ထိုအခါ ထောင်ခေါင်းက ချောင်းဟန့်လိုက်တော့သည်။
” ကိုယ့်အလုပ်ကိုလုပ်စမ်းပါ။ မသိသလို ဟန်ဆောင်မနေနဲ့။ ပြီးတော့ပြောရဦးမယ်။ ထောင်ခန်းထဲက ထောင်သားတွေကို ဘာမှသွားမလုပ်နဲ့နော်။ သူတို့အကုန်လုံးက လူသတ်သမားတွေ၊ မိစ္ဆာကောင်တွေချည်းပဲ။ အရင်တုံးကလည်း မတော်တဆမှုတွေ ဖြစ်ဖူးတယ်။ သူတို့ရဲ့ ကျင့်ကြံခြင်းအခြေခံကို ချုပ်နှောင်ထားတယ်ဆိုပေမဲ့ တစ်ခါတုံးက ထောင်စောင့်တစ်ယောက်ရဲ့ နားရွက်ကို ပြတ်ထွက်အောင် ကိုက်ပစ်တဲ့ ထောင်သားတစ်ယောက်ရှိတယ်။ ”
ထောင်ခေါင်းက သတိထားစရာများနှင့် လိုက်နာစရာများကို ပြောကြားပြီးနောက် အပျော်ရှာရန်ထွက်သွားတော့သည်။
ပိုင်ရှောင်ချန်းအတွက်မူ ကမ္ဘာသစ်ကြီးတစ်ခု ပွင့်သွားသည့်အတိုင်းပင်။ ဘေးဘီဝဲယာသို့ အကဲခတ်လိုက်သောအခါ မီးခိုးရောင်ဝတ်ရုံနှင့် ထောင်သားအချို့က သူ့ကို လှမ်းကြည့်နေသည်ကို သတိထားမိလိုက်သည်။ သူသည် ထောင်စောင့်အသစ်တစ်ယောက်ဖြစ်ကြောင်းကို သိလိုက်ရ၍ သူတို့မှာ အပြေးရောက်လာပြီး နှုတ်ဆက်လိုက်ကြတော့သည်။
” မင်္ဂလာပါ ဆရာ ”
” ဆရာတစ်ခုခုလိုရင် ပြောသာပြောနော် ”
” ဆရာက အသက်တော်တော်ငယ်သေးတာပဲ။ အခုမိစ္ဆာအကျဥ်းထောင်မှာ ထောင်စောင့်တစ်ယောက်ဖြစ်သွားပြီဆိုတော့ ဆရာ့ရဲ့ အနာဂတ်က အဆုံးမရှိလောက်အောင် တိုးတက်မဲ့ အလားအလာတွေ ရှိသွားပြီဗျ။ ဆရာက လူတွေအကြားက နဂါးတစ်ကောင်လိုပါပဲ ”
သူတို့အားလုံးက သူ့ကို ဖားယားနေကြစဥ် စွဲမက်ဖွယ်ကောင်းသော ထောင်သူအချို့မှာ သူ့ကို မျက်စများပစ်ပြနေသည်ကို ပိုင်ရှောင်ချန်းက သတိထားမိလိုက်သည်။ သူ့ကိုမြူဆွယ်ရန် ကြိုးစားနေသည်မှာ အသိအသာပင်။
ပိုင်ရှောင်ချန်းမှာ သူလက်ညှိုးထိုးလိုက်ရုံနှင့် ထိုအမျိုးသမီးကျင့်ကြံသူတိုင်းမှာ သူ၏လိုအင်ဆန္ဒကို ဖြည့်ပေးကြမည်ဆိုသည့် အသိကြောင့် နှလုံးခုန်နှုန်းများမြန်လာတော့သည်။
” အမယ်လေး။ ဒီနေရာက မကောင်းဆိုရွားတွေ ပျော်မွေ့ရာအရပ်ပါလား ”
ပိုင်ရှောင်ချန်းမှာ အသက်ရှူသံများမြန်လာပြီး ဤနေရာသည် သူနှင့်ကိုက်ညီသော နေရာမဟုတ်ကြောင်း တွေးလိုက်တော့သည်။ ထောင်သားများ၏ ချီးကျုးမြှောက်ပင့်စကားများနှင့် အမျိုးသမီးကျင့်ကြံသူများ၏ ချိုသာသောစကားလုံးများ ထဲတွင် သူက သာယာမိနေသဖြင့် စိုးရိမ်စိတ်များ ကြီးထွားလာပြန်တော့သည်။
” မိစ္ဆာအကျဥ်းထောင်ဆိုတာ ဒီပုံစံဖြစ်နေလိမ့်မယ်လို့ ဘယ်သူကထင်မလဲ ” သူက တွေးလိုက်သည်။
” ပိုင်ရှောင်ချန်းဆိုတာ သန့်ရှင်းစင်ကြယ်တဲ့ လူတစ်ယောက်ကွ။ ဒီလိုနေရာမျိုးမှာ ဘာကိစ္စ အပျော်အပါး မက်နေရမှာတုံး ”
သူက ထောင်သားများအား သူ့ကိုလမ်းပြရန် စိုးရိမ်တကြီးဖြင့် ခွင့်ပြုလိုက်ပြီးနောက် မိစ္ဆာအကျဥ်းထောင်မှာ မည်သည့်အရာမဆို ရရှိနိုင်သည့် နေရာတစ်ခုဖြစ်ကြောင်း လက်ခံလိုက်လေသည်။
အဆုံးတွင် မိစ္ဆာအကျဥ်းထောင်ကို ပိုင်ရှောင်ချန်းက နှစ်သက်သဘောကျသွားပြီး ကမ္ဘာကြီးမှာ အံ့သြဖွယ်ကောင်းသော နေရာကြီးတစ်ခုဖြစ်ကြောင်းကို လက်ခံသွားတော့သည်။
“ဒါပေမဲ့ ပိုင်ရှောင်ချန်းဆိုတဲ့ငါက ရိုးသားကြိုးစားတဲ့ လူတစ်ယောက်ကွ။ ငါ့ရဲ့ အသိတရားပျက်ပြားစေမဲ့ ကိစ္စတွေ ငါမလုပ်နိုင်ဘူး ”
ခြောက်နာရီကြာသောအခါ ပိုင်ရှောင်ချန်းက မိစ္ဆာအကျဥ်းထောင်ထဲသို့ ရောက်နေသည်မှာ အံ့သြဖွယ်ကောင်းကြောင်း တွေးနေတော့သည်။ ထိုအချိန်တွင် သူသည် ကူညီရိုင်းပင်းတတ်သော ထောင်သားများ၏ လမ်းညွန်မှုကိုသုံးကာ ကျန်အဖွဲ့သားများနှင့် ပြန်လည်ပူးပေါင်းလိုက်တော့သည်။
ထောင်ခေါင်းကြီးနှင့်အတူ ထောင်စောင့်ခုနစ်ယောက်၊ ရှစ်ယောက်ခန့်ပါရောက်နေပြီဖြစ်သည်။ လူတိုင်းမှာ ပျော်ရွှင်နေသည့်ပုံစံများပေါက်နေပြီး တပျော်တပါး စကားစမြည်ပြောဆိုနေကြသည်။ သို့သော် မျက်နှာရှည်ရှည်နှင့်လူလည်း ရောက်နေသည်ဖြစ်ပြီး သူကပိုင်ရှောင်ချန်းကို မြင်လိုက်သည်နှင့် မျက်နှာထားတင်းမာသွားတော့သည်။
သူသည် ပိုင်မျိုးနွယ်စုမှ သစ္စာဖောက်ကို အလွန် ရွံရှာနေသည်။ သူ၏ အတွေးထဲတွင် ဖခင်အရင်းဖြစ်သူကို ပြန်ပေးဆွဲ၍ မျိုးနွယ်စုထဲမှ ရောင်းရင်းအဖွဲ့ဝင်များကို သတ်ဖြတ်ခဲ့သောသူမှာ အလွန်အမင်းကောက်ကျစ်စဥ်းလဲပြီး မိစ္ဆာအကျဥ်းထောင်ထဲတွင် ချုပ်နှောင်ခံထားရသင့်သည့် လူမျိုးဟု မှတ်ယူထားသည်။
ထို့အပြင် သူသည် ပိုင်ချီနှင့်မိတ်ဆွေများဖြစ်သဖြင့် သူ၏ အမုန်းတရားများမှာ ပို၍ပင် ကြီးထွားနေရတော့သည်။
အခြားထောင်စောင့်များကမူ ပိုင်ရှောင်ချန်းကို မမြင်ချင်ယောင်ဆောင်နေကြသည်။
ပိုင်ရှောင်ချန်းမှာ ကြောင်အမ်းအမ်းဖြစ်သွားပြီးနောက် ဒေါသထွက်စပြုလာတော့သည်။
” ဒီကောင်က ဘာဖြစ်ချင်နေတာတုံး ” သူက စိတ်ထဲတွင် တွေးနေတော့သည်။
” ဘာလို့ ငါ့ကိုပြဿနာလာရှာနေရတာတုံး ”
ထို့နောက် သူကထိုလူငယ်၏ ကျင့်ကြံခြင်းအခြေခံကို ဆန်းစစ်ကြည့်လိုက်သောအခါ ထိုလူငယ်က သူ့ကို အေးစက်သောမျက်ဝန်းများဖြင့် ကြည့်လိုက်တော့သည်။
ထောင်ခေါင်းမှာ သူတို့နှစ်ယောက်အကြားရှိ တင်းမာမှုများကို အာရုံခံမိသဖြင့် အလျင်အမြန်ပင် ကြားဝင်လိုက်ပြီး အနီးအနားရှိ ဦးခေါင်းခွံတစ်ခုဆီသို့ ညွှန်ပြလိုက်သည်။
” ကောင်းပြီ။ လုပ်စရာရှိတာ လုပ်ရအောင်။ အဲဒီလူကိုမြင်လား ပိုင်ဟောင်။ အဲဒါ မိစ္ဆာအိုကြီးကျိုးပဲ ”
ထိုအခါ မျက်နှာရှည်ရှည်နှင့်လူငယ်က အေးစက်စက်နှာမှုတ်လိုက်ပြီး ပိုင်ရှောင်ချန်းမှာလည်း သူ၏ဒေါသကိုချုပ်တည်းကာ ထောင်ခေါင်းညွှန်ပြနေသည့် နေရာသို့ ကြည့်လိုက်တော့သည်။
ထိုဦးခေါင်ခွံကြီးထဲတွင် တင်ပျဥ်ခွေထိုင်နေပါသော်လည်း နှစ်မီတာတိတိ အမြင့်ရှိနေသည့် ဗလတောင့်တောင့်နှင့် လူတစ်ယောက်ရှိသည်။ ထိုအချင်းအရာကြောင့် သူသာမတ်တတ်ရပ်လိုက်ပါက လူ့ဘီလူးတစ်ကောင်နီးပါး အရပ်မြင့်နေမည်မှာ အသေအချာပင်။ ထိုသူသည် အလွန်ရက်စက်ကြမ်းကြုတ်မည့် လူတစ်ယောက်ဖြစ်သည်။
သူ၏ မျက်ဝန်းများမှာ နီမြန်းနေပြီး နှုတ်ခမ်းမှာလည်း ရက်စက်ကြမ်းကြုတ်ဖွယ်ကောင်းလောက်အောင် ပြုံးနေသည်။ ထို့အပြင် သူသည် ထောင်စောင့်များကို ဝါးစားချင်လောက်အောင် ဆာလောင်နေသည့် အကြည့်ဖြင့် ကြည့်နေသေးသည်။ ပိုင်ရှောင်ချန်းက သူ့ကို မြင်လိုက်သောအခါ ထိုလူကြီးမှာ လူသားစားသတ္တဝါတစ်ကောင်ဟုပင် ထင်မှတ်သွားတော့သည်။
သူ့ထံမှ သတ်ဖြတ်လိုသည့်အခိုးအငွေ့တစ်ခုထွက်နေပြီး သူသည် ကျိုးကြောင်းဆက်စပ်ကာ ရှင်းပြ၍ရနိုင်မည့် လူတစ်ယောက်မဟုတ်မှန်း သိနိုင်သည်။ ထို့အပြင် သူသည် လူများကို သတ်ရာတွင်လည်း နောင်တ တစိုးတစိမျှ ရမည့်ပုံလည်း မပေါ်ပေ။
” ဒါ မိစ္ဆာအိုကြီးကျိုးပဲ ” ထောင်ခေါင်းက ဆက်ပြောလိုက်သည်။
” သူက သွေးအေးလူသတ်သမားတစ်ယောက် ဖြစ်ရုံတင်မကဘူး။ ကလေးတွေကို စားရတာကိုလည်း တော်တော် ခုံမင်သေးတာ။ လွန်ခဲ့တဲ့နှစ်တစ်ရာတုံးက သူစားခဲ့တဲ့ ကလေးတွေဆို မရေမတွက်နိုင်လောက်အောင်ပဲ။ ဒါပေမဲ့ သူက မျိုးနွယ်စုကြီးသုံးခုထဲက ချိုင်မျိုးနွယ်စုနဲ့ အဆက်အသွယ်တွေရှိတော့ သေမိန့်ကနေ လွတ်မြောက်သွားတာ။ ”
ပိုင်ရှောင်ချန်းမှာ မျက်မှောင်ကြုတ်နေတော့သည်။ သူသည် ကြားသမျှအရာတိုင်းကို ချက်ချင်း မယုံတတ်သည့် လူစားမျိုးဖြစ်သည်။ သို့သော် ထောင်ခေါင်း၏ ဇာတ်လမ်းမှာ အနည်းငယ် ယုံကြည်နိုင်စရာ မရှိသော်လည်း မိစ္တာအိုကြီးကျိုး၏ ပုံပန်းသွင်ပြင်အရ ဖြစ်နိုင်ချေတော့ ရှိသည်။
” ဒါပေမဲ့ သူက အခုဒီကိုရောက်နေပြီဆိုတော့ တစ်သက်လုံး မသေမချင်း နာကျင်ခံစားနေ ရတော့မှာပါ ”
ထောင်ခေါင်းက အေးစက်စက် ဆက်ပြောလိုက်သည်။ ထို့နောက် ထောင်စောင့်အားလုံးမှာ စုဝေးရာနေရာသို့ ရောက်လာကြပြီဖြစ်သည်။
” ကောင်းပြီ။ စကြတာပေါ့။ သူ့ကိုစကားပြောအောင်လုပ်နိုင်ဖို့ ဒါငါတို့ရဲ့ နောက်ဆုံးအခွင့်အရေးပဲ ”
ထောင်ခေါင်းက အင်္ကျီလက်ကိုဝှေ့ယမ်းလိုက်သောအခါ အဖွဲ့နံပါတ်ကိုးတစ်ခုလုံးက တင်းမာနေသည့်မျက်နှာထားများဖြင့် မိစ္တာအိုကြီးကျိုး၏ ထောင်ခန်းဆီသို့ ဦးတည်သွားကြတော့သည်။
မိစ္ဆာအိုကြီးကျိုးက သူ့ထံသို့ လူအများလာနေသည်ကို မြင်လိုက်သောအခါ သူ၏ ကြမ်းကြုတ်ဖွယ်အပြုံးကြီးမှာ ပို၍ အသက်ဝင်လာပြီး သူ့မျက်လုံးများမှာ အရောင်လက်လာတော့သည်။ ရုတ်တရုတ် သူက ထခုန်လိုက်ပြီး ဦးခေါင်းခွံ၏ မျက်လုံးပေါက်များကို ဆုပ်ကိုင်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။
ထိုဟိန်းဟောက်သံကြီးကြောင့် လူတိုင်းမှာ ရောက်နေသည့်နေရာတွင် တစ်ခဏမျှ ရပ်တန့်သွားကြတော့သည်။
” အသုံးမကျတဲ့ သောက်ရူးတွေ။ ကျိုးယွင်လုံဆိုတဲ့ ငါက မင်းတို့လိုကောင်တွေကို စားလာတာ ရေတောင်မရေနိုင်ဘူးကွ ”
” ပါးစပ်ပိတ်စမ်း ”
ထောင်စောင့်တစ်ယောက်က ရှေ့သို့ခုန်ထွက်ကာ မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး ပြန်ဟောက်လိုက်သည်။ ထို့နောက် သူ၏လက်ချောင်းကို ဦးခေါင်းခွံဆီသို့ ဝှေ့ယမ်းလိုက်သောအခါ ၎င်းမှာ အရောင်ပြောင်းလဲသွားတော့သည်။ တချိန်ထဲမှာပင် ဦးခေါင်းခွံအတွင်းထဲတွင် လျှပ်စီးများလက်သွားသည်ကို မြင်လိုက်ရပြီး မိစ္တာအိုကြီးကျိုးမှာ တုန်ရီသွားကာ နာကျည်းစွာ အော်ဟစ်လိုက်တော့သည်။
အဖွဲ့နံပါတ်ကိုး၏ ထောင်စောင့်များမှာ ရက်စက်ကြမ်းကြုတ်ဖွယ် အမူအရာများဖြင့် သူတို့စိတ်ထဲတွင် တွေးနိုင်သမျှ လှည့်ကွက်အားလုံးကိုထုတ်သုံးရန် ပြင်လိုက်ကြတော့သည်။
” ရတနာတွေ ဘယ်မှာလဲ ငါတို့ကိုပြောစမ်း ”
” ပြောပြရင် ထပ်မနှိပ်စက်တော့ဘူး။ ဒါပေမဲ့ မပြောလို့ကတော့ ငါတို့ကို အဆိုးမဆိုနဲ့နော် ”
” အဘိုးကြီးကျိုးရေ ဒီလိုလုပ်စရာ မလိုပါဘူး။ အခုခင်ဗျားကြီးလည်း ဒီအထဲရောက်နေပြီဆိုမှတော့ ပြန်ထွက်နိုင်တော့မှာလည်း မဟုတ်ဘူးလေဗျာ။ အပြင်မှာကျန်ခဲ့တဲ့ ခင်ဗျားရဲ့ပစ္စည်းတွေကို ခင်ဗျားမှသုံးမရတော့တာ။ အမှန်အတိုင်း ပြောပြလိုက်ပါတော့လား။ အဲဒါဆို ခင်ဗျားအတွက်လည်း အဆင်ပြေသွားမယ်။ ထောင်ထဲက ခင်ဗျားရဲ့ဘဝကြီးက သာယာသွားနိုင်တယ်နော် ”
အချို့မှာ ခြိမ်းခြောက်နေကြပြီး အချို့မှာ ချော့မော့နေကြသည်။ သူတို့ ပြောနေကြသည့် ရတနာဆိုသည့်အရာများ၏ တည်နေရာကို သူ့ထံမှ သိရှိရန် နည်းလမ်းပေါင်းစုံ သုံးနေကြသည်။ သို့သော် သူတို့မည်သို့ပင် ပြုမူပါစေ၊ မိစ္ဆာအိုကျိုးကို မည်မျှပင် အော်ဟစ်ဆဲဆိုနေပါစေ သူ၏ မျက်နှာပေါ်မှ ကြောက်မက်ဖွယ်အပြုံးကြီးမှာ ပျောက်မသွားဘဲ ပို၍ပင် ကြောက်စရာကောင်းလာသည်။
အဆုံးတွင် မျက်နှာရှည်ရှည်နှင့်လူငယ်က ရှေ့သို့ထွက်လာတော့သည်။ သူက အေးစက်စက်ရယ်မောလိုက်ပြီး ဟိတ်ဟန်အပြည့်ဖြင့် ဆိုလိုက်သည်။
” မပြောဘူးပေါ့ ဟုတ်လား။ ကောင်းပြီလေ။ မပြောရင်လဲ ပြောအောင် လုပ်ရတော့မှာပေါ့ ”
သူရှေ့သို့ထွက်လာသည်နှင့် တပြိုင်နက် အခြားထောင်စောင့်များမှာ စိတ်လှုပ်ရှားသွားကြတော့သည်။
” ကျောက်ဖုန်က အဖွဲ့နံပါတ်ကိုးရဲ့ စစ်ဆေးရေးမှူးလေ။ စကားမပြောပဲနေရင် သူက ပါးစပ်ပေါက်ကို မရ ရအောင် ဖွင့်မဲ့လူစားမျိုး”
” ဟုတ်တယ်။ တခြားရှစ်ဖွဲ့က မအောင်မြင်ရင်တောင် ကျောက်ဖုန်က အောင်မြင်နိုင်တယ်ကွ ”
ထောင်ခေါင်း၏ မျက်လုံးများပင်လျှင် မျှော်လင့်ချက်များဖြင့် တောက်ပနေသည်။ ပိုင်ရှောင်ချန်းကမူ ဖြစ်ပျက်နေသည်များကိုသာ ဆက်ကြည့်နေလိုက်တော့သည်။ စစ်ဆေးရေးမှူးဆိုသည်မှာ မည်သို့သောလူကိုပြောမှန်း သူကသေချာမသိသော်လည်း ဤ မျက်နှာရှည်ရှည်နှင့်လူငယ်မှာ အခြားလူများထက် အဆင့်မြင့်နေလောက်မည်ဟု သူက ယူဆလိုက်သည်။ စစ်ဆေးရေးမှူးဆိုသည်မှာ ဘွဲ့ထူး သို့မဟုတ် အဆင့်တစ်ခုခု ဖြစ်ဟန်ရှိသည်။
ထိုမျက်နှာရှည်ရှည်နှင့် လူငယ်မှာ ထောင်ခန်းနားသို့ လျှောက်လှမ်းသွားပြီး လက်နှစ်ဖက်ဖြင့်မန္တန်လက်ကွက်တစ်ခုဖော်ကာ အနက်ရောင် အပ်အရှည်ကြီးတစ်ချောင်းကို ဆင့်ခေါ်လိုက်သည်။ ချက်ချင်းပင် ထိုအပ်ကြီးမှာ ရှေ့သို့ပျံထွက်သွားပြီး မိစ္ဆာအိုကြီးကျိုးခန္ဓာကိုယ်ထဲသို့ စိုက်ဝင်သွားသဖြင့် သူသည် ယခင်ကနှင့်မတူလောက်အောင် ကပေါက်တိကပေါက်ချာ အော်ဟစ်ဆဲဆိုနေတော့သည်။
အနည်းငယ်ကြာသောအခါ မိစ္ဆာအိုကြီးကျိုး၏ မျက်လုံးများမှာ နီမြန်းစွာတောက်ပလာသော်လည်း ထိုမျက်ဝန်းထဲရှိ ခေါင်းမာမှုများမှာ အနည်းငယ်မျှပင် လျော့ကျမသွားပေ။ အဆုံးတွင် သူ၏အော်ဟစ်သံများမှာ ရပ်တန့်သွားပြီး ရယ်မောသံများစတင်ပေါ်ထွက်လာတော့သည်။
” မင်းတတ်နိုင်တာ ဒါပဲလား။ မင်းလိုမျိုး စစ်ဆေးရေးမှူးတွေ အများကြီးကို အရင်တုံးက ငါစားခဲ့တာကွ။ အကုန်လုံး ချိုမြိန်နေတာပဲကွာ။ မင်းရဲ့အရသာကရော ဘယ်လိုရှိတုံး ငါသိချင်လိုက်တာ ”
မျက်နှာရှည်ရှည်နှင့်လူငယ်မှာ မိစ္ဆာအိုကြီးကျိုးကို ဒေါသတကြီးကြည့်လိုက်ပြီး နောက်ထပ် မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြန်သည်။ သို့သော် သူမည်သို့ပင် နှိပ်စက်စေကာမူ မိစ္ဆာအိုကြီးကျိုးမှာ အဆက်မပြတ်ရယ်မောကာနေသည်။ အခြားထောင်စောင့်များမှာလည်း ဒေါသတကြီးဖြင့် တတ်နိုင်သမျှ ကူညီပေးနေကြတော့သည်။
ပိုင်ရှောင်ချန်းကမူ ဘေးနားသို့ထွက်ကာ အဖွဲ့နံပါတ်ကိုးက မိစ္ဆာအိုကြီးကျိုးအား စစ်ဆေးမေးမြန်း နှိပ်စက်နေသည်ကို တအံ့တသြကြည့်နေတော့သည်။ တစ်ရက်နီးပါးကုန်လွန်သွားပြီဖြစ်ပြီး မိစ္ဆာအိုကြီးကျိုးမှာ အသက်ရှူသံများပင်မြန်နေပြီဖြစ်သော်လည်း သူ၏ရတနာများအကြောင်းကို တစ်ခွန်းမှပင် မဟပေ။
” သောက်ကျိုးနည်း ဒီကောင် နှုတ်တော်တော်လုံတာပဲ ”
အဆုံးတွင် ထောင်စောင့်များမှာ မိစ္ဆာအိုကြီး၏ ဦးနှောက်ထဲသို့ဖောက်ဝင်ကာ သူတို့လိုချင်သည့် အချက်အလက်များကို ရယူချင်နေသည့်အလား သူ့ကိုကြည့်ကာ နောက်ဆုတ်သွားကြတော့သည်။ မျက်နှာရှည်ရှည်နှင့် လူငယ်၏ အမူအရာမှာ အပြင်းထန်ဆုံးဖြစ်သည်။
” မိစ္ဆာအိုကြီးကျိုးကို အကျဥ်းချတုံးက ” ထောင်ခေါင်းက ရှင်းပြလိုက်သည်။
” သူ့ခန္ဓာကိုယ်ပေါ်မှာ ဘာပစ္စည်းမှ ရှာမတွေ့ခဲ့ဘူး။ ဒါပေမဲ့ သူ့ဘဝတစ်လျှောက်လုံး ရတနာပစ္စည်းတွေအများကြီး ဖွက်ထားခဲ့တာ။ တစ်နေရာရာမှာ ဝှက်ထားခဲ့တာ သေချာတယ် ”
” သူက ယင်ယန်ဝိညာဥ်အဆင့်ရဲ့ မဟာစက်ဝန်းမှာရှိတယ်ကွ။ ဒီကမ္ဘာကြီးကို နှစ်ခြောက်ဆယ်စက်ဝန်းတစ်ခုလုံး သူ ကြီးစိုးခြယ်လှယ်နေခဲ့ပြီး မျိုးနွယ်စုသုံးဆယ်ကျော်ကို လူမျိုးတုံးသတ်ခဲ့တယ်။ သူ့ဆီမှာ ရတနာတွေအများကြီးရှိတာ သေချာတယ် ”
သူ၏ မိတ်ဆွေရောင်းရင်း ထောင်စောင့်များ ကြိတ်မနိုင်ခဲမရ ဒေါသထွက်နေကြသည်ကို မြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်းက တစ်ခဏမျှ ချီတုံချတုံဖြစ်သွားပြီး အဆုံးတွင် မေးလိုက်တော့သည်။
” အမ်၊ ဘာလို့ သူ့ကို ဝိညာဥ်ရှာဖွေနည်း မသုံးတာတုံး “