အခန်း ( ၆၂၇ )

စစ်ဆေးရေးမှူးတစ်ယောက်ဖြစ်လာခြင်း

အဖွဲ့နံပါတ်ကိုး ၏ အဖွဲ့သားများသည် အရိုးခေါင်းအခန်းထဲတွင် ဖြစ်ပျက်နေသည်တို့အား မမြင်ရကြပေ။ သူတို့မြင်ရသည်မှာ နတ်ဘုရားအာရုံဖြင့်ပင် ထိုးဖောက်၍မရသည့် သိပ်သည်းသော အနက်ရောင် မီးခိုးများသာဖြစ်တော့သည်။

” ပိုင်ဟောက် ဘာတွေလုပ်နေတာလဲ ”

” သူက အနက်ရောင်မီးခိုးတွေနဲ့ ဖုံးထားတဲ့ အဲဒီအထဲမှာ ထောင်သားနဲ့ နှစ်ယောက်တည်းရှိနေတာလေ။ သူတို့နှစ်ယောက် ငါတို့ကို လုပ်ကြံဖို့ အတူတိုင်ပင်နေတာလို့ မပြောနဲ့နော်”

” တစ်ခုခုတော့ ထူးဆန်းနေတယ် ”
အဖွဲ့သားများသည် တစ်ယောက်နှင့်တစ်ယောက် ဟိုဟိုသည်သည် တီးတိုးပြောနေကြပြီး တချို့က အထင်သေးနေကြပြီး တချို့မှာ မျက်မှောင်ကြုတ်နေကြသည်။ ထောင်ခေါင်းသည် အတန်ငယ် စိတ်လိုက်မာန်ပါလုပ်လိုက်မိကြောင်း တွေးကာ စိုးရိမ်လာတော့သည်။

ကျောက်ဖုန်က လက်ပိုက်လျက် ရပ်နေပြီး အေးတိအေးစက်ပြုံးကာ ပြောလိုက်သည်။
” ကျုပ်ပြောသလို ဒီကောင်က ”

သို့သော် သူစကားပင်မဆုံးလိုက်ခင် စူးစူးဝါးဝါး အော်ဟစ်သံတစ်ခု အနက်ရောင်မီးခိုးထဲမှ ရုတ်တရက် ထွက်ပေါ်လာတော့သည်။

အံသြတုန်လှုပ်ဖွယ်ကောင်းသော အော်ဟစ်သံကြီးက မိစ္ဆာအိုကြီးကျိုး၏ ပါးစပ်မှ ထွက်လာသည်မှာ သိသာလှပြီး လူတစ်ယောက်က သူအတန်တန် ချုပ်တည်းထားရသောအရာကို မလွှတ်လိုက်ချင်သော်လည်း လွှတ်လိုက်ရသည့် အော်ဟစ်သံကြီးအလား။

” ဘာတွေဖြစ်နေတာလဲ”
လူတိုင်းမှာ သိချင်စိတ်ပြင်းပြနေသော အမူအရာများဖြင့် အခန်းအပေါ်တွင် လုံးဝအာရုံစိုက်ထားကြလေသည်။ အော်ဟစ်သံသည် ထူးဆန်းလှ၏။ မိစ္ဆာအိုကြီးကျိုးကို ရက်အနည်းငယ်စစ်ဆေးမေးမြန်းခဲ့ပြီးနောက်တွင် သူ၏ အော်ဟစ်သံများကို ကြိမ်ဖန်များစွာ ကြားခဲ့ရသော်လည်း ယခုအော်ဟစ်သံကြီးကဲ့သို့ ကျယ်လောင်ခြင်းမရှိပေ။

အဖွဲ့နံပါတ်ကိုးရှိ မည်သူမှ မလုပ်နိုင်လိုက်ခင် အော်ဟစ်သံများသည် ပိုမိုကျယ်လောင်လာပြီး နောက်ဆုံးတွင် နာကျင်စွာညည်းညူသံများအသွင် ပြောင်းလဲလာတော့သည်။

” မင်း ငါ့ကို အခု ဘာကျွေးလိုက်တာလဲ။ အားးးး ။ ချီး ။ ချီးတဲ့မှပဲ။ ဒီကနေ ငါ့ကို ထုတ်ပေးကြပါ ”

အော်ဟစ်သံများ၏ကြောက်မက်ဖွယ်ကောင်းနေခြင်းကြောင့် လူတိုင်းမှာ ဆံပင်မွှေးညင်းများ ထောင်ထလာတော့သည်။

အဖွဲ့နံပါတ်ကိုး ၏ ထောင်စောင့်များမှာ မျက်လုံးပြုးကြီးများဖြင့် ကြည့်နေကြလေသည်။ စစ်ဆေးမေးမြန်းခဲ့သည့် ကာလများတစ်လျှောက် မိစ္ဆာအိုကြီးကျိုးသည် ယခုကဲ့သို့ တစ်ခါမှ မတုံ့ပြန်ခဲ့ဖူးပေ။ ယခုအခါ သူ့အသံကို နားထောင်ရသည်မှာ အသနားခံနေသည့်အသွင် ရှိနေတော့သည်။

” ပိုင်ဟောက် ဘာလုပ်နေတာတုံး ”
ထောင်ခေါင်းမှာ ရင်တုန်လာပြီး ကျောက်ဖုန်မှာ မျက်နှာပျက်လာ၏။ အနီးအနားရှိ မီးခိုးရောင်ဝတ်ရုံ ထောင်သားများမှာမူ လုံးဝအံသြတုန်လှုပ်လျက် လှမ်းကြည့်နေကြသည်။

အော်သံများ၊ ညည်းညူသံများသည် မကြာလိုက်သော်လည်း ကြောက်စရာကောင်းသော အသည်းအသန်ဖြစ်နေသည့်အဆင့်သို့ရောက်သွားတော့သည်။ မိစ္ဆာအိုကြီးကျိုးသည် ရိုးတွင်းချင်ဆီသို့တိုင် နာကျင်စေသည့် ညှင်းပန်းနှိပ်စက်ဒဏ်ခံနေရသကဲ့သို့ လူတိုင်းခံစားနေရလေသည်။

အဖွဲ့နံပါတ်ကိုး ၏ အဖွဲ့သားတစ်ယောက်မှ ယခုလိုအော်ဟစ်သံမျိူးကို လုံးဝ မကြားခဲ့ဖူးပေ။ ၄င်းသည် ဆံပင်များပင် ထောင်သွားစေသည်အထိ ဆိုးရွားလှလေရာ ကြားရသမျှလူအားလုံးကို သေချင်စိတ်ပေါက်သွားစေမည့် အသံမျိုးဖြစ်လေသည်။

” သူ့အသံကိုနားထောင်ရတာ တစ်ခုခုကို ချုပ်တည်းထားရပုံပဲ ။ ပေါက်ကွဲပစ်လိုက်ချင်ပေမယ့်မလုပ်နိုင်လို့ အရူးလုံးလုံးဖြစ်သွားသလိုကြီး ”

“ဘုရားဘုရား၊ ပိုင်ဟောက် ဘယ်လိုများ လုပ်နေတာပါလိမ့်”

” မိစ္ဆာအိုကြီးကျိုးဆီက လျှို့ဝှက်ချက်ကို သိရဖို့ ဘယ်လိုနည်းပဲ သူ သုံးပါစေ၊ အဲဒီအသံကိုနားထောင်ရတာ သူအောင်မြင်တော့မယ့်ပုံပဲ။ ဒီလို ဖျစ်ညှစ်ဖိအားပေးတာမျိုးကြီး ဘယ်သူမှ တောင့်ခံနိုင်မယ် မထင်ဘူး ”

ထောင်ခေါင်းမှာ ခက်ခက်ခဲခဲအသက်ရှူနေရပြီး အခြားသောထောင်စောင့်များအားလုံးမှာ လုံးဝမှင်သက်နေကြတော့သည်။ ကျောက်ဖုန်သည် တစ်ကိုယ်လုံးတုန်လှုပ်နေလေပြီ။ စစ်ဆေးရေးမှူးတစ်ယောက်အနေဖြင့် လူတစ်ယောက်ကို ဖိအားပေးပြီး လျှို့ဝှက်ချက်ထုတ်ပြောအောင် လုပ်ရသည်မှာ အလွန်တရာ ခက်ခဲကြောင်း သူကောင်းကောင်းသိသည်။

” သူကလဲ စစ်ဆေးရေးမှူးလို့ မပြောနဲ့နော်။ မဖြစ်နိုင်တာ ”
လက်မခံလိုသော အရိပ်အယောင်များ ကျောက်ဖုန်၏ မျက်လုံးများထဲတွင် မြင်လိုက်ရသည်။ သူ့စိတ်ထဲတွင် မိစ္ဆာအိုကြီးကျိုးသည် ခံနိုင်ရည်စွမ်းမြင့်သည့် ထူးခြားသော လူတစ်ယောက်ဖြစ်သည်။

မိစ္ဆာအိုကြီးကျိုး၏ ဟိန်းဟောက်သံသည် ပို၍ စူးရှလာပြီး ရူးသွပ်လိုမှုများဖြင့် ပြည့်နှက်လာတော့သည်။ သူ့အသံထဲရှိ နာကျင်မှုအဆင့်ကြောင့် ထောင်ခန်းတစ်ခန်းလုံးရှိ ထောင်သားများအားလုံးက တအံ့တသြလှမ်းကြည့်လိုက်ကြသည်။

” မိစ္ဆာအိုကြီးကျိုးက မယုံနိုင်စရာကောင်းလောက်အောင် မာကြောတယ်။ ဒါပေမဲ့ အခု သူ့ကို ကြည့်ဦး ”

” စောစောက သူ့အခန်းထဲဝင်သွားတဲ့ ကောင်လေးက ဘယ်သူလဲ ”

စစ်ဆေးခြင်းသည် တစ်နာရီမျှကြာပြီး နောက်ဆုံးတွင် မိစ္ဆာအိုကြီးကျိုးက အသနားခံလာတော့သည်။

” ငါပြောမယ်။ ငါအကုန်ပြောပြပါ့မယ်။ ငါ့ရဲ့ ရတနာသိုက်ဘယ်မှာလဲ ပြောပြပါ့မယ်ကွာ ”

” ပိတ်ထား။ ကိုယ်တော်ပိုင်က ဘာလျှို့ဝှက်ရတနာကိုမှ မသိချင်ဘူး”

” ခွင့်လွှတ်ပါ ကိုယ်တော်ပိုင်ရယ်။ ငါ တကယ်တောင်းပန်ပါတယ်။ လွှတ်ပေးပါတော့ဗျာ ” အဖွဲ့နံပါတ်ကိုး ၏ ထောင်စောင့်များသည် သူတို့နားသူတို့ မယုံနိုင်အောင်ဖြစ်တော့သည်။ လူတိုင်း အကျဥ်းခန်းအပေါ်တွင် အာရုံစိုက်ထားကြပြီး မည်သည့် ညှင်းပန်းနှိပ်စက်ခြင်းက မိစ္ဆာအိုကြီးကျိုးအသနားခံရသည်အထိ ပြုလုပ်နေကြောင်း စဥ်းစားနေကြတော့သည်။

သို့သော် ပိုင်ဟောက်၏ ရက်စက်ကြမ်းကြုတ်မှုသည် အကန့်အသတ်ရှိဟန်မတူပေ။ သူ့လေသံအရ လက်ရှိအခြင်းအရာအပေါ် နှစ်ခြိုက်သဘောကျနေသည့်အလား ဖြစ်နေပြီး အဓိကမေးခွန်းက သူ့အတွက် အမှန်တကယ် အရေးမကြီးသည့်ပမာ ဖြစ်နေသည်။

မိစ္ဆာအိုကြီးကျိုးက ဆက်လက်အော်ဟစ်နေပြီး အမွှေးတိုင်တစ်တိုင်ဝက်လောင်ကျွမ်းသည်အထိ ဆက်လက် အသနားခံနေသောကြောင့် လူတိုင်းမှာ ရေခဲတမျှ တစိမ့်စိမ့် ကျောချမ်းလာတော့သည်။ နောက်ဆုံးတွင် ပိုင်ရှောင်ချန်းက ငြီးငွေ့လာဟန်တူသည်။ မီးခိုးငွေ့များ လည်ပတ်လာပြီး လက်နှစ်ဖက်နောက်ပစ်လျက် မေးကို မော့ကာ လုံးဝမပြောင်းလဲသောအမူအရာတစ်ခုဖြင့် အပြင်ထွက်လာသော ပိုင်ရှောင်ချန်းကို သူတို့တွေ့လိုက်ရတော့သည်။

လူတိုင်းက သူ့ကို ဝိုင်းကြည့်နေကြပြီး ထောင်စောင့်များ၊ မီးခိုးရောင်ဝတ်ရုံ ထောင်သားများလည်း ထိုနည်းတူပင်။ အနီးနားရှိ အန္တရာယ်များသော ထောင်သားများပင်လျှင် စိုက်ကြည့်နေကြသည်။

သူသည် မျက်နှာအမူအရာတစ်ချက်လေးပင် မပြောင်းလဲဘဲ ဖြစ်ရိုးဖြစ်စဥ်ကိစ္စတစ်ခုအလား ရှိနေသည်။ သို့သော် အခန်းထဲသို့ လူအများကြည့်လိုက်သည်တွင် သူတို့မှာ တအံ့တသြအော်လိုက်ကြသည်။

” ဘုရားဘုရား ”

” အဲ…အဲဒါ…. မိစ္ဆာအိုကြီးကျိုးလား ”

” ပိုင်ဟောက်က သူ့ကို…ဘာ….ဘာ…လုပ်လိုက်တာတုံး ”

မိစ္ဆာအိုကြီးကျိုးသည် ထွားကြိုင်းသန်မာခဲ့သော်လည်း ယခုအခါ မီးအကင်ခံလိုက်ရသည့်အလား ရှုံ့တွနေတော့သည်။ သူ၏ သက်စောင့်အားနှင့် သူ၏ ဝိညာဥ်ပင် ပျောက်လုမတတ်ဖြစ်နေပြီး သူ၏ သက်စောင့်အား မီးတောက်မှာ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေတော့သည်။

သူသည် ခေါင်းငိုက်စိုက်ကျလျက် မလှုပ်မယှက်ထိုင်နေပြီး သူ၏ အရေပြားပေါ်ရှိ ကုတ်ရာခြစ်ရာများမှာ အလွန်နက်ရှိုင်းလှသဖြင့် အရိုးများနှင့် ကိုယ်တွင်းအင်္ဂါ တချို့တဝက်ကိုပင် မြင်နေရသည်။

သိသာထင်ရှားစွာပင် သူကား ကိုယ့်ကိုယ်ကိုယ် ကုတ်ခြစ်နေခဲ့ခြင်းပင်….

ပိုင်ရှောင်ချန်းသည် သူ့နှလုံးသားထဲသို့ အကြောက်တရားများ ရိုက်ထည့်ပေးနိုင်သည့် မကောင်းဆိုးဝါးတစ်ကောင်အလား ဖော်ပြ၍ပင် မရနိုင်သော ကြောက်လန့်ခြင်းများ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် အချုပ်ခန်းအပြင်ဘက်ရှိ ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်လေသည်။ မိစ္ဆာအိုကြီးကျိုး၏ မျက်လုံးများထဲရှိ ထိုသို့သော အရိပ်အယောင်များကို မည်သူမျှ မမြင်ခဲ့ဖူးပေ။ ပိုင်ရှောင်ချန်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းလွန်းလှပြီး ထိုလူ၏ စိတ်ထဲတွင် ထာဝရတံဆိပ်နှိပ်ထားသည့် အိမ်မက်ဆိုးတစ်ခုအလားပင် ဖြစ်နေတော့သည်။

ဝိုင်းကြည့်နေကြသူများ အားလုံး ပင့်သက်ရှိုက်သွားကြသည်။ စောစောက မိစ္ဆာအိုကြီးကျိုးနှင့် အကျဥ်းခန်းထဲမှ ပိုင်ရှောင်ချန်း ထွက်လာသည့်အချိန်ရှိ မိစ္ဆာအိုကြီးကျိုး ကြားမှ ခြားနားချက်က လုံးဝမယုံနိုင်စရာကောင်းပေသည်။

ယခုအခါ ထောင်စောင့်များ၊ ထောင်သားများမှာ ပိုင်ရှောင်ချန်းကို လေးနက်ပြီး မယုံနိုင်ဖြစ်နေသော အမူအရာများဖြင့် စိုက်ကြည့်နေကြတော့သည်။

ထိုနေရာရှိ လူတိုင်း၏ ချစ်ကြောက်ရိုသေသော အကြည့်များအားလုံးအောက်တွင် ပိုင်ရှောင်ချန်းက ထောင်ခေါင်းထံ လမ်းလျှောက်လာပြီးနောက် ကျောင်စိမ်းပေလွှာတစ်ခု ပေးလိုက်သည်။

” သူရဲ့ ဝန်ခံချက်”
ပိုင်ရှောင်ချန်းက လူအများအာရုံစိုက်ခံနေရသည်ကို ကျေနပ်ရင်း ပြောလိုက်သည်။ သူက ဟိတ်ဟန်အပြည့်နှင့် လက်ကို နောက်ပစ်ပြီး လေးနက်သောအကြည့်တစ်ခုဖြင့် အဝေးသို့ လမ်းလျှောက်ထွက်သွားလေသည်။

ထောင်ခေါင်းသည် ကျောက်စိမ်းပေလွှာကို ကြည့်ရင်း ကြက်သေသေနေတော့သည်။ ထို့နောက် သူက လမ်းလျှောက်ထွက်သွားသည့် ပိုင်ရှောင်ချန်းကို ပြန်ကြည့်ပြီး နတ်ဘုရားတစ်ပါးကို မြင်နေရသည့်အလား ဖြစ်နေတော့သည်။

ကျောက်ဖုန်မှာ တခဏကြာသည်အထိ အသက်ပင် မရှူနိုင်ပေ။ အသက်ပြန်ရှူနိုင်သွားသောအခါ သူက အကျဥ်းခန်းကို အပြေးအလွှားသွားကြည့်လိုက်ရာ တဆတ်ဆတ်တုန်ရင်း ဆန့်ငင်ဆန့်ငင်ဖြစ်နေသည့် မိစ္ဆာအိုကြီးကျိုးကို တွေ့လိုက်ရတော့သည်။

” သူက ဘာဒဏ်ရာမှတောင် မချန်ခဲ့ဘူး။ ဖိအားပေးရင် အဆက်မပြတ်အော်ဟစ်နေအောင် လုပ်ခဲ့တာပေါ့။ ထောင်သားက ဝန်ခံဖို့ အသင့်ဖြစ်နေပေမယ့် သူက ခွင့်ပြုမှာမဟုတ်ဘူး။ မျှော်လင့်ချက်မဲ့အောင်လုပ်တယ်။ ပြီးတော့ သူ နှိပ်စက်ရတယ်ကြိုက်နေတဲ့ပုံပဲ၊ ဘုရားဘုရား။ စစ်ဆေးရေးမှူးတွေကြားမှာ အဲဒီထက်မြင့်တာ မရှိတော့ဘူး ။ ပိုင်ဟောက်က သေချာပေါက် စစ်ဆေးရေးမှူးပဲ… မဟုတ်သေးဘူး စစ်ဆေးရေးမှူးတွေထဲက စစ်ဆေးရေးမှူးတစ်ယောက်။ သူက အမှောင်စစ်ဆေးရေးမှူးပဲ ”
ကျောက်ဖုန်သည် မလှမ်းမကမ်းရှိ ပိုင်ရှောင်ချန်းကို လှမ်းကြည့်ရင်း သူ၏ မျက်လုံးများတွင် စိတ်အားထက်သန်မှုမျာ တောက်လောင်လာတော့သည်။

စောစောက သူသည် ပိုင်ရှောင်ချန်းကို အထင်သေးခဲ့သော်လည်း ယခု အရာအားလုံး ကပြောင်းကပြန်ဖြစ်သွားလေပြီ။ စစ်ဆေးရေးမှူးတစ်ယောက်အနေနှင့် သူသည် ပိုင်ရှောင်ချန်း၏ နည်းလမ်းများကို မလေးစားဘဲ မနေနိုင်တော့လေရာ သူ့နှလုံးသားထဲတွင် စိတ်အားထက်သန်ခြင်း ဇောအဟုန်များ တောက်လောက်လာတော့သည်။

” ကျုပ်ကို စောင့်ပါဦး ညီလေးပိုင်ရေ ”
သူက လိုက်မှီရန် ကြိုးစားရင်း အော်လိုက်လေသည်။ အဖွဲ့နံပါတ်ကိုး ၏ ထောင်စောင့်များအားလုံးသည် ပိုင်ရှောင်ချန်းကို ရိုသေလေးစားသော အမူအရာများဖြင့် ကြည့်နေကြတော့သည်။ ပိုင်ရှောင်ချန်းက မိစ္ဆာအိုကြီးကျိုး ပါးစပ်ဟအောင် ဖိအားပေးနိုင်သည့် အချက်က အဖွဲ့နံပါတ်ကိုးအတွက် မျက်နှာရလိမ့်မည်သာမက မိစ္ဆာအိုကြီးကျိုး၏ လျှို့ဝှက်ရတနာများကိုလည်း ရမည်ဟု ဆိုလိုလေသည်။ ချက်ချင်းပင် ပိုင်ရှောင်ချန်းအပေါ်ထားသည့် သဘောထားများအားလုံး ပြောင်းလဲသွားခဲ့လေပြီ။

ထောင်ခေါင်းမှာ ရင်ခုန်သံမြန်နေပြီး သူ၏ မျက်လုံးများ တလက်လက်တောက်ပနေသည်။ အဖွဲ့နံပါတ်ကိုး တွင် ဤသို့သော စစ်ဆေးရေးမှူးတစ်ယောက်ရှိခြင်းက မည်သည်ကို ဆိုလိုသည်လဲ သူကောင်းကောင်းသိလေရာ ပိုင်ရှောင်ချန်းနောက် အမြန်လိုက်တော့သည်။

မီးခိုးရောင်ဝတ်ရုံထောင်သားများနှင့် အကျဥ်းခန်းထဲရှိ အန္တရာယ်ရှိသော ထောင်သားများသည် ပိုင်ရှောင်ချန်းပတ်လည်တွင် အပြေးအလွှားစုရုံးနေကြသည့် ထောင်စောင့်များကို ကြည့်ပြီးနောက် ဆန့်ငင်ဆန့်ငင် တဆတ်ဆတ်တုန်နေသော မိစ္ဆာအိုကြီးကျိုးကို လှည့်ကြည့်လိုက်ကြသည်။ ထိုအချိန်တွင် သူတို့အားလုံးသည် ဤလူမှာ ဘယ်တော့မှ ရန် မ,စသင့်သည့် စစ်ဆေးရေးမှူးတစ်ယောက်ဟု ဆုံးဖြတ်လိုက်ကြတော့သည်။

သူကား အိပ်မက်ဆိုးများ၏ အကြောင်းရင်းခံ ဖြစ်ပေသည်။


Comment

Leave a Reply


Options

not work with dark mode
Reset