အခန်း ( ၆၂၆ )

အဘိုးကြီး ကျုပ်စံချိန်ကို ချိုးနိုင်ပါ့မလား

အခြားထောင်စောင့်များမှာ ပိုင်ရှောင်ချန်း၏ မေးခွန်းကြောင့် မနေနိုင်ဘဲ လှောင်ပြုံးပြုံးလိုက်ကြပြီး မျက်နှာရှည်ရှည်လူငယ်မှာမူ ခပ်ထေ့ထေ့ ရယ်မောလိုက်သည်။

ထောင်ခေါင်းက ခေါင်းခါလိုက်လေသည်။ သူက သက်ပြင်းချရင်း ရှင်းပြလိုက်သည်။
” တချို့လူတွေကိုတော့ ဝိညာဥ်ရှာေဖွနည်း သုံးလို့ရတယ်။ ဒါပေမဲ့ မင်းရဲ့ ကျင့်ကြံခြင်းအခြေခံက အဆင့်တစ်ခုအထိရောက်ပြီး မင်းရဲ့ဝိညာဥ်နဲ့ အပြင်ခန္ဓာကိုယ်က ပေါင်းစပ်သွားတဲ့အခါ အဲဒီဝိညာဥ်ရှာဖွေနည်းကို နည်းမျိုးစုံသုံးပြီး တားဆီးနိုင်တယ်။ အဲဒီအခါကျရင် ဝိညာဥ်ရှာဖွေနည်းကို အတင်းအကြပ်သုံးလဲ ဘာမှ ထွက်လာမှာမဟုတ်ဘူး ”

သူက ထောင်စောင့်များအားလုံးကြားစေရန် အသံကိုမြှင့်၍ ပြောလိုက်သည်။
” ငါတို့မှာ အခုနှစ်ရက်တောင် မကျန်တော့ဘူး။ သိပ်မကြာခင် အဖွဲ့နံပါတ်တစ်ဆယ် လာပြီး တာဝန်ယူလိမ့်မယ် ”

ထို့နောက် သူက ပိုင်ရှောင်ချန်းကို ပြန်ကြည့်ပြီး ဆက်လက် ရှင်းပြ၏။
” ဒီက အကျဥ်းသားတွေအားလုံးက စွမ်းအားကြီးပြီး အရေးပါတဲ့ လူတွေပဲ။ အများစုမှာ လျှို့ဝှက်ချက်တွေရှိပြီး တော်တော်များများက ချမ်းသာကြတယ်။ မိစ္ဆာအကျဥ်းထောင်ရဲ့ စည်းမျဥ်းတွေအရ သတင်းအချက်အလက်တွေ ဖော်ထုတ်နိုင်တဲ့ ဘယ်အဖွဲ့ကဖြစ်ဖြစ် သူတို့သိတာတွေကနေပြီး အကျိုးခံစားနိုင်တယ်။ အထက်လူကြီးတွေကို ဝေစုတစ်ခု ပေးရပေမယ့် ကျန်တာတွေကို အဖွဲ့ထဲမှာ ခွဲယူနိုင်တယ် ”

ယခုအခါ ပိုင်ရှောင်ချန်းသည် အခြေအနေအရပ်ရပ်ကို ပိုမိုကောင်းမွန်စွာ နားလည်သွားလေပြီ။ ထောင်စောင့်များသည် ခေတ္တအနားယူကြပြီးနောက် မိစ္ဆာအိုကြီး ကျိုးကို ပြန်စစ်မေးကြတော့သည်။ သို့သော် သုံးရက်မြောက်နေ့ နီးကပ်လာပြီဖြစ်သည့်တိုင် သူတို့သည် သူ့ထံမှ စကားတစ်လုံးထွက်လာရန်ပင် မတတ်နိုင်ကြသေးပေ။ နောက်ဆုံးတွင်တော့ လက်လျှော့ရတော့မည့် အခြေအနေသို့ ဆိုက်ရောက်လာတော့သည်။

ေထာင်ခေါင်းက ခါးခါးသီးသီးပြုံးရင်း ပြော၏။
” ကဲကွာ ထားလိုက်ပါတော့။ မိစ္ဆာအိုကြီးကျိုးရဲ့ ရတနာတွေတော့ တခြားတစ်ဖွဲ့လက်ထဲရောက်ဖို့ ကံပါနေတာပဲဖြစ်မယ်”

ထို့နောက် သူက ပိုင်ရှောင်ချန်းနှင့် စိတ်ပျက်လက်မှိုင်ကျနေသော ထောင်စောင့်များကို ဦးဆောင်၍ ပြန်ရန်ပြင်လိုက်သည်။ သို့သော် သူက နောက်ဆုံးအကြိမ် မိစ္ဆာအိုကြီးကျိုးကို ကြည့်လိုက်စဥ် မိစ္ဆာအိုကြီးကျိုးက ရုတ်တရက် ပါးစပ်မှ သွေးများရောနေသော တံတွေးကို ထွေးချလိုက်ပြီးနောက် အရူးပမာ တဟားဟားအော်ဟစ်ရယ်မောလိုက်သည်။ အဖွဲ့နံပါတ်ကိုး ၏ ထောင်စောင့်များကို သူကြည့်နေသည် ပုံစံက သူတို့ကို အမှန်တကယ် စားချင်နေသည့်အလား။

” မိစ္ဆာအကျဥ်းထောင်က ဘယ်လောက်တောင် ရက်စက်လဲ လူတွေပြောကြတယ်” သူကရယ်လိုက်သည်။
” သူတို့ကပြောတယ်။ ဒီမှာ ဘယ်သူမှ ပါးစပ်ပိတ်ပြီး မနေနိုင်ဘူးဆိုပဲ။ ဒါပေမဲ့ အခုကျ သိပ်လွယ်နေပါလားကွ”

သူ၏ စကားလုံးများက ထောင်စောင့်များကို ပို၍ပင် ဒေါသထွက်သွားစေသော်လည်း မည်သို့မျှ သူတို့ မလုပ်နိုင်ပေ။

” သွားကြအောင် ”
ထောင်ခေါင်းက အံကြိတ်ထားသည့်ကြားမှ ပြောလိုက်ပြီး ထွက်ခွာရန် ချာခနဲလှည့်လိုက်လေသည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းက ချီတုံချတုံဖြင့် ပြောသည်။
” ထောင်ခေါင်း၊ ဟို ကျွန်တော် တစ်ချက်လောက် ကြိုစားကြည့်လို့ရမလား။ သူစကားပြောအောင် ကျွန်တော်လုပ်နိုင်လောက်မယ် ထင်တယ် ”

အမှန်တကယ်တော့ တစ်နေ့လုံး လုပ်ကြည့်ချင်လွန်း၍ သူ လက်ယားနေပြီ ဖြစ်သည်။

” မင်းက ”
ကျောက်ဖုန်က အေးစက်စက်ရယ်မောရင်း ပြောလိုက်သည်။ သူ ရယ်ရသည့်အကြောင်းရင်း ရှိသည်။ သူက အဖွဲ့၏ စစ်ဆေးရေးမှူးဖြစ်သည့်တိုင် မိစ္ဆာအိုကြီးကျိုး၏ ပါးစပ်ပွင့်အောင်ပင် မလုပ်နိုင်သည့်အပြင် အခြားရှစ်ဖွဲ့၏ စစ်ဆေးရေးမှူးများသည်လည်း သူ့နည်းတူ မလုပ်နိုင်ခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ အနှီလူသစ်ကလေးသည်လည်း မည်သည့်နည်းနှင့်မျှ လုပ်နိုင်မည်မဟုတ်ပေ။ သိသာစွာပင် သူ့ကိုယ်သူ အထင်ကြီးနေခြင်းသာဖြစ်သည်။ ကျောက်ဖုန်သည် သူ၏စက်ဆုပ်ရွံရှာအထင်သေးမှုများအား ဖုံးကွယ်ရန် မကြိုးစားသည့်အပြင် မိစ္ဆာအိုကြီးကျိုး၏ခေါင်းမာမှုအပေါ် သူ၏ မကျေနပ်ချက်များကို ပိုင်ရှောင်ချန်းအပေါ် ပုံချရန် ကြိုးစားနေသည့်အလားဖြစ်နေသည်။

အခြားထောင်စောင့်များ မျက်မှောင်ကြုတ်သွားကြသည်။ ပိုင်ဟောက်သည် ရက်စက်ကြမ်းကြုတ်သောလူသတ်သမားဖြစ်ကြောင်း သူတို့အားလုံးသိသော်လည်း သတ်ဖြတ်ခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်းသည် ဆီနှင့်ရေပမာ။ လူအများအား စစ်မေးရာတွင် သာမန်ကျင့်ကြံသူများမှာ မရှိနိုင်သည့် ထိန်းချုပ်နည်းအဆင့်တစ်ခုလိုအပ်လေသည်။

ထို့ကြောင့် ပိုင်ရှောင်ချန်းက အောင်မြင်မည်ဟု မည်မျှ ယုံကြည်နေသည့်တိုင် သူတို့အနေဖြင့် အလွယ်တကူ လက်မခံနိုင်ပေ။

” စစ်ဆေးရေးမှူး ကျောက်ဖုန်တောင်မှ မိစ္ဆာအိုကြီးကျိုးကို တစ်ခွန်းဟအောင် မလုပ်ခဲ့နိုင်ဘူးလေ။ ဒီပိုင်ဟောက်က… သွေးနားထင်ရောက်နေတာပဲ။ စစ်ဆေးမေးမြန်းတယ်ဆိုတာ အနုပညာတစ်ခုပဲ။ ကြုံရာလူ လုပ်နိုင်တာမဟုတ်ဘူး ”

” သူက ရက်စက်လွန်းလို့ နာမည်ကြီးရင်ကြီးမယ်။ ဒါပေမဲ့ မိစ္ဆာအကျဥ်းထောင်က လူတိုင်း အဲဒီလို နာမည်ကြီးနေကြတာပဲလေ ”

ပိုင်ရှောင်ချန်းမှာ ထောင်စောင့်များတီးတိုးပြောကြသည့် စကားတို့ကြောင့် စိတ်ထဲမအီမသာဖြစ်လာမိသည်။ သူ ကြွားလုံးပင် မထုတ်ရသေးသည် မဟုတ်ပါလော။ သူ့ကိုယ်သူ ယုံကြည်ချက်ရှိလွန်း၍ ပြောလိုက်ခြင်း မဟုတ်သော်လည်း အနည်းဆုံး တစ်ကြိမ် ကြိုးစားကြည့်ရန် အထိတော့ သူ ယုံကြည်ချက်ရှိနေသည်။

ထောင်ခေါင်းမှာ မျက်မှောင်ကြုတ်၍ တွေးလိုက်သည်။ ယခုအခါ ပိုင်ဟောက်က အဖွဲ့နံပါတ်ကိုး၏ အဖွဲ့သားတစ်ဦးဖြစ်သည်ကို စဥ်းစားလိုက်ပါက စစ်ဆေးမေးမြန်းခြင်း မည်မျှခက်ခဲကြောင်း ပထမဆုံး ကိုယ်တွေ့ကြုံရခြင်းက ကောင်းသောအရာတစ်ခုဖြစ်ပေသည်။

“ကောင်းပြီ ပိုင်ဟောက်။ စမ်းကြည့်ချင်တယ်မလား၊ သွားစမ်းကြည့်ကွာ”

ပိုင်ရှောင်ချန်းက ချက်ချင်းပင် မေးကိုမော့လိုက်ပြီး လက်ကို နောက်ပစ်ကာ မိစ္ဆာအိုကြီးကျိုးထံ တစ်လှမ်းချင်း လျှောက်သွားလေသည်။ သူ့နောက်တွင် အခြားထောင်စောင့်များက သူရှုံးနိမ့်မည်ကို သိနေသည်ဆိုသော အကြည့်များဖြင့် ပြုံး၍ စောင့်ကြည့်နေကြလေသည်။

” ပိုင်ဟောက်က ရက်စက်တယ်ဆိုပြီး နာမည်ကြီးပေမယ့် ငါ့အတွက်တော့ သူကကြောက်စရာလဲမကောင်းပါဘူးကွာ။ အလကားလေလုံးထွားနေတာ”

” သူက စိတ်တော်တော်ရှည်တယ်ဆိုပဲ။ ဒါပေမဲ့ အဲဒီလိုပုံပေါ်လဲ မပေါ်ပါဘူး ”

အထူးသဖြင့် ကျောက်ဖုန်သည် အထင်သေးမှုများအပြည့်နှင့် လက်ပိုက်လျက် အေးစက်သော မျက်လုံးများဖြင့် ကြည့်နေလေသည်။
” ဟမ့် ။ ငါ ကျောက်ဖုန်တောင် ဒီလူစကားပြောအောင် မလုပ်နိုင်ရင် မင်းက ဘယ်ဦးနှောက်နဲ့ ပြောမယ်လို့ တွေးနိုင်ရတာတုန်း”

ပိုင်ရှောင်ချန်း ရှုံးနိမ့်သွားမည်ကို လူတိုင်း ရပ်စောင့်နေကြစဥ် ပိုင်ရှောင်ချန်းမှာ မိစ္ဆာအိုကြီးကျိုးရှိသည့် အခန်းထဲသို့ ကြည့်လိုက်သည်။ မိစ္ဆာအိုကြီးကျိုးက သူ့ကို သွားဝါကြီးများ၊ ဝါးစားချင်နေသည့် မျက်လုံးရွဲကြီးများဖြင့် ပြန်ကြည့်လာသည်။

” ဖြူဆွတ်လိုက်တဲ့အသားလေး ”
မိစ္ဆာအိုကြီးကျိုးက ပြောသည်။
” နုရွနေတာပဲကွာ… ငါအကြိုက်ဆုံးသုံးခုက ကလေးတွေရယ်၊ မိန်းမလှလေးတွေရယ်နဲ့ ယောကျာ်းချောချောလေးတွေပဲ။ ဒီကောင်လေးကတော့ တတိယအမျိုးအစားနဲ့ ကွက်တိပဲ။ ”
ထို့နောက် သူက အရူးသဖွယ် ခပ်တိုးတိုးရယ်လိုက်တော့သည်။

” လွန်ခဲ့တဲ့ ဆယ်နှစ်က ငါစားခဲ့တဲ့ ဝိညာဥ်ကျင့်ကြံသူကိုတောင် သတိရသွားတယ်။ ဒီတစ်ယောက်နဲ့ တော်တော်တူတာပဲ။ အင်မတန် အပြစ်ကင်းပြီး ပိန်ပိန်ပါးပါးဖြူဖြူနုနုလေး။ ငါ သူ့ကို နှိပ်စက်ပြီး တစ်ခါထဲ စားပစ်လိုက်တာ။ သိပ်ကောင်းတဲ့ အရသာလေးကွာ။ တော့်တော်ကို အရသာရှိတာ”
မိစ္ဆာအိုကြီးကျိုးက နှုတ်ခမ်းကိုသပ်လိုက်ပြီး ပိုင်ရှောင်ချန်းကို ကောက်ကျစ်စဥ်းလဲသောအကြည့်ဖြင့် ကြည့်လိုက်သည်။

သူ၏ စကားလုံးများသည် သူ၏ အမူအရာများနှင့် ပေါင်းစပ်သွားသောအခါ အလွန်အန္တရာယ်များသည့် အသွင် ဖြစ်နေရာ ထောင်စောင့်များ၏ မျက်နှာအမူအရာများကို ပို၍ပင် တင်းမာသွားစေတော့သည်။

မိစ္ဆာအိုကြီးကျိုး၏ ရယ်မောသံကြီးထွက်ပေါ်လာသောကြောင့် ပိုင်ရှောင်ချန်း ပင့်သက်ရှိုက်သွားမိသည်။ ထိုလူ စောစောက ပြောလိုက်သော စကားများကို သူ မမြင်ယောင်နေမိပြီး အနှီအဘိုးကြီးက စည်းလွတ်ဝါးလွတ်ဖြစ်နေကာ ကမ်းကုန်အောင် ရက်စက်ယုတ်မာသူဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။ သူက လမ်းလျှောက်နေခြင်းအား အနည်းငယ် ရပ်လိုက်မိလေသည်။

ပိုင်ရှောင်ချန်း တုံဆိုင်းနေသည်ကို မြင်သောအခါ မိစ္ဆာအိုကြီးကျိုးက ရယ်လိုက်ပြီးနောက် အသေးစိတ်ဆက်ပြောပြတော့သည်။
” အဲဒီ ဝိညာဥ်ကျင့်ကြံသူလေးကို ငါ တစ်ကိုက်စီ စားပစ်တာကွ။ ပထမဆုံး နှာခေါင်း။ နောက် သူ့ မျက်လုံးလေးတွေကွာ ”

ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏ နှလုံးသည် တဒိန်းဒိန်းခုန်လာတော့သည်။ ဤမိစ္ဆာအိုကြီးကျိုးက လုံးဝမကောင်းဆိုးဝါးကြီးဖြစ်မှန်း သိသာလှသည်။ ထို့ကြောင့် စစ်ဆေးခြင်းဆိုသည်က သူနှင်မအပ်စပ်ဘူးဆိုသောအချက်နှင့် ပေါင်းစပ်လိုက်သည်ဝယ် လက်လျှော့လိုက်ရန် တွေးမိလိုက်သည်။ မိစ္ဆာအိုကြီးကျိုးသည် သူ မည်သို့တွေးနေသည်ကို သိနေပြီး ပြတင်းပေါက်ဖြစ်သည့် အရိုးခေါင်းကြီး၏ မျက်လုံးပေါက်များကို ကိုင်၍ အားကုန်ရုန်းကန်ရင်း အားအင်အပြည့်ဖြင့် ဟိန်းဟောက်လိုက်လေသည်။

မိုးခြိမ်းသံကဲ့သို့ မကျယ်လောင်သော်ငြား သူစောစောက ပြောခဲ့သည့် စကားများဖြင့် ပေါင်းစပ်သွားသောအခါ ပိုင်ရှောင်ချန်းကို ကြောက်လန့်တကြား ထခုန်သွားစေရန် လုံလောက်ပေသည်။

” ကြောက်လား။ ကောင်လေး။ လာပါကွ….လာပါ ။ မင်းကို တစ်ကိုက်လောက် မြည်းချင်လွန်းလို့ပါ ”
ထို့နောက် မိစ္ဆာအိုကြီးကျိုးက အရူးသဖွယ် အော်ဟစ်ရယ်မောလိုက်ပြန်သည်။ ဤအပြစ်ကင်းစင်ကာ ဖြူဖြူနုနုကောင်လေးအား ကစားရသည်ကို သူ အလွန်နှစ်ခြိုက်နေမိသည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ ဒေါသထွက်လာတော့သည်။ သူက အမြုတေအဆင့်ကျင့်ကြံခြင်းအခြေခံတွင်ဖြစ်ရာ ဤအဘိုးကြီး၏ အခြောက်အလှန့်ခံရသည်မှာ အလွန်ရှက်စရာကောင်းလှသည်မဟုတ်ပါလော။ သူက စိန်းစိန်းဝါးဝါးကြည့်ရင်း ပြောသည်။
” ကောင်းပြီ။ အဘိုးကြီး။ ခင်ဗျား ကျုပ်ကို အရင် ရန်စတာနော် ”
သူက အလွန်လေးနက်နေသည့်အသွင်ဖြင့် သူက ထောင်ခေါင်းဘက်လှည့်ကာ ပြောသည်။
” ထောင်ခေါင်း။ ကျေးဇူးပြုပြီး အခန်း တံခါးဖွင့်ပေးပါ”

ထောင်ခေါင်းသည် တခဏမျှ တွေဝေနေပြီးနောက် ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ကွက်ဖော်လိုက်လေသည်။ ချက်ချင်းပင် အရိုးခေါင်းကြီးထဲတွင် ဝင်ပေါက်တစ်ပေါက်ပေါ်လာပြီး မိစ္ဆာကြီးကျိုးခုန်ထွက်မလာခင် ပိုင်ရှောင်ချန်း အထဲရောက်သွားလေပြီ။

သူက လက်ကို ချက်ချင်း ဝှေ့ယမ်းလိုက်ရာ သူ၏မျက်နှာဖုံးဖြင့် အားဖြည့်ပေးထားသော အနက်ရောင်မြူတိမ်တစ်ခု ပေါ်ထွက်လာကာ တစ်ခန်းလုံးပြည့်သွားသဖြင့် အတွင်းထဲတွင် ဖြစ်ပျက်နေသမျှကို အပြင်ဘက်ရှိမည်သူမျှ မမြင်ရတော့ပေ။

အဖွဲ့နံပါတ်ကိုး ၏ ထောင်စောင့်များသည် အတန်ငယ်လန့်သွားပြီး သိချင်စိတ်ပြင်းပြစွာဖြင့် အပြေးအလွှားရှေ့တိုးသွားလိုက်ကြသည်။

” သူဘာလုပ်နေတာတုံး ”

“သူ ငါတို့မမြင်အောင်လုပ်နေတာ”

ကျောက်ဖုန်က အေးတိအေးစက်ရယ်လိုက်ပြီးပြော၏။
” လိမ်ဖို့ကြံနေတယ်ပေါ့ ဟမ်”

အခန်းထဲတွင် မိစ္ဆာအိုကြီးကျိုးသည် သူ့ရှေ့တည့်တည့်တွင် ပိုင်ရှောင်ချန်းကို တွေ့လိုက်သောကြောင့် အတန်ငယ် အံ့သြသွား၏။ သို့သော် သူက အလျင်အမြန်ပင် နှုတ်ခမ်းသပ်လိုက်ပြီး ပြုံးလိုက်ရာ ဝါကျင့်ကျင့်သွားကြီးများ ပေါ်လာတော့သည်။ သူ့ပါးစပ်ထဲမှ သူ၏ မေးစိအထိ သွားရည်များပင် စီးကျလာတော့သည်။

” ငါနဲ့ လာကစားရဲလိမ့်မယ်လို့ ထင်တောင်မထားဘူး ကောင်လေးရေ။ ငါရဲ့ ကျင့်ကြံခြင်းအခြေခံကို ချုပ်နှောင်ထားလို့ မင်းအန္တရာယ်ကင်းတယ်လို့ ထင်နေတာလား”

” မင်း ဒီလောက် သတ္တိရှိတော့လဲ မင်းရဲ့လက်တစ်ဖက်လောက် စားခွင့်ပေးရင် ငါ့ရဲ့ ရတနာသိုက်အကြောင်း သဲလွန်စပေးမယ်ကွာ။ ကဲဘယ်လိုလဲ။ လက်တစ်ဖက် သဲလွန်စတစ်ခု။ ဒါမှမဟုတ်ရင် ခြေထောက် ၂ချောင်း၊ လက် ၂ချောင်း သဲလွန်စလေးခုဆိုရင်ရော ”
ထို့နောက် မိစ္ဆာအိုကြီးကျိုးက အရူးသဖွယ် ရယ်လိုက်တော့သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံမှာ ပိတ်လှောင်ခံထားရသည့်တိုင်အောင် သူက လုံးဝခေါင်းမောနေဆဲဖြစ်ပြီး ပိုင်ရှောင်ချန်းကို ကြောက်ပင် မကြောက်ပေ။

ထိုလူအားလုံး သူ့ကို သေသည်အထိ နှိပ်စက်၍ မရကြောင်း သူသိသည် မဟုတ်ပါလော။

” ခင်ဗျား ဘယ်နေရာမှာ ရတနာတွေ ဝှက်ထားလဲ ကျုပ်ဂရုမစိုက်ဘူး။ ”
ပိုင်ရှောင်ချန်းက စိန်းစိန်းဝါးဝါးကြည့်ရင်း ပြောလိုက်သည်။ သူက နှာမှုတ်လိုက်ရင်း ထည့်စရာအိတ်ကို ပုတ်ကာ ဆေးလုံးတစ်လုံးထုတ်လိုက်သည်။

ထိုသည်မှာ….ကာမအားတိုးဆေးလုံးက လွဲ၍ တခြားမဟုတ်ပေ။

မိစ္ဆာအိုကြီးကျိုးမှာ အတန်ငယ် ထိတ်လန့်သွားသော်လည်း ဆေးလုံးတစ်လုံးသာဖြစ်ကြောင်း တွေ့လိုက်သောအခါ သူ၏အရုပ်ဆိုးဆိုးမျက်နှာထက်တွင် အထင်သေးဟန်များ အထင်းသားပေါ်လွင်လာ၏။

” နှိပ်စက်ဆေးလုံးလား။ ဘယ်လောက် အံ့သြစရာကောင်းလိုက်လဲ”

” ခဏကြာရင် ခင်ဗျားထင်သလို ဘယ်လောက် အံသြစရာကောင်းလဲ တွေ့မှာပေါ့ ”
ပိုင်ရှောင်ချန်းက ဂုဏ်ယူစွာ ပြောလိုက်သည်။ သူ၏ လက်ကို ဝှေ့ယမ်းရင်း သူက ကာမအားတိုးဆေးလုံးကို မိစ္ဆာအိုကြီးကျိုးထံ ပျံသန်းသွားစေလိုက်သည်။ ဤအခိုက်အတန့်တွင် မိစ္ဆာအိုကြီးကျိုးမှ ကျင့်ကြံခြင်းအခြေခံ အားယုတ်နေသည့်အတွက်ကြောင့် မရှောင်နိုင်ပေ။ သူ့ပါးစပ်ထဲသို့ ဆေးလုံးဝင်သွားပြီး ချက်ချင်းပင် အရည်ပျော်သွားတော့သည်။

ပိုင်ရှောင်ချန်းက မေးကို မော့ထားရင်း အင်္ကျီလက်ကို ဝေ့ယမ်းကာ ဟိတ်ဟန်အပြည့်ဖြင့် ပြောလိုက်သည်။
” ကဲ မိစ္ဆာဆရာကြီးရေ။ အရင်ကတော့ တချို့လူတွေကို ကျုပ်နှိပ်စက်လိုက်ရင် အလွန်ဆုံး ခံနိုင်လှ နှစ်နာရီပေါ့ဗျာ။ ဒါပေမဲ့ ခင်ဗျားကတော့ ကျုပ်စံချိန်ကို ချိုးနိုင်မယ်လို့ မျှော်လင့်ပါတယ်”


Comment

Leave a Reply


Options

not work with dark mode
Reset