အပိုင်း(၂၀၃၂)

ထူးချွန်သောပုဂ္ဂိုလ်များ

နတ်မိမယ်ထိုက်ဟွာ ပြန်ဆင်းလာပြီးနောက် အခြားသူများက လမ်းစဉ်တိုက်ပွဲစင်မြင့်ထက်သို့ တစ်ယောက်ပြီးတစ်ယောက် တက်ကာ ထိပ်သီးအင်အားစုများမှ ရန်ဟောင်များနှင့် ယှဉ်ပြိုင်ကြသည်။

သိပ်မကြာခင်တွင် အင်အားစုအမျိုးမျိုးမှ ရန်ဟောင်များက ဘုံကိုးဆင့်ကောင်းကင်ရှိ ရန်ဟောင်များထံမှ စိန်ခေါ်မှုများကို လက်ခံရခဲ့သည်။ ချို့ယွင်းချက်ကင်း မဟာလမ်းစဉ်နှင့် အဆင့်ရှစ်ရန်ဟောင် ကျန်းယွဲ့လီသည်ပင် စိန်ခေါ်မှုတစ်ခု လက်ခံခဲ့ရသည်။ သူ၏ ကျင့်ကြံခြင်းတွင် အထွတ်အထိပ်ရောက်နေသော အစွမ်းထက် ရန်ဟောင်တစ်ယောက်က သူမကို စိန်ခေါ်ခဲ့သည်။ သူက ချို့ယွင်းချက်ကင်း မဟာလမ်းစဉ်နှင့် ရန်ဟောင်တစ်ပါးက မည်မျှ အစွမ်းထက်ကြောင်း မြင်တွေ့ချင်နေသည်။

ထိုတိုက်ပွဲက အနည်းငယ် စိတ်လှုပ်ရှားဖွယ် ကောင်းသည်။ ကျင့်ကြံခြင်း အထွတ်အထိပ်ရှိ ရန်ဟောင်က ကျန်းယွဲ့လီကို ရှုံးခဲ့၏။ ထိုတိုက်ပွဲမှ လူအများကို သဘောပေါက်စေခဲ့သည်မှာ ကျန်းယွဲ့လီသည် သူမကိုယ်တိုင် ပုဂ္ဂိုလ်ကြီးများကို ဆန့်ကျင်မိခြင်းမှ မဟုတ်လျှင် သူမအား ရှုံးနိမ့်စေရန် မလွယ်ကူကြောင်းကို ဖြစ်သည်။

သူမ၏ အဆင့်ရှစ်ရန်ဟောင် ကျင့်ကြံခြင်းနှင့် သူမသည် အဆင့်မြင့် ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်လာရန် ခြေတစ်လှမ်းသာ လိုတော့သည်။

မြူနှင်းဝေနတ်နန်းတော်မှ နတ်မိမယ်များလည်း စိန်ခေါ်မှုတို့ကို လက်ခံရရှိခဲ့သည်။ သို့သော် သူတို့သည် ပြိုင်ဘက်များကို အံ့အားသင့်ဖွယ်ကောင်းလောက်အောင် အနိုင်ယူနိုင်ခဲ့သည်။ သူတို့၏ တိုက်ပွဲများက စိတ်လှုပ်ရှားစရာ မရှိခဲ့ပေ။ စိန်ခေါ်သူများက အလွန် အစွမ်းထက်လျှင်ပင် ဖိတ်ကြားခံထားရသူများက ထိပ်သီးအင်အားစုများမှ အရည်အချင်းပြည့်ဝသူများ ဖြစ်ကြသည်။ သူတို့အားလုံးက ရန်ဟောင်အဆင့်မှ ထူးချွန်ထက်မြက်သော စွမ်းရည်များနှင့် ထိပ်တန်းအဆင့်များ ဖြစ်ကြသည်။ သူတို့ကို ရှုံးနိမ့်စေရန်မှာ မလွယ်ကူလှပေ။

အချိန်က ကုန်လွန်သွားခဲ့ပြီး လမ်းစဉ်တိုက်ပွဲက အဆုံးမရှိ ဆက်လက်ဖြစ်ပွားနေသည်။ လူအများစုက စိန်ခေါ်မှုများ လက်ခံခဲ့ကြပြီး ဖြစ်သည်။ စိန်ခေါ်မှုက များလှသော်လည်း ထိပ်သီးအင်အားစုမှ ရမ်ဟောင်အရေအတွက်က အကန့်အသတ် ရှိသည်။ ထို့ကြောင့် ထပ်နေသော စိန်ခေါ်မှုများ ရှိလာခဲ့သည်။

သို့သော်လည်း ယနေ့တွင် နယ်မြေသခင်က တန်ခိုးရှင်များအား တိုက်ပွဲ၌ ပါဝင်ရန် ကိုယ်တိုင် အမိန့်ပေးခဲ့သည်။ တန်ခိုးရှင်များက သူ၏ အမိန့်များကို အလွန်တက်ကြွစွာ လိုက်နာကာ လမ်းစဉ်တိုက်ပွဲတွင် ပါဝင်ဆင်နွှဲကြပေသည်။

ထိုအခိုက်အတန့်တွင် လမ်းစဉ်တိုက်ပွဲစင်မြင့်ထက်၌ နောက်ထပ် ကြောက်မက်ဖွယ် တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာသည်။ အလယ်အလတ်အဆင့် ရန်ဟောင်တစ်ပါးက ပျက်စီးခြင်းနတ်နန်းတော်မှ ရန်ဟောင်တစ်ပါးအား စိန်ခေါ်ခဲ့သည်။ စိန်ခေါ်သူ၏ စွမ်းရည်က အမှန်တကယ်ပင် သူ့ပြိုင်ဘက်နှင့် ယှဉ်နိုင်ပြီး သူ၏ တိုက်ပွဲစွမ်းရည်ကလည်း အလွန် အစွမ်းထက်သည်။

အောက်ဘက်ရှိ မရေတွက်နိုင်သော လူများက သူတို့၏ ခေါင်းကို မော့ကာ လမ်းစဉ်တိုက်ပွဲစင်မြင့်ထက်ရှိ ကြောက်မက်ဖွယ် တိုက်ပွဲကို ကြည့်နေကြသည်။ ဖျက်ဆီးခြင်း မဟာလမ်းစဉ် အနက်ရောင်စွမ်းအင်လှိုင်းများက ကြောက်မက်ဖွယ် လျှပ်စီးတန်းများ ဖြစ်ပေါ်လာသည်။ ၎င်းက ကမ္ဘာပျက်ကပ်ကို ရောက်ရှိလာသကဲ့သို့ပင်။ ဖျက်ဆီးခြင်းအလင်းတို့က အရှိန်အဟုန်နှင့် ပြိုင်ဘက်အား ဖျက်ဆီးရန် ကြိုးစားနေသည်။

“အဲဒီလူက ဘယ်သူလဲ။ အရမ်း အစွမ်းထက်တာပဲ။” စိန်ခေါ်သူကို ကြည့်ရင်း တစ်ယောက်က အံ့အားသင့်စွာ မေးလိုက်သည်။ “မဟာလမ်းစဉ်ဖျက်ဆီးခြင်းစွမ်းအားမျိုးတောင်မှ အသာစီးမရနေဘူး။ ခုခံကာကွယ်တာရော တိုက်ခိုက်ရေးစွမ်းအားမှာပါ အရမ်း အစွမ်းထက်တယ်။”

“သူက ရန်ဟောင်ချန်းပဲ။” တစ်ယောက်က ပြောလိုက်သည်။ “ရန်ဟောင်ချန်းက တုန်းဟွာကောင်းကင်မှာ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့တယ်။ သူက အမြဲ သိုသိုသိပ်သိပ်ပဲ နေတတ်တယ်။ ဒါပေမယ့် သူ ပါဝင်ခဲ့တဲ့ တိုက်ပွဲတိုင်းက ဒဏ္ဍာရီတွင်တယ်။ မျှော်မှန်းထားသလိုပဲ ဒီတစ်ကြိမ် သူက ပျက်စီးခြင်းနတ်နန်းတော်က ရန်ဟောင်ကို ဖိနှိပ်လိမ့်မယ်။”

“သူ့ရဲ့ လက်ချောင်းတွေနဲ့ ဓားမြစ်တွေကို ရေးဆွဲနိုင်ပြီး လက်သီးချက်တွေက တောင်လိုပဲ။ ဒီလိုကျင့်ကြံမှုမျိုးက သူ့အတွက် တကယ် ကြောက်စရာပဲ။” သူတို့၏ တိုက်ပွဲကို ကြည့်နေရင်း တစ်စုံတစ်ယောက်က အံ့သြတကြီး မှတ်ချက်ပေးလိုက်သည်။ ရန်ဟောင်ချန်း၏ တိုက်ခိုက်မှုတိုင်းက ရိုးရှင်းသော်လည်း ကြောက်မက်ဖွယ်စွမ်းအားတို့ ပေါက်ကွဲထွက်လာသည်။

“တုန်းဟွာကောင်းကင်မှာ တန်ခိုးရှင်တွေက အများကြီးရှိတယ်။ ရန်ဟောင်ချန်းသာ ဒီတိုက်ပွဲကို နိုင်ရင် ဒါက သူ့ရဲ့ လေးကြိမ်မြောက် အောင်နိုင်ခြင်းပဲ။” နောက်တစ်ယောက်က ပြောလိုက်သည်။ အချိန်ကုန်သွားသည်နှင့် တိုက်ပွဲများက အဆက်မပြတ် ဖြစ်ပေါ်နေခဲ့သည်။ စိန်ခေါ်သူများအတွက် အနိုင်ရနိုင်မည့် အခွင့်အရေးက နည်းပါးသော်လည်း ရန်ဟောင်သုံးပါးက အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့သည်။

ဘန်း…

ထိိုအခိုက်အတန့်တွင် ကျယ်လောင်သော ထိခတ်သံကို ကြားလိုက်ရ၏။ ယင်းက လူအများ၏ နှလုံးသားကို တုန်ခါသွားစေသည်။ ထို့နောက် သူတို့သည် ပျက်စီးခြင်းနတ်နန်းတော်မှ တန်ခိုးရှင် လွင့်ထွက်သွားသည်ကို မြင်လိုက်ရသည်။ လတ်ဆတ်သော သွေးများက သူ့ဝတ်စုံအား အနီရောင် ပြောင်းသွားစေသည်။ အခြားတစ်ဖက်တွင် ရန်ဟောင်ချန်းက ဆရာသခင်တစ်ဦးကဲ့သို့ လေထဲ၌ တည်ငြိမ်စွာ ရပ်နေခဲ့သည်။

သူက အနိုင်ရခဲ့၏။ အောက်ဘက်ရှိ လူများက လက်သီးဆုပ်ထားခဲ့ကြသည်။ သူတို့အတွက် အနိုင်ရရန် အခွင့်အရေးက ရှားပါးလှသည့်အတွက် လူအများသည် အချို့ ထူးချွန်သော ပုဂ္ဂိုလ်များ ထွက်ပေါ်လာပြီး အင်အားစုများမှ တန်ခိုးရှင်တို့အား ဆွဲချနိုင်ရန် မျှော်လင့်နေကြသည်။

ထိုသို့ဖြစ်ရန်မှာ ခက်ခဲလှပေသည်။ ထို့ကြောင့် အနိုင်နှင့် အဆုံးသတ်သော တိုက်ပွဲတစ်ခုချင်းစီက လူတိုင်း၏ နှလုံးသားကို လှုပ်ရှားစေသည်။

“မဆိုးဘူး။”

တုန်းဟွာနန်းတော်မှ ရယ်မောသံ ထွက်ပေါ်လာသည်။ နယ်မြေသခင်က လမ်းစဉ်တိုက်ပွဲစင်မြင့်ထက် ကြည့်ကာ ပြောလိုက်သည်။ “အောက်ဘက်က ဆွေးနွေးမှုတွေအရ ဒီ ရန်ဟောင်ချန်းက တုန်းဟွာကောင်းကင်မှာ ကျော်ကြားတဲ့ ရန်ဟောင်တစ်ပါး ဖြစ်ရမယ်။ ဒီလို အစွမ်းထက်တဲ့ ပြိုင်ဘက်တစ်ယောက်ကို အနိုင်ရတာ မယုံနိုင်စရာပဲ။”

“တကယ့်ကို မယုံနိုင်စရာပဲ။ ပျက်စီးခြင်းနတ်နန်းတော်က ရန်ဟောင်တွေရဲ့ စွမ်းရည်က အထင်ကြီးစရာပါ။ သူ့ရဲ့ တိုက်ပွဲစွမ်းရည်က အစွမ်းထက်တယ်လို့ ဆုံးဖြတ်နိုင်တယ်။ ရန်ဟောင်ချန်းရဲ့ အနိုင်ရမှုမှာ ကံကောင်းတယ်ဆိုတာ မရှိဘူး။” တစ်ယောက်က အပြုံးနှင့် ပြန်ဖြေလိုက်သည်။

“သူက လေးယောက်မြောက်ပဲ။ သူတို့အတွက် အနိုင်လေးကြိမ်ရဖို့ဆိုတာ တကယ်မလွယ်ကူဘူး။ ခင်ဗျားတို့အားလုံးရဲ့ သဘောထားကရော။ တစ်ယောက်ယောက်ကို မျက်စိကျတာများ ရှိလား။” နယ်မြေသခင်က အပြုံးနှင့် ပြောလိုက်သည်။

လင်းရှောင်နန်းတော်သခင်က ပြောလိုက်၏။ “တုန်းဟွာကောင်းကင်က ရန်ဟောင်။ သူသာ ကျုပ်တို့ လင်းရှောင်နန်းတော်ကို ဝင်ချင်တဲ့ ဆန္ဒရှိရင် ကျုပ် သူ့ကို ကိုယ်တိုင် သင်ကြားပေးမယ်။”

“အင်း” နယ်မြေသခင်က ခေါင်းညိတ်ကာ ဖြေလိုက်သည်။ သူက လမ်းစဉ် တိုက်ပွဲစင်မြင့်သို့ ကြည့်ကာ ပြောလိုက်သည်။ “မင်း အဲဒါကို ကြားလား။ လင်းရှောင်နန်းတော်သခင်က မင်းကို ကိုယ်တိုင်ကိုယ်ကျ သင်ပေးဖို့ စိတ်ကူးရှိတယ်တဲ့။ မင်း လင်းရှောင်နန်းတော်ကို ဝင်ပြီး ကျင့်ကြံချင်လား။”

ရန်ဟောင်ချန်းက ခေါင်းမော့ကာ နယ်မြေသခင်ကို ကြည့်၍ ပြန်ဖြေလိုက်သည်။ “ကျုပ် လမ်းစဉ်တိုက်ပွဲမှာ ပါဝင်ခဲ့တာ နယ်မြေသခင်အိမ်တော်ကို ဝင်ချင်လို့ပါ။”

“အိုး” နယ်မြေသခင်က ရေရွတ်လိုက်ပြီး သူ့ဘေးရှိ လင်းရှောင်နန်းတော်သခင်ကို ကြည့်လိုက်သည်။ တစ်ဖက်လူက ပြုံးကာ ပြောလိုက်၏။ “ကြည့်ရတာ သူက လင်းရှောင်နန်းတော်နဲ့ ရေစက်မပါဘူး ထင်တယ်။ ဒီရန်ဟောင်က ကျင့်ကြံဖို့အတွက် နယ်မြေသခင်အိမ်တော်ကို ဝင်ချင်တယ်ဆိုမှတော့ နယ်မြေသခင်ကပဲ သူ့ဆန္ဒကို ဖြည့်ဆည်းပေးရမယ် ထင်တယ်။”

နယ်မြေသခင်နင်က ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ တစ်ဖက်လူက ဆန္ဒရှိနေသည့်အတွက် သူ့ဘက်က ကန့်ကွက်စရာမရှိပေ။ သူက ပြောလိုက်၏။ “ကောင်းပြီ။ ဒါပြီးရင် မင်း နယ်မြေသခင်အိမ်တော်ကို ကျင့်ကြံဖို့ ဝင်နိုင်တယ်။”

“ကျေးဇူးအများကြီးတင်ပါတယ် နယ်မြေသခင်။” ရန်ဟောင်ချန်းက အရိုအသေပေးကာ ပြောလိုက်သည်။ သူ့စွမ်းရည်နှင့် သူသည် ယခင်ကတည်းက ထိပ်သီးအင်အားစုတစ်ခုကို ဝင်ရောက်နိုင်ပေသည်။ သို့သော်လည်း သူက မဟာလမ်းစဉ်ကို အမြဲ နားလည်သဘောပေါက်ခဲ့သည်။ ယခု သူက ကျင့်ကြံခြင်းတွင် အဆင့်ချိုးဖျက်တော့မလို ခံစားနေရသည်။ ထို့ကြောင့် သူက နယ်မြေသခင်အိမ်တော်ကို ဝင်ရောက်လိုခြင်း ဖြစ်သည်။ ထိုနေရာ၌ သူက ရန်ဟောင်အဆင့် အထွတ်အထိပ် ပုဂ္ဂိုလ်များနှင့် အဆက်အသွယ် ပြုနိုင်ပေသည်။

“ကျေးဇူးတင်ဖို့မလိုပါဘူး။ လင်းရှောင်နန်းတော်ကို ဝင်ဖို့ အခွင့်အရေးကို လွဲချော်သွားတဲ့အတွက် အနာဂတ်မှာ နောင်တမရတာ ပိုကောင်းလိမ့်မယ်။” နယ်မြေသခင်က အပြုံးနှင့် ပြောလိုက်သည်။ “ကောင်းပြီ။ မင်းတို့အားလုံး အရင်ဆင်းနှင့်ပါ။”

“ဟုတ်ကဲ့။” ရန်ဟောင်ချန်းက ခေါင်းညိတ်ကာ ဆင်းသွားခဲ့သည်။ လမ်းစဉ်တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေ၏။ တုန်းဟွာနန်းတော်ရှိ ပုဂ္ဂိုလ်များက ပုံမှန်အတိုင်း စကားပြောဆိုနေကြသည်။ နယ်မြေသခင်နင်က ပြောလိုက်သည်။ “ထိပ်သီးအင်အားစုက အဖွဲ့ဝင်တွေ လမ်းစဉ်တိုက်ပွဲလေးခုမှာ ရှုံးနိမ့်ခဲ့တယ်။ ကြည့်ရတာ ဒီတစ်ကြိမ် အရမ်းတော်တဲ့ လူတွေ ပါလာတာပဲ။ ဒါပေမယ့် သူတို့က တစ်ခုခု လစ်လပ်နေသေးပုံရတယ်။”

“အောက်ဘက်မှာ ရှိတဲ့ လူတွေက အင်အားစုအမျိုးမျိုးရဲ့ ကျောရိုးမဏ္ဍိုင်တွေ ဖြစ်တယ်။ တုန်းဟွာကျောင်းတော်ရဲ့ ရန်ဟောင်တွေ၊ ပျက်စီးခြင်းနန်းတော်နဲ့ တခြားအင်အားစုတွေက အပြင်ဘက်လောကမှာ ထူးချွန်တဲ့ သူတွေ ဖြစ်တယ်။ နယ်မြေသခင်အနေနဲ့ စိန်ခေါ်သူတွေက သူတို့ကို ရှုံးနိမ့်စေနိုင်ရင်တောင် မလုံလောက်ဘူးလို့ ခံစားရမှာလား။” ဓားနတ်မိမယ်က မေးလိုက်သည်။

အမြင့်နေရာတွင် ထိုင်နေသော နယ်မြေသခင်နင်က အပြုံးနှင့် ပြန်ဖြေလိုက်၏။ “စိန်ခေါ်သူတွေက သူတို့ကို အနိုင်ယူနိုင်ရင် မဆိုးပါဘူး။ ဒါပေမယ့် တုန်းဟွာနယ်မြေမှာ မရေတွက်နိုင်တဲ့ တန်ခိုးရှင်တွေ ရှိတယ်။ ဒီနေ့ ဒီနေရာကို နေရာအနှံ့က တန်ခိုးရှင်တွေ ရောက်လာကြတယ်။ ထူးချွန်ထက်မြက်တဲ့ တိုက်ပွဲစွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ ရန်ဟောင်တွေ ပေါ်ထွက်လာပြီး ကျုပ်တို့ ထိပ်သီးအင်အားစုတွေရဲ့ အရည်အချင်းရှိ ကျင့်ကြံသူတွေကို အနိုင်ယူနိုင်ရင်တော့ အကောင်းဆုံးပေါ့။ စိန်ခေါ်သူတွေက ဓားနတ်မိမယ်ရဲ့ တိုက်ရိုက်တပည့် သုံးယောက်၊ တုန်းဟွာကျောင်းတော်က ခုန်းရှောင်း၊ လင်းရှောင်နန်းတော်က လင်းဟယ် နဲ့ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က ရီလျှို့နျန်တို့ကိုသာ ဆန့်ကျင်တိုက်ခိုက်နိုင်ရင် တုန်းဟွာနယ်မြေရဲ့ သိုင်းပညာတိုးတက်မှုကိုလည်း ပြသနိုင်တာပေါ့။”

သူတို့က ထိုစကားများကို ကြားသောအခါ ပြုံးလိုက်ကြသည်။ ဓားနတ်မိမယ်သည် ခေတ္တမျှ တွေးတောဆင်ခြင်ပြီးနောက် ပြောလိုက်သည်။ “လုပ်ရတာထက် ပြောရတာ လွယ်တယ်။”

နယ်မြေသခင်နင်က အောက်ရှိ ဘုံကိုးဆင့်ကောင်းကင်သို့ ကြည့်ကာ မှတ်ချက်မပြုခဲ့ပေ။ ကျယ်လောင်သောအသံနှင့် သူက ကြေညာပေးလိုက်သည်။ “လူတိုင်းပဲ ကျုပ်တို့ပြောတာ ကြားမယ်ထင်တယ်။ ဒီတုန်းဟွာအခမ်းအနားက တုန်းဟွာနယ်မြေအတွင်း ထူးချွန်တဲ့ ပုဂ္ဂိုလ်တွေကို လူတိုင်းမြင်တွေ့နိုင်ဖို့ ကျင်းပရတာ ဖြစ်တယ်။ တခြား ထူးချွန်တဲ့ ပုဂ္ဂိုလ်တွေ ဒီမှာရှိရင် ရှက်ပြီးတော့ ပုန်းမနေပါနဲ့။ အခြေအနေက ကျုပ် ပြောခဲ့သလို ဖြစ်လာရင် နယ်မြေသခင်အိမ်တော်က အဲဒီလူကို ဆုကောင်းကောင်းချီးမြှင့်မှာပါ။”

အောက်ဘက်ရှိ မရေတွက်နိုင်သော လူများက စိတ်လှုပ်ရှားနေခဲ့ကြသည်။ ထိုသို့သော ပုဂ္ဂိုလ်မျိုး ပေါ်ထွက်လာနိုင်မည်လား။

အခက်အခဲက အလွန်မြင့်မားပေသည်။ ထိုထိပ်သီးအင်အားစုများမှ ထူးချွန်သည့် ပုဂ္ဂိုလ်များကို အနိုင်ယူရန်မှာ အလုပ်ထက် အပြောက ပိုခက်သည်။ ထိုလူများက သူတို့၏ အဆင့်တွင် အထွတ်အထိပ် ရောက်နေသူများပင် ဖြစ်ကြသည်။

ထိုအခိုက်တွင် ဘုံကိုးဆင့်ကောင်းကင် ငါးဆင့်မြောက်မှ ရန်ဟောင်တစ်ပါး လျှောက်ထွက်လာသည်။ သူက အဆင့်ငါး ရန်ဟောင်ဖြစ်ပေသည်။ လမ်းစဉ်တိုက်ပွဲစင်မြင့်မှ တိုက်ပွဲက အဆုံးမသတ်သေးပေ။ သို့သော်လည်း သူက အရင်ဆုံး ရှေ့ထွက်လာကာ လမ်းစဉ်တိုက်ပွဲစင်မြင့်ဆီသို့ မျောလွင့်လာသည်။

‘သူပဲ’ လူအများက သူတို့၏ မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ သိသာစွာပင် အချို့လူများက သူ့အား သတိပြုမိကြပေသည်။

သိပ်မကြာခင်၌ ထွက်ပေါ်လာသူက မည်သူဖြစ်ကြောင်း လူအများဆီမှ ဆွေးနွေးသံမျူး ထွက်ပေါ်လာနေသည်။

“သူက ဘယ်သူလဲ။” တစ်စုံတ်ယောက်က သိချင်စိတ်နှင့် မေးလိုက်သည်။

“သူက တုန်းဟွာကျောင်းတော်ကို ဝင်ဖို့ ငြင်းခဲ့တဲ့ ဒဏ္ဍာရီ ပုဂ္ဂိုလ်တစ်ယောက်ပဲ။” တစ်စုံတစ်ယောက်က ထိုပုံရိပ်ကို စိုက်ကြည့်ရင်း ရှင်းပြလိုက်သည်။ ထိုလူသည် ယခင်က တုန်းဟွာကျောင်းတော်အား မုန်တိုင်းထန်စေခဲ့သည်။ နောက်ပိုင်း၌ သူက ပျောက်ကွယ်သွားခဲ့ပြီး ကျင့်ကြံရန် ခရီးထွက်သွားသည်ဟု ပြောကြသည်။ သူတို့ ထင်မထားမိသည်မှာ ထိုလူက တုန်းဟွာအခမ်းအနား၌ ပေါ်ပေါက်လာမည်ကိုပင် ဖြစ်၏။

“အဲဒီတော့ အဲဒါက သူလား။” တုန်းဟွာကောင်းကင်မှ လူများက ထိုရှင်းပြချက်ကို ကြားသည့်အခါ တုန့်ပြန်လိုက်ကြသည်။ လွန်ခဲ့သည့် နှစ်နှစ်ဆယ်ခန့်က သူတို့သည် ဆင်တူသော ဇာတ်ကြောင်းကို ကြားဖူးပေသည်။

တုန်းဟွာကျောင်းတော်၏ ကျင့်ကြံသူများကြားတွင်ပင် လူအများက အောက်ဘက်တွင် ပေါ်လာသည့် ရန်ဟောင်ကို လှမ်းကြည့်လိုက်သည်။

“သူက တကယ်ပဲ လူကြားထဲမှာ ထွက်လာတာပဲ။” တစ်စုံတစ်ယောက်က ပြောလိုက်သည်။ စကားပြောလိုက်သူက ထိုပုဂ္ဂိုလ်ကို ရှင်းလင်းစွာ မှတ်မိပေသည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်ငါးဆင့်မှ လမ်းစဉ်တိုက်ပွဲစင်မြင့်မှ တိုက်ပွဲမှာ အဆုံးမသတ်သေးပေ။ နှစ်ဖက်လုံး ဆင်းသွားခဲ့ပြီးနောက် ထိုရန်ဟောင်က ချက်ချင်း လမ်းစဉ်တိုက်ပွဲစင်မြင့်ပေါ်သို့ ချက်ချင်း ပြောလိုက်သည်။ အောက်ဘက်တွင် တုန်းဟွာသခင်အိမ်တော်ကြားတွင် အခြေအနေတစ်ခု ဖြစ်ပေါ်လာသည်။ ဆွေးနွေးသည့် အသံက တစတစကျယ်လောင်လာသည်။

တစ်ချိန်တည်းတွင် လမ်းစဉ်တိုက်ပွဲစင်မြင့်ထက်တွင် ပေါ်လာသည့် ရန်ဟောင်က ခေါင်းကို မော့ကာ ကြည့်လိုက်သည်။ သူ၏ အကြည့်များက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ လူများရှိရာသို့ ကြည့်လိုက်သည်။ သူက ပြောလိုက်၏။ “ကျုပ် ရီလျှို့နျန်ကို စိန်ခေါ်တယ်။”

ရီဖူရှင်းက ယန်တုန်းရန်အား ဖိနှိပ်ပြီးကတည်းက သူ့ကို စိန်ခေါ်မည့်သူ မရှိခဲ့ပေ။ မည်သူကမှ သူတို့ကိုယ်သူတို့ အရှက်မရစေလိုချေ။ သူတို့အားလုံးက ကိုယ်ပိုင်အင်အား သိကြပေသည်။ သူတို့အနေနှင့် ရီဖူရှင်းအား ရှုံးနိမ့်စေရန်မှာ မဖြစ်နိုင်ပေ။

သို့သော် ယခုတွင် လူတစ်ယောက် ထွက်ပေါ်လာပြီး တုန်းဟွာကျောင်းတော်တွင် တိုက်ပွဲတစ်ခုတည်းဖြင့် နာမည်ကျော်လာသော ဓားအင်ပါယာလျှို့နျန်ကို စိန်ခေါ်နေသည်။

ထိုအခိုက်တွင် အောက်ဘက်မှ အော်သံများ ပေါက်ကွဲထွက်လာသည်။ လူအများက အလွန် စိတ်လှုပ်ရှားနေပုံရသည်။ ဤသည်မှာ ရီဖူရှင်းအား ထူးဆန်းသော ခံစားမှုကို ခံစားမိစေသည်။ သူ၏ လက်ရှိ တိုက်ပွဲမှတ်တမ်းနှင့် ထိုရန်ဟောင်က သူ့ကို ခြိမ်းခြောက်နိုင်လိမ့်မည်ဟု လူအများက ထင်နေကြသည်လား။

သို့မဟုတ်လျှင် သူတို့က ထိုမျှထိ စိတ်လှုပ်ရှားနေမည် မဟုတ်ပေ။

ရှင်းလင်းစွာပင် လူအုပ်ကြီးသည် ၎င်းက ပြင်းထန်သော တိုက်ပွဲ ဖြစ်လိမ့်မည်ဟု ယုံကြည်နေကြသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset