အခန်း ( ၆၃၂ )

ကောင်းကင်နက္ခတ်များ ပြောင်းလဲသွားသောအခါ

ထိုသတင်းကို ကြားလိုက်ရသည်တွင် ပိုင်ရှောင်ချန်း၏ မျက်ဝန်းများမှာ ပို၍နီမြန်းသွားရတော့သည်။ ကျိုးရီရှင်းတစ်ယောက်ထဲ အသက်အန္တရာယ်ကြုံနေရပါက သူလက်ခံနိုင်ဦးမည်ဖြစ်သော်လည်း သူ၏ ဝိညာဥ်များကို တစ်စုံတစ်ယောက်က ခိုးယူရန် ကြိုးစားနေခြင်းကိုမူ သူလုံးဝ သည်းမခံနိုင်ပေ။

ယခုလက်ရှိတွင် ပိုင်ရှောင်ချန်းမှာ အရာအားလုံးထက် ဝိညာဥ်များကိုသာ ပို၍ လိုချင်နေသည်။ မြို့တော်ထဲရှိ မည်သည့်ဆိုင်မဆို ဝိညာဥ်များကို မရောင်းတော့သဖြင့် ကျိုးရီရှင်းတစ်ယောက်သည်သာလျှင် သူ၏ နောက်ဆုံးမျှော်လင့်ချက်ဖြစ်သည်။

” ငါးကြိမ်လောက်ထပ်ပြီး လေ့ကျင့်လိုက်ရင် ဆယ့်ငါးရောင်ခြယ်မီးတောက်ကို ဖန်တီးလို့ရပြီ။ အခုလောလောဆယ် ငါ့ဝိညာဥ်တွေကိုခိုးယူဖို့ကြိုးစားနေတဲ့လူမှန်သမျှ ငါ့ရန်သူပဲ။ ”
သူက ဒေါသထွက်နေပြီး မင်းသားနှစ်ယောက်နှင့် ရန်ပြိုင်ဖြစ်ရန် အချိန်မရှိတော့သဖြင့် တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ရှိရာဘက်သို့ ပြေးသွားတော့သည်။

သူက အပြင်သို့ရောက်သည်နှင့် လေပေါ်သို့ပျံတက်လိုက်ပြီး သူ၏ မိစ္ဆာအကျဥ်းထောင် အမိန့်ပေးဆွဲပြားကို လည်တွင် ဆွဲလိုက်တော့သည်။ မြို့တော်အတွင်း ပျံသန်းခြင်းများကို ပိတ်ပင်တားမြစ်ထားပါသော်လည်း ကင်းလှည့်နေသည့် မြို့တော်အစောင့်များက သူ၏ လည်ဆွဲကိုမြင်ပြီး မည်သူမည်ဝါဖြစ်ကြောင်းကို သိသွားကြသောအခါ မမြင်ချင်ယောင်သာ ဆောင်လိုက်ကြတော့သည်။

သူသည် တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်နှင့် အတော်လေးနီးေနခဲ့ရာ လေပေါ်တွင်ပျံသန်းနေသည့် အချက်နှင့်ပေါင်းစပ်လိုက်သောအခါ အသက်ရှူကြိမ်အနည်းငယ်အတွင်း သူ၏ပန်းတိုင်သို့ ရောက်သွားတော့သည်။

သူက အလင်းတန်းတစ်ခုအသွင်ဖြင့် လေထုထဲတွင် တဂျုန်းဂျုန်းမြည်အောင် ဖြတ်ပျံသွားသောအခါ ဘေးဘီဝဲယာရှိ လူအနည်းငယ်က သူ့ကို အာရုံစိုက်လာကြတော့သည်။ မြေပြင်ပေါ်သို့ မဆင်းသက်ခင်မှာပင် တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်၏ အရှေ့ဘက်တွင် ကျိုးရီရှင်းကို တွေ့လိုက်ရသည်။ သူသည် ကျင့်ကြံသူတစ်ဒါဇင်ခန့်ရှိသော လူအုပ်ကြီးထံမှ ရုန်းကန်နေရသဖြင့် သူ၏မျက်နှာပေါ်တွင် မျှော်လင့်ချင်ကင်းမဲ့နေသည့် အရိပ်အယောင်များ အတိုင်းသားပေါ်နေသည်။ ထိုကျင့်ကြံသူများထဲမှ တစ်ယောက်မှာ ပိုင်မျိုးနွယ်စုထံမှ ပိုင်ရှောင်ချန်းထွက်ပြေးခဲ့စဥ်က ဖမ်းဆီးခဲ့သည့် မျိုးနွယ်စုခေါင်းဆောင်ပင် ဖြစ်သည်။

သခင်မချိုင်လည်း ပါဝင်နေပြီး သူမ၏နောက်တွင် ပိုင်မျိုးနွယ်စုမှ နောက်လိုက်တစ်အုပ်စုရှိနေသည်။ အခြား ဝိညာဥ်ကျင့်ကြံသူနှစ်ယောက်လည်း ရှိသေးပြီး သူတို့၏ အဝတ်အစားများအရ သူတို့သည် အခြားမျိုးနွယ်စုကြီးနှစ်ခုမှ ဖြစ်ကြောင်းကို သိနိုင်သည်။

ပိုင်ရှောင်ချန်းက သူတို့အနီးသို့ရောက်သွားသောအခါ မျိုးနွယ်စုခေါင်းဆောင်က သူ၏ လက်ကိုဆန့်ထုတ်လိုက်သဖြင့် ကျိုးရီရှင်း၏ ဘေးပတ်လည်တွင် အနက်ရောင်လေပွေတစ်ခု ပေါ်ပေါက်လာပြီး သူ့ကိုချုပ်နှောင်လိုက်ရာ ထွက်ပြေး၍မရနိုင်အောင် ဖြစ်သွားတော့သည်။

ထိုသို့ အန္တရာယ်ထဲရောက်နေသည့် ကျိုးရီရှင်းကို မြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်းက အော်ဟစ်လိုက်တော့သည်။
” အတင့်ရဲလှပါလား။ မလောက်လေးမလောက်စား ပိုင်မျိုးနွယ်စုကများ ”

သူ၏ အသံမှာ မိုးခြိမ်းသံများအလား ပဲ့တင်ထပ်သွားသောအခါ ပိုင်မျိုးနွယ်စုမှ လူအုပ်ကြီးက လှည့်ကြည့်လိုက်ကြတော့သည်။ အသံပိုင်ရှင်ကို သခင်မချိုင်က မြင်လိုက်ရသောအခါ အလန့်တကြားအော်ဟစ်လိုက်တော့သည်။
” ပိုင်ဟောက် ”

ပိုင်ဟောက်၏ ဖခင်ဖြစ်သော မျိုးနွယ်စုခေါင်းဆောင်မှာ လေပေါ်သို့မော့ကြည့်လိုက်သောအခါ တုန်ရီစပြုလာတော့သည်။ သူပြန်ပေးဆွဲခံခဲ့ရသည့် ပုံရိပ်များက သူ၏အတွေးထဲတွင် ပြန်ပေါ်လာသောအခါ သူက အံကြိတ်ကာ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
” ပိုင်ဟောက် ”

ပိုင်မျိုးနွယ်စုမှ အခြားအဖွဲ့ဝင်များမှာလည်း အံ့အားသင့်နေကြပြီး ပိုင်ဟောက်ကြောင့် သူတို့၏နှလုံးသားထဲတွင် ထင်ကျန်ခဲ့ရသည့် အရှက်ရစရာကိစ္စများကို ပြန်လည်အမှတ်ရသွားတော့သည်။

” ပိုင်ဟောက်ပါလား ”

” ခေါင်းဆောင်ကြီးက အဲဒီတုံးက သူ့ကိုမသတ်နိုင်ခဲ့ဘူး။ သရဲကြီးဘုရင်က သူ့ကိုခေါ်သွားတာလေ ”

ကျိုးရီရှင်းမှာ ငိုမဲ့မဲ့ ဖြစ်နေပြီး သူ၏နှလုံးသားကို ကြီးမားသောအန္တရာယ်ကြီးတစ်ခုနှင့် ကြုံတွေ့နေသည့်ခံစားချက်ကြီးက ဝါးမျိူထားသည်။
” ကျွန်တော်မျိုးကို ကယ်ပါဦး သခင်လေး ”

မျိုးနွယ်စုခေါင်းဆောင်၏ မျက်ဝန်းများမှာ ဒေါသမီးများဖြင့် တောက်လောက်နေတော့သည်။ လူသတ်ဝိညာဥ် ဆူးချွန်များကို စုံစမ်းစစ်ဆေးကြည့်လိုက်သောအခါ တရားခံက ကျိုးရီရှင်းဖြစ်ကြောင်းကို ဖော်ထုတ်နိုင်ခဲ့ပြီး ပိုင်ရှောင်ချန်းနှင့် တွဲ၍အလုပ်လုပ်နေသည်ကိုလည်း သိရှိခဲ့ရသည်။ ထို့ကြောင့် ဤမြို့တော်သို့ သူရောက်လာသည့်အချိန်အတောအတွင်း သူ့ကိုသေချာစောင့်ကြည့်ကာ ပြန်ပေးဆွဲရန် ကြိုးစားခဲ့ကြသည်။

သို့သော် ယခုတွင် ပိုင်ရှောင်ချန်း ပေါ်ထွက်လာပြီဖြစ်၍ မျိုးနွယ်စုခေါင်းဆောင်က သူ၏အစီအစဥ် ကိုပြောင်းလဲလိုက်တော့သည်။ ကျိုးရီရှင်းကို ပြန်ပေးမဆွဲပဲ အသေသတ်တော့မည်သာ ဖြစ်သည်။ သူက အေးစက်စက် နှာမှုတ်လိုက်ပြီး ကျိုးရီရှင်းရှိရာဘက်သို့ လက်ကိုဆန့်ထုတ်ကာ ဆုပ်ကိုင်သည့် ပုံစံပြုလိုက်သောအခါ အနက်ရောင်လေထုကြီးမှာ လေဓားတစ်ချောင်းအသွင်ပြောင်းလဲသွားတော့သည်။

” သရဲကြီးမြို့တော်မှာ မင်းကရာထူးကြီးနေလို့ မင်းကိုထိလို့ ရချင်မှရမယ် ” သူက ကြိမ်းဝါးလိုက်လေသည်။
” ဒါပေမဲ့ မင်းရဲ့နောက်လိုက်ကို ငါသတ်လို့မရဘူးလို့ ဘယ်သူမှမပြောထားဘူးကွ ”

ကျိုးရီရှင်းမှာ သူ၏ရှေ့တွင် မျှော်လင့်ချက်တစ်ခုပေါ်ပေါက်လာပြီဟု ခံစားလိုက်ရပါသော်လည်း ထိုမျှော်လင့်ချက်များနေရာတွင် အနက်ရောင် လေဓားကြီးတစ်ချောင်းက အစားထိုးဝင်ရောက်လာပြီး သူ့ကိုခုတ်ထစ်ရန် ပျံဝဲလာနေတော့သဖြင့် သူ၏နှလုံးသားကို စိတ်ပျက်အားငယ်မှုများက လွှမ်းမိုးသွားပြန်သည်။ ဤအခြင်းအရာများမှာ ဖော်ပြရသည်သာ ကြာသော်လည်း မီးတစ်ခတ်စာ အချိန်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ ထိုအခြင်းအရာများကို မြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်း၏ မျက်လုံးများမှေးသွားပြီး အရှိန်ကိုတင်လိုက်တော့သည်။

သူက တောင်ဖြိုသိုင်းမဟုတ်ပဲ ထာဝရပြုစားခြင်းသိုင်းကို သုံးနေသည်။

သူ့ကိုကြည့်နေသူတိုင်း၏ မြင်ကွင်းထဲတွင် သူက မှုန်ဝါးသွားတော့သည်။ သူ၏အမြင်တွင်မူ ပတ်ဝန်းကျင်တစ်ခုလုံးမှာ နှေးကွေးသွားတော့သည်။ ထို့နောက် သူကပျောက်ကွယ်သွားတော့သည်။ ထိုစဥ် လေဓားကြီးမား ကျိုးရီရှင်းကို ခုတ်ထစ်လုနီးပါးဖြစ်နေသဖြင့် သူက သနားဖွယ်ကောင်းလောက်အောင် ငိုကြွေးနေတော့သည်။ သို့သော် ပိုင်ရှောင်ချန်းမှာ ကျိုးရီရှင်း၏ရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာပြီး အော်ဟစ်သံတစ်သံ ပေါ်ထွက်လာတော့သည်။

ပိုင်ရှောင်ချန်းမှာ လက်ကိုဆန့်ထုတ်ကာ လေဓားကြီးကို ဆတ်ခနဲရိုက်လိုက်တော့သည်။

ဝုန်းးး

ထိုလေဓားကြီးမှာ အစိတ်စိတ်မြွှာမြွှာ ကွဲအက်သွားပြီး အရပ်မျက်နှာပေါင်းစုံသို့ လွင့်စင်သွားတော့သည်။ တချိန်ထဲမှာပင် ပိုင်မျိုးနွယ်စု ကျင့်ကြံသူများအားလုံးမှာလည်း နောက်သို့ဆုတ်ခွာသွားကြတော့သည်။

မျိုးနွယ်စုခေါင်းဆောင်၏ မျက်လုံးများကျဥ်းမြောင်းသွားပြီး ရှေ့သို့တစ်ခြေတစ်လှမ်းတိုးကာ ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး လှမ်းပြောလိုက်သည်။
” သေချင်နေတာလား ပိုင်ဟောက် ”

ချက်ချင်းပင် သရဲများနှင့် ဝံပုလွေများ၏ ငိုယိုသံများကို ကြားလိုက်ရတော့သည်။ သူသည် ပိုင်မျိုးနွယ်စု၏ အမှတ်အသားဖြစ်သော လျှို့ဝှက်မှော်သိုင်းကိုသုံးကာ သူ၏နတ်ဘုရားအာရုံကို အရိပ်သရဲများစွာအဖြစ် ပြောင်းလဲကာ ပိုင်ရှောင်ချန်းဆီသို့ စေလွှတ်လိုက်ခြင်းဖြစ်သည်။

” ကျုပ်က ခင်ဗျားကြီးကို အရင် တစ်ခေါက်တုံးက အနိုင်ယူပြီးပြီ။ ဒါကို ခင်ဗျားကြီးက နောက်တစ်ခေါက် ထပ်တိုက်ခိုက်ရလောက်အောင် ဉာဏ်နည်းနေတုံးလား ”
ပိုင်ရှောင်ချန်းမှာ နောက်သို့ဆုတ်ကာ အံ့အားသင့်နေသည့် ကျိုးရီရှင်းကို ဝင်တိုက်ကာ အဝေးသို့ လွင့်စင်သွားအောင် လုပ်လိုက်တော့သည်။

ထို့နောက် ပိုင်ရှောင်ချန်းက မျိုးနွယ်စုခေါင်းဆောင်ကို စိုက်ကြည့်လိုက်ပြီး သူ၏ကိုယ်ပွားလေးခုကိုထုတ်လိုက်တော့သည်။ ထိုကိုယ်ပွားလေးခုပေါ်ထွက်လာသောအခါ သူတို့အားလုံးက မျိုးနွယ်စုခေါင်းဆောင်ဘက်သို့ လက်သီးတစ်ချက်တစ်ချက်စီ တစ်ပြိုင်နက်တည်း ထိုးနှက်လိုက်တော့သည်။

ထိုအခါ သရဲကြီးမြို့တော်တစ်ဝက်နီးပါး ဖုံးလွှမ်းသွားနိုင်သည့် ဝုန်းခနဲအသံကျယ်ကြီးတစ်သံ ပေါ်ထွက်လာတော့သည်။ ချက်ချင်းပင် သူတို့ရှိရာအရပ်သို့ အလင်းတန်းများစွာ ပျံသန်းလာကြတော့သည်။

” မြို့တော်ထဲမှာ မှော်သိုင်းတွေသုံးပြီး တိုက်ခိုက်ခွင့်ကို တားမြစ်ထားတယ်လေ။ အခုချက်ချင်း ရပ်လိုက်ကြစမ်း ”

” အခုချက်ချင်း ရပ်စမ်း ”
မြို့တော်အလယ်ရှိ သရဲကြီးရုပ်ထုဆီမှ အသံများသာမက အံ့သြဖွယ် နတ်ဘုရားအာရုံများ ထွက်ပေါ်လာကြသည်။

တချိန်ထဲမှာပင် ပိုင်ရှောင်ချန်းနှင့် သူ၏ကိုယ်ပွားများမှာ မျိုးနွယ်စုခေါင်းဆောင်ကို ဝင်ဆောင့်လိုက်ကြပြီးနောက် နောက်ဘက်သို့ ဒယိမ်းဒယိုင်နှင့် ပြန်လည်ဆုတ်ခွာလာကြတော့သည်။ မျိုးနွယ်စုခေါင်းဆောင်မှာ ပါးစပ်ထဲမှ သွေးများစီးကျလာပြီး အသက်ပြင်းပြင်းရှူနေရင်း ပိုင်ရှောင်ချန်းကို ဒေါသတကြီး ကြည့်နေတော့သည်။

ပိုင်ရှောင်ချန်းမှာလည်း နောက်သို့ဆုတ်ခွာနေသည်ဖြစ်ပြီး ဒဏ်ရာတော့ မရလိုက်ပေ။ ပိုင်မျိုးနွယ်စုကို သရဲကြီးမြို့တော်အတွင်း တိုက်ခိုက်ရခြင်း၏ ကောင်းကျိုးဆိုးကျိုးများကို သူကချင့်ချိန်တွက်ဆနေစဥ် မြို့စောင့်များ၏ အသံများနှင့် နတ်ဘုရားအာရုံများ ပေါ်ထွက်လာသဖြင့် သူကစိတ်အေးသွားတော့သည်။

ပိုင်ရှောင်ချန်းက လုံးဝတွေဝေမနေပဲ အော်ဟစ်ပြောလိုက်တော့သည်။
” မိစ္ဆာအကျဥ်းထောင်က လူတစ်ယောက်ကို ချုံခိုတိုက်ခိုက်ရတဲ့အထိ အတင့်ရဲလှပါလား အဘိုးကြီးပိုင်ရ။ ဒါက သရဲကြီးမြို့တော်ကွ။ ပိုင်မျိုးနွယ်စု မဟုတ်ဘူး။ ကျုပ်က မိစ္ဆာအကျဥ်းထောင်က ပိုင်ဟောက်ပဲ။ ဒီလူတွေက ဒေသန္တရ စည်းမျဥ်းဥပဒေတွေကို ဖောက်ဖျက်နေတာပဲ။ ကျုပ်ကို အုပ်စုလိုက် တိုက်ခိုက်ရုံတင်မကပဲ သရဲကြီးမြို့တော်ကိုပါ မရိုမသေ မလေးမစားလုပ်နေတာပဲ ”
ထိုသို့အော်ဟစ်ကာ သူက ကျိုးရီရှင်းကို ဆွဲခေါ်ကာ ထွက်သွားရန်ပြင်လိုက်သည်။

ပိုင်ရှောင်ချန်း ထွက်ခွာရန်ပြင်နေသည်ကို မြင်လိုက်ရသည့်အခါ သခင်မချိုင်က မြို့စောင့်များကို လျစ်လျှူရှုကာ အော်ဟစ်လိုက်လေသည်။
” ပိုင်မျိုးနွယ်စုရဲ့ ကျင့်ကြံသူတွေ။ သူ့ကိုအခုချက်ချင်း သတ်ကြစမ်း ”

သခင်မချိုင်၏ မျက်ဝန်းများထဲရှိ အမုန်းတရားများမှာ အဆုံးစွန်ထိ ရောက်နေပြီဖြစ်သည်။ ပိုင်ရှောင်ချန်းအပေါ်ထားရှိသည့် သူမ၏အမုန်းတရားများမှာ ဖော်ပြ၍ပင်မရနိုင်တော့ပေ။ သို့သော် ပိုင်မျိုးနွယ်စုမှ အခြားကျင့်ကြံသူများကမူ မြို့စောင့်များ၏ ဓားသွားများအလား စူးရှနေသည့် အကြည့်များကြောင့် ချီတုံချတုံဖြစ်နေကြသည်။

ပိုင်မျိုးနွယ်စုကျင့်ကြံသူများက သူ့နောက်သို့ လိုက် မသွားသည်ကို မြင်လိုက်ရသောအခါ သခင်မချိုင်က ငယ်သံပါအောင် အော်ပြောလိုက်တော့သည်။
” နင်တို့အကုန် ရပ်ပြီး ဘာလုပ်နေကြတာတုံး။ သူ့ကိုသတ်ကြလေ ”

ထို့နောက် သူက အနီးရှိ ပိုင်မျိုးနွယ်စုကျင့်ကြံသူဘက်သို့လှည့်၍ တစ်စုံတစ်ခုကိုပြောရန် ပြင်လိုက်ချိန်တွင် ပိုင်မျိုးနွယ်စုခေါင်းဆောင်မှာ ဟောက်လိုက်တော့သည်။
” ပါးစပ်ပိတ်စမ်း ”

ထိုအသံမှာ ဒေါသတကြီး ဟောက်လိုက်သည့် အသံတစ်သံသာဖြစ်သော်လည်း မိုးခြိမ်းသံများအလား ပဲ့တင်ထပ်သွားသဖြင့် သခင်မချိုင်မှာ အသားများတဆတ်ဆတ်တုန်ကာ ခင်ပွန်းဖြစ်သူကို စိုက်ကြည့်နေလိုက်တော့သည်။

မျိုးနွယ်စုခေါင်းဆောင်ကမူ တင်းမာနေသည့်မျက်နှာထားဖြင့် ဆိုလိုက်လေသည်။
” သရဲကြီးဘုရင်က ဒီလို ဆန်ကုန်မြေလေးကောင်ကို ဘွဲ့ထူးတစ်ခုပေးထားတာ။ နတ်အဆင့်ခေါင်းဆောင်ကြီးတောင်မှ သူ့ကိုမသတ်ပဲ လက်လျှော့ပေးလိုက်ရပါတယ်ဆို ငါတို့က ဘာလုပ်နိုင်မှာတုံး။ ပြီးတော့ မြို့တော်အတွင်းမှာဆို သတ်ဖြတ်တာကို တားမြစ်ထားတယ် ”

သခင်မချိုင်မှာ လက်မခံချင်ပါသော်လည်း အခြားရွေးချယ်စရာ မရှိပေ။ သို့သော် သူမ၏နှလုံးသားထဲရှိ အမုန်းတရားများမှာ ပြင်းထန်ပူလောင်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီနေတော့သည်။

မြို့စောင့်များကမူ ပိုင်ရှောင်ချန်း ဆုတ်ခွာသွားသည်နှင့် ပိုင်မျိုးနွယ်စုလည်းထွက်ခွာရန်ပြင်နေသည်ကို မြင်လိုက်ရသောအခါ ဘေးဘီဝဲယာသို့ သတိကြီးကြီးဖြင့် အကဲခတ်လိုက်ပြီးနောက် ထွက်ခွာသွားတော့သည်။

မကြာမီ သူတို့တိုက်ခိုက်ခဲ့သည့် လမ်းမှာ ပြန်လည်ငြိမ်သက်သွားတော့သည်။ ပိုင်မျိုးနွယ်စု ကျင့်ကြံသူများမှာ တစ်ယောက်ကိုတစ်ယောက် ကြောင်အမ်းအမ်းကြည့်လိုက်ကြပြီး သခင်မချိုင်မှာမူ အံတကြိတ်ကြိတ်ဖြစ်နေတော့သည်။

ထွက်ပြေးသွားသည့် ပိုင်ရှောင်ချန်းကို မျိုးနွယ်စုခေါင်းဆောင်က ဖျတ်ခနဲလှမ်းကြည့်လိုက်ပြီး သခင်မချိုင်ဘက်သို့ လှည့်ကာ လေသံတိုးတိုးဖြင့် ဆိုလိုက်သည်။
” နည်းနည်းလေးပဲ ထပ်စောင့်စမ်းပါ။ ကောင်းကင်နက္ခတ်တွေ ပြောင်းပြီဆိုတာနဲ့ ငါတို့အခွင့်အရေးတွေ ပြန်ရတော့မှာ ”

ထိုစကားကြောင့် သခင်မချိုင်မှာ အံ့အားသင့်သွားရသော်လည်း မျိုးနွယ်စုခေါင်းဆောင် ရည်ညွှန်းလိုသည့်အရာကို ချက်ချင်းပင် နားလည်သဘောပေါက်သွားတော့သည်။


Comment

  1. Thet Paing Soe Oo says:

    Super nice.👍

Leave a Reply


Options

not work with dark mode
Reset