အပိုင်း(၂၀၃၀)

နတ်ဘုရားချိပ်ပိတ်မန္တာန်

ရီဖူရှင်းက ယန်တုန်းရန်အား ပြင်းထန်စွာ ဖိနှိပ်တိုက်ခိုက်ပြီး ပြီးခဲ့သည့် တိုက်ပွဲအတွက် လက်စားချေပေးနေသည်။

သူက ရှေးဟောင်းတော်ဝင် ယန်မိသားစုအား ရန်စပြီးပြီဖြစ်သည့်အတွက် နောက်ပြန်ဆုတ်ရန် မဖြစ်နိုင်တော့ပေ။ သူ့ကို ဒေါသအထွက်စေဆုံး ကိစ္စမှာ ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်များက သူ့ကို ပစ်မှတ်ထားပြီး လိန်မိသားစုအား တိုက်ခိုက်ခဲ့ခြင်းပင် ဖြစ်သည်။ သူတို့က လိန်ချင်းဟန်ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ပြီး အရှက်ခွဲခဲ့၏။

ထိုသို့ဖြစ်လေရာ ရီဖူရှင်းအတွက် ထို့ထက်ပိုကာ ယဉ်ကျေးနေရန် မလိုအပ်တော့ပေ။ သူက ချက်ချင်း ပြန်လည်တိုက်ခိုက်ခဲ့သည်။

တန်ခိုးရှင်တစ်စုက သူတို့ခေါင်းများကို မော့ကာ ရီဖူရှင်းအား ကြည့်လိုက်သည်။ သူတို့သည် ရီဖူရှင်းနှင့် ယန်တုန်းရန်ကြားမှ ကွာခြားမှုကြောင့် ထိတ်လန့်တုန်လှုပ်သွားကြ၏။

ရီဖူရှင်းနှင့် ယန်တုန်းရန်တို့က တူညီသောအဆင့်၌ ရှိမနေပေ။

ယန်တုန်းရန်က ရီဖူရှင်းထံမှ တိုက်ခိုက်မှု တစ်ချက်ကိုပင် မခံနိုင်ဘဲ ဆိုးဝါးစွာ ဒဏ်ရာရသွားခဲ့သည်။

ဓားအင်ပါယာ လျှို့နျန်က သူ၏ ဂုဏ်သတင်းနှင့် ထိုက်တန်ပေသည်။ တုန်းဟွာကျောင်းတော်မှ တိုက်ပွဲသည် ရီဖူရှင်း၏ ဂုဏ်သတင်းကို မြင့်တက်လာအောင် လုပ်နိုင်ခဲ့သည်။ ယခု ကြည့်ရသည်မှာ သူက အမှန်တကယ် အလွန် အစွမ်းထက်ပုံပေါ်သည်။ သူသည် ယန်တုန်းရန်ထက် ကျင့်ကြံဆင့်နိမ့်နေသည့်အတွက် သူ၏ မဟာလမ်းစဉ် နတ်ဝင်ရိုးကို အသုံးပြု၍ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်စေခဲ့သည်။

ရီဖူရှင်းက ယန်တုန်းရန်ကို တမင်သက်သက် အရှက်ခွဲကာ လူတိုင်း၏ အရှေ့၌ အရှက်တကွဲ ဖြစ်စေခဲ့သည်။

မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်သနည်း။

လူအများက ယန်တုန်းရန်အတွက် စိတ်မကောင်းသလို ခံစားမိသော်လည  ရှေးဟောင်းတော်ဝင် ယန်မိသားစုက ရီဖူရှင်းကို အရင် ရန်စခဲ့ခြင်း ဖြစ်သည်။ သူတို့သည် ရီဖူရှင်းက လက်စားချေတိုက်ခိုက်ရန် စတင်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ရီဖူရှင်းက လမ်းစဉ်တိုက်ပွဲစင်မြင့်မှ ထွက်ခွာသွားပြီး သူ့နေရာသူ ပြန်သွားသည်။ သို့သော် ယန်တုန်းရန်က သူ့ဘာသာပင် ပြန်မသွားနိုင်ခဲ့ပေ။ ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်များက သူ့အား ကူညီထူမပေးခဲ့ရသည်။ သူက လိန်ချင်းဟန်ထက်ပင် ပို၍ အဖြစ်ဆိုးနေပုံရပေသည်။

ယန်တုန်းရန်က အသက်ရှူနိုင်ရုံသာ ဖြစ်သော်လည်း ရီဖူရှင်းအား နက်ရှိုင်းသော အမုန်းတရားများနှင့် စိုက်ကြည့်နေခဲ့သည်။ သို့သော် ရီဖူရှင်းသည် ယန်တုန်းရန်အား မည်သို့မှ သတိမထားမိသလို ပြုမူနေသည်။ သူက မည်သည့်စကားမှမဆိုဘဲ အရက်တစ်ခွက်ကို ယူကာ တစ်ငုံသောက်လိုက်သည်။

လေထဲတွင် ကိုးယို့ကားယားနိုင်သော တိတ်ဆိတ်မှုတို့ ပြည့်နှက်သွားသည်။ ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ လူများက အလွန် ဒေါသထွက်နေကြလျှင်ပင် သူတို့ လုပ်နိုင်သည့်အရာ ဘာမှ မရှိပေ။ တော်ဝင်ယန်မှ မည်သူမှ ရီဖူရှင်းအား မကိုင်တွယ်နိုင်ကြပေ။ ရှေးဟောင်းတော်ဝင် ယန်မိသားစုတွင် မင်းသားများစွာ ရှိသော်လည်း မည်သူမှ ရီဖူရှင်းနှင့် တူညီသောအဆင့်တွင် ရှိမနေပေ။

ကြည့်ရသည်မှာ သူတို့က ရွေးချယ်စရာမရှိဘဲ အရှုံးကို လက်ခံရုံသာ ရှိလေသည်။

“အဲဒါက လောကဖိနှိပ်ခြင်းလမ်းစဉ်လား။” အင်ပါယာရှီက တုန်းဟွာနန်းတော်ထဲမှ ဆေးအင်ပါယာကို မေးလိုက်သည်။

“အဲဒီလိုပါပဲ။” ဆေးအင်ပါယာက ခေါင်းညိတ်ကာ ပြောလိုက်၏။ “ဒါပေမယ့် အခုတော့ လုံးဝ မတူတော့ဘူး။ လောကဖိနှိပ်ခြင်းလမ်းစဉ်ကို အခြေခံထားပေမယ့် အခုတော့ သူ့ရဲ့ ကိုယ်ပိုင်စွမ်းရည် ဖြစ်လာခဲ့တယ်။ သူက အဲဒီထဲမှာ သူ့ကိုယ်ပိုင်စွမ်းရည်ကို ပေါင်းစပ်လိုက်တာ။ လောကဖိနှိပ်ခြင်းလမ်းစဉ်နဲ့ ဆင်တူပေမယ့် ဒီထဲမှာ သူ့ရဲ့ ကိုယ်ပိုင်မဟာလမ်းစဉ်စွမ်းအားတွေကို အပြည့်အဝ ပေါင်းစပ်ထားတယ်။”

“အင်း” အင်ပါယာရှီက အပြုံးနှင့် ခေါင်းညိတ်လိုက်သည်။ “သူက တပည့်ကောင်းတစ်ယောက်ပဲ။ သူက တစ်ထပ်တည်း မကူးချဘဲ ရှားပါးတဲ့ တိုက်ခိုက်ရေးနည်းစနစ်ကိုတောင် ဖန်တီးနိုင်တာ အံ့သြမိတယ်။ ဒီလူငယ်လေးက အတော်လေး ဖန်တီးနိုင်စွမ်းရှိတာပဲ။”

မည်သည့် သာမန်တန်ခိုးရှင်မဆို ထိုကဲ့သို့ ရှားပါးသည့် နည်းစနစ်မျိုးကို တသဝေမတိမ်း လိုက်နာမှတ်သားလိမ့်မည် ဖြစ်သည်။ သို့သော် ရီဖူရှင်းက ကွာခြားပေသည်။ သူသည် ကိုယ်ပိုင်စွမ်းရည်နှင့် ပေါင်းစပ်ကာ အပြီးတိုင် ပြောင်းလဲသွားစေပြီး မဟာလမ်းစဉ် ဖိနှိပ်ခြင်းစွမ်းရည်နှင့် တူရုံသာ ရှိတော့သည်။

“တိုက်ခိုက်မှုတစ်ခုထဲမှာ မဟာလမ်းစဉ် စွမ်းအားအမျိုးမျိုး ပါဝင်တယ်။ အထင်ကြီးလောက်စရာ တိုက်ခိုက်မှုပဲ။  ချို့ယွင်းချက်ကင်း နတ်ဝင်ရိုးမရှိတဲ့ သာမန် အလယ်အလတ် ရန်ဟောင်တစ်ယောက်ဆို ကိုင်တွယ်ဖို့ ခက်ခဲလိမ့်မယ်။” မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က မှတ်ချက်ပေးလိုက်သည်။ ရီဖူရှင်းသည် ချို့ယွင်းချက်ကင်း နတ်ဝင်ရိုးမရှိသော အဆင့်မြင့်ရန်ဟောင်ပင် ဆန့်ကျင်တိုက်ခိုက်နိုင်စွမ်း မရှိလောက်အောင် သန်မာပေသည်။

ချို့ယွင်းချက်ကင်း နတ်ဝင်ရိုးရှိသည့် အလယ်အလတ်ဆင့် ရန်ဟောင်တစ်ယောက်သည်ပင် သူ့၏ တိုက်ခိုက်မှုအား ရင်ဆိုင်နိုင်မည့် အခွင့်အရေး ရှိလိမ့်မည် မဟုတ်ပေ။

“တကယ်ပဲ။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က ဒဏ္ဍာရီနှစ်ပါးကို ပျိုးထောင်နိုင်ခဲ့တာပဲ။ ဆေးအင်ပါယာ အခုဆို ခင်ဗျားရဲ့ ဆက်ခံသူ ရှာဖို့ စိုးရိမ်နေစရာမလိုတော့ဘူးပဲ။” နယ်မြေသခင်နင်က ရယ်မောရင်း ပြောလိုက်သည်။ သူတို့၏ စကားများက ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်များအား ပို၍ ဒေါသထွက်လာစေသည်။

ထိုအချိန်၌ နောက်ထပ်လူတစ်ယောက် လမ်းစဉ်တိုက်ပွဲစင်မြင့်သို့ လျှောက်လာခဲ့သည်။ ထိုလူကို မြင်သည့်အခါ ဘုံကိုးဆင့်ကောင်းကင်မှ ရန်ဟောင်များက အံ့သြသွားခဲ့ကြသည်။ သူက တုန်းဟွာကောင်းကင်အတွင်းမှ အဆင့်မြင့်ရန်ဟောင်တစ်ပါး ဖြစ်ပြီး အဆင့်ခုနစ်သို့ ရောက်ရန် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ရသည်။

သူ့အဆင့်မှ လူများသည် ပတ်ဝန်းကျင်အသိုင်းအဝိုင်း၌ မြင့်မားသော အဆင့်အတန်းတစ်ခု ရှိနေခဲ့ပြီး ဖြစ်သည်။ ကျင့်ကြံသူများသည် မည်သည့်အဆင့်ကို ရောက်နေသည်ဖြစ်စေ ဆက်လက် ကျင့်ကြံနေရသော်လည်း ထိုသို့သော အခမ်းအနားမျိုး ပါဝင်ခြင်း သို့မဟုတ် အခြားထိပ်သီးအဆင့် ပုဂ္ဂိုလ်များ၏ တပည့်တစ်ယောက် ဖြစ်လာရန် တောင်းဆိုခြင်းမှာ ရှားပါးပေသည်။

ဤသတ္တမဆင့် ရန်ဟောင်က မည်သူ့ကို စိန်ခေါ်လိမ့်မည်နည်း။

သူက လမ်းစဉ်တိုက်ပွဲစင်မြင့်ပေါ်သို့ တက်လိုက်ကာ အထက်သို့ ကြည့်ကာ ပြောလိုက်သည်။ “ကျုပ်က တုန်းဟွာကောင်းကင်မှာ ကျင့်ကြံပြီး ဒုနယ်မြေသခင်ရဲ့ ဂုဏ်သတင်းကို ကြားဖူးတယ်။ ဒီအခွင့်အရေးမှာ ဒုနယ်မြေသခင်အနေနဲ့ ကျုပ်ကို အကြံဉာဏ်တချို့ပေးဖို့ မျှော်လင့်ပါတယ်။”

လူအများက သူတို့မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ သို့သော်လည်း သူတို့က အလွန်အံ့အားသင့်ခြင်း မရှိပေ။ ထိုသည်မှာ အနှေးနှင့်အမြန် ဖြစ်လာလိမ့်မည် ဖြစ်သည်။

နင်ဟွာက တုန်းဟွာနယ်မြေအတွင်း ထူးချွန်သူ ဖြစ်သည်။ သန်းချီသော တန်ခိုးရှင်များသည် တုန်းဟွာနယ်မြေမှ အတော်ဆုံး ကျင့်ကြံသူက မည်မျှ အစွမ်းထက်ကြောင်း မြင်ချင်သဖြင့် သေမတတ်ပင် ဖြစ်သည်။

နယ်မြေသခင်က သူတို့အား မည်သူ့ကိုမဆို စိန်ခေါ်ရန် အခွင့်အရေးပေးခဲ့သည့်အတွက် တစ်စုံတစ်ယောက်က နင်ဟွာအား စိန်ခေါ်ရန် ရည်ရွယ်သည်မှာ သေချာပေါက် ဖြစ်မည့်အရာပင် ဖြစ်သည်။ ထို့ကြောင့် မည်သူကမှ ထိတ်လန့်တုန်လှုပ်သွားခြင်း မရှိပေ။ ထို့အစား သူတို့က မျှော်လင့်နေသော မျက်လုံးများနှင့် လမ်းစဉ်တိုက်ပွဲစင်မြင့်ထက်သို့ စောင့်ကြည့်နေခဲ့သည်။

“ဒုနယ်မြေသခင်က ဘယ်လောက် သန်မာလိမ့်မလဲ။”

“ကျုပ်တို့ နောက်ဆုံးတော့ တုန်းဟွာနယ်မြေရဲ့ အကောင်းဆုံး ပါရမီရှင်ရဲ့ တိုက်ပွဲကို တွေ့ခွင့်ရတော့မယ်။”

ပွဲကြည့်ပရိတ်သတ်များက အချင်းချင်း တီးတိုးပြောနေကြစဉ် တစ်စုံတစ်ယောက်က ကျယ်လောင်စွာ ပြောလိုက်သည်။ “အခုလေးတင် ဓားအင်ပါယာလျှို့နျန်က ယန်တုန်းရန်ကို လုပ်ခဲ့သလိုမျိုး နင်ဟွာကလည်း သူ့ကို တစ်ချက်တည်းနဲ့ အနိုင်ယူလိုက်မယ်လို့ ကျုပ် ထင်တယ်။”

“ဟုတ်တယ်။ ဒုနယ်မြေသခင်က အစွမ်းကုန်တိုက်ရင် တစ်ချက်ပဲ လိုလိမ့်မယ်လို့ ထင်တယ်။” လူတိုင်းက ဖင်တကြွကြွနှင့် ထိုတိုက်ပွဲအား ကြည့်ရန် စိတ်လှုပ်ရှားနေကြသည်။

တုန်းဟွာနန်းတော်တွင် ထိုင်နေသော ထိပ်သီးအဆင့် တန်ခိုးရှင်များသည်ပင် အသက်ရဲရဲမျှ မရှူရဲဘဲ နင်ဟွာကို စိုက်ကြည့်နေကြသည်။ သူတို့က နင်ဟွာ ထုတ်ဖော်ပြသလာမည့် စွမ်းရည်ကို မြင်တွေ့လိုနေကြ၏။

လူတိုင်း၏ အနီးကပ်အကြည့်များအောက်တွင် နင်ဟွာက မတ်တပ်ထရပ်လိုက်ကာ တုန်းဟွာကျောင်းတော်၏ လမ်းစဉ်တိုက်ပွဲစင်မြင့်သို့ လျှောက်သွားခဲ့သည်။

လမ်းစဉ်တိုက်ပွဲစင်မြင့်ထက်တွင် သူတို့က မျက်နှာချင်းဆိုင် ရပ်လိုက်ကြ၏။ သတ္တမဆင့် ရန်ဟောင်တန်ခိုးရှင်က သူ၏ နတ်ဝင်ရိုးကို ထုတ်ဖော်ပြသကာ ကြောက်မက်ဖွယ် စွမ်းအင်နယ်မြေကို ဖြစ်ပေါ်လာစေသည်။ သူက နင်ဟွာကို ပြောလိုက်၏။ “ကျေးဇူးပြုပြီး”

“ကျေးဇူးပြုပြီး…” နင်ဟွာက တစ်ခွန်းတည်း ပြန်ပြောလိုက်သည်။ ရှေ့သို့ ခြေလှမ်းလိုက်ပြီး သူ၏ ကြောက်မက်ဖွယ် မျက်လုံးများမှ အလင်းတန်းတို့ ထိုးထွက်လာပေသည်။ မဟာလမ်းစဉ် နတ်အလင်းတို့က သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားပြီး လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတများက အဆုံးမဲ့ ကောင်းကင်တွင် ပျံ့နှံ့နေသည်။

“မဟာလမ်းစဉ် ချိပ်စည်းသင်္ကေတ”

လူတိုင်းက နင်ဟွာကို စောင့်ကြည့်နေကြသည်။ မဟာလမ်းစဉ် ချိပ်စည်းသင်္ကေတသည် နင်ဟွာ အဓိကကျင့်ကြံသော မဟာလမ်းစဉ်စွမ်းအား ဖြစ်သည်။ အခြားမဟာလမ်းစဉ် စွမ်အားများနှငွ နည်းစနစ်အားလုံးက မဟာလမ်းစဉ်ချိပ်စည်းသင်္ကေတအား ပံ့ပိုးပေးရုံသာ ဖြစ်သည်။ သူသည် ၎င်းကို နယ်မြေသခင်ထံမှ သင်ယူခဲ့ပြီး အလွန် အစွမ်းထက်သော စွမ်းအားဖြစ်သည်ဟု ပြောကြသည်။ ချိပ်စည်း၏ နတ်အလင်းက တောက်ပနေပြီး သတ္တမဆင့် ရန်ဟောင်က နင်ဟွာ၏ မျက်လုံးများကို ကြည့်လိုက်စဉ် နင်ဟွာ့ မျက်ခုံးနှစ်ခုအလယ်မှ အလင်းတန်းတစ်ခု ထိုးထွက်လာသလို ထင်မှတ်ရသည်။ သူက ချိပ်စည်းကမ္ဘာတစ်ခုအတွင်းသို့ ကျရောက်သွားသလို ထင်မှတ်ရပေသည်။

သူ၏ မဟာလမ်းစဉ်က အကန့်အသတ်ရှိရုံမျှမက သူ၏ စိတ်ဝိညာဥ်သည်လည်း ကျူးကျော်ခံနေရပေသည်။ သူ့အတွက် မည်သည့်အရာမှ အစစ်အမှန် မဟုတ်သလို ထင်မှတ်ရသည်။

ဘုန်း….

ချိပ်စည်းနတ်အလင်းများက လောကတစ်ခုလုံး၌ တောက်ပနေသည်။ နင်ဟွာက ရှေ့သို့ ခြေလှမ်းကာ သူ့ပြိုင်ဘက်အထက်၌ ရပ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် နတ်အလင်းတို့ ပေါက်ကွဲထွက်လာကာ သင်္ကေတများကလည်း တစ်ခုပြီးတစ်ခု ပျံသန်းထွက်လာ၏။ ထိုသည်မှာ အလွန် အစွမ်းထက်သော နတ်ဘုရားချိပ်ပိတ်မန္တာန်ပင် ဖြစ်ကာ သူ့ပြိုင်ဘက်၏ စွမ်းအားနှင့် စိတ်ဝိညာဥ်ကို ချိပ်ပိတ်ထားနိုင်ပြီး ထိုသူ့ကို မလှုပ်မရှားနိုင် ဖြစ်သွားစေသည်။

လမ်းစဉ်တိုက်ပွဲနယ်မြေက မဟာလမ်းစဉ် ချိပ်စည်းစွမ်းအားနှင့် ချိပ်ပိတ်ခံထားရသော မဟာလမ်းစဉ် အကျဉ်းထောင်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်းက နတ်ဝင်ရိုးစွမ်းအားသာမက စိတ်ဝိညာဥ်ကိုပင် အကျဉ်းချထားနိုင်ပေသည်။ သတ္တမဆင့် ရန်ဟောင်က အနည်းငယ် တုန်ယင်နေသည်။ ကြီးမားသော ချိပ်စည်းတစ်ခုက သူ့စိတ်ထဲတွင် ထွက်ပေါ်လာပြီး ယင်းက သူ တွန်းလှန်၍ မရသော ရှေးဟောင်းအက္ခရာတစ်ခုကဲ့သို့ပင် ဖြစ်သည်။

‘ငါ တကယ်ပဲ အဲဒီလောက် စွမ်းရည်မရှိတာလား’ ဟု သူက တွေးလိုက်သည်။ သူက သူ့စိတ်သူ ပြင်ဆင်ထားလျှင်ပင် သူနှင့် နင်ဟွာကြားမှ ကွာခြားမှုကြောင့် စိတ်ပျက်အားလျော့သွားမိဆဲ ဖြစ်သည်။ သူ၏ မဟာလမ်းစဉ် စွမ်းအားက ချိပ်ပိတ်ခံထားရပြီး သူသည် တိုက်ခိုက်မှုတစ်ချက်ကိုပင် ခံနိုင်ရည်မရှိတော့ပေ။

နယ်မြေသခင်၏ နတ်ဘုရားချိပ်ပိတ်မန္တာန်မှာ အမှန်တကယ် ကြောက်မက်ဖွယ်ပင် ဖြစ်၏။

နင်ဟွာက ခြေဆောင့်နင်းလိုက်သည်နှင့် သတ္တမဆင့် ရန်ဟောင်၏ ခန္ဓာကိုယ်က နောက်သို့ လွင့်ပျံသွားသည်။ ချိပ်စည်းက ပျောက်ကွယ်သွားပြီး အရာအားလုံးက ပုံမှန်သို့ ပြန်ပြောင်းလဲသွားခဲ့သည်။ သတ္တမဆင့် ရန်ဟောင်က သူ့ခေါင်းကို မော့ကာ နင်ဟွာကို ကြည့်လိုက်သည်။ သူက ယခု ဖြစ်ပျက်သွားသမျှကို ယုံကြည်ရန် ခက်ခဲနေ၏။ သူက အနည်းငယ် ဦးညွှတ်ကာ ပြောလိုက်သည်။ “ဒုနယ်မြေသခင်က တကယ်ပဲ ပြိုင်ဘက်ကင်း ပါရမီရှိတယ်။ တုန်းဟွာနယ်မြေမှာ ဘယ်သူကမှ ခင်ဗျားကို ဖိနှိပ်နိုင်မှာ မဟုတ်ဘူး။”

“စကားကောင်းအတွက် ကျေးဇူးတင်ပါတယ်။” နင်ဟွာက ဆက်လက်၍ စကားမပြောတော့ပေ။ သူတို့နှစ်ယောက်လုံးက လမ်းစဉ်တိုက်ပွဲစင်မြင့်မှ ထွက်ခွာသွားသည်။

ကြည့်နေသူများက စိတ်လှုပ်ရှားစွာနှင့် ပြောလိုက်ကြသည်။ “ဒါက တုန်းဟွာနယ်မြေမှာ ယှဉ်နိုင်သူမရှိတဲ့ နင်ဟွာပဲ။”

“တုန်းဟွာနယ်မြေရဲ့ အတော်ဆုံး ပါရမီရှင်ကို သတ္တမဆင့် ရန်ဟောင်တောင် တစ်ချက်မှ ပြန်မတိုက်နိုင်ခဲ့ဘူး။ ဘယ်လောက် စွမ်းအားကြီးလိုက်သလဲ။”

“ဓားအင်ပါယာလျှို့နျန်က အစွမ်းထက်ပေမယ့် သူက ဒုနယ်မြေသခင်ကိုတော့ မယှဉ်နိုင်လောက်သေးဘူး။”

လူအချို့က ရီဖူရှင်းနှင့် နင်ဟွာကို ယှဉ်ကြသည်။ ကောလာဟလများအရ ရီဖူရှင်း၏ နတ်ဝင်ရိုးက နင်ဟွာကဲ့သို့ ကောင်းမွန်လှသည်။ သို့သော်လည်း လူအများက လက်ခံယုံကြည်ခြင်း မရှိကြပေ။

ရီဖူရှင်း၌ ထူးချွန်သော ပါရမီရှိပြီး ယခုလေးတင် ယန်တုန်းရန်ကို ဖိနှိပ်တိုက်ခိုက်ကာ မှတ်သားလောက်စရာ စွမ်းရည်အား ပြသခဲ့သော်လည်း သူတို့၌ တူညီသော မဟာလမ်းစဉ် နတ်ဝင်ရိုး ရှိလျှင်ပင် သူက နင်ဟွာအား ယှဉ်နိုင်လိမ့်ဦးမည် မဟုတ်ပေ။

မဟာလမ်းစဉ် နတ်ဝင်ရိုးက သေချာသော အဆုံးအဖြတ်တစ်ခု မဟုတ်ပါချေ။

လူအုပ်ကြီးက ပြောဆိုနေကြစဉ် ဘုံကိုးဆင့်ကောင်းကင်၌ ထိုင်နေသော ရန်ဟောင်များသည်လည်း အချင်းချင်း ပြောဆိုနေကြ၏။ တုန်းဟွာကောင်းကင်မှ အဆင့်မြင့်ရန်ဟောင်ဖြစ်သော စိန်ခေါ်သူက ချက်ချင်း ရှုံးနိမ့်ခဲ့ပေသည်။ သူက ပြန်တိုက်ခိုက်ရန် အခွင့်အရေးပင် မရှိခဲ့ပေ။

နင်ဟွာက တုန်းဟွာကျောင်းတော်မှ လူများရှိနေရာသို့ ပြန်ရောက်ပြီးနောက် လင်းရှောင်နန်းတော်သခင်က အပြုံးနှင့် ပြောလိုက်သည်။ “နင်ဟွာက နင်မြေသခင်ရဲ့ အမွေကို ဆက်ခံခဲ့တာပဲ။ သူ့ရဲ့ နတ်ဘုရားချိပ်ပိတ်မန္တာန်နဲ့ဆိုရင် သူ့ကို ယှဉ်နိုင်တာ ပြိုင်ဘက်အနည်းငယ်ပဲ ရှိလိမ့်မယ်။”

“မြောက်သွားပြီဗျာ။ ဒါပေမယ့် နင်ဟွာက ခရီးဆက်ဖို့ အဝေးကြီး လိုပါသေးတယ်။” နယ်မြေသခင်နင်က ပြုံးကာ ပြောလိုက်၏။ သူက ရလဒ်နှင့် ပတ်သတ်ပြီး အတော်လေး စိတ်ကျေနပ်သော်လည်း ထုတ်မပြောပေ။ သူသည် နင်ဟွာက ခရီးအရှည်ကြီး ဆက်သွားရဦးမည်ကို သိရှိပေသည်။ နင်ဟွာ၏ခရီးက အခုမှ စတင်ခြင်း ဖြစ်ပေသည်။

သူသည် ရန်ဟောင်အဆင့် အထွတ်အထိပ်သို့ ရောက်ရန် လိုအပ်ပြီး နတ်ဘုရားကပ်ဘေး သုံးပါးကိုလည်း ဖြတ်ကျော်ရပေလိမ့်မည်။ တုန်းဟွာနယ်မြေသခင်အနေနှင့် သူသည် နင်ဟွာ့အပေါ် အလွန် မြင့်မားသော မျှော်မှန်းချက် ထားရှိပေသည်။

“နင်ဟွာက နတ်ဘုရားချိပ်ပိတ်မန္တာန်ကို အထွတ်အထိပ် ရောက်အောင် ကျင့်ကြံနိုင်ခဲ့တယ်။ သူ့မျက်လုံးတွေနဲ့တင် သူ့ ပြိုင်ဘက်ကို ချိပ်ပိတ်လိုက်ဖို့ လုံလောက်တယ်။ တုန်းဟွာနယ်မြေမှာ လူအနည်းငယ်ကပဲ သူ့ကို ယှဉ်နိုင်လိမ့်မယ်။ သူက ကျုပ်တို့လို အဖိုးကြီးတွေကို အချိန်တိုအတွင်း ကျော်ဖြတ်သွားနိုင်လိမ့်မယ်။” လော့ထျန်းကုန်းမြေ ရှေးဟောင်းတော်ဝင် ကျန်းကလန်မှ ကလန်ခေါင်းဆောင်က အပြုံးနှင့် ချီးမွမ်းလိုက်သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset