အခန်း ( ၆၂၈ )

ရတနာများကို ခွဲယူကြခြင်း

ပိုင်ရှောင်ချန်းက ဝင့်ကြွားစွာနှင့် ပြန်လာသောအခါ ထောင်ခေါင်းနှင့် အဖွဲ့နံပါတ်ကိုး၏ ထောင်စောင့်များကလည်း သူ၏ဘေးနားတွင် လိုက်ပါလာသည်။ သူတို့၏မျက်လုံးများထဲတွင် ချစ်ကြောက်ရိုသေလေးစားမှုများဖြင့် တောက်ပနေတော့သည်။

ကျင့်ကြခြင်းလောကတွင် စွမ်းအားကြီးသူများကို လူအများက လေးစားကြစမြဲပင်။ ၎င်းအချင်းအရာမှာ နိယာမတစ်ခုကဲ့သို့ပင် ဖြစ်နေပြီဖြစ်သည်။ သို့သော် မိစ္ဆာအကျဥ်းထောင်ထဲတွင်မူ နောက်ထပ်ဥပဒေအသစ်တစ်ခု ရှိသေးသည်။ ၎င်းမှာ စစ်ဆေးရေးမှူးများကို လေးစားသမှုရှိရန်ပင်ဖြစ်သည်။

စစ်ဆေးရေးမှူးများဆိုသည်မှာ ရာထူးစည်းစိမ်အကြီးမားဆုံးအဆင့်ကို ကိုယ်စားပြုနေကြသူများဖြစ်သည်။

ယခင်က ကျောက်ဖုန်သည် အဖွဲ့နံပါတ်ကိုး၏ စစ်ဆေးရေးမှူးဖြစ်ခဲ့သည်အလျောက် နာမည်အတော်အတန်ကြီးခဲ့ပြီး ထောင်ခေါင်းကိုယ်တိုင်က တလေးတစားဖြင့် ဆက်ဆံခဲ့ရသူဖြစ်သည်။ အဖွဲ့အားလုံးတွင်ရှိသည့် စစ်ဆေးရေးမှူးတိုင်းမှာ ထိုနည်းတူပင်။

သို့သော် ယခုတွင်မူ ပိုင်ရှောင်ချန်းမှာ အလွန်အံ့သြဖွယ်ကောင်းသည့် စစ်ဆေးရေးမှူးတစ်ယောက်ဖြစ်သည်ကို လူတိုင်းက သိသွားကြပြီဖြစ်သည်။ ကျောက်ဖုန်ပင်လျှင် ထိုအချက်ကို ယုံကြည်နေသည်။ ထို့ကြောင့် လူတိုင်း၏ လေးစားမှုကြည်ညို များ တိုးပွားလာရသည်မှာ သဘာဝကျပေသည်။

” ညီလေးပိုင်က တကယ့်ကို ထိပ်တန်းအဆင့် ပညာရှင် တစ်ယောက်ပဲ ”

” ဟားဟားဟား။ စောစောက နားလည်မှုလွဲတာလေးတွေကို ခွင့်လွှတ်ပေးပါ ညီလေးပိုင်ရာ။ အဲဒါတွေ မေ့လိုက်ပါတော့။ အခုကစပြီး ငါတို့က ညီအစ်ကိုတွေဖြစ်သွားပြီ ”

” ဒီလို အရည်အချင်းထက်မြက်တဲ့ စစ်ဆေးရေးမှူးတစ်ယောက်အနေနဲ့ မိစ္ဆာအကျဥ်းထောင်ထဲမှာ အမြင့်ဆုံးအဆင့်ထိ တက်လှမ်းနိုင်မှာ အသေအချာပဲ ညီလေးပိုင်ရေ ”

ကျောက်ဖုန်၏ ယခင်က ရန်လိုစိတ်များမှာ မရှိတော့ပဲ ထိုနေရာတွင် လေးစားကြည်ညိုမှုများက အစားထိုးဝင်ရောက်လာပြီဖြစ်သည်။
” အဖွဲ့နံပါတ်ကိုးကတော့ ထီပေါက်တာပဲဟေ့။ ညီလေးပိုင်ကြောင့် ငါတို့တွေ အချီကြီးပွတော့မှာကွ ”

စောစောက မိစ္ဆာအိုကြီးကျိုးထံမှ စကားများနှိုက်ယူနိုင်လျှင် လူတိုင်းမှာ သူ့ကိုရုတ်ချည်း သဘောကျသွားလိမ့်မည်ဟု ပိုင်ရှောင်ချန်းက မထင်ထားမိပေ။ သူကား အလွန်တရာ ထူးချွန်သူဖြစ်သည်ဆိုသော အသိကြီးကြောင့် စိတ်ထဲတွင်သာ သက်ပြင်းချလိုက်မိတော့သည်။ မည်သည့်နေရာသို့ သူသွားသည်ဖြစ်ပါစေ ရတနာတစ်ပါးကဲ့သို့ ထွန်းပြောင်နေရသည်ဖြစ်သဖြင့် သူ၏မျက်လုံးများမှာ အရောင်တလက်လက် တောက်ပနေတော့သည်။

” ငါကိုက တော်လွန်း ထက်မြက်လွန်းနေတာ ” သူက တွေးလိုက်သည်။
” ဘာလို့များ ဒီလောက်တော်နေရတာတုံးကွာ။ ငါ့ကိုယ်ငါတောင် ပြန်လေးစားလာမိပြီ ”
သူ၏ အောင်မြင်မှုများထဲတွင် သာယာနေသော်လည်း သူက အခြားလူများကို မည်သို့ဆက်ဆံရမည်ဖြစ်ကြောင်းကို သိသောလူတစ်ယောက်လည်း ဖြစ်သည်။ ထို့ကြောင့် သူကချောင်းဟန့်လိုက်ပြီး အခြားထောင်စောင့်များနှင့် ရယ်မောကာ စကားစမြည်ပြောဆိုလိုက်တော့သည်။

သူ၏ ရင်ကိုဂုဏ်ယူစွာပုတ်ရင်း ကြိမ်းဝါးလိုက်လေသည်။
” အာ.. အဲဒါဘာမှမဟုတ်ပါဘူးဗျ။ အခုကစပြီး ကျွန်တော်တို့ အဖွဲ့နံပါတ်ကိုးက မိသားစုတစ်စုလို ဖြစ်သွားပြီ။ ကျွန်တော်တို့အားလုံးက ညီအစ်ကိုတွေပဲလေဗျာ ”

ထိုသို့ စကားများဆက်ပြောကာ သူနှင့် အဖွဲ့နံပါတ်ကိုးမှာ ထောင်ခန်းများဆီမှ ထွက်သွားတော့သည်။

နောက်တစ်ရက်ရောက်လျှင် ထောင်ခေါင်းက မိစ္ဆာအိုကြီးကျိုး ဝန်ခံခဲ့သော သူ၏ရတနာများဝှက်ထားသည့် သရဲကြီးမြို့တော်အပြင်ရှိ လျှို့ဝှက်နေရာထံသို့ ထောင်စောင့်အချို့ကို စေလွှတ်လိုက်သည်။ ထိုနေရာတွင် မှော်ပညာရပ်တစ်ခုဖြင့် ဖုံးကွယ်ထားသည့် အင်မော်တယ်ဂူတစ်လုံးရှိနေပြီး ထိုဂူထဲတွင် မိစ္ဆာအိုကြီးကျိုး၏ တစ်ဘဝလုံးစာ စုဆောင်းခဲ့သည့် ပစ္စည်းများကို တွေ့လိုက်ရသည်။ ထိုအရာများအားလုံးကို မိစ္ဆာအကျဥ်းထောင်ဆီသို့ ပြန်သယ်လာကြတော့သည်။

ခဏအကြာတွင် အဖွဲ့နံပါတ်ကိုးမှာ ထောင်ခေါင်း၏ နေရာတွင် စုဝေးလိုက်ကြပြီး မိစ္ဆာအိုကြီးကျိုး၏ ရတနာများကို ခွဲဝေယူလိုက်ကြတော့သည်။ ပိုင်ရှောင်ချန်းမှာ ဝေစုအကြီးဆုံးကို ရရှိသည်ဖြစ်ပြီး ထိုဝေစုထဲတွင် အမုန်းဝိညာဥ် အမြောက်အမြားပါသည့် ဝိညာဥ်သိုလှောင်စေတီတစ်ခုနှင့် အလယ်အလတ်အဆင့်ဝိညာဥ်ဆေး ပုလင်းတစ်ထောင်ကျော် ပါဝင်သည်။

” ဒီမိစ္ဆာအိုကြီးကျိုးက တော်တော်ကို ချမ်းသာတာပဲ ”
သူကတွေးလိုက်သည်။ ထိုအချိန်တွင် ထောင်ခေါင်းက သူ၏အင်္ကျီလက်ကိုဝှေ့ယမ်းလိုက်ပြီး အကောင်းစားအရက်များထည့်ထားသည့် အရက်အိုးများအား ထောင်စောင့်များအားလုံးကို ပေးလိုက်တော့သည်။

ထောင်ခေါင်းက ရယ်မောကာ သူ၏အရက်အိုးကို လေပေါ်သို့မြှောက်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ကြေငြာလိုက်လေသည်။
” ဒါတွေအားလုံးက ညီလေးပိုင်ဟောက်ရဲ့ ကြိုးစားမှုတွေကြောင့် ရတာ။ လာလာ။ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ သောက်ရအောင်ဟေ့ ”

အခြားထောင်စောင့်များမှာလည်း ရယ်မောရင်း အရက်အိုးများကိုမြှောက်ကာ ပိုင်ရှောင်ချန်းကို ဂုဏ်ပြုလိုက်တော့သည်။ သူတို့အားလုံးမှာ ယခုလေးတင် အကျိုးအမြတ်များစွာ ရရှိသွားခဲ့ပြီဖြစ်ပြီး ပိုင်ရှောင်ချန်းကိုကြည့်နေသည့် သူတို့၏ မျက်ဝန်းထဲရှိတောက်ပမှုများမှာ မဝေးတော့သည့်နေ့ရက်များတွင် သူတို့ထပ်မံရရှိမည့် အဆုံးမဲ့လှသောရတနာများကို ကြည့်နေသည့်အတိုင်းပင်။

ပိုင်ရှောင်ချန်းမှာ သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး အရက်အိုးကိုမြှောက်လိုက်လေသည်။
” အစ်ကိုတို့ရေ။ ကျွန်တော်က မိစ္ဆာအကျဥ်းထောင်ကို အခုမှစရောက်တာဆိုတော့ စည်းမျဥ်းတွေကို နားမလည်သေးလို့ ကျွန်တော် ပြောမှားဆိုမှားရှိခဲ့ရင် ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် ”

” ပြီးတော့ ကျွန်တော်နဲ့ ပတ်သတ်ပြီး ပျံ့နေတဲ့ ကောလာဟာလတွေကို ကြားရတာ တော်တော်ကို နာကျည်းဖို့ကောင်းလို့ ကျွန်တော်အဲဒီအကြောင်း မပြောပါရစေနဲ့။ ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုတို့က အခုကျွန်တော့်ရဲ့မိသားစုဖြစ်သွားပြီဆိုတော့ ရှေ့လျှောက် ကျွန်တော်တို့အားလုံး ပျော်ပျော်ပါးပါးနေနိုင်အောင် ကျွန်တော်အစွမ်းကုန်ကြိုးစားပါ့မယ်။ အစ်ကိုတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျွန်တော်သောက်ပါရစေ ”
ပိုင်ရှောင်ချန်းမှာ သူ၏စကားလုံးရွေးချယ်မှုကို သဘောကျနေသဖြင့် သူ၏အရက်အိုးကို အကြာကြီးမော့ချလိုက်တော့သည်။

သူ့ပုံစံက အလွန်ဖြူစင်အပြစ်ကင်းကာ အနည်းငယ်ပင် နူးညံ့သိမ်မွေ့နေသဖြင့် သူ၏ ရဲရင့်ပြတ်သား လွန်းသောစကားလုံးများနှင့် မကိုက်ညီလောက်အောင် ဖြစ်နေရသည်။ သို့သော်လည်း ထိုစကားများကြောင့် အခြားထောင်စောင့်များကလည်း ရယ်မောကာ အရက်အိုးများကိုမြှောက်ကာ ထပ်သောက်လိုက်ကြပြန်သည်။

သူတို့၏အရက်အိုးများကို လက်ထဲမှချလိုက်ချိန်တွင် သူတို့အကြားရှိ ဆက်ဆံရေး တိုးတက်သွားသည်မှာ အသေအချာပင်။ ပိုင်ရှောင်ချန်းမှာ သူတို့အဖွဲ့ထဲမှ တစ်ယောက်ဖြစ်သွားပြီဖြစ်ပြီး သူတို့အားလုံးမှာ တစ်ယောက်ကိုတစ်ယောက် ညီအစ်ကိုများဟုသတ်မှတ်ခေါ်ဝေါ်ကာ ရယ်မောနေကြတော့သည်။

ထောင်ခေါင်းပင်လျှင် ပါဝင်နေသည်။ ပိုင်ရှောင်ချန်း၏ ပခုံးကိုနွေးထွေးစွာ ကိုင်ဆုပ်လိုက်ပြီး သူက ပြောပြလိုက်သည်။
” အရင်တုံးက မင်းကို ငါတို့ သင်္ကာမကင်းတဲ့ အမူအရာနဲ့ဆက်ဆံခဲ့တာ အဲဒီကောလာဟလတွေကြောင့်ပါ။ မင်းက ဘုရားမဲ့ တရားမဲ့လောက်အောင် ရက်စက်တဲ့လူလို့ လူတိုင်းကပြောနေကြတာကိုးကွ။ ဒါပေမဲ့ အဲဒီကောလာဟလတွေ အကုန်လုံးက အမှားတွေပဲ။ ညီလေးပိုင်ဟောက်ရေ။ မင်းကငါတို့လို လူစားမျိုးပါပဲ။ ပြီးတော့ စစ်ဆေးရေးမှူးတစ်ယောက်ဖြစ်ဖို့ မင်းမှာ အရည်အချင်းတော်တော်ရှိတာပဲ။ မိစ္ဆာအကျဥ်းထောင်ကိုလာခဲ့တာ မင်းအတွက်တော့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ပဲ။ ဘာမှမဟုတ်တဲ့ ပိုင်မျိုးနွယ်စုကို ဘယ်သူကဂရုစိုက်နေမှာလဲ။ အခုကစပြီး ပိုင်မျိုးနွယ်စုသာ ဒီနေရာမှာ မျက်နှာလာပြရဲလို့ကတော့ ငါတို့ညီအစ်ကိုတွေအားလုံး သူတို့ကို သင်ခန်းစာကောင်းကောင်းပေးပစ်မယ် “

လူတိုင်းမှာ အားပါးတရရယ်မောနေကြတော့သည်။ ထို့နောက် ကျောက်ဖုန်က အရက်အိုးကို ကိုင်၍ လက်ယှက်ကာ တရိုတသေ ဦးညွှတ်လိုက်တော့သည်။

ပိုင်ရှောင်ချန်းမှာ အလွန်စိတ်နှုလုံးလှုပ်ရှားသွားရသည်။ ထို့နောက် သူ၏ အပေါ်ဝတ်ရုံကို ချွတ်ပစ်လိုက်ကာ အရက်အိုးတစ်လုံးပေါ်မှာ ခြေတစ်ဖက်တင်လိုက်ရင်း သူရဲကောင်းတစ်ယောက်ပုံစံ ဖမ်းလိုက်တော့သည်။

” ကျေးဇူးတင်ပါတယ် ညီကိုတို့။ ” သူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
” အခုကစပြီး ခင်ဗျားတို့အကုန် ကျွန်တော့်ရဲ့ အစ်ကိုကြီးတွေ ဖြစ်သွားပါပြီ ”

ကျောက်ဖုန်က သူ၏ အရက်အိုးကို မြှောက်ကာ ဆက်ပြောလိုက်သည်။
” ညီလေးပိုင်ကို အစ်ကို အရင်တုံးက ခက်ခက်ထန်ထန်ဆက်ဆံခဲ့မိတယ်။ တောင်းပန်တဲ့အနေနဲ့ အရက်တစ်အိုးသောက်ပါရစေ ”
သူက အားရပါးရမော့ချလိုက်ပြီး ပိုင်ရှောင်ချန်းကို နောက်ထပ်တစ်ခေါက် ဦးညွှတ်ပြလိုက်ည်။
“ အဖွဲ့နံပါတ်ကိုးရဲ စစ်ဆေးရေးမှူးအဖြစ် အစ်ကို ဘယ်လိုနည်းနဲ့မှ ထပ်ပြီးတာဝန်မထမ်းဆောင်ဝံ့တော့ပါဘူး။ ညီလေးပိုင်။ ကျေးဇူးပြုပြီး အစ်ကို့ရဲ့ရာထူးကို လွှဲပြောင်းယူလိုက်ပါ ”

အခြားထောင်စောင့်များကလည်း မတ်တတ်ထရပ်ကာ ထိုသို့သော စကားများကိုဆိုလိုက်ကြသည်။

” ဟုတ်တယ် ညီလေးပိုင်ဟောက်ရေ။ အဖွဲ့နံပါတ်ကိုးရဲ့ စစ်ဆေးရေးမှူး လုပ်ပါလား ”

” ညီလေးရဲ့ အရည်အချင်းနဲ့ဆို မိစ္ဆာအကျဥ်းထောင်ထဲ နာမည်အကြီးဆုံးဖြစ်လာမှာ အသေအချာပဲ ”

ထောင်ခေါင်းပင် ဝင်၍တိုက်တွန်းနေတော့သည်။ ပိုင်ရှောင်ချန်းမှာ အလွန်နာမည်ကြီးနေပြီဆိုသည့် အသိကြောင့် အပျော်ကြီးပျော်နေတော့သည်။ အချိန်အနည်းငယ်ကြာပြီးနောက် သူက စစ်ဆေးရေးမှူးများနှင့် သက်ဆိုင်သည့် မေးခွန်းအချို့ကို မေးရန်ဆုံးဖြတ်လိုက်သည်။

ကျောက်ဖုန်က ချီးကျူးမှုအရိပ်အယောင်များထင်ဟပ်နေသည့် မျက်ဝန်းများဖြင့် ပိုင်ရှောင်ချန်းကိုကြည့်ကာ ရှင်းပြလိုက်သည်။
” မိစ္ဆာအကျဥ်းထောင်ထဲမှာ ရှိတဲ့ ထောင်သားအများစုကို ဝိညာဥ်ရှာဖွေနည်း သုံးလို့မရနိုင်ဘူး။ အဲဒါကြောင့် ထောင်သားတွေကို မေးခွန်းတွေ စစ်မေးနိုင်ဖို့ စစ်ဆေးရေးမှူးတွေကို ခန့်ထားတာ။ မေးခွန်းစစ်မေးတဲ့နေရာမှာ တစ်ဖတ်ကမ်းခတ် ကျွမ်းကျင်တဲ့လူတွေသာ စစ်ဆေးရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နိုင်တာလေ ”

” မိစ္ဆာအကျဥ်းထောင်ထဲမှာရှိတဲ့ အဓိက ထောင်ခန်းလေးခန်းထဲက တစ်ခန်းဆီမှာ တလေးတစားဆက်ဆံ ရတဲ့ စစ်ဆေးရေးမှူးတစ်ယောက်စီရှိတယ်။ သူတို့က လက်ထောက်ထောင်မှူးပြီးရင် ရာထူးအကြီးဆုံးလူတွေပဲ။ သူတို့ရဲ့စိတ်နေစိတ်ထားက အမှောင်ဘက်ခြမ်းကို ရောက်နေလို့ သူတို့ကို အမှောင်စစ်ဆေးရေးမှူးတွေလို့ ခေါ်တယ်။ အမှောင်စစ်ဆေးရေးမှူးလေးယောက်အပြင် ထောင်ခန်းလေးခန်းထဲက အဖွဲ့တစ်ဖွဲ့ချင်းဆီမှာလည်း ကိုယ်ပိုင် စစ်ဆေးရေးမှူးတွေ ရှိတယ် ”

” မိစ္ဆာအိုကြီးကျိုးဆိုတာ အမှတ်လေး ထောင်ခန်း ထဲမှာရှိတဲ့ ဘယ်စစ်ဆေးရေးမှူးမဆို မမေးနိုင်ခဲ့တဲ့ လူတစ်ယောက်ပဲ။ အဖွဲ့နံပါတ်တစ်က အမှောင်စစ်ဆေးရေးမှူးတောင် သူ့ကို စစ်မမေးနိုင်ခဲ့ဘူး။ အခု ညီလေးက အောင်မြင်သွားပြီဆိုတော့ ညီလေးပိုင်ဟောက်လည်း အမှောင်စစ်ဆေးရေးမှူးတစ်ယောက်ဖြစ်ဖို့ အလားအလာရှိတယ် ဆိုတဲ့သဘောပဲ ”

မိစ္ဆာအကျဥ်းထောင်နှင့် ပတ်သတ်သည့် ဤသတင်းအသစ်ကြောင့် ပိုင်ရှောင်ချန်းမှာ တအံ့တသြ မျက်တောက်ခတ်လိုက်ရတော့သည်။ ထို့နောက် သူက မိစ္ဆာအိုကြီးကျိုးနှင့် သူ့ကြောင့်ရရှိခဲ့သည့် အမုန်းဝိညာဥ်များစွာ အကြောင်းကိုတွေးမိသွားသောအခါ သူ၏နှလုံးသားမှာ တဒိန်းဒိန်းခုန်လာတော့သည်။

” ဒါပေမဲ့ နတ်ဝိညာဥ်က လိုသေးတယ် ” သူက စိတ်ထဲတွင်တွေးလိုက်သည်။
“ အဲဒီဝိညာဥ်ကိုမရသေးခင်တော့ ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံက တစ်နေဦးမှာ။ အခုလောလောဆယ် ငါ့ရဲ့သနားစရာအသက်လေးကို ဘေးကင်းအောင်ထားဖို့က မှော်ပစ္စည်းတွေကို အသုံးပြုဖို့ပဲ။ အဲဒါဆို မီးတောက်ဖန်တီးနည်းက အရေးပါလာမယ်။ ဝိညာဥ်တွေအများကြီးလည်း ငါ ထပ်လိုလာမယ် ”

ထိုသို့တွေးတောလိုက်ပြီး ပိုင်ရှောင်ချန်းက ချောင်းဟန့်ကာ ဆိုလိုက်သည်။
” အစ်ကိုတို့ကမှ တိုက်တွန်းနေတော့လည်း စစ်ဆေးရေးမှူးတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ရတာပေါ့ဗျာ ”

ထိုအခါ ထောင်စောင့်များက ဂုဏ်ပြုလိုက်ကြပြီး တစ်စိတ်တစ်ဝမ်းထဲဖြင့် အရက်အိုးများကို မြှောက်ကာ သောက်လိုက်ကြပြန်သည်။

ထို့နောက် ထောင်စောင့်တစ်ယောက်က ပါးစပ်ပိတ်ကာ သူတို့၏ လျှို့ဝှက်ရတနာများရှိသည့် နေရာကို လုံးဝမပြောပဲနေသည့် ထောင်သားများထံသို့ သွားသင့်ကြောင်း အကြံပေးလိုက်သည်။

” ညီလေးပိုင် ရှိနေပြီဆိုမှတော့ ငါတို့အားလုံး ချမ်းသာတော့မှာ။ ညီလေးပိုင်ရေ။ အမှတ်လေး ထောင်ခန်း မှာ စကားတစ်ခွန်းမှ မဟတဲ့ ထောင်သားတစ်ရာကျော်ရှိတယ်ဆိုတာ ညီလေးသိလား ”

” ဟုတ်တယ်။ သူတို့အားလုံးဆီမှာ လုံးဝလျှို့ဝှက်ထားတဲ့ လျှို့ဝှက်ချက်တွေအများကြီးပဲ။ သူတို့ကိုရအောင် စစ်မေးနိုင်မယ်ဆိုရင် မိစ္ဆာအိုကြီးကျိူးဆီကနေ ရခဲ့သလောက် သူတို့တစ်ယောက်ချင်းဆီကနေ ပြန်ရနိုင်တယ် ”
ထိုသို့စကားများ ဆက်မိသွားသောအခါ ထောင်စောင့်များက ပိုင်ရှောင်ချန်းကို တဒိန်းဒိန်းခုန်နေသည့် နှလုံးသားများဖြင့် ဝိုင်းကြည့်လိုက်ကြတော့သည်။

ထောင်ခေါင်းပင် စိတ်လှုပ်ရှားနေသည်။ သူ၏ရင်ဘတ်ကိုပုတ်ကာ သူက အားပေးစကားဆိုလိုက်တော့သည်။
” ညီလေးပိုင်ရေ။ အဖွဲ့နံပါတ်တစ်ဆယ်ရဲ့ ကင်းလှည့်တာဝန်ကို ငါတို့လက်လွှဲယူဖို့ သူတို့ရဲ့ထောင်ခေါင်းကို ငါသွားညှိပေးလို့ရတယ် ”

ပိုင်ရှောင်ချန်းမှာ ရုတ်တရက် အရေးပါသည့် လူတစ်ယောက်ဖြစ်သွားရသည့် အချက်ကြောင့် အလွန်စိတ်လှုပ်ရှားနေတော့သည်။ သူက မေးကိုငေါ့ကာ လက်ခံလိုက်တော့သည်။
” ကောင်းပြီ။ အစ်ကိုတို့ရဲ့ဆန္ဒက အဲဒီလိုဆိုမှတော့ အခုပဲ လုပ်ကြတာပေါ့။ အဲဒီထောင်သားတွေ ကျွန်တော့်ရှေ့မှာ ပါးစပ်ပိတ်ထားနိုင်မယ်ဆိုတာ ကျွန်တော်မယုံဘူး ”

ထိုစကားကြောင့် ထောင်စောင့်များ၏ မျက်ဝန်းများထဲရှိ စိတ်လှုပ်ရှားမှုများမှာ ပို၍ သိသာထင်ရှားလာတော့သည်။ ထောင်ခေါင်းက အားပါးတရရယ်မောလိုက်ပြီး အဖွဲ့နံပါတ်တစ်ဆယ်ရှိရာဘက်သို့ ပြေးသွားတော့သည်။ သူပြန်ရောက်လာသောအခါ သူ၏အင်္ကျီလက်ကို ဝှေ့ယမ်း၍ ဆိုလိုက်တော့သည်။
” သူတို့က သဘောတူတယ်တဲ့။ အဖွဲ့နံပါတ်တစ်ဆယ်ရဲ့ ကင်းလှည့်တာဝန်ကို ငါတို့ရပြီ “


Comment

Leave a Reply


Options

not work with dark mode
Reset