**ယွမ် ၈၀,၀၀၀ ကိုဆုချတယ်**
**ဒီနေ့ကစပြီး သူမအရက်ကို အလကားသောက်ခွင့်ရမယ်**
**ဒါ မယုံနိုင်စရာပဲ**
ဘားကို လာကြသူများအားလုံး ဖေးချမ်ကို မနာလို၊အားကျစွာ ကြည့်နေကြသည်။
ညနှင်းဆီသည် ကျန်းရှီမြို့၏ နာမည်ကြီးဘားတစ်ခု ဖြစ်သည်၊ ကျန်းရှီမြို့၏ ထိပ်သီးပုဂ္ဂိုလ်များပင် သူမ၏အရက်ကို အလကားသောက်ခွင့် မရှိပေ။
သို့သော် ယဲ့ဖန်နှင့် ဖေးချမ်တို့ကတော့ မြို့ထဲရှိ ကံအကောင်းဆုံးလူသားများ ဖြစ်လာကြသည်။
ဒီသတင်းသာ လူသိရှင်ကြား ဖြစ်သွားလျင် တစ်မြို့လုံး အံ့အားသင့်သွားလောက်သည်။
ရိုစ့်စကားကြောင့် ချွီထောင်နှင့် မိန်းကလေးသုံးယောက် အတော်လေး နောင်တရသွားကြသည်။
“အ…. အလကား …ဒီကောင်..”
ချွီထောင်၏ မျက်နှာ ဖြူစုတ်သွားကာ ယဲ့ဖန်နှင့် ဖေးချမ်အား မတရားအားကျသည့် အကြည့်ဖြင့် ကြည့်နေမိသည်။၏
ယဲ့ဖန် ရိုက်နှက်ခံရမည့်အစား ယခုလို အခွင့်ထူးရသွားလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
ချွီထောင် မနာလိုဖြစ်ကာ ရိုစ့်၏ မျက်နှာသာပေးခြင်း ခံရသူအဖြစ် ယဲ့ဖန်အစား သူသာလျင် ဖြစ်စေချင်တော့သည်။
ယွမ်လီ၊ ကျန်းဝေ့ဝေ့နှင့် ရှုချင်တို့လည်း လုံးဝမှင်တက်မိသွားသည်။
“တ…တကယ်လို့ ငါတို့သာ ဖေးချမ်နဲ့ ဆက်ဆံရေး မပြတ်စဲခဲ့ဘူးဆိုရင် ငါတို့လည်း ဒီမှာ အလကားသောက်ခွင့်ရမှာပဲ”
ယွမ်လီ၊ ကျန်းဝေ့ဝေ့နှင့် ရှုချင်တို့ အရမ်းနောင်တရသွားကြသည်။ သူတို့ ကိုယ့်ပါးကိုယ် ပြန်ရိုက်ချင်စိတ်တောင် ပေါက်နေသည်။ ဒီလို အခွင့်ထူးမျိုး ရမယ်မှန်းသာ သိခဲ့လျင် သူတို့ ယဲ့ဖန်အား လှောင်ပြောင်သရော်မှာ မဟုတ်သလို ဖေးချမ်နဲ့လည်း ဆက်ဆံရေးပြတ်စဲခဲ့မှာ မဟုတ်ပေ။
အခုတော့ သူတို့က လူရယ်စရာ ဖြစ်နေလေပြီ။ ရိုစ့်နှင့် ယဲ့ဖန်တို့ အမှိုက်တကာ့အမှိုက်ဟု သတ်မှတ်ထားသည့် အစ်မကြီးရဲ့အရက်အတွက် ငွေအများကြီး သုံးလိုက်ရသည့်အပြင် အခြားသူများ၏အမြင်တွင် အရူးဟု သတ်မှတ်ခံလိုက်ရပြီဖြစ်သည်။
ယဲ့ဖန်နှင့် ဖေးချမ်တို့ကသာ လူတိုင်း၏ လေးစားအားကျခြင်းကို ရရှိသွားသည်။
ရိုစ့်ထပ်ပြောလိုက်သည့် စကားကြောင့် လူတိုင်း ပို၍ မနာလိုဖြစ်သွားကြသည်။
“ကောင်လေး… ငါ ဒီနေ့ ငါ့စည်းကမ်းကို ဖောက်ပြီးတော့ မင်းအတွက် သီးသန့် အရက်စပ်ပေးမယ်”
ရိုစ့်က ထိုကဲ့သို့ ပြောကာ ယဲ့ဖန်၏မျက်လုံးကို တည့်တည့်ကြည့်ကာ ပြုံးလိုက်သည်။
**သူ့အတွက် သီးသန့် အရက်စပ်ပေးမယ်**
**ဒါ…ဒါ ကျန်းရှီမြို့ရဲ့ထိပ်သီးပုဂ္ဂိုလ်တွေပဲ ရနိုင်တဲ့ အခွင့်အရေးမျိုးလေ**
လူတိုင်း၏ မနာလို၊အားကျသော အကြည့်များအောက်တွင် ရိုစ့်သည် အရက်အမျိုးမျိုးကို ရောစပ်၍ shaker ဘူးဖြင့် မွှေနှောက်လိုက်သည်။
ထို့နောက် ဖန်ခွက်တစ်ခုထဲသို့ ကောင်းမွန်စွာ ရောစပ်ထားသော ထိုအရက်ကို ထည့်လိုက်သောအခါ အလွန် မွှေးကြိုင်သောရနံ့မျိုး ထွက်ပေါ်လာသည်။
အခြားသူများက နှာခေါင်းတရှုံ့ရှုံ့လုပ်ရင်း သွားရည်ကျနေကြသည်။ အနံ့ရရုံနဲ့တင် ဒါ ထိပ်တန်းဝိုင်အမျိုးအစားမှန်း သူတို့ ခံစားမိလိုက်သည်။
“ဒီအရက်ကို ငါ့ကို နားလည်ပေးပါ လို့ ခေါ်တယ်”
ရိုစ့်သည် မျက်လုံးကို မှေး၍ ပြုံးလိုက်ပြီး ဖန်ခွက်နှစ်ခွက်ကို ယဲ့ဖန်နှင့် ဖေးချမ်ရှေ့ ပို့လိုက်သည်။
သို့သော် သူမစကားကို ကြားပြီးနောက် ယဲ့ဖန်က ပြုံး၍ ခေါင်းခါလိုက်သည်။
ဟင်?
ရိုစ့် မှင်တက်သွားသည်။
“ဘာလို့လဲ… နင် ဒါကို မကြိုက်လို့လား”
ဒီအရက်ရဖို့ ရိုစ့် အစွမ်းကုန် ကြိုးစားထားခြင်း ဖြစ်သည်။ သို့သော်လည်း ယဲ့ဖန်က ခေါင်းခါနေသေးသည်။
“အရသာက ကောင်းပင်မယ့် တစ်ခုခုလိုနေတုန်းပဲ”
အားလုံး၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ယဲ့ဖန်သည် အရက်ကို shaker ဘူးထဲ ပြန်ထည့်ကာ မွှေ့ယမ်းလိုက်ပြီး ဖန်ခွက်ထဲ ပြန်ထည့်လိုက်သည်။ ထို့နောက် ဇွန်းတစ်ချောင်းယူ၍ သာသာလေး မွှေလိုက်သည်။
“ပြီးပြီ”
ဟင်?
ရိုစ့်အပါအဝင် အားလုံး ကြောင်သွားသည်။ ဒါ ဘာမှမှ မထူးခြားသွားတာ။
မကြာခင်မှာပင် တုန်လှုပ်စရာ အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။
“ကြည့်ဦး…ဖန်ခွက်အထဲမှာ…”
ထိုသူ၏စကားကြောင့် အားလုံး ခွက်ကို ကြည့်လိုက်သောအခါ ခွက်ထဲမှ အရက်က ခဲနေသည်ကို တွေ့လိုက်ရသည်။
အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်မှာပင် ဖန်ခွက်ထဲတွင် နှင်းဆီပုံသဏ္ဍာန် ဖြစ်ပေါ်လာသည်။ အားလုံး ကြက်သေ သေသွားသည်။
“နှင်းဆီ! အရက်ထဲကနေ ဘယ်လိုလုပ် နှင်းဆီပုံ ဖြစ်လာတာလဲ? မ…မဖြစ်နိုင်လိုက်တာ”
ရိုစ့်သည်လည်း သူမ၏ နှုတ်ခမ်းလှလှလေးအား လက်ဖြင့်အုပ်ကာ မယုံနိုင်ဖြစ်နေသည်။
အရက်ခွက်ထဲမှာ ပန်းသဏ္ဍာန် ဖြစ်လာတယ်? ထိပ်တန်း အရက်စပ်သူတောင် ဒီလို လုပ်နိုင်မှာမဟုတ်ပေ။ အံ့ဩဖွယ်ကောင်းလှသည်။
အံ့အားသင့်နေသည့်သူများ၏ အကြည့်ကို ဂရုမစိုက်ဘဲ ယဲ့ဖန်သည် ခွက်တစ်ခွက်ကို ရိုစ့်ရှေ့ တွန်းပို့လိုက်ပြီး ပြုံးလိုက်သည်။
“အလှတရားက နှင်းဆီလိုပဲ။ အလှတရားက ယမကာလိုပဲ။ ဒီယာမကာကို ညနှင်းဆီလို့ ခေါ်သင့်တယ်”
ညနှင်းဆီ!
ဤနာမည်သည် ဤဘားနှင့် လိုက်ဖက်ရုံသာမက ရိုစ့်နှင့်လည်း လိုက်ဖက်ကာ ပုလဲနံပသင့်လှသည်။
ချက်ချင်းပင် ရိုစ့် ရင်ခုန်သံမြန်လာကာ မျက်နှာလေး နီမြန်းသွားသည်။
ညနှင်းဆီ ယာမကာခွက် ၃ခွက်ကို လူသုံးယောက် သောက်ကြာ ရယ်မောပျော်ရွှင်စွာ စကားလက်ဆုံကြနေကြသည်ကို ကျန်သူများ အားကျစွာ ကြည့်နေကြသည်။
ယောကျ်ားသားတစ်ယောက်အတွက် အလွန်ကောင်းသော ယာမကာနှင့် ရိုစ့်လို ရှားပါးသောအလှပဂေးလေးက နံဘေးတွင် ရှိနေသည့်အချိန်သည် အပျော်ဆုံးအချိန်ပင် ဖြစ်လိမ့်မည်။
ချွီထောင်နှင့် မိန်းကလေးသုံးယောက်တို့သည် အလွန်တရာ အားကျသည့်အကြည့်နှင့် ကြည့်နေကြသည်။ သူတို့ ဒီနေရာကို ဖေးချမ်နှင့် အတူတူလာခဲ့သော်လည်း အခုတော့ မျှော်ကြည့်နေရုံသာ တတ်နိုင်တော့သည်။
ဖေးချမ်က ဒီလောက် အခွင့်ထူးခံစားနေရတာ သူတို့ နောင်တမရဘဲ ဘယ်နေပါ့မလဲ။
ယဲ့ဖန်၏ ဖြူစင်ပြီး ချောမောသော ရုပ်ရည်ကို ငေးကြည့်ရင်း ကျန်းဝေ့ဝေ့ စိတ်ထဲ ဇဝေဇဝါ ဖြစ်လာသည်။
“ငါ သူ့ကို ဆုံးရှုံးလိုက်ရပြီလား… ငါ တကယ် သူ့ကို ဆုံးရှုံးလိုက်ရပြီလား?”
ကျန်းဝေ့ဝေ့ ပထမဆုံးအကြိမ် သူမရဲ့ လူကဲခတ်ညံ့မှုကို နောင်တရနေသည်။
သူမ အမြဲတမ်း အလွန်တရာထူးချွန်သော ချစ်သူမျိုးကို လိုချင်ခဲ့သည်။ ထို့ကြောင့် ဖေးချမ်က သူမကို လူတစ်ယောက်နှင့် မိတ်ဆက်ပေးမည်ဆို၍ သူမ ဒီနေရာကို အလျင်အမြန် လာခဲ့ခြင်း ဖြစ်သည်။
သို့သော် ယဲ့ဖန်၏ အဝတ်အစားကို ကြည့်ပြီး သူမ စိတ်ပျက်သွားရသည်။
ယဲ့ဖန်က သုံးစားမရသော တရားမဝင်သားမှန်း သိလိုက်ရသောအခါ သူမ ပို၍ပင် ယဲ့ဖန်အား အထင်သေးသွားမိသည်။
အခုတော့ သူမ နောင်တရနေရပြီ။
ယဲ့ဖန်သည် အလွန်တရာ ထူးဆန်းသောသူမှန်း သူမ ရုတ်တရက် သိလာရသည်။
သူသည် တစ်ချက်ကြည့်ရုံနှင့် အစ်မကြီးရဲ့အရက်၏ လှည့်စားမှုကို မြင်နိုင်ပြီး ရိုစ့်ရဲ့နှလုံးသားကိုလည်း နားလည်သည်။
အန္တရာယ်နှင့် ရင်ဆိုင်ရချိန်မှာတောင်မှ သူက တည်ငြိမ်သည်။
ထူးချွန်သောလူငယ်များကို ကျန်းဝေ့ဝေ့ မြင်ဖူးသော်လည်း ဤမျှ ထူးဆန်းပြီး လိမ္မာပါးနပ်ကာ သည်းခံနိုင်သောသူမျိုး သူမ မမြင်ဖူးခဲ့ပေ။
“အစကတည်းကသာ ငါ သူ့ကို ဖော်ဖော်ရွေရွေ ဆက်ဆံခဲ့ရင် အခုအခြေအနေနဲ့ တူမှာ မဟုတ်လောက်ဘူး”
ကျန်းဝေ့ဝေ့ တစ်ခုခုကို ဆုံးရှုံးလိုက်ရသလို ခံစားလိုက်မိပြီး ခါးသီးစွာ ပြုံးလိုက်မိသည်။
“သွားကြစို့”
ထိုအချိန်တွင် ချွီထောင်၏ မျက်နှာသည် လုံးဝသုန်မှုန်နေကာ ဒီမှာ ဆက်နေရင် အရှက်မရှိသလို ခံစားရတော့သောကြောင့် သူတို့အဖွဲ့ကို ပြန်ရန် ပြောလိုက်ခြင်း ဖြစ်သည်။
ထိုစဉ် ဘားအတွင်းသို့ ဆူညံသံတစ်ခု လွင့်ပျံလာသည်။
ထို့နောက် မျက်နှာတွင် အမာရွတ်နှင့် လူငယ်လေး ဦးဆောင်သော ကျားများ၊ ဝံပုလွေများကဲ့သို့ ကြမ်းတမ်းသောသူများ ဝင်လာသည်။
သူ့ကို မြင်ပြီး ချွီထောင် အပါအဝင် ဘားရှိသူများ အားလုံး ထိတ်လန့်သွားကြသည်။
“ဝံပုလွေရိုင်း… သူက ဝံပုလွေရိုင်းပဲ… ဘာလို့ ဒီကို လာတာလဲ”
“ဟုတ်တယ်… သူက မြို့မြောက်ဘက်ခြမ်းက ဝံပုလွေရိုင်း မလား… ဒီကို ဘာကိစ္စကြောင့် ရောက်လာတာလဲမသိဘူး”
“ဒီလူက အရမ်းအင်အားကြီးတာကွ… သူက အစက ဒီမြို့ကို တောကနေ တက်လာတာတဲ့ကွ…နောက်တော့ မြို့မြောက်ဘက်ခြမ်းရဲ့ မြေအောက်လောကကို အားနဲ့ သိမ်းပိုက်ပြီး အဲ့ဘက်ခြမ်းကို လက်ဝါးကြီးအုပ်ထားတာတဲ့”
“ဟုတ်တယ်… ဝံပုလွေရိုင်းက အင်အားကြီးရုံတင်မကဘဲ ရက်လည်းရက်စက်တယ်ကွ…. ပြီးခဲ့တဲ့သုံးနှစ်လောက်က သူ့ကြောင့် အနည်းဆုံး လူအယောက် ၈၀ လောက် ဒုက္ခိတဖြစ်ကုန်တာတဲ့ကွ…ပြီးတော့ သူက လူတွေရဲ့ လက်တွေ၊ခြေထောက်တွေက အရွတ်တွေကိုပါ ချိုးပစ်တာတဲ့ဟ… သူ့ကို အာခံတဲ့သူတိုင်း ဒုက္ခိတ ဖြစ်တာပဲ”
……
လူတိုင်းသည် ထိုလူငယ်အား ကြောက်စရာကောင်းသော နတ်ဆိုးအား မြင်လိုက်ရသည့်အလား ဖြူဖွေးနေသောမျက်နှာနှင့် ကြောက်လန့်တကြား ကြည့်နေကြသည်။
ရိုစ့်တောင်မှ သူတို့ကို သတိထားလိုက်မိသည်။ သူတို့ကို ကြည့်ရင်း ရိုစ့် စိတ်မသက်မသာ ခံစားလိုက်ရသည်။
“ဝံပုလွေရိုင်း … ရှင် ဒီကို ဘာလာလုပ်တာလဲ?”
ဒီဘားလမ်းသည် မြို့မြောက်ဘက်ခြမ်းနှင့် အလွန်ဝေးကွာလှသည်။ ထို့အပြင် သူမသည် ဝံပုလွေရိုင်းနှင့် မည့်သည့် ဆက်ဆံရေးမှ မရှိပေ။
သူ ဘာလို့ ဒီကိုလာရတာလဲဆိုတာကို သူမ နားမလည်နိုင်ပေ။
“ငါ ဘာလို့ ဒီကို လာရတာလဲ ဟုတ်လား?”
ရိုစ့်စကားကြောင့် ဝံပုလွေရိုင်းက စပ်ဖြီးဖြီးနှင့် ရယ်လိုက်သောကြောင့် သူ၏ ကြောက်မက်ဖွယ်ကောင်းသော နှင်းလို ဖြူဖွေးနေသည့် သွားများ ပေါ်လာသည်။
ဘားကို တစ်ချက်ကြည့်လိုက်ပြီး ရိုစ့်ကို စူးစူးစိုက်စိုက်ကြည့်ကာ မသတီစရာကောင်းလောက်အောင် ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ဟီးဟီးဟီး… ဒီနေ့ကစပြီး ညနှင်းဆီက ငါ့အပိုင်ပဲ… မင်းလည်း ပါတာပေါ့”