအလင်းတို့က ထိုးထွက်လာ၏။ ထိုအလင်းများဖြင့် လွှမ်းခြုံခံထားရသော မုန်တိုင်းနတ်ဆိုးက စွမ်းအားများ စုစည်းကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
ရီဖူရှင်းသည် တိကျပြတ်သားသော တိုက်ခိုက်မှု ပြုလုပ်လာသည့် ရည်ရွယ်ချက်ကို သေချာပေါက်နားလည်ထားသည်။
၎င်းက မုန်တိုင်းနတ်ဆိုး၏ အစွမ်းထက်ဆုံး တိုက်ကွက် ဖြစ်နိုင်ပေသည်။
ရီဖူရှင်းသည် အထက်မှ လာနေသော တိုက်ခိုက်မှု၏ ဖျက်ဆီးခြင်းစွမ်းအားကို ရှင်းလင်းစွာ ခံစားမိသည်။ ပျက်စီးခြင်းနတ်နန်းတော်မှ တန်ခိုးရှင်များက ပျက်စီးခြင်းနယ်မြေမှ လာခဲ့ခြင်း ဖြစ်သည်။ သူတို့၏ အထူးပြုစွမ်းရည်က အနည်းငယ် ဆင်တူကြ၏။
လရောင်က ထိုနေရာတခွင်ကို လွှမ်းခြုံသွားပြီး အေးစက်နေသည့် ဓားချီများအဖြစ် ပြောင်းလဲသွားသည်။ ယင်းတို့က ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ရစ်ပတ်နေကာ ကြောက်မက်ဖွယ် အရိပ်ဓားအဖြစ် ပြောင်းလဲသွားသည်။ အဆုံးမဲ့ ဓားစွမ်းရည်များက စီးဆင်းနေပြီး ထိုဝန်းကျင်တခွင်၌ စူးရှသော လေချွန်သံများ ပြုလုပ်နေသည်။
နောက်ဆုံးတွင် ဖျက်ဆီးခြင်းမုန်တိုင်းက ကောင်းကင်မှ အရူးအမူးကျဆင်းလာသည်။ မုန်တိုင်းနတ်ဆိုးက တိုက်ပွဲပုဆိန်ကို ကိုင်ထားပြီး အောက်သို့ ခုတ်ပိုင်းလိုက်သည်။ ပုဆိန်၏ မျက်စိကျိန်းဖွယ် အလင်းက ကောင်းကင်ကို ထက်ခြမ်းခွဲတော့မလိုပင်။
ကြည့်နေကြသူများသည်ပင် ထိုပုဆိန်၌ ပါဝင်နေသော ကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိကြသည်။
ပုဆိန်က အလွန် လျင်မြန်လှသည့် လျှပ်စီးကဲ့သို့အရှိန်နှင့် ရွေ့လျားနေသော်လည်း ရီဖူရှင်းအနီးချဉ်းကပ်လာသည့်အခါ တဖြေးဖြေး နှေးကွေးလာသလို ထင်မှတ်ရသည်။ ထို့နောက် လူအုပ်ကြီးသည် ရေခဲဓားတစ်လက် ထွက်ပေါ်လာပြီး လေထဲရှိ ပုဆိန်နှင့် ထိပ်တိုက်တွေ့ဆုံသွားသည်ကို မြင်လိုက်ကြရသည်။
ဓားနှင့် ပုဆိန်တို့ ထိပ်တိုက်တွေ့မိသည့်အခါ ကြောက်မက်ဖွယ် ကောင်းပုံမပေါ်ပေ။ ၎င်းတို့က မျဉ်းကြောင်းများကဲ့သို့ တစ်နေရာတည်း၌ လာရောက်ဆုံစည်းကာ တစ်ခုမှာ အခြားတစ်ခု၏ ဖျက်ဆီးရှင်းလင်းခြင်းကို ခံလိုက်ရသည်။ လူတိုင်း၏ စောင့်ကြည့်မှုအောက်တွင် ပုဆိန်ကြောင့် ဖြစ်ပေါ်လာသော အနက်ရောင်လိုင်းက တဖြေးဖြေးနှင့် အခြားတစ်ခု၏ ဖယ်ရှားပစ်ခြင်းကို ခံလိုက်ရသည်။
အလွန်တောက်ပသော အလင်းတန်းနှင့် ကောင်းကင်က လင်းချင်းသွားကာ အနက်ရောင်လောကကြီးအား ဖျက်ဆီးပစ်လိုက်၏။ မုန်တိုင်းနတ်ဆိုး၏ ခန္ဓာကိုယ်က လွင့်စင်သွားပြီး ဖျက်ဆီးခြင်းမုန်တိုင်းက လျော့ပါးသွားသည်။
“ထင်ထားသလိုပဲ။” ကြည့်ရှုနေသူများက ထိုမြင်ကွင်းကြောင့် အံ့အားသင့်သည်ထက်ပို၍ အံ့အားသင့်သွားကြသည်။ မုန်တိုင်းနတ်ဆိုးအပါအဝင် မည်သူကမှ ရီဖူရှင်းကို အနိုင်မယူနိုင်ပေ။ ရီဖူရှင်းက ဒဏ္ဍာရီဆန်သော တိုက်ခိုက်ရေးသမားပင် ဖြစ်သည်။
ဓားအင်ပါယာလျှို့နျန်က ပြိုင်ဘက်ကင်းပြီး မရှုံးနိမ့်နိုင်သောသူ ဖြစ်သည်။
လေထဲတွင် မုန်တိုင်းနတ်ဆိုးက သူ့ကိုယ်သူ ပြန်ထိန်းလိုက်ကာ ရီဖူရှင်းအား ကြည့်၍ ပြောလိုက်သည်။ “သင်ပြပေးလို့ ကျေးဇူးတင်ပါတယ်။”
ထို့နောက် သူက စိတ်ပျက်ခြင်းမရှိဘဲ လမ်းစဉ်တိုက်ပွဲစင်မြင့်ထက်မှ ဆင်းသွားတော့သည်။ ရလဒ်က သူ၏ ခန့်မှန်းချက်ကို မကျော်လွန်ခဲ့ပေ။
လင်းဟယ်က ထိုတိုက်ပွဲကို အေးစက်သော မျက်နှာနှင့် ကြည့်နေသည်။ သူ့အား ရက်စက်စွာ အနိုင်ယူခဲ့ပြီး စော်ကားခဲ့သော မုန်တိုင်းနတ်ဆိုးက ရီဖူရှင်းထံ၌ ရှုံးနိမ့်သွားခဲ့သည်။ ထိုသို့သော နှိုင်းယှဉ်မှုကြီးက သူ့အား ပို၍ ခါးသီးလာစေ၏။
သူက လင်းရှောင်နန်းတော်မှ ကျော်ကြားသူဖြစ်သော်လည်း ရီဖူရှင်းနှင့် တန်းညီခြင်းမရှိခဲ့ပေ။
ရီဖူရှင်းက လမ်းစဉ်တိုက်ပွဲစင်မြင့်ထက်မှ ဆင်းတော့မည့်အချိန်တွင် အသံတစ်ခု ထွက်ပေါ်လာသည်။ “ခဏလောက်စောင့်ပါဦး ရန်ဟောင်ရီ။”
အသံက လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်သည်။ သူတို့အားလုံးက အသံလာရာသို့ ကြည့်လိုက်မိကြလျှင် အလွန်လှပသော အမျိုးသမီးတစ်ဦး ထွက်လာသည်ကို မြင်လိုက်ရ၏။ ထိုသူမှာ နတ်မိမယ်ထိုက်ဟွာပင် ဖြစ်သည်။
နတ်မိမယ်ထိုက်ဟွာက လမ်းစဉ်တိုက်ပွဲစင်မြင့်ထက်မှ ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။ “ရှင့်အတွက် တေးသွားတစ်ပုဒ်လောက် တီးခတ်ပြနိုင်မယ့် အခွင့်အရေးများရမလား သိချင်မိပါတယ်။”
***