Switch Mode

အပိုင်း(၂၀၃၇)

မုန်တိုင်းနတ်ဆိုး

လူတိုင်းက ဤတိုက်ပွဲရလဒ်အား ခန့်မှန်းထားပြီးဖြစ်သော်လည်း ဖြစ်စဉ်က ထိတ်လန့်ဖွယ် ကောင်းနေဆဲ ဖြစ်သည်။ မဟာလမ်းစဉ် နတ်ဝင်ရိုး၏ ဖိနှိပ်မှုအောက်တွင် ‘ပျက်စီးခြင်း’က အနိုင်ယူခံခဲ့ရသည်။

ထိုသို့သော ဖျက်ဆီးမှုမျိုးရှိသည့် နင်ဟွာ၏ မဟာလမ်းစဉ်နတ်ဝင်ရိုးသည် မဟာလမ်းစဉ် ချိပ်စည်းစွမ်းအားများ ပါဝင်နေသည့်အတွက်ကြောင့် အခြားသူများနှင့် ခြားနားနေပေသည်။ ပြိုင်ဘက်၏ လမ်းစဉ်ကို ဖိနှိပ်လိုက်သည့်အခါ ပြိုင်ဘက်၏ စွမ်းရည်သည် ချိပ်ပိတ်ကာ ကန့်သတ်ခံလိုက်ရပြီး ပြန်လည်တိုက်ခိုက်နိုင်စွမ်းကို ဆုံးရှုံးသွားလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် ဆက်လက်၍ မတိုက်ခိုက်တော့လျှင်ပင် နှစ်ဖက်လုံးက ရှောင်လွှဲမရသော ရလဒ်အား သိရှိပြီး ဖြစ်ပေလိမ့်မည်။

ထို့ပြင် ‘ပျက်စီးခြင်း’၏ မဟာလမ်းစဉ်နတ်ဝင်ရိုးက ပို၍ အားနည်းသည်။

ဤမျိုးဆက်တွင် ဒုနယ်မြေသခင်ထက် မည်သူက ပို၍ အားကောင်းမည်နည်းဟု မရေတွက်နိုင်သော လူများက တိတ်တဆိတ် တွေးလိုက်ကြသည်။ နတ်ဘုရားတို့ ချီးမြှင့်သော ပါရမီနှင့် နင်ဟွာသည် တုန်းဟွာနယ်မြေ၏ ဤမျိုးဆက်တစ်ခုလုံးတွင် စံနမူနာယူဖွယ်ပင် ဖြစ်လေသည်။ မည်သူကမှ ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။ သူသည် မူလကတည်းက ထူးချွန်သူဖြစ်ပြီး ထိပ်ဆုံးကို ရောက်၍ တုန်းဟွာနယ်မြေ၏ နယ်မြေသခင်အဆင့်တန်းကို ဆက်ခံနိုင်သည်အထိ တစ်လှမ်းချင်း ရှေ့သို့ ဆက်လှမ်းနေမည် ဖြစ်သည်။

“စီနီယာအစ်ကိုရဲ့ ခန့်မှန်းချက်က ဒက်ထိကို မှန်တာပဲ။ သံသယဝင်စရာကို မလိုဘူးဗျာ။” ရီဖူရှင်းက သူ့ဘေးမှ လီချန်ရှန်းအား ပြောလိုက်သည်။

“ကောင်းကင်ဝင်ရိုး နတ်ကြေးမုံက မလိမ်ဘူး။ ပြီးတော့လည်း ‘ပျက်စီးခြင်း’က ဒုနယ်မြေသခင်ထက် နည်းနည်းနိမ့်တယ်လေ။ သူက မဟာလမ်းစဉ် ချိပ်စည်းစွမ်းအားကို တန်ပြန်တိုက်ခိုက်နိုင်ရင်တောင် ရလဒ်က အတူတူပဲ ဖြစ်နေဦးမှာ။ ဒါကြောင့် သူ့ရဲ့ နတ်ဝင်ရိုးက အဆင့်တူမဟုတ်တဲ့ အခြေအနေမှာ သူက အရမ်းထူးချွန်နေရင်တောင် သူ နိုင်ဖို့ မျှော်လင့်ချက်မရှိဘူး။ ဒါပေမယ့် ဘယ်နေရာကို ရောက်ရောက် အမြဲရပ်တည်နိုင်သူတချို့ ရှိတယ်။ သေချာပေါက် နင်ဟွာက ဒီလိုအမျိုးအစားထဲမှာ ပါတယ်။” လီချန်ရှန်းက ရီဖူရှင်းအား အသံပို့လွှတ်ကာ ပြောရင်းက ဆက်ပြောလာသည်။ “ဒါပေါ့။ မင်းလည်း ဒီအမျိုးအစားထဲမှာ ပါတယ်။ ဒီအမျိုးအစားထဲမှာ ပါတဲ့ လူတွေက အနာဂတ်မှာ ဟိုးနေရာမှာ ထိုင်ရမယ့် ကံကြမ္မာရှိတယ်။”

ထို့နောက် သူက တုန်းဟွာနန်းတော်အထက်သို့ မော့ကြည့်လိုက်၏။

“စီနီယာအစ်ကို ကျွန်တော့်ကို အရမ်းမြှောက်ပင့်လွန်းနေပါပြီ။” ရီဖူရှင်းက ရယ်မောလိုက်သည်။ သူသည် လီချန်ရှန်း ဆိုလိုသည်အား နားလည်ပေသည်။ လောကတွင် မရေတွက်နိုင်သော တန်ခိုးရှင်များစွာရှိပြီး ပါရမီရှင်ဟူသည်က ရှားပါးခြင်း မရှိပေ။ ပါရမီရှိသော အရည်အချင်းကို ပိုင်ဆိုင်ထားသူက ပြီးပြည့်စုံသော နတ်ဝင်ရိုးကို ဖွဲ့စည်းနိုင်ပြီး အဆင့်မြင့်ရန်ဟောင်အဆင့်ကို ချိုးဖျက်သည့်အခါ ချို့ယွင်းချက်ကင်း မဟာလမ်းစဉ် ကျန်ရစ်အောင် စွမ်းဆောင်နိုင်စွမ်းရှိသည်။

သို့သော် ထိုပါရမီရှင်များ၏ အထက်၌ နောက်ထပ် အမျိုးအစားတစ်ခု ရှိသေးသည်။ သူနှင့် နင်ဟွာကဲ့သို့သော လူများသည် အခြားလူများနှင့် တူညီသော ကမ္ဘာလောက၌ ရှိမနေပေ။

သိသာစွာပင် လီချန်ရှန်း၏ သူ့အပေါ် ချီးကျူးမှုက ချီးမွမ်းမှုအားလုံး၏ အမြင့်ဆုံးတွင် ရှိသည်။

နင်ဟွာနှင့် ‘ပျက်စီးခြင်း’တို့သည် သူတို့၏ သက်ဆိုင်ရာနေရာသို့ ပြန်သွားကြ၏။ သူတို့က စကားမပြောကြပေ။ သူတို့သည် ထိုတိုက်ပွဲနှင့် ပတ်သတ်၍ မေ့ပစ်လိုက်ပြီးဖြစ်သည့်အတွက် ဖြစ်နိုင်သည်။ သို့သော် ‘ပျက်စီးခြင်း’၏ အမူအရာက သိပ်မကောင်းလှပေ။ နင်ဟွာက မည်သို့မှမဖြစ်သလို ပြုမူနေစဉ် သူက မည်သည့်စကားမှမဆိုသော်လည်း ဖြူဖျော့နေသည်။

တုန်းဟွာနန်းတော်ထဲရှိ ပျက်စီးခြင်းနတ်ဘုရားက မည်သည့်စကားမှ မဆိုပေ။ သို့သော် လင်းရှောင်နန်းတော်သခင်က ရယ်မောရင်း ပြောလိုက်သည်။ “‘ပျက်စီးခြင်း’က ပျက်စီးခြင်းနတ်ဘုရားရဲ့ စွမ်းအားတွေကို ဆက်ခံပြီး အလွန် ထူးခြားသာလွန်တဲ့ ခွန်အားကို ပိုင်ဆိုင်ထားတယ်။ ပျက်စီးခြင်းနတ်ဝင်ရိုးက ထုတ်လွှတ်တဲ့ စွမ်းအားက ကမ္ဘာပျက်ကိန်းတောင် ဆိုက်တော့မလို အရမ်း သာလွန်အားကောင်းတယ်။ နှမြောစရာက အဲဒါက နင်ဟွာကို မသက်ရောက်စေဘဲ သူ့ခွန်အားကို အပြည့်အဝ ထုတ်ဖော်ခွင့်မရလိုက်တာပဲ။ ဒါပေမယ့် နင်ဟွာဆိုတာက တုန်းဟွာကောင်းကင်မှာ နံပါတ်တစ်ဖြစ်တာကြောင့် ပျက်စီးခြင်းနတ်ဘုရားအနေနဲ့ သိပ်စိတ်ပူနေစရာမလိုပါဘူး။ အနာဂတ်မှာ သူက ကျုပ်တို့အားလုံးထက်တောင် ပိုပြီး ထူးချွန်သာလွန်လာမှာဖြစ်လို့ ‘ပျက်စီးခြင်း’ ရှုံးသွားတယ်ဆိုတာ နားလည်နိုင်စရာပါပဲ။”

“နင်ဟွာကို နယ်မြေသခင်က ဂရုတစိုက် ကျင့်ကြံပေးခဲ့တာကြောင့် သူ့ရဲ့ထူးချွန်မှုကတော့ အံ့မခန်းပါပဲ။ ‘ပျက်စီးခြင်း’ရဲ့ ရှုံးနိမ့်မှုက သူ့ကို ပိုပြီး ကြိုးစားအားထုတ်စေဖို့ ခွန်အားဖြစ်လိမ့်မယ်။” ပျက်စီးခြင်းနတ်ဘုရားက ပြောလိုက်သည်။ “ကျုပ်ကြားတာတော့ လင်းရှောင်နန်းတော်ရဲ့ သခင်ငယ်လေးက သူ့ကိုယ်သူ အစွမ်းထက်တယ်လို့ တွေးပြီး ရီလျှို့နျန်ကို အထင်သေးလျှော့တွက်ခဲ့တယ်တဲ့။ သူက နောက်ပိုင်း ရှုံးနိမ့်ခဲ့ပေမယ့် အဲဒီကနေ သင်ခန်းစာယူပြီး သူ့ကျင့်ကြံဆင့်က ပိုသန်မာလာတဲ့အခါ ဒုတိယအခွင့်အရေး ရလာနိုင်မှာပါ။”

“…”

လူတိုင်းက တုန်းဟွာနန်းတော်အတွင်းသို့ ထူးဆန်းသော အကြည့်များနှင့် ကြည့်လိုက်သည်။ ကြည့်ရသည်မှာ ထိုပုဂ္ဂိုလ်ကြီးများသည်ပင် အချင်းချင်း စတင်၍ ရန်လိုကြပုံရလေ၏။

လင်းရှောင်နန်းတော်သခင်သည် နယ်မြေသခင်ဘက်၌ ရပ်တည်နေသည်ကို ပျက်စီးခြင်းနတ်ဘုရားက မကျေနပ်သဖြင့် လင်းဟယ်နှင့် ပတ်သတ်၍ ခနဲ့လိုက်ခြင်း ဖြစ်သည်။

“ရီလျှို့နျန်ကလည်း ထူးချွန်တာပဲ။ ကောင်းကင်ဝင်ရိုးနတ်ကြေးမုံရှေ့မှာ သူ့ရဲ့ အဆင့်က ‘ပျက်စီးခြင်း’အပါအဝင် တခြားလူတွေထက် နည်းနည်းတောင် မနိမ့်ဘူး။ လင်းဟယ် သူ့ကို ရှုံးတာ အံ့အားသင့်စရာမှ မဟုတ်တာ။” လင်းရှောင်နန်းတော်သခင်က အပြုံးနှင့် ပြောလိုက်သည်။ သူက အတော်လေး စိတ်မကျေမနပ်ဖြစ်နေသော်လည်း ဖော်ပြခြင်း မပြုခဲ့ပေ။ ထိုနှစ်ယောက်ကြားမှ စကားအသွားအလာက တဖြေးဖြေး ထက်ရှလာ၏။

“အင်း၊ ဖြစ်နိုင်ပါတယ်။” ပျက်စီးခြင်းနတ်ဘုရားက ခေါင်းညိတ်လိုက်သည်။ သူက ပြောလိုက်၏။ “မင်းတို့ထဲက ဘယ်သူများ လင်းရှောင်နန်းတော်သခင်ငယ်ရဲ့ ခွန်အားကို စမ်းကြည့်ရဲကြမလဲ။”

“…”

လူတိုင်း၏ အာရုံက ပျက်စီးခြင်းနတ်ဘုရားထံ ကျရောက်သွားပြီး တုန်းဟွာနန်းတော်အတွင်းရှိ တန်ခိုးရှင်များမှာ မည်သည့်စကားမှမဆိုဘဲ ပြုံးရုံသာ ပြုံးနေကြသည်။ သူတို့က ပြပွဲတစ်ခုကို ကြည့်ရန် စောင့်ဆိုင်းနေကြသည်။

ပျက်စီးခြင်းနတ်ဘုရားက အမြဲ အထက်စီးဆန်၍ အေးစက်စွာနှင့် ရန်လိုနေဆဲပင် ဖြစ်သည်။ ‘ပျက်စီးခြင်း’က ရှုံးနိမ့်သွားသော်လည်း သူက နင်ဟွာ၏ အနိုင်ယူခြင်းကို ခံခဲ့ရခြင်းဖြစ်ကာ လင်းရှောင်နန်းတော်၏ တစ်စုံတစ်ယောက်ထံမှ မဟုတ်ပေ။ လင်းရှောင်းနန်းတော်သခင်၏ မှတ်ချက်ကို ပျက်စီးခြင်းနတ်ဘုရားက ကျေနပ်စွာ လက်ခံလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် ဤသည်မှာ တုန်းဟွာနန်းတော်အတွင်းမှ ထိပ်သီးပုဂ္ဂိုလ်ကြီးတစ်ယောက်က ပထမဆုံးအကြိမ် သူ့ကိုယ်သူ စိန်ခေါ်သူအဖြစ် ကမ်းလှမ်းခြင်း ဖြစ်သည်။

တန်ခိုးရှင်များ၏ အပြုအမူတို့က အမြဲ အောက်ဘက်ရှိ လူတိုင်း၏ မျက်လုံးထဲတွင် ထင်သာမြင်သာရှိပေသည်။ ပျက်စီးခြင်းနတ်နန်းတော်တွင် တန်ခိုးရှင်များစွာ ရှိပြီး ဤတစ်ကြိမ်လာရောက်သော တန်ခိုးရှင်များမှာ ‘ပျက်စီးခြင်း’သာမက အခြား အစွမ်းထက် တန်ခိုးရှင်များ ပါဝင်သည်။ သို့သော် ‘ပျက်စီးခြင်း’က ပျက်စီးခြင်းနတ်ဘုရား၏ ဆက်ခံသူ ဖြစ်သောကြောင့် သူက အာရုံစိုက်အခံရဆုံး ဖြစ်၏။ တုန်းဟွာနယ်မြေ၏ အနောက်ပိုင်းနယ်မြေတွင် ‘ပျက်စီးခြင်း’အပြင် ပျက်စီးခြင်းကုန်းမြေ ပျက်စီးခြင်းနတ်နန်းတော်မှ အခြား အစွမ်းထက်ပုဂ္ဂိုလ်များလည်း ရှိသည်။

ပျက်စီးခြင်းနတ်ဘုရားက ကိုယ်တိုင်ပြောလာရာ ဤတိုက်ပွဲက ကျိန်းသေ အနိုင်ရနိုင်သည်။

ထို့ကြောင့် ပျက်စီးခြင်းနတ်နန်းတော်မှ အားလုံးသော မျက်လုံးများက တူညီသောလူတစ်ယောက်ထံ ကျရောက်လာသည်။ သိသာစွာပင် တန်ခိုးရှင်များသည် မည်သူက စိန်ခေါ်သူဖြစ်သင့်ကြောင်း သဘောတူညီချက် ထားရှိပြီး ဖြစ်၏။

“ပျက်စီးခြင်းနတ်နန်းတော်ရဲ့ မုန်တိုင်းနတ်ဆိုး။” လီချန်ရှန်းက ထိုလူကို ကြည့်ကာ ရေရွတ်လိုက်သည်။ “သူက အလွန်သန်မာပြီး ပျက်စီးခြင်းနတ်နန်းတော်မှာ သူ့အဆင့်အတန်းက ‘ပျက်စီးခြင်း’ပြီးရင် ဒုတိယလိုက်တယ်။”

“မုန်တိုင်းနတ်ဆိုး။”

လူအများက သူ့ကို သတိပြုမိကြသည်။ ထိပ်သီးအင်အားစုမှ ကျင့်ကြံသူများက ထိုအစွမ်းထက် တန်ခိုးရှင်များကို အနည်းအကျဉ်း နားလည်ထားကြသည်။ လင်းရှောင်နန်းတော်မှ လူများမှာ ထိုလူကို မြင်သောအခါ သူတို့၏ အမူအရာက ပြောင်းလဲသွားကြသည်။ သူတို့သည် ယခင်က မုန်တိုင်းနတ်ဆိုး၏ တိုက်ခိုက်မှုကို မမြင်ဖူးခဲ့ကြသော်လည်း သူတို့ မည်မျှ သန်မာအားကောင်းသည်ကို ကြားဖူးကြ၏။

လင်းဟယ်က သူ့ပြိုင်ဘက်အား ရိုက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

မုန်တိုင်းနတ်ဆိုးက ကြီးမားတုတ်ခိုင်ကာ လွှမ်းမိုးနိုင်စွမ်းရှိသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူထွက်ပေါ်လာသည့်အခါ ပို၍ပင် ခမ်းနားထည်ဝါပုံရလေသည်။ အသက်လေးဆယ်ခန့်ရှိပုံရကာ သူ့မျက်လုံးများက ထက်ရှပြီး အားကောင်းလှသည့် ဖိနှိပ်မှုအရှိန်အဝါ ရှိသည်။

သူ မတ်တပ်ရပ်လိုက်သည့်အခါ သူက ‘ပျက်စီးခြင်း’ထက် ပိုမိုအရပ်မြင့်သည်။ သူက လင်းဟယ်အား ကြည့်လိုက်ပြီးနောက် တိုက်ပွဲစင်မြင့်ဆီ လျှောက်ကာ ပြောလိုက်သည်။ “ဒီကိုလာခဲ့။”

အသံက အထင်အမြင်သေးခြင်းနှင့် ပြည့်နေ၏။ သူက စကားပြောရန် အာရုံမစိုက်ချင်ပုံရလေသည်။

ရှင်းလင်းစွာပင် သူ၏ စကားလုံးများက လင်းဟယ်ထံ ရည်ရွယ်နေခြင်း ဖြစ်သည်။

ယင်းသည် လင်းဟယ်၏ မျက်နှာကို ရှုံ့မဲ့သွားစေသည်။ မုန်တိုင်းနတ်ဆိုးက ပျက်စီးခြင်းနတ်နန်းတော်တွင် ကျော်ကြားသူဖြစ်လျှင်ပင် လင်းဟယ်သည်လည်း တုန်းဟွာနယ်မြေတွင် ကျော်ကြားသူဖြစ်ကာ လင်းရှောင်နန်းတော်၏ နန်းတော်သခင်လည်း ဖြစ်သည်။ သူသည် အခြားသူများက သူ့ကို ထိုသို့စော်ကားမော်ကားပြုမူရန် အခြားသူများအား မည်သို့ ခွင့်ပြုနိုင်ပါမည်နည်း။

လင်းဟယ်က မတ်တပ်ရပ်ကာ မုန်တိုင်းနတ်ဆိုးနောက်သို့ လိုက်သွား၏။ သူတို့နှစ်ယောက်က တိုက်ပွဲစင်မြင့်ထက်သို့ တစ်ယောက်ပြီးတစ်ယောက် ခြေလှမ်းလိုက်ကြသည်။

တိုက်ပွဲစင်မြင့်ထက် ရောက်လာသည်နှင့် မုန်တိုင်းနတ်ဆိုးက အရှေ့မှသွားနေရင်း လင်းဟယ်အား ကျောပေးလျက်နှင့် ရပ်လိုက်သည်။ သူ လှည့်လိုက်သည့်အခါ သူ့အနီးတွင် ဖျက်ဆီးခြင်းမုန်တိုင်းတစ်ခု ပေါ်ပေါက်လာပြီး ထိုမုန်တိုင်းက ကောင်းကင်သို့ ထိုးတက်သွားကာ ကြောက်မက်ဖွယ် အနက်ရောင်မိုးကြိုးတိမ်တိုက်တို့ ဖြစ်ပေါ်လာသည်။ မရေတွက်နိုင်သော အနက်ရောင်အလင်းတို့က မဟာလမ်းစဉ်၏ ကပ်ဘေးကဲ့သို့ ကျဆင်းလာ၏။

အနက်ရောင်အလင်းတို့က ကောင်းကင်တွင် လွှမ်းခြုံလာပြီး ဖျက်ဆီးခြင်းမုန်တိုင်းက ပို၍ ကြောက်မက်ဖွယ် ကောင်းလာသည်။ လေပြင်းများက အရာအားလုံးကို ဖြတ်တောက်နိုင်သော ဓားတစ်လက်ကဲ့သို့ လင်းဟယ်ထံ တိုးဝင်လာသည်။ ဤမုန်တိုင်းက စုစည်းလာသည့်အခါ လေဟာနယ်ကို တစစီစုတ်ဖြဲနိုင်စွမ်း ရှိ၏။

အနက်ရောင်ဖျက်ဆီးခြင်း မိုးကြိုးမုန်တိုင်းအတွင်း ကြီးမားသည့် အနက်ရောင်မိုးကြိုး တိုက်ပွဲပုဆိန်တစ်လက် ထွက်ပေါ်လာသည်။ လေထဲတွင် ရပ်နေသည့် မုန်တိုင်းနတ်ဆိုးက ဖျက်ဆီးခြင်းမုန်တိုင်းအတွင်း တိုးဝင်သွားကာ တိုက်ပွဲပုဆိန်ကို ဆုပ်ကိုင်လိုက်သည်။ ဖျက်ဆီးခြင်းနတ်ဆိုးကဲ့သို့ သူက အောက်ဘက်ရှိ လင်းဟယ်ကို ကြည့်လိုက်သည်။

လင်းဟယ်၏ ခေါင်းထက်တွင် လင်းရှောင်စေတီ ပေါ်ပေါက်လာပြီး ကောင်းကင်၌ ရစ်ဝဲနေသည်။ စေတီ၏ အဆုံးမဲ့အရိပ်များက ပြည့်နှက်လာကာ ရွှေရောင်အလင်းတို့ကို ထုတ်လွှတ်၍ လေဟာနယ်ကို ဖိနှိပ်ထားသည်။ တစ်ချိန်တည်းတွင် နတ်အလင်းများတောက်ပနေသည့် ရွှေရောင်လှံတစ်လက်က သူ့လက်ထဲတွင် ထွက်ပေါ်လာသည်။

စေတီ၏ အဆုံးမဲ့ အရိပ်များက ကောင်းကင်ကို ဖိနှိပ်ရန် ကြိုးစားလာ၏။ သို့သော်လည်း ထိုနေရာရှိ ကောင်းကင်တွင် ဖျက်ဆီးခြင်းမိုးကြိုးမုန်တိုင်းတို့နှင့် ပြည့်နေသည်။ မဟာလမ်းစဉ်က သွေ့ခြောက်ကာ ရှင်သန်ခြင်းလက္ခဏာရပ်များက ရှင်းလင်းခံလိုက်ရသည်။ ရွှေရောင်အလင်းက မုန်တိုင်းအတွင်း တိုးဝင်လာသော်လည်း ဖျက်ဆီးခြင်းမုန်တိုင်း၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။ ကြောက်မက်ဖွယ် အနက်ရောင်အလင်းတန်းများက လင်းရှောင်စေတီပေါ် ကျရောက်လာကာ မဟာလမ်းစဉ်နတ်ဝင်ရိုးကို ပြင်းထန်စွာ တုန်လှုပ်သွားစေပြီး စေတီပေါ် ဓားတစ်လက်ရိုက်ခတ်မိသလို စူးရှသော အသံထွက်ပေါ်လာသည်။

လင်းရှောင်စေတီက ပို၍ ကြီးမားလာပြီး ကောင်းကင်နှင့် နေကို ဖုံးလွှမ်းကာ မုန်တိုင်းနတ်ဆိုးကို တိုက်ရိုက်ဖိနှိပ်ရန် ကြိုးစားသည်။

သို့သော် မုန်တိုင်းနတ်ဆိုးက လေထဲတွင် ဝံ့ကြွားစွာရပ်နေခဲ့ပြီး အလွန် ပြင်းထန်သည့် စွမ်းအားက ပတ်ဝန်းကျင်ကို ပျံ့နှံ့လာ၏။ သူ၏ ကြီးမားပြီး လွှမ်းမိုးနိုင်သည့် အသွင်က စစ်ပုဆိန်အား ကိုင်ဆောင်ထားသည့် ပြိုင်ဘက်ကင်း မုန်တိုင်းနတ်ဘုရားနှင့် ဆင်တူသည်။ ထိုကြောက်မက်ဖွယ် ဖျက်ဆီးခြင်းမုန်တိုင်းက လင်းရှောင်စေတီသို့ တိုက်ရိုက်တိုးဝင်သွားကာ ဖိနှိပ်ခြင်းစွမ်းအားကို သက်ရောက်စေသည်။ စေတီက ကြောက်မက်ဖွယ်မုန်တိုင်းကို တိုက်ခိုက်နေသော်လည်း ထိုမုန်တိုင်းက အောက်သို့ ဆက်လက်ဖိနှိပ်နေဆဲ ဖြစ်၏။

တစ်ချိန်တည်းတွင် လင်းဟယ်ကလည်း လှုပ်ရှားလိုက်သည်။ လင်းရှီလှံမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာကာ လေဟာနယ်ကို တိုက်ရိုက်ထိုးဖောက်လာ၏။ ရွှေရောင်အလင်းများ ဖြာထွက်နေသော နတ်လှံက လေဟာနယ်ကို ဖြတ်ကာ မုန်တိုင်းနတ်ဆိုးအား တိုက်ရိုက် တိုက်ခိုက်လိုက်သည်။

သို့သော် ထိုအခိုက်တွင် မုန်တိုင်းနတ်ဆိုး၏ သန်းချီသော ဖျက်ဆီးခြင်းအလင်းတန်းတို့ကို သယ်ဆောင်ထားသည့် စစ်ပုဆိန်ကလည်း ကျဆင်းလာပြီဖြစ်ကာ ပြိုင်ဘက်၏ လှံကို ရိုက်ခတ်လိုက်ပြီး ကမ္ဘာပျက်ကပ်ကဲ့သို့ စွမ်းအားများ ပေါက်ကွဲထွက်လာသည်။

ထိုနှစ်ယောက်၏ တိုက်ခိုက်မှုတို့ ထိခတ်သွားသောအခါ လင်းဟယ်က ပျောက်ကွယ်သွား၏။ ထိုပြင်းထန်သော တိုက်ခိုက်မှုနှင့် သူက ဆက်သွယ်ကာ လှုပ်ရှားလိုက်သည်။ လှံက သူ၏ စိတ်ဆန္ဒအတိုင်း ရွေ့လျားနိုင်စွမ်းရှိသလို အခြားသောနေရာတွင် တိုက်ရိုက် ထွက်ပေါ်လာပြီး တိုက်ခိုက်မှုကို ဆက်လက်လုပ်ဆောင်လိုက်သည်။ ၎င်းသည် ရွှေရောင်ပုံရိပ်ယောင်များကဲ့သို့ ထင်မှတ်ရသော်လည်း ထိုစွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းစွာ လေဟာနယ်ကို ဆက်လက်ထိုးဖောက်လာသည်။

ဘန်း….

လေပြင်းက တိုက်ခတ်လာသော်လည်း မုန်တိုင်းနတ်ဆိုး၏ တုံ့ပြန်မှုက ပို၍ မြန်ဆန်သည်။ သူ့လက်တွင်းမှ စစ်ပုဆိန်က လေထဲသို့ လွှဲယမ်းကာ မုန်တိုင်းနှင့် ပေါင်းစပ်သွားသည်။ ၎င်းက နှိုင်းယှဉ်မရသော ရောင်စဉ်များကို ထုတ်လွှတ်ကာ လင်းရှီးလှံထံသို့ နောက်တစ်ကြိမ် ရိုက်ခတ်လာသည်။

“သူတို့နှစ်ယောက်ရဲ့ တိုက်ခိုက်မှုအရှိန်က အရမ်းမြန်တာပဲ။” ကြည့်နေသူများသည် သူတို့ရှေ့တွင် ဝေဝေဝါးဝါး ပုံရိပ်များကိုသာ မြင်ရသည်။ အနက်ရောင်ဖျက်ဆီးခြင်းမုန်တိုင်းအတွင်း လင်းဟယ်၏ မရေတွက်နိုင်သော ပုံရိပ်ယောင်များ ပေါ်ပေါက်လာကာ မတူညီသော နေရာများသို့ ဖြန့်ကျက်လာသည်။ ပုံရိပ်ယောင်တစ်ခုချင်းစီက ရွှေရောင်လှံရိပ်တစ်ခုချင်းစီနှင့် လိုက်ပါလာ၏။ များလှစွာသော လှံများက အချိန်တိုလေးအတွင်း ထွက်ပေါ်လာသည်။

သို့သော် တိုက်ခိုက်မှုတိုင်းက တန်ပြန်တိုက်ခိုက်ခံရသည်။

“လင်းရှီလှံက လူ၊ လှံနဲ့ လမ်းစဉ်ကြားမှာ ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှုဖြစ်လာအောင် လုပ်ဆောင်ပေးတာကြောင့် ဆန္ဒရှိသလို လှုပ်ရှားနိုင်တယ်။ အဲဒါက ပိတ်ဆို့တားဆီးခံရရင်တောင် ချက်ချင်း ချိုးဖျက်နိုင်ပြီး နောက်ထပ် တစ်နေရာကနေ အဆက်မပြတ် တိုက်ခိုက်နိုင်တယ်။ ဒါပေမယ့် မုန်တိုင်းနတ်ဆိုးရဲ့ ပုဆိန်ကလည်း အတူတူပဲ။ သူက လေပွေတစ်ခုလို အရှိန်အဟုန်နဲ့ လှုပ်ရှားနိုင်တယ်။ ကြောက်စရာကောင်းတာက ဒီလေလမ်းစဉ်က သူ့ရဲ့ စစ်ပုဆိန်တိုက်ခိုက်မှုကို ပိုသန်မာလာစေပြီး အရှိန်အဟုန်ကို အဆက်မပြတ် တိုးမြှင့်ပေးတယ်။”

မြူနှင်းဝေနတ်နန်းတော်မှ ကျန်းယွဲ့လီက ပြောလိုက်သည်။ သူမက ဂျူနီယာလေးများကို တိုက်ပွဲအား ပိုမိုနားလည်နိုင်စေရန် ရှင်းပြနေခြင်း ဖြစ်သည်။

တခဏအတွင်း သူတို့နှစ်ယောက်က အကြိမ်ပေါင်းများစွာ တိုက်ခိုက်ပြီး ဖြစ်သည်။ ထို့နောက် ပုံရိပ်တစ်ခုက လေဟာနယ်မှ ထိုးဆင်းလာကာ လင်းရှီလှံကလည်း ရွှေရောင်အလင်းတန်းကဲ့သို့ မြန်သထက်မြန်လာသည်။ တစ်ချိန်တည်းတွင် မုန်တိုင်းက ချက်ချင်း ရပ်တန့်သွားပြီး ယခင်ကလောက် လွတ်လပ်စွာ မစီးဆင်းနိုင်တော့ပေ။

လင်းရှီလှံက ရိုက်ခတ်သွားသည့်အခါ ပြင်းထန်သောမုန်တိုင်းသည် ၎င်းကို ဆန့်ကျင်တိုက်ခတ်လာကာ လေဟာနယ်အား စုတ်ဖြဲလိုက်၏။ နတ်ဆိုးမုန်တိုင်းက သာမန်မျက်စိဖြင့်ပင် မမြင်နိုင်လောက်အောင် အလွန် လျင်မြန်စွာ ရွေ့လျားနေသည်အား လူတိုင်းမြင်လိုက်ကြသည်။ သို့သော် နောက်တခဏတွင် အနက်ရောင်ပုဆိန်အလင်းက ကောင်းကင်ထက်မှ ထွက်ပေါ်ကာ အောက်သို့ ကျဆင်းလာပြီး ကောင်းကင်ကို ခွဲပစ်လိုက်သည်။

ထို့နောက်တွင် စိတ်ကူး၍ပင်မရအောင် အလွန်လျင်မြန်လှသော ရွှေရောင်အလင်းတန်းများက ထိုးထွက်လာသည်။ နောက်ဆုံးတွင် လင်းဟယ်က တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပြီး ကောင်းကင်မှ နတ်ဆိုးမုန်တိုင်းအား စိုက်ကြည့်နေသည်။ သူသည် ချောင်းတစ်ချက်ဆိုးလိုက်ကာ သွေးတို့အန်ထွက်လာပြီး သူ့မျက်နှာက အနည်းငယ် ဖြူဖျော့နေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset