အခန်း ( ၆၂၉ )

အမှတ်လေးထောင်ခန်းကို ကြီးစိုးခြင်း

အဖွဲ့နံပါတ်ကိုးမှာ အမှတ်လေးထောင်ခန်းဆီသို့ စိတ်လှုပ်ရှားစွာဖြင့် ပြန်ပြေးသွားတော့သည်။ မိစ္ဆာအိုကြီးကျိုးကို ပိုင်ရှောင်ချန်း စစ်မေးခဲ့သည့် မြင်ကွင်းမှ သတိပြန်လည်လာသည့် မီးခိုးရောင်ဝတ်ရုံနှင့် ထောင်သားများမှာ သူတို့ထံသို့ အလျင်အမြန် ပြေးလာကြတော့သည်။

သူတို့အားလုံးမှာ လက်များကိုယှက်၍ တရိုတသေ ဦးညွှတ်လိုက်ကြပြီး တအံ့တသြ ဆိုနေကြတော့သည်။ ” ဘုရားရေ။ အမှောင် စစ်ဆေးရေးမှူး ပြန်လာပြီ ”

ထိုမီးခိုးရောင်ဝတ်ရုံနှင့် ထောင်သားများကို အာရုံမစိုက်လိုသဖြင့် ထောင်စောင့်များမှာ ပိုင်ရှောင်ချန်းအား တစ်ခါမှ လျှို့ဝှက်ချက်များကို မပြောခဲ့ဖူးသည့် ထောင်သားဟောင်းတစ်ယောက်ဆီသို့ ခေါ်သွားတော့သည်။

ပိုင်ရှောင်ချန်းမှာ သူ၏လက်ကို နောက်တွင်ပစ်ကာ ခပ်လှမ်းလှမ်းရှိ အချုပ်ခန်းတစ်ခန်းနားဆီသို့ ရောက်သွားတော့သည်။ ထိုအနားသို့ရောက်သွားသောအခါ ထိုတစ်ဝိုက်ရှိ မီးခိုးရောင်ဝတ်ရုံနှင့် ထောင်သားများက စိုးရိမ်နေသည့် အကြည့်များဖြင့် သူတို့ကို ကြည့်လိုက်ကြသည်။

ထောင်ခေါင်းကမူ အချုပ်ခန်းထဲရှိ ထောင်သားကို စိုက်ကြည့်ကာ ဆိုလိုက်သည်။
” ညီလေးပိုင်ရေ။ ဒါက မိစ္ဆာအိုကြီးရှုပဲ။ လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်စက်ဝန်းတုံးက ဒီနယ်ပယ်တစ်ဝိုက်မှာ သူက စွမ်းအားအကြီးဆုံး ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ယောက်ပဲ။ အဲဒီတုံးကဆို သူက ကိုယ်ဝန်ဆောင်မိခင် ကိုးသောင်းကိုးထောင့်ကိုးရာကိုးဆယ့်ကိုးယောက်တိတိကို သတ်၊ သူတို့ရဲ့ အချင်းတွေကိုသုံးပြီး စွမ်းအားကြီးမှော်စက်ပစ္စည်းတစ်ခုကို တည်ဆောက်ခဲ့တာ။ အဲဒီဖြစ်ရပ်ကြီးက အံ့အားသင့်စရာကောင်းလွန်းလို့ လူတိုင်း အုံးအုံးကျက်ကျက် ဖြစ်လာရတဲ့အထိပဲ။ ”

လှောင်အိမ်ထဲတွင် တည်ငြိမ်စွာ တင်ပျဥ်ခွေထိုင်နေသည့် အဘိုးကြီးတစ်ယောက်ကို ပိုင်ရှောင်ချန်းက မြင်နေရသည်။ ထိုလူကြီးမှာ မျက်လုံးများကို လှစ်ခနဲဖွင့်ကာ သူ့ကိုမော့ကြည့်လိုက်သည်။ ထိုမျက်လုံးများမှာ ရေခဲတမျှအေးစက်နေပြီး ကမ္ဘာထဲရှိ မည်သည့်သက်ရှိကိုမှ ဂရုမစိုက်သည့် အတိုင်းပင်။

သူစကားပြောလိုက်သောအခါ သူ၏လေသံမှာလည်း သူ၏အကြည့်အတိုင်း အေးစက်နေဆဲ။
” ငါ့ကို မေးခွန်း စစ်မေးတဲ့လူမရှိတာတောင် တော်တော်ကြာခဲ့ပြီပဲ။ ပျော်စရာလေးတွေ စလိုက်ရအောင်လား ”

အဖွဲ့နံပါတ်ကိုးက မိစ္တာအိုကြီးရှုကို ကြည့်မိလိုက်သောအခါ ပိုင်ရှောင်ချန်းအပေါ်ထားရှိသည့် သူတို့၏ ယုံကြည်မှုများမှာ ယိမ်းယိုင်စပြုလာတော့သည်။ မိစ္ဆာအိုကြီးရှုမှာ အလွန်နာမည်ကြီးသည်ဖြစ်ပြီး အမှတ်လေးထောင်ခန်း ၏ အမှောင်စစ်ဆေးရေးမှူး ပင် သူ့ကိုစစ်မေးရာတွင် အောင်မြင်မှုမရရှိခဲ့ပေ။

” အဖွဲ့နံပါတ်ကိုးရဲ့ စစ်ဆေးရေးမှူးက မိစ္ဆာအိုကြီးရှုကို ဘယ်လိုကိုင်တွယ်မလဲ ကြည့်ကြသေးတာပေါ့ ”
ထိုနေရာတစ်ဝိုက်ရှိ မီးခိုးရောင်ဝတ်ရုံနှင့်ထောင်သားများထဲတွင် ပိုင်ရှောင်ချန်းကို လေးစားသည့် ထောင်သားများစွာပါဝင်သည်။ သို့သော် သူတို့အများစုမှာ မိစ္ဆာအိုကြီးရှုကို ပို၍ကြောက်ရွံ့ရိုသေနေကြသည်။

လူတိုင်းက မည်သို့ဖြစ်ပျက်မည်ကို တွေးတောနေကြစဥ် ပိုင်ရှောင်ချန်းက မိစ္ဆာအိုကြီးရှုကို ခေါင်းအစခြေအဆုံး ကြည့်လိုက်ပြီး အချုပ်ခန်းထဲသို့ ဝင်သွားတော့သည်။ ခဏအကြာတွင် ထိုနေရာတစ်ဝိုက်ကို အနက်ရောင်မြူခိုးများက ဖုံးလွှမ်းသွားပြီး မကြာမီတွင် မိစ္ဆာအိုကြီးကျိုးထံမှ ကြားခဲ့ရသည့် အော်သံများနှင့် ဆင်တူသောအသံများ ထွက်လာတော့သည်။

ချက်ချင်းပင် အဖွဲ့နံပါတ်ကိုးမှ ထောင်စောင့်များ၏ မျက်ဝန်းများမှာ တောက်ပသွားကြတော့သည်။ မီးခိုးရောင်ဝတ်ရုံနှင့် ထောင်သားများမှာ နှလုံးခုန်နှုန်းမြန်လာကြပြီး အများစုမှာ မှင်တက်နေကြတော့သည်။

” မိစ္ဆာအိုကြီးရှုတောင် ဒီလိုဖြစ်နေတာပါလား ”

” မဖြစ်နိုင်တာ။ ဒါ မိစ္ဆာအိုကြီးရှုနော်။ အမှတ်လေးထောင်ခန်း ရဲ့ အမှောင်စစ်ဆေးရေးမှူးတောင် သူ့ကို စစ်မေးနိုင်ခဲ့တာ မဟုတ်ဘူး ”

တစ်နာရီခန့် ကြာသောအခါ အော်ဟစ်သံများမှာ အသနားခံနေသည့် လေသံများအဖြစ်ပြောင်းလဲသွားတော့သည်။ လူတိုင်းမှာ တုန်လှုပ်နေကြပြီး အနီးအနားရှိ အချုပ်ခန်းများထဲတွင် ရှိသော ရာဇဝင်ကြီးသည့် ထောင်သားများ၏ မျက်နှာများတွင် အကြောက်တရားများ ကြီးစိုးနေကြတော့သည်။

ထို့နောက် ပိုင်ရှောင်ချန်းမှာ ပုံမှန်အတိုင်းပင် တည်တည်ကြည်ကြည်နှင့် ကျောက်စိမ်းပေလွှာတစ်ခုကို ကိုင်ကာထွက်လာတော့သည်။

” သူ့ရဲ့ ဝန်ခံစာ ဒီမှာ။ ” သူက ဆိုလိုက်သည်။
” နောက် ဘယ်သူ့အလှည့်လဲ ”

ကျောက်ဖုန်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ရီနေပြီး ထောင်ခေါင်းမှာ အလွန်ပျော်ရွှင်နေတော့သည်။ ယခုတွင်မူ ပိုင်ရှောင်ချန်းသည် ထောင်စောင့်များအကြားတွင် ဘုရားသခင်ကဲ့သို့ဖြစ်နေပြီဖြစ်သည်။ သူတို့က ပိုင်ရှောင်ချန်းကို စိတ်အားထက်သန်စွာဖြင့် နောက်ထပ်တစ်နေရာသို့ ခေါ်သွားတော့သည်။

ဒုတိယအချုပ်ခန်း၊ တတိယ အချုပ်ခန်း…ထို့နောက် စတုတ္ထ အချုပ်ခန်းတို့တွင်လည်း ထိုနည်းတူဖြစ်ရပ်များသာ ဆက်ဖြစ်ကုန်ကြသည်။

နောက်သုံးရက်စလုံးတွင် ပိုင်ရှောင်ချန်းမှာ သူသွားရောက်လည်ပတ်ခဲ့သည့် အမှတ်လေးထောင်ခန်း အတွင်းရှိ ထောင်သားဟောင်းတိုင်းကို စကားတစ်လုံးမကျန် စစ်မေးနိုင်ခဲ့သည်ဖြစ်ရာ လူတိုင်းမှာ သတိလစ်လုမတတ် ဖြစ်ကုန်ကြတော့သည်။

ထောင်သားအနည်းငယ်မှာ လေးနာရီခန့်အထိ တောင့်ခံနိုင်ကြသည်။ သို့သော် အဆုံးတွင်မူ မည်သူမှ နှုတ်ပိတ်၍ မနေရဲေတာ့ပေ။ သူတို့အားလုံးမှာ သူတို့၏ လျှို့ဝှက်ချက်ကြီးများကို ပိုင်ရှောင်ချန်းအား ဖွင့်ပြောရသည်သာ ဖြစ်သည်။

ဤအခြင်းအရာများကြောင့် အကျိုးအမြတ်များ ဖြစ်ထွန်းနေသဖြင့် ပိုင်ရှောင်ချန်း ကျေနပ်နေတော့သည်။ ထောင်သားဟောင်းအများစုဆိုလျှင် သူတို့၏ကိုယ်ပိုင် လျှို့ဝှက်ချက်များသာမက အခြားလူများ၏ လျှို့ဝှက်ချက်များကိုပါ ပြောပြကြသည်။

ထိုလျှို့ဝှက်ချက်များမှာ အခြားမည်သူ့ကိုမှ မပြောပြခဲ့ဖူးသည့် အရာများဖြစ်ပြီး ယခုမှသာ ပိုင်ရှောင်ချန်းကြောင့် ပေါ်ထွက်လာရသည်။ အစက ထိုလျှို့ဝှက်ချက်များကို သူ ကြားသိရသည့်အချိန်တွင် ဣန္ဒြေမပျက်နေနိုင်ခဲ့ပါသော်လည်း လျှို့ဝှက်ချက်များစွာ ဆက်တိုက် ပေါ်ပေါက်လာသည့်အခါ သူ၏မျက်ဝန်းများမှာ တောက်ပစွာလင်းလက်လာတော့သည်။

မိစ္ဆာအကျဥ်းထောင်ထဲတွင် နေရသည်မှာ သူနှင့်ကိုက်ညီသည်ဟုပင် သူက ခံစားမိလာတော့သည်။ ထို့အပြင် အမျိုးမျိုးသော ထောင်သားများကို စစ်မေးပြီးနောက် သူတို့အားလုံးမှာ သေဒဏ်ပေးရလောက်သည်အထိ ကြီးမားသော ရက်စက်ကြမ်းကြုတ်ဖွယ် ပြစ်မှုများကို ကျူးလွန်ခဲ့သည်ဖြစ်ကြောင်း သူက သိလာရသည်။

” ကြည့်ရတာ သရဲကြီးဘုရင်က သူဘာလုပ်နေလဲဆိုတာ သူကောင်းကောင်းသိပုံရတယ် “
ဤထောင်တွင် သူ့ကို ခန့်အပ်ထားခြင်းနှင့် ပတ်သတ်၍ သူက တွေးလိုက်လေသည်။

အဖွဲ့နံပါတ်ကိုးကမူ လက်ရှိအဖြစ်အပျက်များကြောင့် ဆွံ့အလုမတတ် ဖြစ်နေတော့သည်။ စစ်ဆေးမေးမြန်းရာတွင် ပိုင်ရှောင်ချန်းမှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်လွန်းနေပြီး ထောင်ခေါင်း၏ လက်ထဲတွင် ကျောက်စိမ်းပေလွှာများစွာ ရောက်နေပြီဖြစ်သဖြင့် သူတို့၏မျက်ဝန်းများမှာ စိန်ပွင့်များအလား တောက်ပနေတော့သည်။

သူ့ဆီတွင်ရှိသည့် ကျောက်စိမ်းပေလွှာတိုင်းမှာ ချမ်းသာကြွယ်ဝမှုများစွာကို ကိုယ်စားပြုနေသည်ဖြစ်သဖြင့် ထောင်စောင့်များက သူတို့၏ရှေ့လျှောက်ဘဝအကြောင်းကို တွေးမိလိုက်သောအခါ ပိုင်ရှောင်ချန်းကို ပို၍ပင် လေးစားကြည်ညိုလာကြတော့သည်။

မီးခိုးရောင်ဝတ်ရုံနှင့် ထောင်သားများမှာ ပို၍ပင် စိတ်လှုပ်ရှားနေကြပြီး ပိုင်ရှောင်ချန်းကို ကြောက်ကြောက်လန့်လန့် တုန်တုန်ရီရီနှင့် ကြည့်နေကြတော့သည်။

ထောင်ခေါင်းမှာ အံ့အားသင့်ကာ လေးစားလွန်းနေပြီဖြစ်သဖြင့် အဖိုးတန်ပစ္စည်းများစွာ ပေးကမ်းကာ အခြားအဖွဲ့များမှ ခေါင်းဆောင်များနှင့် ဆက်သွယ်လိုက်တော့သည်။ မည်သည့်နည်းဖြင့် သူ ကိုင်တွယ်လိုက်သည်ကို မသိနိုင်သော်လည်း ကင်းလှည့်တာဝန်ကို အဖွဲ့နံပါတ်ကိုးက တစ်လတိတိ ထမ်းဆောင်နိုင်အောင် သူက ညှိနှိုင်းနိုင်လိုက်သည်။

အဖွဲ့နံပါတ်ကိုး၏ ကျန်အဖွဲ့သားများက ထိုသတင်းကိုကြားသောအခါ အလွန်အမင်း ပျော်ရွှင်ကုန်ကြတော့သည်။ မီးခိုးရောင်ဝတ်ရုံနှင့် ထောင်သားများနှင့် အချုပ်ခန်းထဲမှ ထောင်သားများကမူ သူတို့နှင့်ပြောင်းပြန်ပင်။ တုန်လှုပ်နေကြသည့် အမူအရာများကို သူတို့၏ မျက်နှာများပေါ်တွင် အတိုင်းသား မြင်နေရသည်။

ထိုတစ်လမှာ တဖြည်းဖြည်းနှင့် ကုန်ဆုံးသွားသည်။

ထိုအတောအတွင်း ပိုင်ရှောင်ချန်းမှာ အမှတ်လေးထောင်ခန်း ကို ကြီးစိုးနေတော့သည်။ ထောင်သားဟောင်းများထံသို့ သူက တစ်ယောက်ပြီးတစ်ယောက် သွား၍ လည်ပတ်နေတော့သည်။

သူ စစ်ဆေးမေးမြန်းသည့် အချိန်တိုင်းတွင် အချုပ်ခန်းထဲမှ အာခေါင်ခြစ်အော်ဟစ်သံများ ပေါ်ထွက်လာကြသဖြင့် ရှိသမျှလူတိုင်းမှာ အလွန်အမင်း တုန်လှုပ်နေကြရတော့သည်။

ထိုအချိန်အတောအတွင်း ဖြစ်ပျက်သည်များကို မည်သူမှမမြင်ရသည့်အချက်ကြောင့် ပို၍ပင်ကြောက်စရာ ကောင်းနေတော့သည်။

ပိုင်ရှောင်ချန်းမှာ စစ်ဆေးမေးမြန်းရာမှ ထွက်လာတိုင်း သူ စစ်မေးသည့်ထောင်သားများမှာ ယခင်က မည်မျှပင် ရိုင်းစိုင်းကြမ်းတမ်းလွန်းခဲ့ပါစေ နောက်ဆုံးတွင် တုန်တုန်ရီရီနှင့် ကြောက်လန့်သွားကြရစမြဲပင်။ စစ်မေးခံရသည့် ထောင်သားတိုင်းမှာ နောက်ရက်များစွာတိုင်အောင် သူတို့၏ အချုပ်ခန်းများထဲတွင် ယုန်သူငယ်လေးများကဲ့သို့ တုန်တုန်ရီရီနှင့် ပုန်းလျှိုးကွယ်လျှိုးနေကုန်ကြသည် အထိပင်။

ထိုအခြင်းအရာများကြောင့် အဖွဲ့နံပါတ်ကိုးမှာ ကျေနပ်နေတော့သည်။ ပိုင်ရှောင်ချန်း၏ နာမည်မှာလည်း အမှတ်လေးထောင်ခန်း တစ်ခွင် ကျော်စောနေသည်ဖြစ်ပြီး လူတိုင်းမှာ သူ့ကို ကြောက်ရွံလေးစားမှုများဖြင့် ကြည့်နေရသည့် အဆင့်အထိရောက်သွားတော့သည်။

ပိုင်ရှောင်ချန်းမှာ တဖြည်းဖြည်း သိရှိလာရသည့် လျှို့ဝှက်ချက်များကြောင့် မိစ္ဆာအကျဥ်းထောင်ကို ပို၍နှစ်သက်လာတော့သည်။ ထိုလျှို့ဝှက်ချက်အများစုမှာ မြေရိုင်းဒေသနှင့် သရဲကြီးမြို့တော်အကြောင်း ဖြစ်ကြသည်။ ထိုကုန်ဆုံးသွားသည့် တစ်လအတွင်း ပိုင်ရှောင်ချန်း သိရှိခဲ့သည့် လျှို့ဝှက်ချက်များမှာ အတော်အတန် များပြားလွန်းနေပြီဖြစ်သည်။

အဖွဲ့နံပါတ်ကိုး၏ ကင်းလှည့်တာဝန် ပြီးဆုံးသွားသောအခါမှသာ ထောင်သားများက စိတ်သက်သာရာ ရသွားသည့်အလား သက်ပြင်းချနိုင်တော့သည်။ သူတို့၏ စိတ်နှလုံးထဲတွင် နှစ်ပေါင်းများစွာ မခံစားခဲ့ရသည့် အိပ်မက်ဆိုးကြီးတစ်ခုကို ပိုင်ရှောင်ချန်းက သူတို့အတွက် ဖန်တီးခဲ့ပြီဖြစ်သည်။ စစ်ဆေးမေးမြန်းခြင်း ခံခဲ့ရသူများမှာမူ အလွန်အမင်း ကြောက်လန့်တုန်လှုပ်ကာ ကျန်ခဲ့ရတော့သည်။

အဖွဲ့နံပါတ်ကိုးအတွက်မူ ထီပေါက်သွားသည့်အတိုင်းပင်။ ထို့အပြင် သူတို့က ရရှိသည့်ပစ္စည်းများကို ဝေစုခွဲရာတွင် အမှတ်လေးထောင်ခန်း ထဲရှိ အခြားအဖွဲ့များကပါ သူတို့၏ ကင်းလှည့်တာဝန်များအတွက် ပြန်ကျေးဇူးဆပ်မည်ဟု သူတို့အား ပေးထားသည့်ကတိအတိုင်း ဝေစုများကို ရရှိကြသဖြင့် အလွန်အမင်း အံ့အားသင့်နေကြတော့သည်။

စုံစမ်းမေးမြန်းမှုများ ပြုလုပ်လိုက်ကြပီးနောက် ထိုအခြင်းအရာများအားလုံး၏ မြစ်ဖျားခံရာမှာ အမှောင်စစ်ဆေးရေးမှူး ပိုင်ဟောက်တစ်ယောက်ထဲသာ ဖြစ်နေသည်ကို သိလိုက်ရသောအခါ အခြားအဖွဲ့များမှာ ယခင်ကထက်ပင် ပို၍ အံ့အားသင့်ကုန်ကြတော့သည်။

” ဘာ။ ထောင်သားဟောင်းတွေအားလုံးကို သူကတစ်လထဲနဲ့ စစ်မေးနိုင်ခဲ့တာ ဟုတ်လား။ မဖြစ်နိုင်တာ ”

” သောက်ကျိုးနည်းကွာ။ အဲဒါမလို့ အဖွဲ့နံပါတ်ကိုးက ငါတို့ရဲ့ ကင်းလှည့်တာဝန်ကို လိုချင်ခဲ့တာပေါ့… ”

” ပိုင်ဟောက်က အမှောင်စစ်ဆေးရေးမှူး တစ်ယောက်ရဲ့ အတတ်ပညာတွေကိုပါ တတ်မြောက်ထားလိမ့်မယ်လို့ ငါမထင်မိဘူး။ ငါကြားတဲ့ သတင်းတွေသာ အမှန်ဆိုရင် သူက သာမန် အမှောင်စစ်ဆေးရေးမှူးတစ်ယောက် မဟုတ်ဘူးပဲ။ အမှတ်လေးထောင်ခန်း ရဲ့ တရားဝင် အမှောင်စစ်ဆေးရေးမှူးကတောင် သူ့လိုလုပ်နိုင်တာ မဟုတ်ဘူး ”

စုံစမ်းမေးမြန်းမှုများ ထပ်လုပ်လိုက်ကြပြီး သတင်းများကို အတည်ပြုပြီးသွားသောအခါ အခြားအဖွဲ့များမှာ တုန်ရီသွားကြပြီး အားကျသည့် အကြည့်များဖြင့် အဖွဲ့နံပါတ်ကိုးကို ကြည့်နေကြတော့သည်။

အမှတ်လေးထောင်ခန်း ၏ လက်ထောက်ထောင်မှူးပင်လျှင် ထိုသတင်းများကြောင့် အလွန်အမင်း အံ့အားသင့်သွားရသည် အထိပင်။

” ထောင်သားဟောင်းတွေ အကုန်လုံးကို သူက တစ်လအတွင်း စစ်မေးနိုင်ခဲ့တာ ဟုတ်လား ”
သူသည် အဖွဲ့နံပါတ်ကိုး၏ ထောင်ခေါင်းမှ သူ့အတွက်ပေးပို့လိုက်သည့် ဝိညာဥ်ဆေးဝါးများနှင့် မှော်ပစ္စည်းများကို မြင်လိုက်ရသောအခါ ထိုမယုံကြည်နိုင်ဖွယ်သတင်းကြီးကို ယုံစားလိုက်ရတော့သည်။

” ဒီပိုင်ဟောက်ဆိုတဲ့ကောင်က တော်တော်ကို ရက်စက်တာပဲ။ အေးပေါ့ သူ့မျိုးနွယ်စုကိုတောင် သူကပုန်ကန်ခဲ့သေးတာပဲ။ အမှောင်စစ်ဆေးရေးမှူးဆိုတဲ့ အလုပ်က သူနဲ့ ကိုက်ပါတယ် ”
ထို့နောက် စွန်းဖုန်သည် အမှတ်လေးထောင်ခန်း မှာ ထောင်မှူးကြီး လီရှူ၏အရှေ့တွင် ဂုဏ်အရှိန်အဝါကြီးမားလာနိုင်မည့် အခွင့်အရေးတစ်ခုကို ရလိုက်ပြီဖြစ်ကြောင်း သိသွားတော့သည်။ သူက လုံးဝတွေဝေမနေပဲ ပိုင်ဟောက်အား ထောင်ခန်းကို အချိန်မရွေးဝင်ခွင့်ပေးကာ အန္တရာယ်အကြီးဆုံးထောင်သားများကိုပါ စစ်မေးခွင့်ပြုရန် အမိန့်ပေးလိုက်တော့သည်။

အခြား အဖွဲ့များမှာ ထောင်ခန်းထဲသို့ တစ်လတစ်ခါ နှင့် သုံးရက်တိတိသာ သွားနိုင်သည်။ သို့သော် ပိုင်ဟောက်တွင်မူ ထိုသို့ကန့်သတ်ချက်များ မရှိပေ။

ပုံမှန်ဆိုလျှင် ထိုသို့သော စီစဥ်မှုများကို လူအများက ဒေါသထွက်ကြမည်သာဖြစ်သည်။ သို့သော် ပိုင်ရှောင်ချန်း၏ အံသြတုန်လှုပ်ဖွယ် စွမ်းဆောင်မှုကြောင့် တစ်ယောက်မှ မကန့်ကွက်ကြပေ။


Comment

Leave a Reply


Options

not work with dark mode
Reset