Switch Mode

အပိုင်း(၂၀၃၅)

အသေအကျေတိုက်ပွဲ

ရီဖူရှင်းက ချန်ယိကို ကြည့်ကာပြောလိုက်သည်။ “မင်းအတွက်လည်း အတူတူပါပဲ။ ကျုပ်တို့  မျိုးဆက်တွေထဲမှာ မင်းကို အနိုင်ယူနိုင်တဲ့လူ သိပ်မရှိဘူး။ ထပ်ပြီးတော့ တိုက်ခိုက်ချင်နေတုန်းပဲလား။”

“မလိုတော့ပါဘူး။” ချန်ယိက ပြန်ဖြေလိုက်သည်။ ယင်ယန်၀င်္ကပါမှ ကျဆင်းလာသော ကပ်ဘေးအလင်းများက ဓားစွမ်းရည်နှင့် ပေါင်းစပ်သွားခဲ့၏။ ကပ်ဘေးအလင်းတစ်ခုစီတွင် ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းစွမ်းအားတို့ ပါဝင်နေသည်။ ထိုသို့သော စွမ်းအားများနှင့် ကာကွယ်ထားသော ရီဖူရှင်းကို ချန်ယိပင်လျှင် ထိခိုက်အောင် လုပ်နိုင်ရန်ခက်ခဲလိမ့်မည် ဖြစ်သည်။

ရီဖူရှင်းက ခေါင်းကို ညိတ်လိုက်သည်။ တိုက်ပွဲက အဆုံးသတ်သို့ ရောက်လာခဲ့ပြီး ဖြစ်၏။

“လက်ဖျားခါလောက်စရာပဲ။” တုန်းဟွာနန်းတော်တွင် နယ်မြေသခင်က မေးလိုက်သည်။ “ခင်ဗျားတို့ အားလုံးရော ဒီတိုက်ပွဲကို ဘယ်လိုထင်ကြလဲ။”

တုန်းဟွာကျောင်းတော်၏ ကျောင်းအုပ်က ထူးခြားသော အရှိန်အဝါရှိသူဖြစ်သည်။ သူက အောက်ဘက်သို့ ငုံ့ကြည့်ကာ ချန်ယိကို မေးလိုက်၏။ “အရင်တုန်းက တုန်းဟွာကျောင်းတော်က မင်းကို ကျောင်းတော်မှာ ကျင့်ကြံဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် မင်းက ငြင်းဆန်ခဲ့တယ်။ အခုရော ကျုပ်တို့ဆီကို လာရောက်ဖို့ စိတ်ကူးရှိလား။”

ချန်ယိက ရီဖူရှင်းအား အနိုင်မတိုက်ခိုက်နိုင်ခဲ့သော်လည်း လူအုပ်ကြီးက သူ၏ စွမ်းရည်ကို အသိအမှတ်ပြုပေသည်။ အထူးသဖြင့် ထိပ်သီးပုဂ္ဂိုလ်များက ချန်ယိမည်မျှ အစွမ်းထက်ကြောင်း သိကြသည်။ ထိုကြောင့် တုန်းဟွာကျောင်းတော်က သူ့အား နောက်တစ်ကြိမ် ထပ်မံဖိတ်ခေါ်ရခြင်း ဖြစ်သည်။ ဤတစ်ကြိမ်၌  ကျောင်းအုပ်ကိုယ်တိုင် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်လေသည်။

“ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ။ ဒါပေမယ့် ကျွန်တော်က ကိုယ့်စိတ်ကူးနဲ့ကိုယ် ရှင်သန်လာခဲ့တာကို အသားကျနေပါပြီ။ စီနီယာ နားလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။” ချန်ယိက ခေါင်းကို မော့ကာ ပြုံး၍ ပြောလိုက်သည်။ သူက တုန်းဟွာကျောင်းတော်ကို နောက်တဖန် ငြင်းဆန်ခဲ့ခြင်း ဖြစ်ပေသည်။

တုန်းဟွာကျောင်းတော်၏ တန်ခိုးရှင်များက သူ့အား ကြည့်လိုက်ကြသည်။ ချန်ယိက အမှန်တကယ် ခက်ခဲသော ပုဂ္ဂိုလ်တစ်ဦးပင်ဖြစ်၏။ ကျောင်းအုပ်ကိုယ်တိုင် သူ့အား အရေးထားနေသော်လည်း သူက စိတ်မလှုပ်ရှားဘဲ သူတို့အား နောက်တစ်ကြိမ်ငြင်းပယ်ခဲ့ပြန်သည်။

“မင်းရဲ့ ကျင့်ကြံခြင်းစွမ်းရည်နဲ့ဆိုရင် မင်းတစ်နေရာရာကို ဝင်ရောက်ဖို့ ရွေးမယ်ဆိုရင်တောင် ဘယ်သူကမှ မင်းကို ငြင်းဆန်မှာ မဟုတ်ဘူးလို့ ကျုပ်ယုံတယ်။ ဖြစ်နိုင်တာက မင်းမှာ ကိုယ်ပိုင်ရွေးချယ်မှု တစ်ခုခုရှိနေပြီလား။” နယ်မြေသခင်နင်ကလည်း ပြောလိုက်သည်။ အင်အားစု အမျိုးမျိုးမှ အဖွဲ့ဝင်များက မည်သည့်စကားမှ မဆိုကြပေ။  သူတို့သည်လည်း နယ်မြေသခင်နင်ပြောသည်ကို ရှင်းလင်းစွာ သဘောတူပေသည်။

ချန်ယိ၏ စွမ်းရည်နှင့် အင်အားစုတစ်ခုကို ဝင်ရောက်ရန် ဆန္ဒရှိလျှင် ထိုသို့ ထူးချွန်ထက်မြက်လှသည့် ရန်ဟောင်ကို မည်သူကမှ ငြင်းဆန်လိမ့်မည် မဟုတ်ပေ။

“ကြည့်ရတာ နယ်မြေသခင်ရဲ့အိမ်တော်ကို ဝင်ရောက်ချင်တာများလား။” လင်းရှောင်နန်းတော်သခင်က ပြုံးကာ ပြောလိုက်သည်။ “နယ်မြေသခင်ကလည်း မင်းကို ငြင်းဆန်လိမ့်မှာ မဟုတ်ပါဘူး။”

ချန်ယိက သူဝင်ရောက်ချင်သည့် မည်သည့် အင်အားစုကို မဆို ရွေးချယ်နိုင်ပေသည်။

“ဒီတစ်ခေါက် ကျုပ် တုန်းဟွာအခမ်းအနားကို လာတယ် ဆိုတာက တုန်းဟွာနယ်မြေက ထူးချွန်တဲ့ တန်ခိုးရှင်တွေကို မြင်တွေ့ချင်လို့ပါ။ ဒီနေရာမှာ ရန်ဟောင်ရီကို မြင်တွေ့ပြီးတော့ ကျုပ် ရုတ်တရက်ကြီး သူ့ဆီကနေပြီးတော့ လမ်းညွှန်မှုလိုချင်ခဲ့တာလေ။ ဒါပေမယ့် ကျုပ် ဘယ်အင်အားစုကိုမှ ဝင်ရောင်ချင်တဲ့ ဆန္ဒမျိုး မရှိပါဘူး။ နယ်မြေသခင်က နားလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။” ချန်ယိက သူတို့၏ ကမ်းလှမ်းချက်ကို ငြင်းဆိုလိုက်သည်။ တုန်းဟွာနန်းတော်မှ အဖွဲ့ဝင်များက အံ့သြသွားကြသော်လည်း သူတို့က အဆင့်မြင့်သော ပုဂ္ဂိုလ်များသာ ဖြစ်ကြသည်။ သူတို့က ကိစ္စရပ်ပေါင်းများစွာကို တွေ့ကြုံခဲ့ကြပြီး ထိုကဲ့သို့ ကိစ္စသေးသေးလေးကို ရင်ထဲ၌ ထည့်ထားလိမ့်မည် မဟုတ်ပေ။ သူတို့က ၎င်းကို အနည်းငယ် အရှက်ရသည်ဟု ခံစားရရုံသာ ဖြစ်လေသည်။

နယ်မြေသခင်နင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “မင်းက စိတ်ပိုင်းဖြတ်ပြီးပြီဆိုမှတော့ ဖိအားမပေးတော့ပါဘူး။ မင်း ဒီတစ်ခေါက်မှာ ရှုံးခဲ့တယ်ဆိုပေမယ့် အရမ်းကို ထူးချွန်တဲ့စွမ်းရည်ကို ထုတ်ဖော်ပြသနိုင်ခဲ့တယ်။ ကျုပ်ဆီကနေပြီးတော့ တောင်းဆိုချင်တာ တစ်ခုခုများမရှိဘူးလား။”

ယခင်က နယ်မြေသခင်နင်သည် ရှုံးနိမ့်ခဲ့သည့် ပုဂ္ဂိုလ်များကို ထိုကဲ့သို့ ဆုလာဘ်ကမ်းလှမ်းခြင်းမျိုး မည်သည့်အခါကမှ မလုပ်ခဲ့ဘူးပေ။ ချန်ယိက ရှုံးနိမ့်သွားသော်လည်း နယ်မြေသခင်က သူ့ကို ဆုလာဘ်များ ပေးချင်နေသည်။ ရှင်းရှင်းလင်းလင်းပင် ချန်ယိက မြင့်မားသော တန်ဖိုးကို ပိုင်ဆိုင်ထားပေသည်။

“ကျုပ် ဘာကိုမှ ဆန္ဒမရှိပါဘူး။” ချန်ယိက ပြန်ဖြေလိုက်သည်။

“ကောင်းပြီ။ ဒီလိုဆိုရင် မင်းတို့နှစ်ယောက်လုံး စင်ပေါ်က ဆင်းလို့ရပါပြီ။” နယ်မြေသခင်နင်က ခေါင်းကို ညိတ်ကာ ပြောလိုက်သည်။ ရီဖူရှင်းနှင့် ချန်ယိက တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်လိုက်ပြီး လမ်းစဉ်တိုက်ပွဲစင်မြင့်ထက်မှ ဆင်းကာ သူတို့၏ ကိုယ်ပိုင်နေရာများသို့ ရောက်ရှိသွားခဲ့သည်။

အောက်ဘက်ရှိ မရေတွက်နိုင်သော လူများမှာ တိုက်ပွဲအကြောင်း ဆွေးနွေးရင်း အလုပ်များနေကြသည်။ သူတို့သည် တစ်စုံတစ်ခုက နှမြောစရာကောင်းသည်ဟု ခံစားနေကြရပြီး အချို့ကတော့ ရလဒ်အပေါ်တွင် ဝမ်းနည်းနေခဲ့ကြသည်။ ဤသည်မှာ ပါရမီရှင်များ၏ ပင်ကိုယ်စရိုက်ပင် ဖြစ်လေသည်။ မရေတွက်နိုင်သော တန်ခိုးရှင်များက ကျင့်ကြံရန်အတွက် ထိပ်သီးအင်အားစုများသို့ ဝင်ရောက်ချင်နေကြပေမယ့် ထိုသို့လုပ်နိုင်ရန်မှာ အိမ်မက်မျှသာ ဖြစ်နိုင်ပေသည်။ ချန်ယိက သူအလိုရှိသည့် မည်သည့် အင်အားစုကိုမဆို ဝင်ရောက်နိုင်သော်လည်း သူက အားလုံးကို ငြင်းပယ်ခဲ့သည်။

ချန်ယိက သူ၏ ထိုင်ခုံသို့ ပြန်ရောက်သောအခါ သူ့ဘေး၌ ရှိနေသည့် ရန်ဟောင်များက သူ့ကို ကြည့်ကာမေးလိုက်သည်။ “မင်းက တုန်းဟွာနယ်မြေရဲ့ ထိပ်သီးအင်အားစုတွေ အားလုံးကို ရွေးချယ်နိုင်ပေမယ့် အကုန်လုံးကို ငြင်းပယ်ခဲ့တယ်။ ဒါက အလဟဿ ဖြစ်မကုန်ဘူးလား။”

“ကျုပ် ရွေးချယ်ချင်တဲ့ နေရာရှိပေမယ့် ကျန်တဲ့ လူတွေက သဘောတူကြမှာ မဟုတ်ဘူး။ ဒါကြောင့် ကျုပ် ဒီတိုင်း ငြင်းလိုက်တာ ပိုကောင်းပါတယ်။” ချန်ယိက ပြန်ဖြေလိုက်သည်။

“ဘာလို့ သူတို့က သဘောမတူရမှာလဲ။ နယ်မြေသခင်က ကတိပေးထားတယ်လေ။ ပြီးတော့ အင်အားစုတွေ အကုန်လုံးကလည်း သူပြောတာကို မဆန့်ကျင်ကြဘူး။” သူ့ဘေးမှ ရန်ဟောင်များက ပြောလိုက်သည်။

“ကျုပ်က မြူနှင်းဝေနတ်နန်းတော်မှာ ကျင့်ကြံချင်တာ။” ချန်ယိက အသံတိုးတိုးနှင့် ပြောလိုက်လျှင် သူ့ကို လူအများက ဝိုင်းကြည့်လိုက်ကြသည်။

“…”

“…”

အနီးနားမှ ရန်ဟောင်များက သူ့ကို အံ့သြစွာ ကြည့်လိုက်ကြ၏။ အမယ်လေး…

သူတို့က ထိုပြောပြချက်နှင့်ပတ်သတ်၍ မည်သို့ တုံ့ပြန်ရမှန်းပင် မသိတော့ပေ။

“အစ်ကိုချန် ခင်ဗျားက တော်တော်သတ္တိရှိတာပဲ။” ဘေးမှာ ရှိသည့် တစ်စုံတစ်ယောက်က အပြုံးနှင့်ပြောလိုက်သည်။

ချန်ယိက သူ၏ မျက်ခုံးကိုပင့်ကာ  အကြည့်တစ်ချက်ကို ပေးလိုက်၏။ သူ့ အကြည့်များက ကောင်းကင်ထက်ရှိ နတ်မိမယ်များဆီသို့ ရောက်သွားခဲ့သည်။ သူ့ဘေးမှ ရန်ဟောင်များက ပြုံးလိုက်သော်လည်း မည်သည့်စကားမှ မဆိုခဲ့ပေ။ ရန်ဟောင်များက ရမ္မက်လိုအင်ဆန္ဒ မရှိလျှင်ပင် ထိုနတ်မိမယ်များက အလွန်အကျူး လှပ နိုင်လွန်းလှသည်။

သို့သော်လည်း သာမန်ရန်ဟောင်များမှာ ထိုအတွေးများကို သိမ်းဆည်းထားရုံသာ တတ်နိုင်ပေသည်။ မြူနှင်းဝေနတ်နန်းတော်မှ နတ်မိမယ်များက သူတို့ လှမ်းနိုင်သည့် အဆင့်ထက် ကျော်လွန်နေပေသည်။ အထူးသဖြင့် ကျန်းယွဲ့လီ ချင်းချင်းနှင့် အခြားလူများ ဖြစ်၏။ ထိုနတ်မိမယ်များက သူတို့ကို အကြည့်တစ်ချက်ပင် စွန့်ကြဲလိမ့်မည် မဟုတ်ပေ။

ရီဖူရှင်း သူ့ ထိုင်ခုံသို့ ပြန်လည်ရောက်ရှိလာသည့်အခါ ထိုနေရာရှိလူများက သူ့ကို ကြည့်လိုက်ကြ၏။ သူတို့သည် သူ့အကြောင်းကို ပို၍ပင် သိချင်လာကြသည်။ သူပြသခဲ့သော စွမ်းရည်မှာ သူတိုက်ခိုက်ရသည့် တစ်ကြိမ်ထက် တစ်ကြိမ်က ပို၍ အံ့အားသင့်ဖွယ် ကောင်းလာခဲ့သည်။ သူက အမှန်တကယ်ပင် မရှုံးနိမ့်နိုင်သောသူ ဖြစ်လေသည်။

ထို့ပြင် သူက တုန်းဟွာကျောင်းတော်သို့ ရောက်ခဲ့စဉ်က သူ၏ မဟာလမ်းစဉ်နတ်ဝင်ရိုးအဆင့်ကို သက်သေပြခဲ့သည်။ သူသာ နင်ဟွာနှင့် တူညီသောကျင့်ကြံဆင့်တွင် ရှိခဲ့လျှင် သူတို့က ခွန်အားခြင်း တူညီကြလိမ့်မည်လား။

“ရန်ဟောင်ရီရဲ့ စွမ်းရည်က အကြိမ်တိုင်းမှာ လူတိုင်းကို အံ့သြစေခဲ့တာပဲ။” ကျန်းယွဲ့လီက ပြောလိုက်သည်။ ချင်းချင်းသည်လည်း အသိအမှတ်ပြုသဖြင့် ခေါင်းညိတ်လိုက်၏။ သူမတို့ ပထမဆုံးတစ်ကြိမ် ရီဖူရှင်းကို တွေ့ဆုံခဲ့စဉ်က နတ်သမုဒ္ဒရာအတွင်း ချောက်ကမ်းပါး၌ လျှို့ဝှက်ဆန်းကြယ်မှုကို ဖြေရှင်းသောအခါတွင် ဖြစ်ပြီး နောက်ထပ် သူမ သူ့ကို တွေ့ဆုံခဲ့သည့် အချိန်တိုင်း၌ သူက ပို၍ ထူးချွန်လာပုံပေါ်ပေသည်။

သူတွင် အကန့်အသတ်ဟူ၍ မရှိသလို ထင်မှတ်ရသည်။

“နတ်မိမယ်တို့ ကျုပ်ကို အရမ်းချီးမွမ်းလွန်းနေပါပြီ” ရီဖူရှင်းက နိမ့်ချစွာ ပြန်ဖြေလိုက်သည်။ လီချန်ရှန်းက သူ့ ဘေးမှ ရီဖူရှင်းကို ကြည့်ကာ ပြုံးလိုက်၏။ ထိုနောက် သူက အတွေးများ ပို့လွှတ်ကာ ရီဖူရှင်းကို ပြောလိုက်သည်။ “ညီလေးရီ မြူနှင်းဝေနတ်နန်းတော်က ဒီနတ်မိမယ်တွေက မင်းအကြောင်းကို အတော်လေး ဂရုစိုက်ကြပုံရတယ်။”

“…” ရီဖူရှင်းက လီချန်ရှန်းကို ကြည့်ကာ ပြန်ဖြေလိုက်သည်။ “စီနီယာအစ်ကို.. ခင်ဗျားက ဒီလောက်အိုနေပေမယ့် အတင်းပြောရတာ အရမ်းကြိုက်နေတုန်းပဲကိုး။”

လီချန်ရှန်းက ပြုံးကာ ရှားရှင်းယွန်ကို ကြည့်လိုက်သည်။ သည်ကောင်စုတ်ကလေးက အမျိုးသမီးများ၏ နှစ်သက်မှုကို ဆွဲဆောင်နိုင်ပေသည်။ သူတို့အားလုံးက အလွန် ထူးချွန်လှသည့် အမျိုးသမီးများ ဖြစ်သည်။ သို့သော်လည်း ၎င်းက ပုံမှန်ပင် ဖြစ်၏။ ဟိုးခေတ်အခါကပင် လှပသော မိန်းကလေးများသည်  ထူးချွန်သော ပုဂ္ဂိုလ်များကို နှစ်သက်ကြသည်။ ရီဖူရှင်းသည်လည်း ထိုသို့သော သူမျိုးဖြစ်မှာ မလွဲဧကန်ပင် ဖြစ်၏။

သူက ထူးချွန်သော ပါရမီ ရှိရုံမျှသာမက ကြည့်ကောင်းသော ရုပ်ရည်မျိုးလည်း ပိုင်ဆိုင်ထားသေးသည်။

“ပြောရရင်ကွာ… ငါက အိုလွန်းနေတာကြောင့် အဲဒီ ငယ်ရွယ်ပြီး လှပတဲ့ မိန်းကလေးတွေက ငါ့ကို မကြိုက်ကြဘူးလေ။ ဒါကြောင့်ပဲ အခုထိ တာအို လက်တွဲဖော်ကို ရှာမတွေ့သေးတာပေါ့။ ငါ့မှာ မင်းကို လေးစားပြီးတော့ မနာလိုဖြစ်ရုံပဲ တက်နိုင်တယ်။” လီချန်ရှန်းက စနောက်ကာ ပြောလိုက်သည်။ ရီဖူရှင်းက သူ့ကို အပြီးတိုင် လျစ်လျူရှုထားလိုက်၏။ သူ လီချန်ရှန်းနှင့် ပို၍ ရင်းနှီးလာလေ ထိုလူက မည်သို့သော ပုဂ္ဂိုလ်မျိုးဖြစ်သည်ကို သိလာလေပင်ဖြစ်သည်။ ထိုသူက အပြင်လူများရှေ့၌ အဆင့်အတန်းမြင့်မားသော အရှိန်အဝါရှိသော်လည်း အမှန်တကယ်တွင် ရင်းနှီးသော လူများရှေ့၌ စနောက်ရသည်ကို ကြိုက်နှစ်သက်သည့် လူအိုကြီးပင် ဖြစ်လေသည်။ သူ့တွင် မည်သည့် ထူးခြားမှုမှမရှိဘဲ ချဉ်းကပ်ရလွယ်ကူပြီး အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ဦး၏ အရှိန်အဝါမျိုး မရှိပေ။

အောက်ဘက်တွင် နောက်ထပ် လူတစ်ယောက်က လမ်းစဉ်တိုက်ပွဲစင်မြင့်သို့တက်လာခဲ့ပြီး တန်ခိုးရှင်များကို စိန်ခေါ်ခဲ့သည်။ လမ်းစဉ်တိုက်ပွဲက ဆက်လက်၍ ဖြစ်ပွားနေသည်။ တဖြည်းဖြည်းနှင့် အလွန် ထူးချွန်သော ပုဂ္ဂိုလ်များလည်း ပေါ်ပေါက်လာခဲ့သည်။ ကံမကောင်းစွာနှင့် တိုက်ပွဲအများစုက ကျဆုံးကြပေသည်။ အနိုင်ရရှိရန်မှာ လွယ်ကူခြင်းမရှိပေ။ အထူးသဖြင့် အထူးချွန်ဆုံး ပုဂ္ဂိုလ်များကို စိန်ခေါ်သည့်အခါတွင် ဖြစ်ပေသည်။ မည်သူကမှ သူတို့ကို ရှုံးနိမ့်အောင် မစွမ်းဆောင်နိုင်ကြသေးပေ။ ထိပ်ဆုံးတွင် ရပ်တည်နေသည့် ထိုလူများသည် အလွန် အစွမ်းထက်လှသည်။ စိန်ခေါ်သူများ၏ ကြိုးစားမှုက သဲထဲရေသွန် ဖြစ်နေကြရသည်။

သို့သော်လည်း လမ်းစဉ်တိုက်ပွဲသည် လူအုပ်ကြီးအား အချို့သော စိတ်လှုပ်ရှားမှုများကို ဖြစ်ပေါ်စေပြီး ကြည့်ရှုသူများက အလွန် စိတ်လှုပ်ရှားကာ သဘောကျနေကြသည်။

မျက်စိတမှိတ်အတွင်းမှာပင် တုန်းဟွာအခမ်းအနားကို ကျင်းပခဲ့သည်မှာ ခုနစ်ရက်တိုင်တိုင် ရှိသွားခဲ့ပြီ ဖြစ်၏။ ဤခုနစ်ရက် အတွင်းတွင် ရန်ဟောင်ပေါင်းများစွာက ထိပ်သီးအင်အားစုများကို ရွေးချယ်၍ ကျင့်ကြံရန် ဝင်ရောက်သွားကြသည်။ သူတို့ထဲက အချို့က နယ်မြေသခင်အိမ်တော်သို့ ရွေးချယ်ခဲ့ပြီး အခြားလူများက တုန်းဟွာကျောင်းတော်သို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့ကြသည်။

သို့သော်လည်း ဤနေ့တွင် ထွက်ပေါ်လာသော လူအရေအတွက်က တဖြေးဖြေး ကျဲပါးသွားပြီး ဖြစ်လေသည်။ တစ်ခါတစ်ရံ၌ လမ်းစဉ်တိုက်ပွဲကြားတွင် တစ်ချီနှင့်တစ်ချီ အချိန်ကွာခြားချက်များပင် ရှိလာခဲ့သည်။ လမ်းစဉ်တိုက်ပွဲ၏ ပွဲစဉ်များကြောင့် ထိပ်သီးအင်အားစုများမှ ရန်ဟောင်များသည်လည်း ပင်ပန်းလာကြပေသည်။ သူတို့ထဲမှ အများစုမှာ အကြိမ်ပေါင်းများစွာ စိန်ခေါ်ခံနေရသည်။ သို့သော် သူတို့သည် တိုက်ပွဲများအတွင်း ပို၍ တိုးတက်လာမှုကို ပြသခဲ့သည်။

ထိုနောက် လမ်းစဉ်တိုက်ပွဲစင်မြင့်မှာ ရှင်းလင်းသွားခဲ့သည်။ အချိန်အတော်ကြာသည်အထိ မည်သူကမှ တက်ရောက်လာခြင်း မရှိကြပေ။ တုန်းဟွာနန်းတော်တွင် နယ်မြေသခင်နင်က ကြေညာလိုက်သည်။ “ဘယ်သူမှ တိုက်ပွဲဆင်နွှဲဖို့ဆန္ဒ မရှိတော့ဘူးဆိုတော့ ပထမအကြိမ် လမ်းစဉ်တိုက်ပွဲကို ဒီမှာတင် အဆုံးသတ်လိုက်တော့မယ်။”

လူအုပ်ကြီးက သူတို့၏ ခေါင်းကိုညိတ်လိုက်ကြသည်။ အောက်ဘက်ရှိ လူအများက ၎င်းကို ကန့်ကွက်မှု မရှိရုံမျှမက ပို၍ပင် စိတ်လှုပ်ရှားလာကြပေသည်။ လူအများ၏ အကြည့်ထဲတွင် ပြင်းထန်သော မျှော်လင့်ချက်များကို ထုတ်ဖော်ပြသလာကြ၏။

ပထမအကြိမ် လမ်းစဉ်တိုက်ပွဲ ပြီးသွားသည်ဟုဆိုခြင်းမှာ နောက်ထပ် လမ်းစဉ်တိုက်ပွဲအသစ်ကို စတင်တော့မည်ဟု ဆိုလိုပေသည်။

ဤတစ်ကြိမ်၌ ဖြစ်ပေါ်လာမည့် လမ်းစဉ်တိုက်ပွဲသည် သူတို့အထက်မှ ထိပ်သီးအင်အားစုများမှ တန်ခိုးရှင်များကြား တိုက်ပွဲပင်ဖြစ်သည်။ တုန်းဟွာကျောင်းတော်မှ တပည့်များ၊ မြူနှင်းဝေနတ်နန်းတော်၊ ၀မ်ရှန့်စောင့်ကြည့်မျှော်စင်၊ ပျက်စီးခြင်းနတ်နန်းတော် အစရှိသဖြင့် ထိုအင်အားစုများမှာ ရန်ဟောင်များက တစ်ယောက်ပြီး တစ်ယောက် ယှဉ်ပြိုင်ကြမည် ဖြစ်လေသည်။ ဤသည်က အလွန်ခမ်းနားကြီးကျယ်သည့် ပွဲစဉ်ပင် ဖြစ်လိမ့်မည်။ တိုက်ပွဲ တစ်ခုချင်းစီက အလွန် ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းနိုင်ပေသည်။

ပြောကြသည်မှာ ပျက်စီးခြင်းနတ်နန်းတော်မှ ‘ပျက်စီးခြင်း’သည် တုန်းဟွာကျောင်းတော်သို့ သွားကာ နင်ဟွာအား စိန်ခေါ်ခဲ့သည်။ သို့သော်လည်း နင်ဟွာက ထိုအချိန်၌ ကျောင်းတော်တွင် မရှိခဲ့ပေ။ ထို့ကြောင့် သူတို့က အချင်းချင်းတိုက်ခိုက်ရန် အခွင့်အရေးကို လွဲချော်ခဲ့ရသည်။

ယနေ့ သူတို့နှစ်ယောက်က ဤနေရာ၌ ရှိနေခဲ့သည်။ ထိုပုဂ္ဂိုလ် နှစ်ယောက်ကြားမှ တိုက်ပွဲသည် မလွဲဧကန် ဖြစ်ပွားလိမ့်မည် ဖြစ်သည်။ လူအုပ်ကြီးက ထိုတိုက်ပွဲ မည်သို့ ဖြစ်လာလိမ့်မည်ကို စောင့်မျှော်ရန် စောင့်ဆိုင်းမနေချင်တော့ပေ။

ကျန်းယွဲ့လီနှင့် ကျူံးချန်သည်လည်း ထိုနေရာ၌ ရှိနေခဲ့သည်။ ထိုအကျော်ကြားဆုံး ပုဂ္ဂိုလ်လေးယောက်အကြား တိုက်ပွဲဖြစ်ပွားခဲ့လျှင် မည်သို့ ဖြစ်လိမ့်မည်နည်း။

အဆင့်မြင့် ရန်ဟောင်လေးယောက်အပြင် ချို့ယွင်းချက်ကင်း မဟာလမ်းစဉ်ကို ပိုင်ဆိုင်ထားသည်မှာ အလယ်အလတ် ရန်ဟောင်များတွင် ပို၍ များပြားသည်။ သူတို့ကြားမှ ပြိုင်ပွဲသည် ပို၍ပင် ပြင်းထန်လိမ့်မည် ဖြစ်သည်။ တူညီသောအဆင့်တွင် ရီဖူရှင်းအား ခြိမ်းခြောက်နိုင် မည်သူ မည်သူ ရှိလိမ့်မည်နည်း။ အဆင့်ခြောက်တန်ခိုးရှင်သာလျှင် ထိုသို့ လုပ်ဆောင်နိုင်လိမ့်မည်ဟု ထင်ရပေသည်။

သည့်မတိုင်ခင် လမ်းစဉ်တိုက်ပွဲများ၌ ချို့ယွင်းချက်ကင်း မဟာလမ်းစဉ်နှင့် ထူးချွန်ထက်မြက်သော တန်ခိုးရှင်များကို ခြိမ်းခြောက်နိုင်သည့်သူ မရှိလုနီးပါးပင် ဖြစ်သည်။ သို့သော်လည်း ထိုပုဂ္ဂိုလ်များ တစ်ယောက်နှင့်တစ်ယောက် ထိပ်တိုက်တွေ့မည်ဆိုလျှင် မည်သို့ ဖြစ်လာလိမ့်မည်နည်း။

သူတို့က မကြာခင်၌ အားအကောင်းဆုံး ပုဂ္ဂိုလ်များကြားမှ တိုက်ပွဲကို မြင်တွေ့ခွင့်ရတော့မည် ဖြစ်သည်။

ထိုသည်မှာ တုန်းဟွာနယ်မြေအတွင်း အမြင့်ဆုံးအဆင့်တိုက်ပွဲ ဖြစ်ပေလိမ့်မည်။ ၎င်းက ထိပ်သီးအင်အားစုများသည် လက်ရှိမျိုးဆက်များကြား တန်ခိုးရှင်များတွင် မည်သူက အထူးချွန် အသန်မာဆုံး ဖြစ်သည်ကို စမ်းသပ်စစ်ဆေးခြင်းလည်း ဖြစ်သည်။

ရန်ဟောင်များသည် အင်အားစုများ၏ အခြေခံအုတ်မြစ်များဖြစ်ကြပြီး သူတို့အင်အားစုများ၏ ပင်မ ထောက်တိုင်လည်း ဖြစ်သည်။

သူတို့၏ ခွန်အားက အင်အားစုများ၏ ပျမ်းမျှ အင်အားကိုလည်း ဆုံးဖြတ်ပေးနိုင်သည်။

“ဒီမှာထိုင်နေတဲ့ ခင်ဗျားတို့ အားလုံးက အစွမ်းထက်တဲ့ တန်ခိုးရှင်များစွာကို ကျင့်ကြံပေးခဲ့ကြတယ်။ သူတို့တွေက တုန်းဟွာနယ်မြေရဲ့ အနာဂတ်ကို ကိုယ်စားပြုကြတယ်။ ဒီနေ့တော့ ကျုပ်တို့တွေ တုန်းဟွာနယ်မြေရဲ့ကျင့်ကြံသူတွေ ဘယ်လောက် အစွမ်းထက်လဲဆိုတာ စောင့်ကြည့်ကြတာပေါ့။ ဘယ်လိုသဘောရလဲ။” နယ်မြေသခင်နင်က ထိပ်သီးပုဂ္ဂိုလ်ကြီးများကို မေးလိုက်သည်။ အောက်ဘက်မှ ချက်ချင်းပင် လျင်မြန်လှသော တုံ့ပြန်မှုတို့ ထွက်ပေါ်လာ၏။ အသံသည် ဘုံကိုးဆင့် ကောင်းကင်တစ်ခုလုံးသို့ ရောက်ရှိပြီး တုန်းဟွာကောင်းကင်ကိုပင် လှုပ်ခတ်သွားစေသည်။

လူတိုင်းက ၎င်းကို ကြီးစွာသော မျှော်လင့်ချက်များနှင့် စောင့်စားနေကြသည်။

အင်အားစုအမျိုးမျိုးမှ ထိပ်သီးပုဂ္ဂိုလ်ကြီးများသည်လည်း ခေါင်းကို ညိတ်လိုက်ကြသည်။ သူတို့ထံ၌ ငြင်းပယ်စရာမရှိပေ။

“ဒီလိုဆိုမှတော့ စလိုက်ကြရအောင်။ ဒီစင်မြင့်က မင်းတို့အတွက်ပါပဲ။” နယ်မြေသခင်နင်က အောက်ဘက်ရှိ တန်ခိုးရှင်များကို ကြည့်ကာပြောလိုက်သည်။ အောက်ဘက်ရှိ လေထုက ရုတ်တရက် တည်ငြိမ်သွားခဲ့သည်။ ပျက်စီးခြင်းနတ်နန်းတော်မှ ပုံရိပ်တစ်ခုက ထရပ်လိုက်၏။ ‘ပျက်စီးခြင်း’သည် အနီးအနားတွင် တစ်ယောက်ထဲ ထိုင်နေသည့် ပုံရိပ်ဆီသို့ ကြည့်လိုက်လျှင် ထိုပုံရိပ်က ခေါင်းကို မော့ကာ ‘ပျက်စီးခြင်း’ထံသို့ ပြန်ကြည့်လိုက်သည်။

ထိုအခိုက်အတန့်တွင် တလောကလုံးက တိတ်ဆိတ်သွားခဲ့သည်ဟု ထင်မှတ်ရပြီး နောက်မှ အံ့အားသင့်နေသည့် အသံများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

ပထမဦးဆုံး တိုက်ပွဲက အထွတ်အထိပ် တိုက်ပွဲမျိုးနှင့် စတင်လိမ့်မည်လား။

တုန်းဟွာနယ်မြေ၏ အထူးချွန်ဆုံး ပုဂ္ဂိုလ်ဖြစ်သော နင်ဟွာနှင့် ပျက်စီးခြင်းနတ်နန်းတော်မှ နောက်တက်လာမည့်ခေါင်းဆောင် ‘ပျက်စီးခြင်း’တို့၏ တိုက်ပွဲပင် ဖြစ်လေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset