အပိုင်း(၂၀၃၃)

ချန်ယိ

‘ဒီလူက ဘယ်သူလဲ။’ မသိကြသေးသည့် လူများက ဟိုဟိုဒီဒီ လိုက်မေးနေကြ၏။ ဘုံကိုးဆင့်ကောင်းကင်မှ ရန်ဟောင်အများက တစ်ဦးတစ်ဦး တီးတိုးပြောဆိုနေကြသည်။ သူတို့က ထွက်ပေါ်လာသည့် ပုဂ္ဂိုလ်အကြောင်းကို ဆွေးနွေးနေကြ၏။

တုန်းဟွာကောင်းကင်မှ ထိုလူများကြား ထိုသို့ ရုတ်ရုတ်သဲသဲ အခြေအနေမျိုးကို ဖြစ်ပေါ်စေနိုင်သော ရန်ဟောင်တစ်ပါးက သေချာပေါက်  ထူးချွန်ထက်မြက်သူတစ်ဦး ဖြစ်ရပေမည်။ နင်ဟွာနှင့် နတ်မိမယ်ထိုက်ဟွာတို့ကဲ့သို့ ပုဂ္ဂိုလ်မျိုးများသာလျှင် ယခုလို လွှမ်းမိုးမှုရှိပေသည်။ သို့ဆိုလျှင် ဤရန်ဟောင်က မည်သူဖြစ်သနည်း။ ထိပ်သီးအင်အားစုများမှ မဖြစ်နိုင်ပေ။

“သူ့နာမည်က ချန်ယိပဲ။” တစ်စုံတစ်ယောက်က ပြောဆိုလိုက်သည်။ ၎င်းသည် လူအများကို  ထူးဆန်းသော အမူအရာတို့ ဖြစ်ပေါ်လာစေ၏။ ထိုနာမည်က အလွန်ပင် သမရိုးကျဆန်လှသည်။ သူသည် သူ၏ အမည်ကဲ့သို့ပင် အလွန် ရိုးရှင်းလှ၏။

“သူက ဘာများ ထူးခြားနေလို့လဲ။” တစ်စုံတစ်ယောက်က မေးလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်တုန်းက တုန်းဟွာကောင်းကင်မှ ဒီလူက ကျော်ကြားနေခဲ့ပြီးပြီလေ။ အဲဒီတုန်းက ထူးချွန်တဲ့ ပုဂ္ဂိုလ်အများကြီးကို သူအနိုင်ယူခဲ့ပြီးတော့ တိုက်ခိုက်သမျှ လမ်းစဉ်တိုက်ပွဲတွေမှာ အရှုံးဆိုတာ မရှိခဲ့ဘူး။ ကောလာဟလတွေအရတော့ တုန်းဟွာကောင်းကင်က သူ့ကို ကျောင်းတော်ဆီ ဝင်ရောက်ဖို့ ကိုယ်တိုင်ဖိတ်ခေါ်ခဲ့တယ်တဲ့။ အဲဒီလို ဆက်ဆံမှုမျိုးက အတော်လေးကို ရှားပါးတယ်။ တုန်းဟွာကျောင်းတော်ရဲ့ သမိုင်းမှာတောင် အဲဒီလို ဖြစ်တာ သိပ်မရှိဘူး။ ဒါပေမယ့် ချန်ယိက သူတို့ရဲ့ ဖိတ်ခေါ်မှုကို ငြင်းပယ်ခဲ့တယ်။”

တစ်စုံတစ်ယောက်က လမ်းစဉ်တိုက်ပွဲစင်မြင့်ထက်ရှိ ပုံရိပ်ကို ကြည့်ကာ ပြောလိုက်သည်။ “ဒါကြောင့် အဲဒီတုန်းက တုန်းဟွာကျောင်းတော်ရဲ့ တပည့်တွေ တော်တော်များများက သူရဲ့ မောက်မာလှတဲ့ အပြုအမှုကို အ​ကျေမနပ် ဖြစ်ခဲ့ကြတယ်။ ရန်ဟောင်အများကြီးက သူ့ကို ရှာဖွေပြီးတော့ သင်ခန်းစာ ပေးချင်ခဲ့ကြပေမယ့် အဆုံးမှာတော့ သူက သူတို့တွေကို တစ်ချက်တည်းနဲ့ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်စေခဲ့တယ်။ နောက်ပိုင်းမှာ တုန်းဟွာကျောင်းတော်က အရမ်းအစွမ်းထက်တဲ့ ရန်ဟောင်တွေကို စုစည်းစေခဲ့ကြပြီး သူ့ကို တိုက်ခိုက်ခဲ့တယ်။ ဒါပေမယ့် သူတို့က သူ့ကို ရှုံးနိမ့်နေတုန်းပဲ။ ပြောကြတာတော့ နယ်မြေသခင်အိမ်တော်ကလည်း သူ့ကိုခေါ်ယူချင်ခဲ့တယ်တဲ့။ ဒါပေမယ့် ချန်ယိက အဲဒီတုန်းကတည်းက ပျောက်ကွယ်သွားခဲ့တယ်။ နောက်တော့ သူရဲ့နာမည်က တုန်းဟွာကောင်းကင်က လူတွေကြားမှ တဖြည်းဖြည်းနဲ့ မှိန်ဖျော့လာခဲ့တယ်။ အဲဒါကပဲ သူတည်ရှိခဲ့ဖူးတယ်ဆိုတာကို လူတွေတဖြည်းဖြည်း မေ့ပျောက်သွားရတဲ့ အကြောင်းအရင်းပဲ။ ဒါပေမယ့် အခု သူက တုန်းဟွာအခမ်းအနားမှာ ပြန်လည် ထွက်ပေါ်လာခဲ့ပြီ။”

၎င်းက ချန်ယိပင် ဖြစ်သည်။ တုန်းဟွာကျောင်းတော်၏ အဖွဲ့ဝင်များက အောက်ဘက်ရှိ ပုဂ္ဂိုလ်ကို စိုက်ကြည့်နေခဲ့ကြသည်။ အများစုသည် ထိုပုဂ္ဂိုလ်အား မှတ်မိကြသည်။ ထိုပုဂ္ဂိုလ်က တုန်းဟွာကျောင်းတော်ကို ဆိုးဆိုးဝါးဝါး ရှုံးနိမ့်စေခဲ့ပြီး အရှက်ရစေခဲ့သည်။

နင်ဟွာက သူ၏ ခေါင်းကိုငုံ့ကာ လမ်းစဉ်တိုက်ပွဲထက်ရှိ ပုံရိပ်ကို ကြည့်လိုက်သည်။ သူ့အကြည့််များက အေးစက်နေခဲ့သည်။ သူက ထိုနာမည်ကို ကြားဖူးခဲ့၏။ ယခင်က သူ၏ အခြေအနေကြောင့် ချန်ယိနှင့် မတိုက်ခိုက်ခဲ့ရပေ။ ထိုစဉ်က ချန်ယိသည် အဆင့်သုံး ရန်ဟောင်တစ်ပါးက ဖြစ်သော်လည်း ယခုတွင် အလယ်အလတ် အထွတ်ထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

“သူရဲ့ ကျင့်ကြံဆင့်က အဆင့်ငါးကို ရောက်နေခဲ့ပြီ။” ကျောင်းတော်မှ တပည့်တစ်ယောက်က ပြောလိုက်သည်။

အထက်ရှိ တုန်းဟွာနန်းတော်တွင် အင်ပါယာရှီက သိချင်စိတ်ဖြင့် မေးလိုက်သည်။ “ဒီလူက ​ကျော်ကြားတာလား။”

“ကျုပ် ပြန်စဉ်းစားကြည့်တာတော့ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က သူ့အကြောင်း ကြားဖူးတယ်။ အဲဒီတုန်းက တုန်းဟွာကောင်းကင်မှာ သူက တကယ့်ကို ကျော်ကြားတာပဲ။” နယ်မြေသခင်နင်က အောက်ဘက်ရှိ လူကို ကြည့်ကာ ပြောလိုက်သည်။ “ထင်ထားသလိုပဲ.. တုန်းဟွာအခမ်းအနားမှာ ပုန်းကွယ်နေတဲ့ နဂါးတွေ ၀ပ်နေတဲ့ ကျားတွေနဲ့ ပြည့်နေတယ်။ ဒါက ကြည့်နေတဲ့ ကျုပ်တို့ကို စိတ်လှုပ်ရှားလာစေတယ်။ ကြည့်ရတာတော့ ဒီတစ်ခေါက် ပြင်းထန်တဲ့တိုက်ပွဲ စတင်ပြီနဲ့တူတယ်။”

“နယ်မြေသခင်မှာ ဒီလူအပေါ် မြင့်မားတဲ့ ထင်မြင်ချက်ရှိနေတယ်နဲ့ တူတယ်။” အင်ပါယာရှီက ပြောလိုက်သည်။ “လင်းဟယ်နှင့် ယန်တုန်းရန်အပြင် တုန်းဟွာကျောင်းတော်ရဲ့ ထူးချွန်တဲ့ ပုဂ္ဂိုလ်တွေက ဒီလူနဲ့ တူညီတဲ့ ကျင့်ကြံဆင့်မှာ ရှိနေကြတယ်။ ဒါပေမယ့် ချို့ယွင်းချက်မရှိဘဲ သူတို့ အားလုံးက ရီလျှို့နျန်ရဲ့ လက်နဲ့ ရှုံးနိမ့်ခဲ့ရတယ်။ ဒီလူက အားလုံးထက် ပိုပြီး ထူးချွန်နေတာများလား။”

ထိပ်တန်းအဆင့် ပုဂ္ဂိုလ်ကြီးများက အလွန် စူးစမ်းချင်နေကြသည်။ သူတို့က တုန်းဟွာကောင်းကင်မှ မဟုတ်သည့်အတွက် ထိုနေရာရှိ ဂျူနီယာလေးတစ်ယောက်ကို အာရုံမစိုက်မိခဲ့ကြပေ။ ထိုလူသာ သူတို့၏ ကိုယ်ပိုင် ကုန်းမြေများမှ လာခဲ့သည်ရှိသော် သူတို့က သူ့အကြောင်းအား ပို၍ သိနေကြလိမ့်မည် ဖြစ်သည်။

“လင်းဟယ်က သူ့ထက် နိမ့်ကျတာပေါ့။” လင်းရှောင်နန်းတော်သခင်က ပြောလိုက်သည်။ “ကျုပ်ရထားတဲ့ သတင်းတွေ အရဆိုရင် လင်းဟယ်ထက် ပိုပြီး ထူးချွန်တဲ့ ကျောင်းတော် တပည့်တွေတောင်မှပဲ ဒီလူ လက်အောက်မှာ ရှုံးနိမ့်ခဲ့ရတယ်။ ဒီလူက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ပျောက်ကွယ်သွားခဲ့ပြီးတော့ အခု တုန်းဟွာအခမ်းအနားမှာ ပါဝင်ဖို့ ပြန်လာခဲ့တယ်။ ကျုပ်ထင်တာတော့ သူက အဆင့်ချိုးဖျက်ဖို့အတွက် အခြေအနေမှာ ရောက်ရှိနေပြီး အခု သူ့ကိုယ်သူ စိန်ခေါ်ချင်နေတာ ဖြစ်ရမယ်။ သူက နယ်မြေသခင်အိမ်တော်ကို ဝင်ရောက်ချင်နေတာလည်း ဖြစ်နိုင်တယ်။”

“ကြည့်ကြရအောင်။ လူအများကြီးက ဒီလူအတွက် သြဘာပေးနေကြတယ်။ ဒီတိုက်ပွဲကို သေချာကြည့်မှရမယ်။” နယ်မြေသခင်နင်က အပြုံးနှင့် ပြောလိုက်သည်။ အခြားလူများကလည်း ခေါင်းညိတ်ကာ ပြောလိုက်၏။

“ချန်ယိက တုန်းဟွာကောင်းကင်မှာ ဒီလိုကျော်ကြားတဲ့သူပဲ။ ပြောရရင် အဆင့်ငါးရန်ဟောင်က အဆင့်လေးရန်ဟောင် ရီလျှို့နျန်ကို စိန်ခေါ်ခဲ့ပေမယ့် လူတိုင်းကို ဒီလောက်တောင် စိတ်လှုပ်ရှားစေတယ်။” မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က အပြုံးနှင့် ပြောလိုက်သည်။ “မတူတဲ့ ရှုထောင့်ကနေ ဆိုရင် ရီလျှို့နျန်က ဒီနေ့ ဒီမှာရှိနေတဲ့ တန်ခိုးရှင်တွေရဲ့ ရင်ထဲမှာ လက်ရှိ ရပ်တည်နေတယ်ဆိုတာ ပြတာပဲ။”

လူအများက သူပြောသည်ကို ကြားသည့်အခါ ခေါင်းညိတ်လိုက်ကြသည်။ ဓားနတ်မိမယ်ကလည်း ပြောလိုက်၏။ “တကယ့်ကို အဲဒီလိုပဲ။”

ချန်ယိကဲ့သို့ ထူးချွန်သော ပုဂ္ဂိုလ် ထွက်ပေါ်လာပြီးနောက် လူတိုင်းသည် သူက ရီဖူရှင်းအား ဆန့်ကျင်တိုက်ခိုက်နိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။ ထိုရှုထောင့်မှကြည်လျှင် လူအုပ်ကြီးက မသိလိုက်မသိဘာသာနှင့် ရီဖူရှင်းအား အနိုင်မယူနိုင်သော သူအဖြစ် ရှုမြင်နေကြောင်း သိသာပေသည်။ အနည်းဆုံး  ရီဖူရှင်း၏ ပြိုင်ဘက်ကသာ သူနှင့် ကျင့်ကြံဆင့်တူနေပါလျှင် သူအား ဆန့်ကျင်တိုက်ခိုက်နိုင်မည် မဟုတ်ကြောင်း လူအုပ်ကြီးက ယုံကြည်ပေသည်။

ထို့ကြောင့် ချန်ယိ ထွက်လာသောအခါ တိုင်း၏ အာရုံကို ဖမ်းစားသွားနိုင်၏။ မရေတွက်နိုင်သော လူများက ထိုတိုက်ပွဲကို စောင့်ဆိုင်းနေခဲ့ကြသည်။

“တုန်းဟွာကောင်းကင်ကို သူရောက်လာတာ ရက်အနည်းငယ်ပဲ ရှိသေးပေမယ့် တုန်းဟွာကျောင်းတော်မှာ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတစ်ခုနဲ့တင် ကျော်ကြားတယ်။ ဒါက တကယ့်ကို ရှားပါးမြင်ကွင်းပဲ။”

လူအုပ်ကြီးက ဆွေးနွေးရင်း အလုပ်များနေကြသည်။ ထိုအခိုက်တွင် ရီဖူရှင်းက လမ်းစဉ်တိုက်ပွဲစင်မြင့်သို့ တက်လာကာ ယခု ချန်ယိရှေ့တွင် ရပ်နေခဲ့သည်။

ရီဖူရှင်းသည်လည်း အောက်ဘက်တွင် ဆွေးနွေး​နေမှုအချို့ကို ကြားရပေသည်။ ထိုအဆင့်ငါးရန်ဟောင်က ကျော်ကြားပုံပေါ်သည်။ လူအုပ်ကြီးက သူ ရီဖူရှင်းအား ဆန့်ကျင်တိုက်ခိုက်နိုင်ရန် စောင့်ဆိုင်းနေကြသည်။ ထိုလူ၏ ပုံပန်းသွင်ပြင်က သာမန်ပင် ဖြစ်သည်။ ရီဖူရှင်းက သူ့ပြိုင်ဘက်ကို မမှန်းဆနိုင်ပေ။ ချန်ယိ၏ အသွင်အပြင်က ထူးခြားခြင်း မရှိသော်လည်း သူ၏ အရှိန်အဝါက အလွန် သက်သောင့်သက်သာဖြစ်စေသည်။ သူ၏ မျက်နှာထက်တွင် အပြုံးဖျော့ဖျော့ ရှိနေပြီး ပေါ့ပါးလွတ်လပ်၍ ထိန်းချုပ်မရဟန်ပေါ်သည်။

ရီဖူရှင်းက အောက်ဘက်ရှိ လူများ ဆွေးနွေးနေမှုကို ကြားလိုက်သည့် အချက်များမှ ထိုသူကို တုန်းဟွာကျောင်းတော်မှ ဖိတ်ခေါ်လိုသော်လည်း သူက ငြင်းလိုက်ပုံရသည်။

“ကျုပ်က ချန်ယိ။ ခုတလော ရန်ဟောင်ရီက တုန်းဟွာကောင်းကင်မှာ ကျော်ကြားနေတာကို ကြားမိတယ်။ ဒါကြောင့် ကျုပ်က လမ်းညွှန်မှုတချို့ရအောင် တမင်သက်သက် လာခဲ့တာပါ။” ချန်ယိက ရီဖူရှင်းအား လက်သီးဆုပ်ကာ နှုတ်ဆက်ရင်း အပြုံးနှင့် ပြောလိုက်သည်။

“ကျုပ်က ရီလျှို့နျန်ပါ။” ရီဖူရှင်းက တူညီစွာပင် ပြန်ပြောလိုက်သည်။ သူတို့က ပေါ့ပေါ့ပါးပါး စကားပြောဆိုနေကြသည်။ နှစ်ဖက်လုံးက အလွန် တည်ငြိမ်နေပုံရ၏။

ရီဖူရှင်းသည် ချန်ယိ၏ ထူးဆန်းသော အကြည့်အား ခံစားမိပေသည်။ ကြည့်ရသည်မှာ ချန်ယိက သူ့ကို အလွန် စိတ်ဝင်စားနေပုံရသည်။ ရီဖူရှင်းသည် ထိုအကြည့်နောက်ကွယ်မှာ အဓိပ္ပါယ်ကို မဖော်ထုတ်နိုင်ပေ။

“စကြရအောင်” ချန်ယိက ပြောလိုက်သည်။

“စကြတာပေါ့။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ သို့သော်လည်း ချန်ယိက ထိုနေရာ၌ တိတ်ဆိတ်စွာ ရပ်နေဆဲပင်။သူက တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိသလို ထင်မှတ်ရသည်။ ရီဖူရှင်းသည်လည်း ထိုနေရာ၌ ရပ်နေကာ ပြိုင်ဘက်၏ အရင်ဆုံးတိုက်ခိုက်မှုအား စောင့်ဆိုင်းနေသည်။

ချန်ယိက ရုတ်တရက် ရီဖူရှင်းအား ပြုံးပြလိုက်သည်။ ၎င်းက အဓိပ္ပါယ်ရှိသောအပြုံးဖြစ်သည်။ ရီဖူရှင်းက ခေတ္တမျှ တွေဝေသွားပြီး မျက်စိကျိန်းလောက်ဖွယ် အလင်းက ရုတ်တရက် ထွက်ပေါ်လာသည်။ အစွမ်းထက် အလင်းက ချက်ချင်းပင် လောကအား အလင်းကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ရီဖူရှင်းက သူ့မျက်လုံးများပင် ဖွင့်ရန် ခက်ခဲလာသည်ကို တွေ့ရှိလိုက်ရသည်။ သူ့မျက်လုံးရှေ့တွင် အလွန်တောက်ပသော အလင်းတို့ ဖြစ်ပေါ်နေပြီး သူက ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့သည်။

အလွန် ပြင်းထန်သော ခြိမ်းခြောက်မှုကို အာရုံခံမိလိုက်ကာ နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်သည်။ လေဟာနယ် မဟာလမ်းစဉ် စွမ်းအားက ထွက်ပေါ်လာပြီး လေဟာနယ်ကို ရစ်ပတ်သွားသည်။

ဝှစ်…

စူးရှသည့် ဓားအသံကို ကြားလိုက်ရ၏။ ရီဖူရှင်းက ချက်ချင်း အဝေးတွင် ထွက်ပေါ်လာသည်။ သို့သော် ဓားက လေဟာနယ်ကို တိုက်ရိုက်ထိုးဖောက်သွားကာ သူ့ပေါ်သို့ ကျဆင်းလာသည်။ ထိုအရှိန်က သူ၏ လေဟာနယ်ခရီးသွားခြင်းထက် ပို၍ လျင်မြန်ပေသည်။

သိမ်မွေ့သည် အသံကို ကြားလိုက်ရပြီး ရီဖူရှင်းက ကောင်းကင် အမြင့်တစ်နေရာတွင် ပေါ်ပေါက်လာသည်။ သူက ခေါင်းကို ငုံ့ကာ အောက်သို့ ကြည့်လိုက်သည်။ သူ၏ အဖြူရောင်ဝတ်ရုံက ​ပိုင်းဖြတ်ခံထားရ၏။ ဓားအလင်းက သူ့ရှေ့တွင် ထွက်ပေါ်လာသည်။

ချန်ယိက ဆက်မတိုက်ခဲ့ပေ။ သူက နေရာ၌ မလှုပ်ရှားဘဲ တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ သို့သော်လည်း ထိုအခိုက်အတန့်တွင် တောက်ပသည့် နတ်အလင်းက သူ့ခန္ဓာကိုယ်အနီး ထွက်ပေါ်လာကာ အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားသည်။ သူ့လက်ထဲမှ နတ်ဓားက တောက်ပသော အလင်းများ ထုတ်လွှတ်နေ၏။ ၎င်းက မျက်စိကျိန်းလောက်ဖွယ်ပင် ဖြစ်သည်။

“အလင်းဓားတစ်လက်။” ရီဖူရှင်းက ချန်ယိအား ငုံ့ကြည့်ကာ ပြောလိုက်သည်။ ယခု ချန်ယိက ရီဖူရှင်း၏ ကာကွယ်မှု ပျက်ယွင်းသွားသည်ကို အခွင့်အရေးယူကာ ဖိအားပေးဆက်လက် တိုက်ခိုက်လာသည်။ အလင်းအရှိန်က မယုံနိုင်လောက်အောင် မြန်လှသည်။ သို့သော်လည်း ချန်ယိက ဆက်လက်မတိုက်တော့ဘဲ နေရာ၌ ရပ်စောင့်နေရုံသာ ဖြစ်သည်။ ကြည့်ရသည်မှာ ဓားက ရီဖူရှင်းကို သတိပေးရုံသာ ဖြစ်ပုံရသည်။

“သဏ္ဌာန်မဲ့အလင်း​ဓားအင်ပါယာ ချန်ယိ။”

အောက်ဘက်မှ အသံများက ဆူညံသွားသည်။ မရေတွက်နိုင်သော လူများက တောက်ပနေသည့် ဓားကို မော့ကြည့်လိုက်သည်။ ထိုသူမှာ လွန်ခဲ့သော နှစ်နှစ်ဆယ်က တုန်းဟွာကောင်းကင်၌ ကျော်ကြားခဲ့သည့် သဏ္ဌာန်မဲ့အလင်းဓားအင်ပါယာ ချန်ယိပင် ဖြစ်သည်။

“အံ့မခန်းပဲ။”

တုန်းဟွာနန်းတော်တွင် မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က ချန်ယိအား ချီးမွမ်းပြောဆိုလိုက်သည်။ “ဒီလူကို ဒီလောက် ချီးကျူးကြတာ အံ့သြစရာ မရှိပါဘူး။ သူက တကယ်ကို အလင်းလမ်းစဉ်ကို နားလည်ထားတာပဲ။ သူ့အနေနဲ့ အခွင့်အလမ်းကောင်းတချို့ တွေ့ခဲ့တာ ဖြစ်မယ်။”

“အင်း” အခြားသော တန်ခိုးရှင်များက ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ အလင်းလမ်းစဉ်က အလွန်ရှားပါးသော လမ်းစဉ်ဖြစ်၏။ ၎င်းကို နားလည်သဘောပေါက်ရန် မလွယ်ကူပေ။ ချန်ယိက ချို့ယွင်းချက်ကင်း မဟာလမ်းစဉ်နှင့် တန်ခိုးရှင်တစ်ယောက် ဖြစ်သည်။ သူ့အတွက် ကံကြမ္မာ အခွင့်အလမ်းကောင်းနှင့် ရင်ဆိုင်ရခြင်းမရှိလျှင် မဖြစ်နိုင်ပေ။

“ကျုပ် အဲဒါနဲ့ ပတ်သတ်ပြီး သိပ်မရှင်းဘူး။ အစွမ်းထက် ကျင့်ကြံသူ တစ်ယောက်ချင်းစီတိုင်းက အခွင့်အလမ်းတစ်ခု ကြုံတွေ့တတ်ကြတယ်။ သူလည်း တွေ့ခဲ့တာဖြစ်မယ်။” နယ်မြေသခင်က ပြောလိုက်သည်။ လူအများက သဘောတူစွာ ခေါင်းညိတ်လိုက်၏။

သူက ယခင် တုန်းဟွာကျောင်းတော်မှ ဖိတ်ခေါ်မှုကို ငြင်းခဲ့သည်မှာ အံ့သြစရာမရှိဟု လူအများက တွေးလိုက်ကြသည်။ သို့သော် မည်သူမှ ထုတ်မပြောကြချေ။ ကျောင်းအုပ်က ဤနေရာ၌ ရှိနေသည် မဟုတ်ပါလား။

လမ်းစဉ်တိုက်ပွဲစင်မြင့် အပြင်ဘက်တွင် နင်ဟွာနှင့် ‘ပျက်စီးခြင်း’ က စင်မြင့်ကို ကြည့်ရင်း စိတ်လှုပ်ရှားနေကြ၏။ ချန်ယိက ခေါင်းကို မော့ကြည့်ကာ ပြောလိုက်သည်။ “အသင့်ဖြစ်ပြီလား။”

ဤတစ်ကြိမ် ရီဖူရှင်းထံမှ မဟာလမ်းစဉ် စွမ်းအားများ ထွက်ပေါ်လာသည်။ သဏ္ဌာန်မဲ့ မဟာလမ်းစဉ် စွမ်းအားက သူ့အနီးတွင် ဝန်းရံလာ၏။ ရီဖူရှင်းက လေးနက်စွာ ရင်ဆိုင်လိုက်၏။ ယခု သူတို့ဖလှယ်လိုက်သည့် တိုက်ခိုက်မှုတွင် သူ့ပြိုင်ဘက်က အလေးအနက်မထားခဲ့ပေ။ သို့သော်လည်း ရီဖူရှင်းသည် ချန်ယိ၏ စွမ်းရည်က ခုန်းရှောင်း အထက်တွင် ရှိနေကြောင်း ခံစားမိသည်။

“အင်း” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ သူက လေးနက်သော အကြည့်တို့ ရှိနေခဲ့၏။

ချန်ယိ၏ ပုံရိပ်ရှေ့တွင် အလင်းဓားတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် နှစ်ပိုင်း သုံးပိုင်း စသဖြင့် ကွဲထွက်လာသည်။ နတ်ဓားများ၏ ဝင်ရိုးက သူ့ရှေ့တွင် ပေါ်ပေါက်လာသည်။ ယင်းတို့က ရီဖူရှင်းထံ ညွှန်ပြလာသည်။ ချက်ချင်းပင် သန်းချီသော အလင်းဓားများ ပေါ်ပေါက်လာကာ ကြီးမားသော ဓားဝင်္ကပါတစ်ခု ဖြစ်တည်လာသည်။

ဓားတစ်လက်ချင်းစီက မျက်စိကျိန်းလောက်သော အလင်းတို့ ဖြာထွက်လာပြီး ပွဲကြည့်သူများကို မျက်လုံးဖွင့်မရအောင် ဖြစ်လာစေသည်။

ချန်ယိက လက်ဝါးကို ရှေ့သို့ ဆန့်ထုတ်လိုက်ပြီးနောက် လက်ဝါးရိုက်ချက်ကို ဖော်ထုတ်လိုက်၏။ ချက်ချင်းပင် သန်းချီသော နတ်ဓားများက တစ်ချိန်တည်း ထိုးထွက်လာသည်။ မျက်စိကျိန်းလောက်သော နတ်အလင်းတို့က ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။ ဓားများက အလင်းနှင့် ပေါင်းစပ်သွားပုံရသည်။ အလင်းတန်းတစ်ခုချင်းစီက သတ်ဖြတ်ခြင်းဓားတစ်လက်စီ ဖြစ်ပုံရသည်။ သူတို့က ကောင်းကင်တွင် မျောလွင့်နေခဲ့သည်။

ကြည့်ရသည်မှာ ရီဖူရှင်းက အလင်းနှင့် မြှုပ်နှံခံရတော့မလိုပင် ဖြစ်သည်။.

လူအုပ်ကြီးက ရီဖူရှင်းသည် အလင်းဓားများထဲ ချက်ချင်းနစ်မြုပ်သွားသည်အား မြင်လိုက်ရသည်။ သူတို့က သူ့ပုံရိပ်ကိုပင် မမြင်နိုင်တော့ပေ။ မျက်စိကျိန်းလောက်ဖွယ် အလင်းတို့က သူ့ပုံရိပ်အား အပြည့်အဝ ဝါးမျိုသွားသည်။

ရွှစ်…

ရီဖူရှင်း၏ ခန္ဓာကိုယ်မှ မဟာလမ်းစဉ် စွမ်းအား ထွက်ပေါ်လာသည်။ မဟာလမ်းစဉ်နယ်မြေတစ်ခုက သူ့အနီးတွင် ပေါ်ပေါက်လာသည်။ ကြယ်များက သူ့ကို ဝန်းရံနေပြီး မရေတွက်နိုင်သော ကျောက်စာချပ်များ သူ့ရှေ့တွင် ထွက်ပေါ်လာသည်။ ကျောက်စာချပ်တစ်ခုစီမှ နတ်အလင်းများ ထုတ်လွှတ်နေသည်။ ၎င်းတို့အပေါ်တွင် အက္ခရာများ ရေးထွင်းထားပေသည်။ သင်္ကေတများက ရီဖူရှင်းရှေ့တွင် ပေါ်ပေါက်လာပြီး လေဟာနယ်ကို ချိပ်ပိတ်လိုက်သည်။

ထိုသည်က ရီဖူရှင်း၏ ပုံရိပ်အား လူအုပ်ကြီး ရှေ့တွင် တဖန်ပေါ်ပေါက်လာစေသည်။ ကျောက်စာချပ်များက စုစည်းပြီး ကြီးမားသော ကျောက်စာချပ်ကြီးတစ်ခု ဖြစ်ပေါ်လာကာ ကောင်းကင်ကို ဖြတ်သန်းသွားသည်။ ၎င်းထံမှ မဟာလမ်းစဉ် နတ်အလင်းက ထွက်ပေါ်လာပြီး သူ့ထံ တိုးဝင်လာနေသော ဓားအလင်းတို့နှင့် တိုက်မိသွားသည်။ ၎င်းသည် လူအုပ်ကြီး ရှေ့တွင် အလွန် ခမ်းနားသော မြင်ကွင်းတစ်ခုကို ဖြစ်ပေါ်လာစေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset