အခန်း ( ၆၃၀ )

ထူးဆန်းသော အဘိုးအို

ကုန်ဆုံးသွားခဲ့သော လသည် အဖွဲ့နံပါတ်ကိုး ရှိလူတိုင်းအတွက် အချီကြီးပွသောလတစ်လဟု ဆိုရပေမည်။ အမှန်တကယ်တော့ သူတို့အနေဖြင့် ပိုင်ရှောင်ချန်းကို လိုက်ပါစောင့်ကြပ်ပေးပြီး ဆုလာဘ်များ ယူခြင်းမှတစ်ပါး တခြားလုပ်စရာမလိုပေ။

ထောင်သားဟောင်း တစ်ရာကျော်၌ ရေတွက်၍ပင် မရနိုင်သော လျှို့ဝှက်ရတနာသိုက်ကြီးများ ရှိသည်မဟုတ်ပါလော။ အစောင့်များသည် ဝေစုအနည်းငယ်သာ ရသော်လည်း အတူတကွ စုပေါင်းလိုက်လျှင် အံသြတုန်လှုပ်ဖွယ်ကောင်းသော ပမာဏကြီးပင်ဖြစ်နေတော့သည်။

သို့ဖြစ်ရာ ဝေစုအားလုံး၏ တစ်ဝက်တိတိရသော စွန်းဖုန်မှာမူ ပိုင်ရှောင်ချန်းအား အလွန်မျက်နှာသာပေးသည်ကို အံသြစရာတော့မရှိပေ။ စွန်းဖုန်ပြီးလျှင် ပိုင်ရှောင်ချန်းသည် ဝေစုအများဆုံးရသူဖြစ်ပြီး သူ၏ ပင်ကိုယ်စရိုက်ကို စဥ်းစားလိုက်ပါက သူသည် ကပ်စေးနှဲတတ်သည့် လူစားမျိုးမဟုတ်ပေ။

သူက ကျိုးရီရှင်း၊လီဖုန်းတို့နှင့် အချိန်အတော်ကြာ ကတည်းက အဆက်အသွယ်လုပ်ခဲ့ပြီး သူတို့ အကျိုးအတွက် အသုံးချရန် သတင်းအချက်အလက်များလည်း ပေးလေသည်။

ထိုအကြောင်းကို မိစ္ဆာအကျဥ်းထောင်မှ လူအတော်တော်များများသိသော်လည်း အမှန်ဆိုရလျှင် ၄င်းသည် စည်းကမ်းမချိုးဖောက်ပေ။ အပြင်ဘက်ရှိ သူ့လူများကို ကူညီနေပုံက လွန်လွန်ကျူးကျူး ဖြစ်မနေသရွေ့ သူ့ကို မည်သူမျှ ပြဿနာရှာမည်မဟုတ်ချေ။ အမှောင်စစ်ဆေးရေးမှူးကို တစ်ယောက်မှ ဒုက္ခပေးနိုင်လိမ့်မည် မဟုတ်ပါလော။

ထို့အပြင် ပိုင်ရှောင်ချန်းသည် မည်သို့လိုက်လျောညီထွေစွာ နေထိုင်ရမည်ကို သိသည်။ သူ၏ စကားပြောဆိုပုံအရသော်လည်း၊ သူ၏ ရက်ရောသော သဘာဝကြောင့်သော်လည်းကောင်း လူများက သူ့ကို သဘောကျကြလေသည်။

နောက်ဆုံးတွင် ပိုင်ရှောင်ချန်း၏ အကြီးကျယ်ဆုံးဆုလာဘ်သည်ကား ငွေကြေးချမ်းသာမှုမဟုတ်ဘဲ သူသိခဲ့ရသော လျှို့ဝှက်ချက်များဖြစ်သည်။ ထိုလျှို့ဝှက်ချက်များသည် ရေတွက်၍ရသော အကောင်အထည်ဒြပ်ရှိသည့် အရာများ မဟုတ်သော်လည်း အလွန်တရာ တန်ဖိုးကြီးလေသည်။

” သရဲကြီးမြို့တော်မှာ အင်အားကြီးမျိုးနွယ်စု သုံးခုတောင်မဟုတ်ပဲ ငါးခုရှိပါလား ။ သူတို့ထဲက နှစ်ခုကို သရဲကြီးဘုရင်က နေ့ချင်းညချင်း အမြစ်ဖြုတ်သုတ်သင်ခဲ့တာပဲ ”

” သရဲကြီးဘုရင်မှာ နတ်ဘုရားတစ်ပိုင်း ကျင့်ကြံခြင်းအခြေခံရှိပေမယ့် ကောလာဟလတွေအရ သူ့ကျင့်ခဲ့တဲ့ ပညာရပ်မှာ သေတောင်သေစေနိုင်တဲ့ အားနည်းချက်တစ်ခုရှိတယ် ”

” မြို့စားဆယ်ယောက်ထဲက တချို့က သရဲကြီးဘုရင်ကို ပုန်ကန်ချင်နေကြတာဆိုပဲ ”

ထိုသည်တို့မှာ သူသိခဲ့ရသော လျှို့ဝှက်ချက်အနည်းငယ်သာဖြစ်သော်လည်း အကုန်လုံးက သူ၏ မျက်လုံးများကို စပ်စုလိုသော အရိပ်အယောင်များ လက်သွားစေသည်။

” ဒီထောင်ထဲမှာ အကျိုးအများကြီးရမယ်လို့ ဘယ်သူကများ ထင်မှာတုန်းကွာ ”
သူက တစ်ယောက်တည်း တီးတိုးရယ်ရင်း သူ၏ သလင်းကျောက်ဝိညာဥ်သိုလှောင်စေတီနှင့် သူရရှိခဲ့သည့် အမုန်းဝိညာဥ်အမြောက်အမြားအားထုတ်လိုက်သည်။ ထိုအမုန်းဝိညာဥ်ပမာဏသည် မြေရိုင်းဒေသရှိ ကာလများတစ်လျှောက် သူ ရရှိခဲ့သော အများဆုံးပမာဏဖြစ်ပေသည်။

” ငါရဲ့ ဆယ့်သုံးရောင်ခြယ်မီးတောက်ကို တွေးတော ဆင်ခြင်တာ ပြီးတော့မယ် ”
သူက ဆယ့်သုံးရောင်ခြယ်မီးတောက်ဖန်းတီးခြင်းကို ကြိုးစားရန်ကြံလိုက်သော်လည်း သူ၏ အခန်းသည် သေးလွန်းနေသည်။ထို့အပြင် သူသာ ထိန်းချုပ်နိုင်စွမ်းမရှိတော့ပါက ကပ်ဘေးအကြီးအကျယ်ကျရောက်သွားစေမည်ဖြစ်သည်။

အနည်းအငယ်တွေးတောပြီးနောက် သူက သူ၏တန်းလျားမှ လမ်းလျှောက်ထွက်လာပြီး ထောင်ခန်း၏ ဝင်ပေါက်ထံ ဦးတည်လိုက်သည်။

လမ်းတစ်လျှောက် သူတွေ့သည့် အစောင့်တိုင်းက သူ့ကို အလွန်ယဥ်ကျေးလေးစားစွာ နှုတ်ဆက်ကြသည်။ တုံ့ပြန်သည့်အနေဖြင့် သူက ပြန်လည်ပြုံးပြရင်း လူတိုင်းအတွက် အရေးကြီးပုဂ္ဂိုလ်ဖြစ်နေသည်ကိုတွေးကာ ကျေနပ်သဘောကျနေ၏။။ မကြာမီ သူက ဝင်ပေါက်ကို ဖြတ်သွားလေသည်။

သူရောက်ရှိလာခြင်းက မီးခိုးရောင်ဝတ်ရုံထောင်သားများနှင့် အချုပ်ခန်းထဲရှိ ထောင်သားများအကြား အကြောက်တရားများ ဖြတ်ပြေးသွားသည်နှင့်ပတ်သက်၍ သူ လျစ်လျူရှူလိုက်လေသည်။ ကုန်လွန်ခဲ့သော တစ်လတာ ကာလအတွင်း သူသည် ဝင်ပေါက်မှ ခပ်လှမ်းလှမ်းတွင်ရှိသော အတော်လေး ကျယ်ကျယ်ဝန်းဝန်းရှိသည့် နေရာတစ်ခုကို တွေ့ခဲ့ရသောကြောင့် ယခုအခါ ထိုနေရာသို့ သွားနေခြင်းဖြစ်သည်။

ထိုနေရာသို့ရောက်သွားပြီးနောက်တွင် သူက မန္တန်အစီအရင်အများအပြားကို နေရာချပြီးနောက် တင်ပျဥ်ခွေထိုင်၍ အသက်ပြင်းပြင်းရှူလိုက်သည်။ ဆယ့်သုံးရောင်ခြယ်မီးတောက်အတွက် သူ့ခေါင်းထဲပေါ်လာသော ဖန်တီးနည်းကို တခဏကြာ ပြန်လည်တွေးတောလိုက်ပြီးနောက် လက်တစ်ဖက်ဖြင့် မန္တန်လက်ကွက်ဖော်ကာ ဝိညာဥ်သိုလှောင်စေတီထံ ဝှေ့ယမ်းလိုက်သည်။

ဝိညာဥ်သိုလှောင်စေတီထဲမှ အမုန်းဝိညာဥ်များစွာ ထွက်လာလေရာ တစ်နေရာလုံးပြည့်သွားတော့သည်။ ထို့နောက် ပိုင်ရှောင်ချန်းက လေးနက်သောမျက်နှာအမူအရာဖြင့် လက်ကို ဝှေ့ယမ်း၍ ဆယ့်နှစ်ရောင်ခြယ်မီးတောက်တစ်ခုကို ထုတ်လိုက်သည်။

” ပိုင်မျိုးနွယ်စုက ထွက်လာကတည်းက ပိုင်ဟောက်ရဲ့ မှတ်စုတွေကျေးဇူးနဲ့ ဆယ့်သုံးရောင်ခြယ်မီးတောက်ကို စဥ်းစားနေခဲ့တာ။ အခု ရှစ်ဆယ်ရာခိုင်နှုန်းလောက်တော့ အောင်မြင်မယ်ဆိုတာ သေချာတယ် ”

“ငါ မအောင်မြင်ရင်တောင်မှ အရေးမကြီးဘူး။ မအောင်မြင်ရတာရဲ့ အကြောင်းရင်းကို ဆုံးဖြတ်ပြီး ထိန်းညှိတာ နည်းနည်းပါးပါး လုပ်လိုက်ရင် အရင်ထက်တောင် ပိုပြီး ယုံကြည်ချက်ရှိလာမှာ ”
သူက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ မန္တန်လက်ကွက်ဖော်ကာ ဆယ့်နှစ်ရောင်ခြယ်မီးတောက်ကို လက်ညှိုးထိုးလိုက်သဖြင့် မီးပင်လယ်ကြီးအဖြစ် ပျံ့နှံ့သွားပြီးနောက် အမုန်းဝိညာဥ်များကို စတင်ဝါးမျိုတော့သည်။

ဖြစ်စဥ်သည် အလွန်လျင်မြန်ပါသော်လည်း အရာအားလုံးသည် ပိုင်ရှောင်ချန်း ကြိုတင်တွေးထားသည့် ရှုပ်ထွေးသော နည်းလမ်းအတိုင်းသွားနေလေသည်။ အချိန်များ တရွေ့ရွေ့ကုန်လွန်သွားခဲ့ပြီး ဝိညာဥ်များ ပျောက်ကွယ်သွားလေပြီ။ မီးတောက်ထဲတွင် နောက်ထပ်အရောင်တစ်ရောင် တဖြည်းဖြည်း မြင်လာရသော်လည်း ကံဆိုးစွာပင် ထိန်းမရသော မတည်ငြိမ်ခြင်းလည်း ကပ်ပါလာ၏။ ပိုင်ရှောင်ချန်း မည်မျှ ထိန်းညှိရန်ကြိုးစားစေကာမူ တစ်ခုမှ အလုပ်မဖြစ်လေရာ နောက်ဆုံး၌ မီးတောက်သည် ဘာမှမရှိတော့သည်အထိ ငြိမ်းသွားတော့သည်။

သူက မျက်မှောင်ကြုတ်ရင်း တခဏကြာ စဥ်းစားဆင်ခြင်နေပြီးနောက် ထပ်မံကြိုးစားပြန်သည်။

တစ်ရက်။ နှစ်ရက်။ သုံးရက်……. များမကြာမီ လဝက်ကုန်လွန်သွားတော့သည်။ ပိုင်ရှောင်ချန်းသည် မတူညီသောနည်းလမ်းအမျိုးမျိုးဖြင့် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ကာ မအောင်မြင်ခဲ့သော်လည်း ထိုနည်းလမ်းအားလုံးက နောက်ထပ်ကြိုးစားရန်အတွက် ဦးတည်ချက်အသစ်များအား သူ့ကို ပေးခဲ့လေသည်။

အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ဆယ့်သုံးရောင်ခြယ်မီးတောက်ဖန်တီးခြင်းအပေါ် သူ၏ ယုံကြည်ချက်များ ကြီးထွားလာတော့သည်။ တစ်နေရာတွင် သူက ရုတ်တရက် မော့လိုက်ရာ သူ၏ မျက်လုံးများမှာ ရဲရဲနီနေသော်လည်း သူ၏ အမူအရာမှာ တက်ကြွနေ၏။ ထိုမျှသာမက သူ၏ မျက်လုံးများသည် မျှော်လင့်ချက်ရောင်ခြည်များဖြင့် ရွှန်းလဲ့တောက်ပနေသည်။

” ဒါက နောက်ဆုံးပြဿနာပဲ။ ဒီတစ်ကြိမ်မှာ အောင်မြင်ဖို့ လုံးဝ ယုံကြည်တယ် ”
သူက အင်္ကျီလက်ကို ခါယမ်းလိုက်သဖြင့် ဝိညာဥ်သိုလှောင်စေတီထဲမှ အမုန်းဝိညာဥ်အများအပြား ပျံထွက်လာပြီး ဆယ့်နှစ်ရောင်ခြယ်မီးတောက်ထဲ ဝင်သွားကြသည်။ ပိုင်ရှောင်ချန်းက စိတ်ရောကိုယ်ပါနှစ်ထားပြီး သူ၏ ကိုယ်ပွားများကို အသုံးပြု၍ နတ်ဘုရားအာရုံများကို မြှင့်တင်ထားသောကြောင့် သူ့ခန္ဓာကိုယ်သည် ပုံရိပ်များဖြင့် ဝေဝါးနေတော့သည်။ တဖြည်းဖြည်း သူ၏ ဖြစ်စဥ်အပေါ် မြဲမြံစွာ ထိန်းချုပ်လာနိုင်သဖြင့် မီးတောက်ထဲတွင် ဆယ့်သုံးရောင်မြောက် အရောင်တစ်ခု ပေါ်လာတော့သည်။

ချက်ချင်းပင် ထစ်ခြုန်းသံများ မြည်ဟည်းလာပြီး မီးတောက်ထံမှ ထုတ်လွှတ်နေသော အပူက ပိုမိုပြင်းထန်လာတော့သည်။ သူ့ပတ်လည်တွင် မီးမုန်တိုင်းကြီး တိုက်ခတ်နေသည့်အလား ဖြစ်နေတော့သည်။

တစ်ချိန်လုံး သူ့ကို စောင့်ကြည့်နေကြသော ထောင်သားများမှာ လုံးဝတုန်လှုပ်သွားကြပြီး အနားမကပ်ရဲကြပေ။ အချုပ်ခန်းထဲရှိ ထောင်သားများစွာပင် လှမ်းကြည့်နေကြတော့သည်။

ပိုင်ရှောင်ချန်းနှင့် မဝေးကွာလှသည့် တစ်နေရာတွင် မျက်နှာပေါ်မှာ မွေးရာပါအနီမှတ်တစ်ခုဖြင့် အဘိုးအိုတစ်ယောက်ကို ချုပ်ထားသော အချုပ်ခန်းတစ်ခန်းရှိလေသည်။ သူက ရုတ်တရက် မော့ကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် သူ၏ မျက်လုံးများထဲတွင်….အလွန်စူးရှတောက်ပေသာ တုန်လှုပ်ခြင်း အလင်း လက်သွားတော့သည်။

အချုပ်ခန်းရှိ လူများအားလုံးက အရေးအကြီးဆုံး ထောင်သားများဖြစ်ပြီး သူတို့၏ကျင့်ကြံခြင်းအခြေခံများအား အသုံးမပြုနိုင်အောင် ပိတ်လှောင်ခံထားရလေသည်။ သို့သော် ထိုအဘိုးအိုသည် ပိုင်ရှောင်ချန်းက ဆယ့်သုံးရောင်ခြယ်မီးတောက်အား ဖန်တီးနေသည်ကို သိသာစွာပင် အာရုံရလိုက်၏။ သူအာရုံခံနိုင်သည်ဆိုသောအချက်မှာ…. အလွန်တရာ ထူးဆန်းလှလေသည်။

မိစ္ဆာအကျဥ်းထောင်ထဲ ပိုင်ရှောင်ချန်း ပထမဆုံးစရောက်သည့်အချိန်ကတည်းက အဘိုးအိုကို သတိထားမိခဲ့သည်။ ထောင်ခေါင်း၏ ရှင်းပြချက်အရ အဘိုးအိုသည် သရဲကြီးဘုရင်ကို ပုန်ကန်ခဲ့ြခင်းကြောင့် နှစ်နှစ်ရာကျော် ချုပ်ထားခံခဲ့ရသည်။

အဘိုးအိုက မျက်လုံးများကို ဖွင့်လိုက်ပြီးနောက် ဆယ့်သုံးရောင်ခြယ်မီးတောက်သည် သူ၏ စိတ်ဝင်စားမှုကို တခဏသာ ဖမ်းစားနိုင်လိုက်သည့်အလား မျက်လုံးများအားပြန်ပိတ်ကာ တရားပြန်ထိုင်လိုက်သည်။

ပိုင်ရှောင်ချန်းမှာ စောစောကဖြစ်သွားခဲ့သည့်အကြောင်းနှင့် ပတ်သက်၍ တစ်ခုမှ မသိပေ။ သူ၏ အရှိန်အဝါကို တင်းကြပ်စွာ ထိန်းချုပ်ရင်း သူက လက်ဖဝါးပေါ်တွင် လက်ချောင်းများကို ဂရုတစိုက်ပိတ်လိုက်လေရာ မီးပင်လယ်မှာ တဝုန်းဝုန်းထစ်ခြုန်းသံများနှင့်အတူ ကျုံ့သွားလေသည်။ ထို့နောက် သူ့လက်ကို တစ်ဖန်ပြန်ဖွင့်လိုက်သည်တွင် ဆယ့်သုံးရောင်ခြယ်မီးတောက် ရှိနေလေပြီ။

” အလုပ်ဖြစ်သွားပြီ ”
သူက ကျယ်လောင်စွာ ရယ်ရင်းပြောလိုက်လေသည်။ ပိုင်ဟောက်၏မှတ်စုကျေးဇူးဖြင့် ဆယ့်လေးရောင်ခြယ်မီးတောက်နှင့်ပတ်သက်၍လည်း ပြဿနာရှိတော့မည်မဟုတ်ကြောင်း သူသိလေသည်။

ခြုံငုံပြောရလျှင် မီးတောက်နှစ်ခုလုံးက တစ်ဆင့်တည်းမှာရှိသည် မဟုတ်ပါလော။ သို့သော် ဆယ့်ငါးရောင်ခြယ်မီးတောက်သည် မြေအဆင့်မှ ကောင်းကင်အဆင့်ကို ခွဲခြားထားသောအမှတ်အသားဖြစ်သည်။

ကောင်းကင်အောင်လမ်းဆရာများကို အောက်လမ်းဆရာမျိုးနွယ်စုများ၏ လျှို့ဝှက်အင်အားစုများဟူ၍ သတ်မှတ်နိုင်သည်။ ဝိညာဥ်ကျင့်ကြံသူတစ်ယောက်သည် ယင်ယန်ဝိညာဥ်အဆင့်မဟာရပ်ဝန်းမှ နတ်အဆင့်ထဲသို့ ဝင်ရောက်လိုလျှင် ဆယ့်ငါးဆစိတ်စွမ်းအင်အဆင့်မြှင့်တင်ထားသော ပစ္စည်းတစ်ခုလိုအပ်မည် မဟုတ်ပါလော။ ထိုနည်းဖြင့်သာ ကောင်းကင်နှင့် မြေကြီး၏ ဉာဏ်အလင်းကို ရနိုင်မည်ဖြစ်ပြီး နတ်တစ်ပါးဖြစ်လာရန် အခွင့်အရေးကို ရနိုင်မည်ဖြစ်သည်။

” ဆယ့်လေးရောင်ခြယ်မီးတောက်ကို တစ်ခါတည်းလုပ်လိုက်ဖို့ ယုံကြည်ချက်ရှိနေပြီ “
သူက စိတ်ပိုင်းဖြတ်ထားသော အရိပ်အယောင်များ တောက်ပနေသော မျက်လုံးများဖြင့် တွေးလိုက်သည်။

နောက်ထပ် လဝက်ကုန်ဆုံးသွား၏။

ပိုင်ရှောင်ချန်း၏ ဆံပင်များ ဖွာလန်ကြဲနေပြီး ရူးသွပ်နေသော မကောင်းဆိုးဝါးတစ်ကောင်ပုံပေါက်နေတော့သည်။ ယခု သူက ထိပ်ဆုံးအဆင့်တော့ရောက်နေလေပြီ။ ကုန်ဆုံးသွားသောလဝက်အတောအတွင်း ကြိမ်ဖန်များစွာ ကျရှုံးနေခဲ့သော်လည်း တစ်ဆက်တည်းမှာပင် တစ်ဟုန်ထိုး တိုးတက်လာခဲ့လေသည်။

” အောင်မြင်ဖို့ နောက်ထပ်ငါးခါလောက်ပဲ ကြိုးစားရတော့မယ်”
သူက ရဲရဲနီနေသော မျက်လုံးများဖြင့် ပြောလိုက်သည်။ ထို့နောက် သူက ဝိညာဥ်သိုလှောင်စေတီကို ပုတ်လိုက်ရာ အမုန်း ဝိညာဥ် အမြောက်အမြား ပျံထွက်လာ၏။ သို့သော် ထိုအချိန်တွင် သူ့မှာ အမုန်းဝိညာဥ်လုံလုံလောက်လောက်မရှိတော့ကြောင်း သဘောပေါက်လိုက်လေသည်။

သူက အံ့သြနေသော မျက်လုံးပြူးကြီးဖြင့် ပြောလိုက်သည်။
” ဟင် အကုန် ကုန်ပြီးလား ”

သူမှတ်မိသ၍ သူ့မှာ ဝိညာဥ်များစွာ ရှိခဲ့သည် မဟုတ်ပါလော။ တခဏကြာ နှုတ်ဆိတ်လျက် မလှုပ်မယှက်ထိုင်နေပြီးနောက် သူက လွန်ခဲ့သော လအတွင်း အလွန်တရာသုံးစွဲခဲ့မိကြောင်း သဘောပေါက်လိုက်သဖြင့် ခါးသီးစွာ ရယ်လိုက်တော့သည်။

” ဂရုမစိုက်ဘူးကွာ ထားလိုက်တော့မယ် ”
သူက ဆူပုပ်နေရင်း သက်ပြင်းချကာ မဟာတံတိုင်းမှာရှိစဥ်က စေတီကြီးကို ပေးခဲ့သော ဝိညာဥ်များအကြောင်း ပြန်တွေးမိလိုက်သည်။

” တိုက်ပွဲစွမ်းေဆာင်မှုရမှတ်ရဖို့အတွက် အမုန်းဝိညာဥ်တွေ အကုန်ပေးခဲ့တာ နာတယ်ကွာ”
သူမည်မျှ ဦးနှောက်မရှိခဲ့ကြောင်းတွေးမိလိုက်သောအခါ နောက်တ တဖွားဖွားရလာတော့သည်။

” အမှတ်လေးထောင်ခန်းက ထောင်သားဟောင်းတွေကိုလဲ အကုန်မေးခဲ့ပြီးပြီ။ ဒါပေမဲ့ ငါပို့လိုက်တဲ့ သတင်းတွေကနေ ကျိုးရီရှင်းတော့ အမုန်းဝိညာဥ်တွေ ရသင့်နေပြီ ”

” ဘာပဲဖြစ်ဖြစ် အမုန်းဝိညာဥ်ဘယ်လောက်ရပြီတံုး ငါသွားကြည့်ရမယ် ”
သူသည် အမုန်းဝိညာဥ်များ မရှိတော့ခြင်းကို စိုးရိမ်နေသော်လည်း အနည်းဆုံးတော့ သူ့အိတ်ထဲတွင် ဝိညာဥ်ဆေးများစွာ ရှိသေးသည် မဟုတ်ပါလော။


Comment

Leave a Reply


Options

not work with dark mode
Reset