အခန်း ( ၆၃၃ )

ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်ခြင်း

ပိုင်ရှောင်ချန်းမှာ ကျိုးရီရှင်းကိုခေါ်ကာ တည်နေရာရွှေ့ပြောင်းခြင်း ဝင်ပေါက်မှ ထွက်ခွာသွားသည်။ သူတို့ကို နောက်ယောင်ခံလိုက်၊ မလိုက်အား စစ်ဆေးလိုက်ပြီးနောက် လမ်းတွင်တွေ့သည့် လမ်းကြားတစ်နေရာတွင်ရပ်ကာ အမောဖြေလိုက်သည်။ ထို့နောက် ပိုင်ရှောင်ချန်းမှာ သူဝယ်စရာပင်မကျန်လောက်အောင် မျိုးနွယ်စုကြီး သုံးခုက ဝိညာဥ်များစွာ ဝယ်ယူနေသည့် အကြောင်းအရင်းကို တွေးတောလိုက်သည်။ သူတို့သည် ပုံမှန်အတိုင်း ဝယ်ယူရုံသာမက လိုအပ်လျှင် ပုံမှန်စျေး၏ ဆယ်ဆတိတိကိုပင် ပေး၍ဝယ်ယူရန် အသင့်ဖြစ်နေကြသည် မဟုတ်ပါလော။

” အနိုင်ကျင့်ဖို့လောက် သိတဲ့ကောင်တွေ။ အေး… ပိုင်ရှောင်ချန်းကလည်း မီးစဥ်ကြည့်ကတတ်တဲ့ကောင်ပါကွ။ ခဏလောက်နောက်ဆုတ်ပေးပြီး ငြိမ်ငြိမ်နေပေးလိုက်ရင် ရပြီ ”
ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးမှာ အလွန်ကြောက်မက်ဖွယ်ကောင်းပြီး သူကိုယ်တိုင်သည်လည်း မြေရိုင်းဒေသထဲတွင် ပိတ်မိနေသည်ဖြစ်သဖြင့် အခြားရွေးချယ်စရာမရှိတော့ပေ။

ထိုအချိန်တွင် ကျိုးရီရှင်းမှာ အသက်ဘေးမှလွတ်မြောက်သွားပြီဖြစ်ကြောင်း ရိပ်မိလိုက်၍ လက်ယှက်ကာ ဆိုလိုက်သည်။
” ကျေးဇူးတင်ပါတယ် သခင်လေးရာ။ သခင်လေးသာ နည်းနည်းလေး နောက်ကျသွားလို့ကတော့.. ကျွန်..ကျွန်တော် သခင်လေးကို ထပ်မြင်ရမှာ မဟုတ်တော့ဘူးဗျ ”

” မင်းကို ဒီအရှုပ်ထုပ်ထဲ ဆွဲခေါ်မိလို့ ငါလည်း တောင်းပန်ပါတယ်ကွာ ” ပိုင်ရှောင်ချန်းက စာနာသည့်လေသံဖြင့် ပြန်ပြောလိုက်သည်။
“ ဒါနဲ့ ငါမင်းကို သတင်းပို့ခဲ့တဲ့ ပစ္စည်းတွေအားလုံးရော ပါလာလား ”

” အကုန်ပါတယ်ဗျ ” ကျိုးရီရှင်းက ပြန်ဖြေလိုက်သည်။ သို့သော်လည်း သူသည် မျက်နှာချက်ချင်း ပြန်မဲ့သွားတော့သည်။
” ဒါပေမဲ့ဗျာ… မျိုးနွယ်စုကြီးသုံးခုစလုံးက လူတွေက အဲဒီပစ္စည်းတွေအကုန်ကို ကျွန်တော့်ဆီက ဓားပြတိုက်သွားတာဗျ ”

” ဘာကွ ”
ပိုင်ရှောင်ချန်းမှာ မျက်လုံးပြူးကြီးများဖြင့် ထအော်လိုက်တော့သည်။

ပိုင်ရှောင်ချန်းမှာ ဒေါသထွက်လွန်းနေသဖြင့် ပေါက်ကွဲလုမတတ် ဖြစ်နေပြီဖြစ်သည်။
” တော်တော်ကို အနိုင်ကျင့်တဲ့ကောင်တွေပဲ ”
သူက စိတ်ထဲတွင် ကြိမ်းဝါးနေတော့သည်။
“ ပိုင်ရှောင်ချန်းက အခြေအနေကို အကဲခတ်တတ်ပြီး မီးစဥ်ကြည့်ကတတ်တဲ့ လူစားမျိုးဆိုပေမဲ့ ဒီတစ်ခေါက်တော့ ဘေးထွက်ထိုင်နေလို့ မရတော့ဘူးပဲ။ ဒီကောင်တွေ တော်တော် တရားလွန်သွားပြီ။ ဗိုလ်ကျဖို့လောက် သိတဲ့ကောင်တွေ။ မင်းတို့က ငါ သဘောကောင်းနေတာကို အခွင့်ကောင်းယူနေတာပဲ။ ပိုင်မျိုးနွယ်စု၊ ချိုင်မျိုးနွယ်စု၊ ချန်မျိုးနွယ်စု အားလုံးက ကောက်ကျစ်စဥ်းလဲတဲ့ လူယုတ်မာတွေနဲ့ ပြည့်နေတာပဲ ”

ထိုအခြင်းအရာကို သူ ပိုတွေးမိလာသည်နှင့်အမျှ ပိုမို ဒေါသထွက်လာကာ အရှက်ခွဲခံနေရသည်ဟု ခံစားလာရတော့သည်။ ထိုမျိုးနွယ်စုသုံးခုထံမှ သူက မည်သည်ကိုမှ မလုယူခဲ့ပါသော်လည်း သူတို့ကမူ သူ့ထံမှ လုယူနေသည်မဟုတ်ပါလော။ ပိုင်မျိုးနွယ်စုထံမှသာ သူအနည်းငယ် လုယူခဲ့သည်ဖြစ်သော်လည်း ထိုအချက်ကိုအကြောင်းပြ၍ ချိုင်မျိုးနွယ်စုနှင့် ချန်မျိုးနွယ်စုတို့မှာ သူ့ထံမှလုယူခွင့် မရှိသည် မဟုတ်ပါလော။

ပိုင်ရှောင်ချန်း ဒေါသထွက်နေသည်ကိုကြည့်၍ ကျိုးရီရှင်းက အနည်းငယ်အံ့အားသင့်သွားတော့သည်။ လတ်တလောရက်အနည်းငယ်အတွင်း ဖြစ်ပျက်နေသည့်အရာများနှင့် ပတ်သတ်၍ သူ သင်္ကါမကင်းဖြစ်နေခဲ့ရသည်။ သို့သော် ထိုသို့သောကိစ္စများကို သူ့အနေဖြင့် အချိန်ပေး၍ တွေးတောနေခြင်းမရှိပေ။

” ဒီပိုင်ဟောက်က ဘယ်သူဘယ်ဝါဆိုတာ အရေးမကြီးပါဘူးလေ ”
သူက ခေါင်းငုံ့ကာ သူ့ကိုယ်သူ သတိပေးလိုက်လေသည်။

ပိုင်ရှောင်ချန်းမှာ ဒေါသများ တထောင်းထောင်းထကာ တတွတ်တွတ်ရေရွတ်နေတော့သည်။
” ငါဒီလို ထိုင်ပြီး ငြိမ်ခံနေမယ် ထင်မနေနဲ့ ”

ထို့နောက် သူက အံကိုကြိတ်ကာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်၍ တစ်ခဏမျှ တွေးတောလိုက်လေသည်။ အဆုံးတွင် ပိုင်မျိုးနွယ်စုရှိ ဝိညာဥ်မြေကွက်များအကြောင်းကို တွေးမိလိုက်သောအခါ သူ၏မျက်ဝန်းများမှာ တောက်ပလာတော့သည်။ ထိုဝိညာဥ်မြေကွက်များဆိုသည်မှာ သေမင်းအငွေ့အသက်များနှင့် ပြည့်နှက်ပြီး အသေအချာတည်ဆောက်ထားသည့် နေရာများဖြစ်ကြသည်။ ထိုသို့သောနေရာများမှာ ဝိညာဥ်သိုလှောင်စေတီများထက်ပင် ဝိညာဥ်များကို ပို၍ လတ်ဆတ်စွာ ထိန်းသိမ်းပေးနိုင်သည်။ ထိုမျှသာမက ဝိညာဥ်များ၏ အရည်အသွေးများကိုပါ တိုးတက်လာစေနိုင်သည်။

အချက်အလက်အားလုံးကို နှိုင်းယှဥ်ကြည့်လိုက်မည်ဆိုပါက ထူးခြားသော ဝိညာဥ်သိုလှောင်စေတီတော် အမျိုးအစားအနည်းငယ်မှလွဲ၍ အခြားစေတီများမှာ ဝိညာဥ်မြေကွက်များကို မယှဥ်နိုင်ပေ။ ထို့အပြင် ဝိညာဥ်မြေကွက်များမှာ ဝိညာဥ်အကောင်အရေအတွက်ကို ပို၍များများ ထိန်းသိမ်းပေးထားနိုင်သည်။

မျိုးနွယ်စုကြီးသုံးခုထံတွင် ဝိညာဥ်မြေကွက်များက သာမန်အရေအတွက်ထက် ပို၍များနေသည်မှာ အံ့သြစရာမရှိပေ ။ ပိုင်ရှောင်ချန်း မှတ်မိသလောက်ဆိုလျှင် ပိုင်မျိုးနွယ်စုထံတွင် ထိုသို့သော မြေကွက်များ ခုနစ်ကွက်ရှစ်ကွက် အထိရှိနေသည်။၎င်းတို့အားလုံးကို မန္တန်အစီအရင်များနှင့် ကာရံထားပြီး ဝိညာဥ်ကျင့်ကြံသူများကိုလည်း အစောင့်အဖြစ်ခန့်ကာ ကာကွယ်ထားသေးသည်။ ထိုကျင့်ကြံသူများထဲတွင် ဝိညာဥ် အစောင့်များလည်း ပါရှိသေးသည်။ ထိုဝိညာဥ် အစောင့်များမှာ အစောင့်များအဖြစ် ပြောင်းလဲထားသည့် ဝိညာဥ်များဖြစ်ကြသည်။ ထိုအချက်များကြောင့် ဝိညာဥ်မြေကွက်များထဲသို့ ဝင်ရောက်ရန်မှာ အလွန်ခက်ခဲလှသည်။

ထို့အပြင် ပြင်ပမှ တစ်စုံတစ်ယောက်က အတွင်းသို့ ဝင်သွားပါက များပြားလွန်းလှသည့် ဝိညာဥ်များမှာ သူစိမ်းများကို ဝါးမျိုသွားမည်သာဖြစ်သည်။ ထိုအချက်များသာမက ဝိညာဥ်မြေကွက်များဆီမှ ဝိညာဥ်များကို ခိုးယူခြင်းမှာ မျိုးနွယ်စုကြီးသုံးခုကို ရန်စသလို ဖြစ်နေမည် ဖြစ်သဖြင့် မည်သူကမှ ထိုသို့ မခိုးယူရဲကြပေ။

” သူတို့တောင် ငါ့ ဝိညာဥ်တွေကို ခိုးသေးတာပဲ။ ငါလည်းသူတို့ဆီက ပြန်ခိုးရမှာပေါ့ ”
သူက ထိုသို့ တွေးတောလိုက်ပြီး ကျိုးရီရှင်းကို သူ့ကိုယ်သူ လူမသိသူမသိနေအောင် ပုန်းနေနိုင်မည့် နေရာတစ်ခုကို ရှာရန် အမိန့်ပေးကာ စေလွှတ်လိုက်တော့သည်။ ထို့နောက် သူက မြို့တော်အပြင် သို့ ထွက်သွားလေသည်။ သူသည် မိစ္ဆာအကျဥ်းထောင်မှ အစောင့်တစ်ယောက်ဖြစ်သည့်အတွက် သူဆန္ဒရှိလျှင် မြို့တော်ထဲမှ တစ်ခဏမျှ ထွက်ခွင့်ရှိသည်။ ထွက်ပြေးရန်ကြိုးစားပါက မြို့တော်သို့ ပြန်အခေါ်ခံရမည်ဖြစ်သော်လည်း သူ ထိုသို့ ထွက်မပြေးသရွေ့ အတိုင်းအတာတစ်ခုအထိ လွတ်လပ်ခွင့် ရရှိနေမည်ဖြစ်သည်။

မြို့ပြင်သို့ သူ ရောက်သွားသောအခါ ညနေစောင်းနေပြီဖြစ်ပြီး ချန်မျိုးနွယ်စုဆီသို့ သတိကြီးကြီးနှင့် ဦးတည်သွားလိုက်သည်။ ထိုသို့ရောက်သောအခါ သူတို့၏ ဝိညာဥ်မြေကွက်များကို မျိုးနွယ်စုရှိရာ အနီးအနားတွင်ပင် ရှာတွေ့လိုက်သည်။ သို့သော် ထိုနေရာမှာ ဝိညာဥ်များနှင့် ပြည့်နှက်နေလွန်းသဖြင့် လူမိနိုင်သည့် ရာခိုင်နှုန်း ကြီးမားလွန်းနေသည်။ အနည်းငယ် တွေးတောလိုက်ပြီးနောက် သူက ထိုလုပ်ရပ်မှာ အန္တရာယ်အလွန်ကြီးသည်ဟု ဆုံးဖြတ်လိုက်လေသည်။

” တခြား မျိုးနွယ်စု နှစ်ခုကို သွားကြည့်မယ်ကွာ ”
သူက ညအမှောင်ထုကို အသုံးချကာ ပိုင်မျိုးနွယ်စုထံသို့ ချဥ်းကပ်သွားပြန်သည်။ သို့သော် သူတို့၏ ဝိညာဥ်မြေကွက်များကို စစ်ဆေးကြည့်ရှုလိုက်သောအခါ ပိုင်မျိုးနွယ်စုထံတွင် သိုလှောင်ထားသည့် ဝိညာဥ်မှာ အနည်းငယ်သာရှိသည်ကို သိလိုက်ရသည်။

” ငါသာ သွားခိုးရင် သူတို့က ချက်ချင်းသတိထားမိမှာပဲ။ ပြီးတော့ ငါက ဝိညာဥ်အများကြီးလိုချင်တာ။ ”
ထိုသို့တွေးကာ သူက ချိုင်မျိုးနွယ်စုထံသို့ ဆက်သွားလိုက်ပြန်သည်။

ချိုင်မျိုးနွယ်စု၏ ဝိညာဥ်မြေကွက်များအနီးသို့ ရောက်သောအခါ ညဥ့်နက်နေပြီဖြစ်သည်။ ထိုနေရာသို့ရောက်သွားမှသာ သူ၏ မျက်ဝန်းများမှာ လင်းလက်စွာ တောက်ပလာတော့သည်။

ချိုင်မျိုးနွယ်စု၏ ဝိညာဥ်မြေကွက်များမှာ ချန်မျိုးနွယ်စုနှင့် မတူညီပေ။ ထိုမြေကွက်များကို ဘိုးဘေး စံအိမ်များအနားတွင် မထားရှိပဲ ကြုံရာကျပန်း အဆင်ပြေသလို နေရာချထားသည်သာ ဖြစ်သည်။ အချို့မြေကွက်များမှာ လူနေအိမ်များနှင့် အလွန်နီးကပ်နေပါသော်လည်း ကျန်မြေကွက်များမှာမူ ကီလိုမီတာ များစွာ ဝေးကွာနေသည်။ အဆောက်အဦအားလုံးနှင့် ကီလိုမီတာနှစ်ဆယ်အကွာတွင် ရှိနေသည့် မြေကွက်နှစ်ကွက်ကို ပိုင်ရှောင်ချန်းက ရှာတွေ့လိုက်လေသည်။

ထိုမြေကွက်နှစ်ကွက်ကို မန္တန်တစ်ခုထဲသာ သုံး၍ ကာကွယ်ထားသည်။ ထိုမန္တန်မှာ ညအမှောင်ထုကို အံတု၍ လင်းလက်စွာတောက်ပနေသည်။ ထိုမန္တန်အစီအရင်မှ ပေါ်ထွက်နေသည့် အငွေ့အသက်များအရ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် ၎င်းကို ခက်ခက်ခဲခဲ ဖြိုဖျက်ရမည်ဖြစ်ကြောင်း သိနိုင်သည်။

ထို့အပြင် ထို မန္တန်အစီအရင်ကို တစ်နည်းနည်းဖြင့် အနှောင့်အယှက်ပေးလိုက်မိပါက ချိုင်မျိုးနွယ်စုက ချက်ချင်း သိမည်သာဖြစ်သည်။

ထိုမန္တန်အစီအရင်၏ အတွင်းထဲမှာ ဧရာမပျားအုံကြီးတစ်ခုနှင့် ဆင်တူပြီး ဝိညာဥ်များ ဝင်ချီထွက်ချီပျံသန်းနေသော အပေါက်များစွာပါရှိသည့် အဆောက်အဦတစ်ခုရှိသည်။ ထိုဝိညာဥ်များ၏ အရေအတွက်ကို မြင်လိုက်သည်နှင့် ပိုင်ရှောင်ချန်းမှာ မှင်တက်သွားရသည်အထိပင်။

ထို့အပြင် ၎င်းဝိညာဥ်အချို့မှာ ယင်ယန်ဝိညာဥ်အဆင့်တွင် ရှိနေကြသည်ဖြစ်ပြီး အခြားသော ထူးခြားသော အမျိုးအစားနှင့်ဝိညာဥ်များမှာလည်း ရောနှောနေသေးသည်။ ၎င်းတို့အပြင် အနက်ရောင်ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသည့် ဝိညာဥ်အစောင့် တစ်သောင်းကျော်လည်း ရှိသေးသည်။ သူတို့၏ မျက်ဝန်းများမှာ လင်းလက်စွာတောက်ပနေ၏။ ထိုဝိညာဥ်အစောင့်များမှာ သူစိမ်းတစ်ယောက်က မန္တန်အစီအရင်ထဲသို့ ဝင်လာသည်နှင့် ကြောက်မက်ဖွယ်စွမ်းအားအပြည့်ဖြင့် ဝိုင်း၍တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေကြသည်။

ထို ဝိညာဥ်မြေကွက် တစ်ကွက်စီထဲတွင် ချိုင်မျိုးနွယ်စုမှ ဝိညာဥ်ကျင့်ကြံသူများ၏ အဆောက်အဦများလည်း ရှိသေးသည်။ ထိုကျင့်ကြံသူများမှာ ဒါဇင်အနည်းမျှသာရှိပြီး သူတို့၏ ကျင့်ကြံခြင်းအခြေခံမှာ အလွန်တရာ အဆင့်မမြင့်ကြသော်လည်း စွမ်းအားကြီးမန္တန်အစီအရင်မှာ သူတို့၏ လက်ထဲတွင်ရှိနေသည် ဖြစ်ရာ မတော်တဆ တစ်စုံတစ်ခု ဖြစ်ပွားခဲ့သည်ရှိသော် မျိုးနွယ်စုထံမှ စစ်ကူများ မရောက်လာမီ တစ်ခဏကိုတော့ သူတို့က တောင့်ခံထားနိုင်မည် ဖြစ်သည်။

ထိုမြေကွက်နှစ်ကွက်မှာ တစ်ကွက်နှင့်တစ်ကွက် အလွန်နီးကပ်လွန်းနေသည် ဖြစ်ရာ မျိုးနွယ်စု၏ အစောင့်များမှာ မြေကွက်တစ်ကွက်ထဲတွင် စုဝေးနေကြသည်။

ထိုသို့ စီစဥ်နေရာချထားပုံများကြောင့် မျိုးနွယ်စုကြီးသုံးခု၏ ဝိညာဥ်မြေကွက်များမှာ အပြင်လူများ ငေးကြည့်နိုင်သည့် အရာများဖြစ်ကာ ဇယားမရှုပ်ရဲကြမည့် နေရာများလည်း ဖြစ်နေတော့သည်။ သို့သော် ပိုင်ရှောင်ချန်းမှာ… အခြားလူများနှင့် မတူပေ။ ထိုအခြေအနေကို သူက လေ့လာပြီးသည်နှင့် သူ၏မျက်ဝန်းများမှာ တောက်ပလာတော့သည်။

” မင်းတို့က ငါ့ဆီကနေ ခိုးတာကိုး။ ငါက ပြန်ခိုးရတော့မှာပေါ့။ မလောက်လေး မလောက်စား ဝိညာဥ်မြေကွက်တွေကများ။ အခြားလူတွေကတော့ လက်မြှောက်အရှုံးပေးရင်ပေးလိမ့်မယ်။ ငါ့အတွက်တော့ ထမင်းစားရေသောက်ပဲဟေ့။ ငါလက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့ အဲဒီမြေကွက်တွေ ပြာကျသွားစေရမယ် ”

လိုအပ်သည့် တွက်ချက်မှုများပြုလုပ်လိုက်ပြီးနောက် သူက ရှေ့သို့ခြေတစ်လှမ်းလှမ်းကာ လေထုထဲသို့ ဖောက်ဝင်သွားတော့သည်။ အကာအကွယ် မန္တန်အစီအရင်ကိုသူက လုံးဝဂရုမစိုက်ပါသော်လည်း ထိုအစီအရင်က သူ့ကို သတိမထားမိခင်မှာပင် သူက ဝိညာဥ်မြေကွက်၏ အလယ်တည့်တည့်သို့ ရောက်ရှိသွားတော့သည်။

ထိုအဖြစ်အပျက်မှာ မြန်ဆန်လွန်းလှ၍ ချိုင်မျိုးနွယ်စု အစောင့်များမှာ တုံ့ပြန်ချိန်ပင် မရလိုက်ပေ။ ကင်းလှည့်နေသည့် ဝိညာဥ်အစောင့်များမှာလည်း အံ့သြလွန်းသဖြင့် မှင်တက်နေကြတော့သည်။

မျိုးနွယ်စုအစောင့်များမှာ မျက်လုံးများပြူးသွားကြပြီး ပိုင်ရှောင်ချန်းကို တစ်ခဏမျှ စိုက်ကြည့်နေလိုက်ကြတော့သည်။ ခဏအကြာတွင် အစောင့်တစ်ယောက်က မယုံကြည်နိုင်သည့်လေသံဖြင့် ဆိုလိုက်တော့သည်။
” မင်း ”

သို့သော် မည်သည့်အရာမှ ဆက်ဖြစ်မလာခင်မှာပင် ပိုင်ရှောင်ချန်းက လက်သီးချက်တစ်ချက် ထိုးနှက်လိုက်တော့သည်။

ထို လက်သီးချက်မှာ ချိုင်မျိုးနွယ်စုကျင့်ကြံသူများထံ တိုးဝင်သွားသောအခါ အုန်းခနဲအသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး သူတို့အားလုံးမှာ ပါးစပ်ထဲမှသွေးများပန်းထွက်ကာ နောက်သို့လွင့်စင်သွားပြီး သတိမေ့မျောသွားကြတော့သည်။

ထိုအချိန်တွင် ဝိညာဥ်အစောင့်များမှာ သတိပြန်လည်လာပြီး စူးစူးရှရှအော်ဟစ်ကာ ပိုင်ရှောင်ချန်းထံသို့ ပြေးလာကြတော့သည်။ သို့သော် ထိုအချိန်တွင် သူက မြေပြင်ပေါ်သို့ ခြေထောက်ကိုဆောင့်ချလိုက်သောအခါ ကန်ရေပြင်ပေါ်သို့ ကျောက်တုံးတစ်တုံးကျသွားသည့်အလား တုန်ခါမှုလှိုင်းများ ပျံ့နှံ့သွားတော့သည်။ ထိုလှိုင်းများကြောင့် လေပေါ်တွင်ဝဲနေသည့် ပျားအုံကဲ့သို့ အဆောက်အဦကြီးထဲမှ ဝိညာဥ်အုပ်ကြီးတစ်အုပ်က စူးစူးရှရှအော်ဟစ်သံများနှင့်အတူ ထွက်ပေါ်လာကြတော့သည်။

ထိုဝိညာဥ်များစွာကို မြင်လိုက်ရသည့်အခါ ပိုင်ရှောင်ချန်း၏ နှလုံးခုန်နှုန်းများ မြန်လာတော့သည်။ သူက စိတ်လှုပ်ရှားနေပါသော်လည်း တွေဝေမနေပဲ ဝိညာဥ်စုစည်းဆေးလုံးတစ်လုံးကို ပစ်ပေါက်လိုက် တော့သည်။

” ငါ မြန်မြန်လုပ်မှရမယ်။ လျှပ်တစ်ပြက်အတွင်း လှုပ်ရှားမှရမယ် ”

သူက ဝိညာဥ်စုစည်းဆေးလုံးများစွာကို ထပ်မံပစ်ပေါက်လိုက်သောအခါ ထွက်ပေါ်လာသည့် အနက်ရောင်ကျဥ်းကြီးများက အော်ဟစ်နေကြသည့် ဝိညာဥ်များကိုစုပ်ယူကာ ဝိညာဥ်စက်လုံးများအသွင်ပြောင်းလဲလိုက်ကြရာ တဂျုန်းဂျုန်းမြည်ဟည်းသံများဖြင့် ဆူညံနေတော့သည်။

” ကောင်းလှပါလား။ ရွှေတွင်းကြီးပဲဟေ့ ”
သူက စိတ်လှုပ်ရှားစွာဖြင့် ဒုတိယ ဝိညာဥ်မြေကွက်ကိုလှမ်းကြည့်ပြီး ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်ရန် ဆုံးဖြတ်လိုက်တော့သည်။ သူ၏ ဝိညာဥ်စက်လုံးများအားလုံးကို စုစည်းလိုက်ပြီးနောက် လှစ်ခနဲလှုပ်ရှားကာ ဒုတိယ ဝိညာဥ်မြေကွက်ထဲသို့ ရောက်သွားပြီး စောစောကအတိုင်း ထပ်မံ လုပ်ဆောင်လိုက်တော့သည်။


Comment

Leave a Reply


Options

not work with dark mode
Reset