အခန်း ( ၆၃၁ )

အထက်စီးဆန်လွန်းခြင်း

” တကယ်တမ်းဆိုရင် သရဲကြီးမြို့တော်ကို ငါ နည်းနည်းလောက် အချိန်ယူပြီး လျှောက်ပတ်ကြည့်သင့်တယ် ”

ယခုအခါ ပိုင်ရှောင်ချန်း၌ ထောင်စောင့် အမိန့်ပေးဆွဲပြားတစ်ခု ရှိနေပြီဖြစ်ရာ မိစ္ဆာအကျဥ်းထောင်မှ အလွယ်တကူ ထွက်ခွာနိုင်သည်။ ကျောက်လိပ်ကြီး၏ ဘယ်ဖက်မျက်လုံးထဲမှ သူ ထွက်လာချိန်တွင် အမိန့်ပေးဆွဲပြားသည် အလင်းမှိန်မှိန်လေး တောက်ပသွားပြီး ကျုံး၏ အနက်ရောင်ရေများထံမှ ကာကွယ်ပေးလိုက်သည်။

မကြာမီ သူသည် ကျုံးအပြင်ဘက်ရောက်သွားပြီး နေ့လယ်ခင်းနေရောင်ခြည်က ကမ္ဘာလောကတစ်ခွင် ဖြာကျနေ၏။ သရဲကြီးမြို့တော်သည် ကျုံးနံဘေးရှိ လမ်းသွယ်များအပေါ်မှာပင် လူများစွာနှင့် ထုံးစံအတိုင်းရှုပ်ယှက်ခတ်နေတော့သည်။

သူထွက်လာသဖြင့် ဗွမ်းခနဲ မြည်သံက အနီးအနားရှိ ဝိညာဥ်ကျင့်ကြံသူအများစု၏ အာရုံကို ဖမ်းစားလိုက်သည်။ သူ့ကို မြင်တွေ့လိုက်သည်နှင့် သူမည်သည့်နေရာကလာကြောင်းကို သူတို့ သိသွားကြလေသည်။

” သူက မိစ္ဆာအကျဥ်းထောင်ကပဲ ”

သရဲကြီးမြို့တော်ရှိ ဝိညာဥ်ကျင့်ကြံသူအားလုံးနီးပါး မိစ္ဆာအကျဥ်းထောင်ကို ကြောက်ရွံ့ကြလေရာ ပိုင်ရှောင်ချန်းကို သူတို့ မြင်လိုက်သည်နှင့် တီးတိုးပြောဆိုလိုက်ကြပြီးနောက် အကြည့်များ လွှဲသွားကြသည်။

အနီးအနားတွင် ကင်းလှည့်တာဝန်ကျနေသော အစောင့်များသည်ပင် ထိုသို့ဖြစ်သွားကြပြီး သူ့ကို မြင်ပြီး မည်သူဖြစ်ကြောင်းသိသည်နှင့် သတိမထားမိဟန်ဆောင်လိုက်ပြီး အလောတကြီး ရှောင်ထွက်သွားကြတော့သည်။

” ဟား ဟား၊ မိစ္ဆာအကျဥ်းထောင်ကလူတွေ ဒီလောက် ရာထူးမြင့်မယ်လို့ ထင်ထောင်မထားဘူး ”
သူသည် မိစ္ဆာအကျဥ်းထောင်ကို လူအများ မည်သို့ မြင်ပုံနှင့်ပတ်သက်၍ ကောလာဟာလအနည်းငယ်ကြားထားသော်လည်း ထောင်စောင့်တစ်ယောက်အနေနှင့် ပထမဆုံးအကြိမ် ဤသို့ ကြုံတွေ့ရသည်မှာ အလွန်ထူးခြားလှသည်။

” ထောင်စောင့်ဖြစ်ရတာ တကယ်ကောင်းတဲ့ပုံပဲ ”
သူက လည်ချောင်းရှင်းရင်း လမ်းအတိုင်း လျှောက်သွားလိုက်ပြီး တချိန်တည်းမှာပင် ကျိုးရီရှင်းကို တွေ့ဆုံရန် စာပို့လိုက်သည်။ ထို့နောက် သူက အမုန်းဝိညာဥ်များဝယ်ရန် ဆိုင်တစ်ဆိုင်ကို လိုက်ရှာတော့သည်။

အမှန်တကယ်တော့ ကျိုးရီရှင်းက ပိုင်ရှောင်ချန်းနေရာနှင့် မဝေးလှသော်လည်း မြို့တော်နယ်နိမိတ်ထဲတွင် ပျံသန်းခြင်းကို ပိတ်ပင်ထားလေရာ ပိုင်ရှောင်ချန်းထံ အလောတကြီး ခြေလျင်ပြေးလာရတော့သည်။

ပိုင်ရှောင်ချန်းသည် ကျိုးရီရှင်းက သူ့ကို ရှာတွေ့ရန် စောင့်ရင်း လမ်းလျှောက်၍ အမုန်းဝိညာဥ်များ ရောင်းသည့် ဆိုင်ပေါင်းများစွာအား လှည့်ပတ်ကြည့်နေသည်။ တချို့ဆိုင်များက ကြီးမားပြီး စျေးကြီးသော်လည်း တချို့က သေးငယ်ပြီး ပို၍စုံလေသည်။ သို့သော် ဟိုဟိုသည်သည်လှည့်ပတ်မေးပြီးနောက် ဆိုင်များအားလုံးမှာ ပစ္စည်းပြတ်နေကြောင်း သိလိုက်ရကာ သူ စိတ်ပျက်သွားသည်။ အမှန်ဆိုရလျှင် ဆိုင်တစ်ဆိုင်က အမုန်းဝိညာဥ်များ ရောင်းနေခြင်းမဟုတ်ဘဲ ဝယ်နေခြင်းသာဖြစ်တော့သည်။

ခုနစ်ဆိုင် ရှစ်ဆိုင်ခန့် စစ်ဆေးပြီး အားလုံးအတူတူဖြစ်နေသည်ကို တွေ့လိုက်ရသည်တွင် ပိုင်ရှောင်ချန်းမှာ စိုးရိမ်စပြုလာလေပြီ။ သူသည် ဝိညာဥ်အချို့ဝယ်ရန် ရည်ရွယ်ချက်နှင့် အပြင်ထွက်လာခဲ့ခြင်း မဟုတ်ပါလော။

” ဘာတွေ ဖြစ်နေတာတုံး။ ဘာလို့များ ရောင်းစရာ ဝိညာဥ်မရှိပဲ ဆိုင်ဖွင့်ထားသေးလဲကွာ ”
ထို့နောက် သူက နောက်တစ်လမ်းကို သွားလိုက်ပြီး နောက်ထပ် ခုနစ်ဆိုင် ရှစ်ဆိုင်ခန့်ကို ဝင်ရောက်ကြည့်ရှုလိုက်ရာ အကုန်လုံးအတူတူဖြစ်နေသောကြောင့် သူ အံ့သြသွားရတော့သည်။

နောက်ဆုံး၌ ဆိုင်ကြီးတစ်ဆိုင်ထဲတွင် သူက အရောင်းသမား၏ လက်မောင်းကို ဆွဲပြီး မေးလိုက်သည်။
” ဘာလို့ တစ်ဆိုင်မှ ရောင်းစရာ ဝိညာဥ်မရှိရတာတုန်း။ ဘာဖြစ်နေတာလဲ ”

” ကျုပ်က ဘယ်လိုသိမလဲ”
အရောင်းသမားက စိန်းစိန်းဝါးဝါး ကြည့်ရင်း ပြောသည်။
” ကျုပ်တို့ ပစ္စည်းပြတ်နေတာ။ ဘာအတွက် ကျုပ်ကို ဆွဲထားတာတုန်း။ ဘာလဲ ကျုပ် ဝိညာဥ် ဒါမှမဟုတ် တစ်ခုခု လိုချင်လို့လား ”

အရောင်းသမားသည် သရဲကြီးမြို့တော်တွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီး ဝယ်သူများကို အကဲခတ်နိုင်လေသည်။ ပိုင်ရှောင်ချန်းကို ကြည့်ပြီး သူမေးသည့်ပုံစံအရ လူသစ်ဖြစ်ကြောင်း ပြောနိုင်သည်။ လူသစ်တစ်ယောက်နှင့် ပတ်သက်ရန် စိတ်မဝင်စားသဖြင့် အရောင်းသမားက သူ့ကို နောက်ထပ် စိန်းစိန်းဝါးဝါးကြည့်ကာ ပြစ်တင်ကြိမ်းမောင်းရန်ပြင်လိုက်သည်။

ပိုင်ရှောင်ချန်းသည် ထိုလူ၏ စိတ်နေစိတ်ထားကြောင့် ဒေါသထွက်သွားရင်း စောစောက ကျုံးထဲမှ သူပျံထွက်လာသည်ကို မြင်သည်နှင့် မြို့စောင့်များ မည်သို့တုံ့ပြန်ပုံကို ပြန်တွေးမိကာ သူ၏ မိစ္ဆာအကျဥ်းထောင်စောင့် အမိန့်ပေးဆွဲပြားကို အလျင်အမြန် ထုတ်လိုက်သည်။

” မင်း ထပ်ပြောဖို့ သတ္တိရှိသေးလား ”
သူက အမိန့်ပေးဆွဲပြားကို ထိုလူ၏ မျက်နှာရှေ့တည့်တည့်တွင် မြှောက်ပြထားရင်း ဒေါသတကြီးပြောလိုက်သည်။

ပထမတွင် အရောင်းသမားသည် ဒေါသထွက်သွားပုံပေါ်သော်လည်း သူ၏ မျက်နှာရှေ့တွင် မိစ္ဆာအကျဥ်းထောင် အမိန့်ပေးဆွဲပြားဝင်းလက်နေကြောင်း သိလိုက်သောအခါ ပင့်သက်ရှိုက်သွားသည်။ သူ၏ ဦးခေါင်းခွံ စပ်ဖျဥ်းဖျဥ်းဖြစ်လာရင်း သူ့ခန္ဓာကိုယ် တုန်တုန်ရီရီ ဖြစ်သွားပြီးနောက် သူ့မျက်နှာပေါ်တွင် ဝမ်းမြောက်ဝမ်းသာဖြစ်နေသည့်အပြုံးတစ်စ ဖန်တီးလိုက်တော့သည်။

သူသည် သရဲကြီးမြို့တော်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ခြင်းကြောင့် မိစ္ဆာအကျဥ်းထောင်မှလူများသည် အတိုက်အခံမလုပ်သင့်သောလူများဖြစ်ကြောင်း သိသည်။ မိစ္ဆာအကျဥ်းထောင်သည် သရဲများနှင့် နတ်ဘုရားများပင် ကြောက်ရသော နေရာတစ်ခုဖြစ်သည်။ ထိုနေရာရှိ ေထောင်စောင့်များမှာ “ ရက်စက်ကြမ်းကြုတ်လှသော မိတ်ဆွေများ “ ဟူ၍ လူသိများပြီး အကြင်နာကင်းမဲ့၍ အဆုံးစွန်ထိ ရက်စက်လှသော စစ်ဆေးရေးမှူးများမှာမူ ပြောစရာပင်မလိုတော့ပေ။

” ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ။ တကယ်က အခု သရဲကြီးမြို့တော်က ဘယ်ဆိုင်ေနနေ ဝိညာဥ်တွေမရှိဘူး။ကျုပ်တို့ လုံးဝ ပြတ်လပ်နေတာ ”

” ပြတ်ကုန်တယ် ”
ပိုင်ရှောင်ချန်း မျက်မှောင်ကြုတ်သွားပြီး သူ၏ ဒေါသများသည်လည်း ပျောက်ကွယ်စပြုလာသည်။

” ဟုတ်တယ်ခင်ဗျာ၊ အမှန်ပဲ။ တလောက မျိုးနွယ်စုကြီးသုံးခုက ဝိညာဥ်တွေ သိုလှောင်နေခဲ့တာ ကြည့်ရသလောက် ငရဲဧကရာဇ်ရဲ့ ဆက်ခံသူဖြစ်ဖို့ ကြိုးစားနေတာထင်တယ်။ ခင်ဗျား အရမ်းလိုနေရင်တော့ ကျုပ်တို့ဆိုင်မှာ ဝိညာဥ်နည်းနည်းပါးပါးတော့ရှိတယ်။ သိပ်တော့မများပေမယ့်ပေါ့ဗျာ ”
အရောင်းသမားက စိတ်လှုပ်တရှား လက်ယှက်ရင်း ဆိုင်နောက်ဖေးသို့ အလောတကြီးသွားပြီး ရှိသမျှ ကြုံရာဝိညာဥ်များကို စုဆောင်းလိုက်သည်။ သူသည် မိစ္ဆာအကျဥ်းထောင်မှ လူကို ကလန်ကဆန်မလုပ်ချင်ဘဲ သူလမ်းသူ မြန်နိုင်သမျှမြန်မြန်သာ ဆက်သွားစေချင်နေမှန်း သိသာလှသည်။

” ဘယ်လောက် အထက်စီးဆန်လိုက်သလဲ” ပိုင်ရှောင်ချန်းက တွေးလိုက်သည်။
” ငရဲဧကရာဇ်ရဲ့ ဆက်ခံသူလေးဖြစ်ဖို့အတွက်နဲ့ ဝိညာဥ်တွေအကုန်ဝယ်မယ်လို့ ယုံတောင်မယုံနိုင်ဘူး။ ”

မီးတောက်ဖန်တီးခြင်းသည် ဝိညာဥ်များစွာ ပို၍ လိုအပ်လာကြောင်း စဥ်းစားကြည့်ပါက သရဲကြီးမြို့တော်တွင် ဝိညာဥ်များကုန်သလောက်ဖြစ်နေသည်မှာ အလွန်စိတ်အနှောင့်အယှက်ဖြစ်စရာပင်။

” ငါအခု ဘာလုပ်ရမလဲ။ မျိုးနွယ်စုကြီးသုံးခုကတော့ ဒီမှာ စည်းကျော်နေတာပဲ။ ငါလုပ်ခဲ့တာထက်ပိုပြီး ပိုင်မျိုးနွယ်စုကို ပိုရှင်းထုတ်ခဲ့သင့်တာ ”
သူက သက်ပြင်းချရင်း သူ၏မျှော်လင့်ချက်များအားလုံးကို ကျိုးရီရှင်းပေါ်တွင်သာ ပုံအပ်ရတော့မည်ဖြစ်ကြောင်း သိလိုက်တော့သည်။ မည်သို့ပင် ဖြစ်စေ စစ်မေးထားသော ထောင်သားများထံမှ ပိုင်ရှောင်ချန်းပေးပို့ခဲ့သော သတင်းအချက်အလက်များကြောင့် ကျိုးရီရှင်းက အမုန်းဝိညာဥ်များစွာ လက်ဝယ်ရနိုင်သည်။

ပိုင်ရှောင်ချန်း စဥ်းစားခန်းဖွင့်နေစဥ် အရောင်းသမားသည် ဝိညာဥ်သိုလှောင်စေတီတစ်ခုနှင့် ဆိုင်ထဲပြန်ဝင်လာသည်။ ခေါင်းညွှတ်ရင်း တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်နေကာ သူက ပြောသည်။
” သခင်လေး ဒီထဲမှာ ဝိညာဥ်တစ်သိန်းလောက်ရှိတယ်။ ဒါက ကျုပ်တို့မှာ ကျန်တာအကုန်ပါပဲဗျာ”

ပိုင်ရှောင်ချန်းက ဝိညာဥ်သိုလှောင်စေတီကို စစ်ဆေးလိုက်ပြီး သူရှာနေသည့် ပမာဏနှင့် အလွန်ဝေးကွာလှကြောင်း သိလိုက်သည်။ သို့သော် မည်သည့်အရာမှ မရသည်ထက်စာလျှင် ပိုတော်သေးသည်။ သူက ခေါင်းညိတ်ရင်း ဝိညာဥ်များအတွက် ငွေပေးချေတော့မည်ဆဲဆဲမှာပင် ဆိုင်ဝမှ ပျင်းစရာကောင်းသောအသံတစ်သံထွက်ပေါ်လာတော့သည်။

” ကျုပ် အဲဒီ ဝိညာဥ်တွေယူမယ် ”
ဝိညာဥ်ပိုးခြည်မှ ရက်လုပ်ထားပုံပေါ်သည့် အဖိုးတန် အဝတ်အစားများဝတ်ဆင်ထားသော လူငယ်လေးနှစ်ယောက် ဆိုင်ထဲလျှောက်လာလေသည်။ သူတို့၏ ဝတ်ရုံများသည် မှော်ရတနာများအလား ပြိုးပြိုးပြက်ပြက်တောက်ပနေပြီး လူတစ်ယောက် အနီးကပ်ကြည့်လိုက်ပါက သူတို့အပေါ်ရှိ အမှတ်အသားများသည် စိတ်စွမ်းအင်အဆင့်ခုနစ်ဆမြှင့်တင်ထားသည်ကို ညွှန်ပြနေကြောင်း မြင်နိုင်သည်။

မြေရိုင်းဒေသများတွင် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းကို အတွေ့များသော်လည်း အောင်မြင်မှုနှုန်းသည် ကောင်းကင်တံတားနယ်မြေမှာရှိစဥ်ကနှင့် အတူတူပင်ဖြစ်သည်။ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း မြင့်လာသည်နှင့်အမျှ မအောင်မြင်နိုင်ချေ ပိုများလာသည်။

ကျရှုံးမှုသည် ပစ္စည်းကို လုံးဝပျက်စီးသွားစေမည်ဖြစ်ပြီး မရေမတွက်နိုင်သော စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းရှိသည့် မည်သည့်ပစ္စည်းမဆို ကောင်းကင်ဘုံကို အံတုနိုင်သော ကံကောင်းခြင်းများအား ကိုယ်စားပြုသည်ဟု ဆိုလိုလေသည်။

လူငယ်နှစ်ယောက်လုံးသည် အခြေခိုင်မာခြင်းအဆင့်၏ မဟာစက်ဝန်းတွင် ဖြစ်ပြီး သူတို့၏ မှော်အဝတ်အစားများအရ သာမန်ကျင့်ကြံသူများ မဟုတ်ကြောင်း အလွယ်တကူပြောနိုင်လေသည်။ သူတို့ကို သက်လတ်ပိုင်း ဝိညာဥ်ကျင့်ကြံသူရှစ်ယောက်က ဝန်းရံထားပြီး အများစုက အခြေခိုင်မာခြင်းအဆင့်ဖြစ်ကြသည်။ သို့သော် သူတို့ထဲမှ နှစ်ယောက်တွင် အမြုတေအဆင့်ကျင့်ကြံခြင်းအခြေခံများ ရှိလေသည်။

ရှစ်ယောက်တစ်ဖွဲ့က အစေခံများအလား ပြုမူနေရာ လူငယ်နှစ်ယောက်သည် ပို၍ပင် ခမ်းနားတင့်တယ်နေတော့သည်။

ပိုင်ရှောင်ချန်းက လူငယ်နှစ်ယောက်၏ အဝတ်အစားများကို ကြည့်လိုက်ပြီး ဆိုင်ထဲရှိ အခြားလူများထံမှ မွန်းကြပ်နေသော ပင့်သက်ရှိုက်သံကို ကြားလိုက်ရလေသည်။ အရောင်းသမား၏ မျက်နှာပေါ်တွင် စောစောက ပိုင်ရှောင်ချန်းကိုပြူမူသည်ထက် ပို၍ပင် ယဥ်ကျေးသောအသွင်ပေါ်လာတော့သည်။ အပြေးအလွှားသွားရင်း သူက ပြောလိုက်သည်။
” ကြိုဆိုပါတယ် မင်းသားလေး ချန်း၊ မင်းသားလေ ချိုင် ”

“ကျုပ်ကို အဲဒီဝိညာဥ်တွေပေး ”
အရောင်းသမားက မင်းသားလေးချိုင်ဟု နှုတ်ဆက်လိုက်သည့် လူငယ်က ပြောသည်။ လူငယ်သည် အလွန်တည်ငြိမ်လှသောအသံဖြင့် ပြောလိုက်သော်လည်း သူ၏ အကြည့်အရ သူက ပိုင်ရှောင်ချန်းထက် အတော်အဆင့်အတန်းမြင့်သည်ဟု သတ်မှတ်ထားပုံရလေသည်။ သူ၏ အစေခံတစ်ယောက်က ဝိညာဥ်သိုလှောင်စေတီကို ယူရန် အိတ်တစ်လုံးနှင့် ချက်ချင်းပင် ရှေ့တက်လာလေသည်။

ပိုင်ရှောင်ချန်းအနေဖြင့် လက်ရှိအဖြစ်အပျက်ကို မည်သည့်နည်းနှင့်မှ လက်ပိုက်ကြည့်၍ သဘောတူနိုင်မည်မဟုတ်ပေ။

” အဲဒီမှာ ရပ်လိုက်” သူက ဒေါသတကြီးပြောလိုက်သည်။
” ကျုပ် ဒီဝိညာဥ်တွေကို ဝယ်နေတာ”

လူငယ်နှစ်ယောက်က သူ့ကို အေးစက်စွာ ကြည့်ပြီး သူ့တွင် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံခြင်း အခြေခံ ရှိကြောင်း အလျင်အမြန်ပင် မြင်လိုက်ရသည်။ သို့သော် သူတို့သည် ဂရုစိုက်ပုံမရသည်သာမက သူသည် ပိုင်မျိုးနွယ်စုမှ ပိုင်ဟောက်ဖြစ်ကြောင်း သတိထားမိဟန်မတူပေ။

“ကျုပ်တို့ နှစ်ဆပေးမယ်”
မင်းသားလေးချိုင်က ပြောသည်။ ထို့နောက် သူနှင့် မင်းသားလေးချန်းက သိသာစွာပင် ငြီးငွေ့ဟန်ဖြင့် လှည့်ထွက်သွားလေသည်။

ပိုင်ရှောင်ချန်းသည် အရှက်ခွဲခံလိုက်ရသည်ဟု ခံစားနေရပြီဖြစ်သည်။ အထူးသဖြင့် အရောင်းသမားက ဖြစ်ပျက်နေသော ဤမြင်ကွင်းကို ကြည့်လိုက်သည့်အတွက် အလွန်ဝမ်းမြောက်နေရင်း မျက်လုံးထောင့်စွန်းမှ သူ့ကို ခိုးကြည့်လိုက်သောအခါတွင် ဖြစ်လေသည်။ ဒေါသတို့ဆူပွက်လာရင်း ပိုင်ရှောင်ချန်းက ရှေ့တစ်လှမ်းတိုးကာ ကျယ်လောင်စွာ ပြတ်ပြတ်သားသားပြောလိုက်သည်။
” ကျုပ် သုံးဆပေးမယ်”

အပြင်ဘက်တွင် မင်းသားလေးချိုင်က လှည့်ပင်မကြည့်ဘဲ ပြန်ပြောလိုက်သည်။
” ကျုပ် အရင်စျေးထက် ဆယ်ဆေပေးမယ်”

ထိုလူငယ်လေးနှစ်ယောက်သည် ချန်နှင့် ချိုင်မျိုးနွယ်စုများ၏ တိုက်ရိုက်သွေးမျိုးဆက်များဖြစ်ပြီး သရဲကြီးမြို့တော်ရှိ ဆိုင်ပေါင်းစုံဝိညာဥ်များကို ရှင်းလင်းရန်အတွက် တာဝန်ရှိလေသည်။ တစ်သိန်းဆိုသော ပမာဏသည် အလွန်မများလှသော်လည်း ဝိညာဥ်နှင့်ပတ်သက်လျှင် သူတို့၏ မျိုးနွယ်စုအကြီးအကဲများ၏ ညွှန်ကြားချက်များကား အလွန်ရှင်းလင်းလေသည်။ သူတို့သည် ဖြစ်နိုင်သမျှ ဝိညာဥ်များများ လိုအပ်လေသည်။

ပိုင်ရှောင်ချန်းမှာ ပို၍ ဒေါသထွက်လာတော့သည်။ သူ့အတွက် လူတစ်ယောက်သည် သူ့မျက်နှာကို ငွေအပုံလိုက်ဖြင့် ဖြတ်ရိုက်ချလိုက်သကဲ့သို့ ခံစားလိုက်ရလေသည်။ စကားဆက်ပြောရန် ပြင်လိုက်စဥ် သူ့အိတ်ထဲရှိ အသံလွှင့်ကျောက်စိမ်းပေလွှာ တုန်ခါလာသည်။ ၄င်းကို နတ်ဘုရားအာရုံနှင့် စစ်ဆေးလိုက်ပြီးသော် သူသည် ကျိုးရီရှင်းထံမှ ပူပန်သောကရောက်နေသည့်စာကို ကြားလိုက်ရသည်။

“သခင်လေးရေ။ ကျုပ် အခု တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ရဲ့ အရှေ့ဘက်နားမှာ။ လူတစ်ယောက်က ကျုပ်ကိုသတ်ပြီး ခင်ဗျားအတွက်ယူလာတဲ့ ဝိညာဥ်တွေကို ယူဖို့ ကြံနေတယ်။ လာကယ်ပါဦး”


Comment

Leave a Reply


Options

not work with dark mode
Reset