အခန်း ( ၆၂၄ )

ထောင်ခေါင်းရေ၊ သူတို့်က ဘာသွားလုပ်ကြမှာတုံး

” ထောင်သားတွေ ”
ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်တရှားဖြင့် မတ်တတ်ထရပ်လိုက်ပြီး သူ၏အခန်းအပြင်သို့ ထွက်လာတော့သည်။ ထောင်ခေါင်းကမူ အပြင်ဘက်တွင် ပြုံးလျှက် သူ့ကိုစောင့်နေသည်။

သူ၏ အဖွဲ့သားများနှင့် ကောင်းမွန်သောဆက်ဆံရေးတစ်ခု တည်ဆောက်ရန် လိုအပ်ကြောင်းနှင့် ထိုသို့လုပ်ရန်မှာ မခက်ခဲကြောင်းကို ပိုင်ရှောင်ချန်းက သိသည်။ သူ့အနေဖြင့် သူက နတ်ဝိညာဥ်ကိုယ်ပွားလေးခုရှိသည့် အမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်နေသည့်အချက်နှင့် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများကို အလွယ်တကူသတ်နိုင်သည့်အချက်ကို မေ့ထားလိုက်ရန်ပင်ဖြစ်သည်။ သူ့ကိုယ်သူ အရေးမပါ လူတစ်ယောက်အဖြစ် တွေးလိုက်လျှင် ရပြီဖြစ်သည်။ ထို့ကြောင့် သူက ရိုသေလေးစားမှုများနှင့် ပျော်ရွှင်မှုများ ပြည့်ဝနေသည့် အမူအရာဖြင့် လက်ယှက်ကာ ဦးညွှတ်၍ တရိုတသေ လောကွတ်စကားဆိုလိုက်တော့သည်။
” ထောင်ခေါင်းရာ။ ထောင်ခေါင်းကိုယ်တိုင် လာနေစရာမလိုပါဘူးဗျ။ ကျွန်တော့်ကို အမိန့်ပေးချင်ရင် သတင်းလေးသာ ပို့လိုက်ပါ ”

ပိုင်ရှောင်ချန်းမှာ ထိုထောင်ခေါင်းကို အစထဲက သဘောကျနေသည်ဖြစ်ရာ လွယ်လွယ်ကူကူပင် တရိုတသေ ဦးညွှတ်လိုက်လေသည်။

ထိုအခါ ထောင်ခေါင်းမှာ အနည်းငယ် အံ့သြသွားသည်။ အမှန်မှာ သူသည် ပိုင်ရှောင်ချန်းကို လူကိုယ်တိုင်လာရောက်တွေ့ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ မိစ္ဆာအကျဥ်းထောင်၏ စည်းမျဥ်းများအရ အစောင့်အားလုံးမှာ ကင်းလှည့်တာဝန်ကို ထန်းဆောင်ရမည်ဖြစ်သည်။ ပိုင်ရှောင်ချန်းက ထိုအချက်ကို သိလျှက်နှင့် ကင်းမလှည့်ပါက အပြစ်တင်ခံရမည်ဖြစ်သည်။ သို့သော်လည်း ထောင်ခေါင်းသာ သူကိုယ်တိုင် ပိုင်ရှောင်ချန်းကို သတိမပေးခဲ့ပါက ထောင်ခေါင်းမှာ တာဝန်ခံရမည်ဖြစ်သည်။

အခြားအစောင့်များမှာ ပိုင်ရှောင်ချန်းနှင့် ခပ်လှမ်းလှမ်း နေကြသော်လည်း ထောင်ခေါင်းမှာ ကောလဟာလမျိုးစုံကို ကြားပြီးသည့်နောက်တွင် သူကိုယ်တိုင် သတိသွားပေးရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။

သို့သော် ရက်စက်ကြမ်းကြုတ်ကာ မိမိ၏ မျိုးနွယ်စုကိုသစ္စာဖောက်ပြီး အဖေဖြစ်သူကိုပင် ပြန်ပေးဆွဲခဲ့သူဟု သတင်းတွေထွက်နေသည့် ပိုင်ဟောက်က အလွန်ရိုကျိုးနေသည်ကိုမြင်လိုက်ရ၍ သူက အံ့အားသင့်သွားတော့သည်။

ထောင်ခေါင်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
” အာ ပြဿနာမရှိပါဘူးကွာ။ မင်းက အဖွဲ့နံပါတ်ကိုး ရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ။ ပြီးတော့ မင်းကအခုမှရောက်တာဆိုတော့ ငါကိုယ်တိုင် သတင်းလာမပို့လို့ ဘယ်ဖြစ်မလဲ။ နားထောင် ပိုင်ဟောက်။ အပြင်ဘက်ကလူတွေအတွက် မိစ္ဆာအကျဥ်းထောင်နဲ့ ပတ်သတ်တဲ့ အရာအားလုံးက လျှို့ဝှက်ချက်ကြီးတစ်ခုပဲ။ ထောင်ခန်းတွေထဲကိုက လူနှစ်မျိုးပဲ ဝင်လို့ရတာ။ ထောင်သားတွေနဲ့ ငါတို့လို အစောင့်တွေပဲ ဝင်လို့ရတာလေ။ “

ထောင်ခေါင်းသည် ပိုင်ရှောင်ချန်းကို အပြည့်အဝ အကောင်းမမြင်သေးပါသော်လည်း ယခင်ကထက် ပို၍ ရိုးသားသည့်ပုံစံပေါ်လာပြီး လမ်းတစ်လျှောက်တွင် အသေးစိတ်များကိုပါသေချာ ရှင်းပြပေးနေတော့သည်။

ထောင်ခေါင်းနောက်သို့ တခဏမျှလိုက်ပြီးနောက် ပိုင်ရှောင်ချန်းက မနေနိုင်တော့သဖြင့် မေးလိုက်တော့သည်။
” ထောင်ခေါင်းရေ။ ထောင်သားတွေအားလုံးဆီမှာ ဘယ်လိုကျင့်ကြံခြင်းအခြေခံအဆင့် ရှိတာလဲ ”

” အဲဒါ အရေးမကြီးပါဘူး ”
ထောင်ခေါင်းက ဂုဏ်ယူဝင့်ကြွားစွာ ပြန်ဖြေလိုက်သည်။
” မိစ္ဆာအကျဥ်းထောင်ကို ရောက်လာသမျှလူတိုင်း အမိန့်နာခံရတာချည်းပဲ။ နဂါးတွေတောင်မှ ပေါ့ကွာ ”
ခဏအကြာတွင် သူတို့သည် မြေကွက်လပ်အလယ်ရှိ တောက်ပနေသော ဧရာမတံခါးကြီးဆီသို့ ဦးတည်သွားကြတော့သည်။

ပိုင်ရှောင်ချန်းမှာ သိလိုစိတ်များ ပြင်းပြနေပြီဖြစ်သည်။ သူ၏ဘဝတစ်လျှောက်တွင် အရာများစွာ ကြုံတွေ့ခဲ့ရပြီးဖြစ်သော်လည်း ထောင်ထဲတော့ တစ်ခါမှ မရောက်ဖူးချေ။ မိစ္ဆာအကျဥ်းထောင်၏ နက်ရှိုင်းသောနေရာများအထိ ဆင်းသက်နေရသည်ဆိုသော အသိကြီးကြောင့် သူ၏အတွေးထဲတွင် မျှော်လင့်ချက်များ ကြီးမားနေတော့သည်။

အဖွဲ့နံပါတ်ကိုး၏ အခြားဝိညာဥ်ကျင့်ကြံသူများမှာ တံခါးအပေါက်ဝတွင် စိတ်မရှည်သည့်အမူအရာဖြင့် စောင့်နေကြပြီး အများစုမှာ ပိုင်ရှောင်ချန်းကို မြင်လိုက်သောအခါ ဒေါသထွက်လာကြတော့သည်။

ပိုင်ရှောင်ချန်းက ထိုအခြေအနေကို ရိပ်စားမိပြီး သူအစောင့်တစ်ယောက်အဖြစ် မည်သည့်အချိန်အထိ တာဝန်ထမ်းဆောင်ရမည်မှန်းကို မသိသေးသဖြင့် ရှေ့သို့ အပြေးသွားကာ တောင်းပန်စကားဆိုလိုက်တော့သည်။
” မင်္ဂလာပါ အစ်ကိုတို့။ ကျွန်တော်က လူသစ်မလို့ စည်းကမ်းတွေ မသိလိုက်လို့ပါ။ အစ်ကိုတို့ အားလုံး စောင့်နေရလို့ ကျွန်တော် တောင်းပန်ပါတယ် ”

ယခုတွင်မူ သူသည် ငယ်ရွယ်ဖြူစင်ကာ ကလေးတစ်ယောက်ပုံစံပင်ပေါ်နေသည့် ပိုင်ဟောက်နှင့် တူနေတော့သည်။ ထို့အပြင် သူ၏စကားသံများမှာလည်း အလွန်နားဝင်ချိုလှပေသည်။ ချက်ချင်းပင် အခြားအစောင့်များ၏ မျက်ဝန်းများထဲရှိ ဒေါသအနည်းငယ်မှာ ပျောက်ကွယ်သွားကြတော့သည်။

ပိုင်ဟောက်ကို ရက်စက်ကြမ်းကြုတ်သည့် သားရဲတစ်ကောင်ကဲ့သို့ အများကသိထားကြသည် မဟုတ်ပါလော။ သို့သော် ဤနေရာတွင်မူ သူသည် ရိုရိုကျိုးကျိုးဖြင့် အသည်းအသန် ရှင်းပြကာ တောင်းပန်နေသည်။ ထို့ကြောင့် အခြားအစောင့်များမှာ အံ့အားသင့်သွားရပြီး မည်သို့ပြန်ပြောရမှန်း မသိကြတော့ချေ။ ပိုင်ရှောင်ချန်း၏ ပြုံးနေသောမျက်နှာလေးကြောင့် သူတို့မှာ ကြာကြာ ဒေါသထွက်မနေနိုင်တော့ပေ။

ထို့အပြင် သူက ပြေးလာပြီး သူတို့အားလုံးကို ညီအစ်ကိုများအလား ဆက်ဆံနေသည်ဖြစ်ရာ သူတို့၏စိတ်နှလုံးများထဲတွင် ထူးဆန်းသော ခံစားချက်များ ဖြစ်ပေါ်လာတော့သည်။ ချက်ချင်းပင် သူ့အပေါ်ထားရှိခဲ့သည့် အေးစက်တင်းမာမှုများ ပျောက်ကွယ်သွားတော့သည်။

သို့သော် မျက်နှာရှည်ရှည်နှင့် လူငယ်တစ်ယောက်ကမူ အများနှင့်မတူပဲ အေးစက်စက်သာ နှာမှုတ်လိုက်သည်။ သူသည် အဖွဲ့နံပါတ်ကိုးထဲတွင် ရာထူးကြီးသည့်ပုံစံ ရှိသည်။ အခြားအစောင့်များက သူ၏ အမူအရာကိုမြင်လိုက်သောအခါ သူတို့၏ အမူအရာများကပါ ပြန်လည်အေးစက်သွားကြတော့သည်။

ပိုင်ရှောင်ချန်းမှာ ထိုအချင်းအရာကို သဘောမကျပေ။

” ငါဒီကောင့်ကို ဘယ်တုံးက စော်ကားဖူးလို့လဲ ”
သူက တွေးလိုက်လေသည်။

ထောင်ခေါင်းကမူ ထိုအဖြစ်အပျက်များကို မမြင်ချင်ယောင်ဆောင်ကာ ရယ်မောပြီး ဆိုလိုက်သည်။
” ကောင်းပြီ။ လူစုံပြီဆိုတော့ အထဲဝင်ကြတာပေါ့ ”

ထို့နောက် ထောင်ခေါင်းက သူ၏ အင်္ကျီလက်ကိုခါယမ်းလိုက်ပြီး အမိန့်ပေးဆွဲပြားတစ်ခုကို ထုတ်ကာ တောက်ပနေသည့်တံခါးကြီးဘက်သို့ သူ၏လက်ကိုဆန့်ထုတ်လိုက်သည်။ ချက်ချင်းပင် ထိုတံခါးကြီး၏ အလယ်တွင် အပေါက်ကြီးတစ်ပေါက် ပွင့်လာတော့သည်။

ထောင်ခေါင်းမှာ အရင်ဆုံးဝင်သွားပြီး လူတိုင်းမှာ သူ၏နောက်ကလိုက်သွားကြသည်။ ပိုင်ရှောင်ချန်းက နောက်ဆုံးမှဖြစ်သည်။

ထိုအလင်းတန်းထဲသို့ ဝင်လိုက်သည်နှင့် တပြိုင်နက် တည်နေရာရွှေ့ပြောင်းခြင်းကဲ့သို့သော ခံစားချက်တစ်မျိုးက သူ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။ ထိုခံစားချက်ကြီးမှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးက သူ့အပေါ်သို့ ပြိုလဲကျနေသကဲ့သို့ဖြစ်နေပြီး အလွန်ဆိုးရွားလှသည်။ သို့သော် တခဏမျှသာ ကြာလိုက်ပြီး ပျောက်ကွယ်သွားသည်သာ ဖြစ်သည်။ ထို့နောက် ပိုင်ရှောင်ချန်း၏ အမြင်အာရုံမှာ ပြန်လည်ရှင်းလင်းသွားပြီး တစ်မူထူးခြားသော ဒေသကြီးတစ်ခုကို ကြည့်နေကြောင်း သိလိုက်ရသည်။

ထိုဒေသကြီးမှာ ကောင်းကင်မရှိသလို မြေကြီးလည်းမရှိပဲ အနက်ရောင် ဟင်းလင်းပြင်ကြီးတစ်ခုသာရှိသည်။ အထက်ရှိ အဆုံးမဲ့လောက်အောင် ကျယ်ပြန့်နေသည့် အမှောင်ထုကြီးထဲမှ အရိုးဖြင့်ပြုလုပ်ထားသည့် မရေမတွက်နိုင်သော ချိန်းကြိုးများ တွဲလောင်းကျနေသည်။

ထို အရိုးချိန်းကြိုးများ၏ အဆုံးတွင် ဒါဇင်ပေါင်းများစွာ မြင့်မားသည့် ဧရာမ ဦးခေါင်းခွံကြီးများကို ချိတ်ဆွဲထားသည်။ ထိုဦးခေါင်းခွံကြီးများ၏ ပုံပန်းသွင်ပြင်မှာ ရက်စက်ကြမ်းကြုတ်ဖွယ်ကောင်းလှပြီး ဤဟင်းလင်ပြင်ကြီးထဲတွင် ရောက်နေသည်မှာ နှစ်ပေါင်းထောင်သောင်းမကရှိနေပြီဖြစ်သည်။

ထို ဦးခေါင်းခွံများကို သိပ်သည်းကျစ်လစ်လှသည့် ဧရာမမန္တန်အစီအရင်တစ်ခုကို ဖန်တီးရန် ထူးခြားသောပုံစံတစ်ခုဖြင့် စီစဥ်ကာနေရာချထားသည်။

ဦးခေါင်းခွံ တစ်ခုနှင့်တစ်ခုမှာ နီးနီးကပ်ကပ် မရှိကြပေ။

ထိုဦးခေါင်းခွံကြီးများမှာ…ထောင်ခန်းများ ဖြစ်ကြသည်။

အရောင်မှာမူ အဖြူရောင်မဟုတ်ပေ။ သူတို့၏အတွင်းထဲတွင် မှော်ပညာရပ်တစ်ခုခု ရှိနေသည့်အလား အရောင်မျိုးစုံ အဆက်မပြတ် တောက်ပနေသည်။ ထို့အပြင် အတွင်းထဲမှ ခါးသီးစွာ အော်ဟစ်နေသံများကိုလည်း ရံခါဖန်ခါ ကြားရသေးသည်။

ထိုအော်ဟစ်သံများမှာ ထောင်သားများထံမှ ဖြစ်သည်။

ဦးခေါင်းခွံများထဲရှိ ထောင်သားများမှာ စုတ်ပြဲနေသည့် အဝတ်အစားများကို ဆင်မြန်းထားကြပြီး အချို့မှာဆိုလျှင် ကိုယ်လုံးတီးနှင့်ဖြစ်သည်။ အမျိုးသားများသာမက အမျိုးသမီးများပါ ရှိကြပြီး လူ့ဘီလူးကြီးများကိုပင် အရွယ်အစားသေးငယ်အောင်လုပ်ကာ ဦးခေါင်းခွံလှောင်အိမ်များထဲတွင် ထည့်ထားကြသည်။

အချို့မှာ ဝိညာဥ်ကျင့်ကြံသူများဖြစ်ကြပြီး အောက်လမ်းဆရာများလည်း ပါဝင်သည်။ သူတို့အားလုံးမှာ ပိန်လှီကာ အရိုးပေါ်အရေတင် ဖြစ်နေကြသော်လည်း သတ်ဖြတ်လိုသောအငွေ့အသက်များနှင့် ရက်စက်ကြမ်းကြုတ်သည့် အခိုးအငွေ့များ ထွက်နေကြဆဲပင်။

ဦးခေါင်းခွံများထဲရှိ ထောင်သားများအပြင် ခြေနှင့်လက်များကို သံကြိုးခတ်ထားကာ ဟိုဟိုသည်သည် သွားလာနေကြသော မီးခိုးရောင်ဝတ်စုံနှင့် ဝိညာဥ်ကျင့်ကြံသူများလည်း ရှိသည်။ သူတို့မှာ ထောင်သားများဖြစ်ကြပါသော်လည်း လှောင်အိမ်များနှင့် ထားရလောက်အောက် အန္တရာယ်မပြုနိုင်သဖြင့် ထောင်ခန်းများအကြားတွင် ဟိုဟိုသည်သည် သွားလာခွင့်ပေးထားသည်။

ထောင်သား အနည်းငယ်မှာ အမျိုးသမီးများဖြစ်ကြပြီး အများစုက ချောမောလှပကြသည်။

မီးခိုးရောင်ဝတ်ရုံနှင့် ဝိညာဥ်ကျင့်ကြံသူ ထောင်သားများမှာ အဖွဲ့နံပါတ်ကိုးမှ အစောင့်များကို မြင်သောအခါ တုန်တုန်ရီရီနှင့် ပြေးလာကြပြီး ဒူးထောက်အရိုအသေပေးလိုက်ကြတော့သည်။ သူတို့၏မျက်နှာများပေါ်တွင် ဖားယားနေသည့် အမူအရာများကိုမြင်နိုင်ပြီး ချောမောလှပသည့် ထောင်သူများဆိုလျှင် ခါးများကိုညွှတ်ကိုင်းရင်း ဖွံ့ထွားလှသော ရင်သားကြီးများကို အပြင်သို့လျှံကျလာေစရန် ပြုလုပ်နေကြသည်။ ထိုအခြင်းအရာကို မြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ အလွန်တရာ အံ့အားသင့်သွားရတော့သည်။

ထို့နောက် ထောင်ခေါင်းက အော်ဟစ်လိုက်လေသည်။ ” ကဲ ငါတို့ သုံးရက်တိတိ ကင်းလှည့်မယ်။ ပထမ ခြောက်နာရီကို ပုံမှန်အတိုင်းပဲသွားမယ်။ ပျော်တာလည်းပျော်ပေါ့။ ပြဿနာတော့မရှာကြနဲ့။ ခြောက်နာရီပြီးရင်တော့ မိစ္ဆာအိုကြီးကျိုးရဲ့ ထောင်ခန်းမှာဆုံကြမယ်။ သူ့ပါးစပ်က သတင်းအချက်အလက်တွေ ထွက်လာအောင် ငါတို့ လုပ်နိုင်လား၊ မလုပ်နိုင်လား ကြည့်ကြတာပေါ့ ”

ထောင်ခေါင်း၏ စကားပြီးဆုံးသွားသောအခါ အရပ်မျက်နှာ ပေါင်းစုံသို့ ထွက်သွားကြသော ပြုံးရွှင်နေသည့်ထောင်စောင့်များကို ပိုင်ရှောင်ချန်းက ကြည့်နေတော့သည်။

ထိုအခါတွင် မီးခိုးရောင်ဝတ်ရုံနှင့် ထောင်သားအများစုမှာ ထောင်စောင့်များ၏ အနားတွင် မိတ်ဆွေဟောင်းများအလား စုဝေးနေကြသည်ကို မြင်လိုက်ရ၍ ပိုင်ရှောင်ချန်းမှာ မျက်လုံးပြူးသွားရတော့သည်။ အချို့ဆိုလျှင် ထောင်စောင့်များ၏ ပုခုံးများကို နှိပ်နယ်ပေးနေကြကြီး သူတို့၏နားများဆီသို့ ကပ်ကာ တီးတိုးပြောနေကြသည်။ ထို့အပြင် ထောင်သားများ၏ မျက်နှာများပေါ်တွင် ယခင်ကထက်ပင် ပို၍ဖားယားနေသည့်အမူအရာများ ပေါ်လာကြတော့သည်။

တအံ့တသြနှင့် ဝေခွဲမရဖြစ်နေသည့် ပိုင်ရှောင်ချန်းကို ထောင်ခေါင်းက မြင်သောအခါ ပြုံး၍ လေသံတိုးတိုးဖြင့် ဆိုလိုက်လေသည်။
” သူတို့က ဒီမိစ္ဆာအကျဥ်းထောင်မှာဆိုရင် အစေခံတွေအတိုင်းပဲ။ ဘယ်သူမှ ကြီးကြီးမားမားပြစ်မှုတွေကို ကျူးလွန်းထားတာမဟုတ်ဘူး။ ပြီးတော့ သူတို့က ပြဿနာလည်းမရှာဘူး။ သူတို့ရဲ့ ရှေ့ဆက်ဘဝခရီး ကောင်းမလား၊ ဆိုးမလားက ငါတို့အပေါ်မူတည်နေတာ ”

” ဦးခေါင်းခွံထဲက ထောင်သားတွေကမှ တကယ့် ဆရာကြီးတွေ ”
သူက အနီးအနားရှိ ဦးခေါင်းခွံတစ်ခုကို ညွှန်ပြလိုက်သည်။ ထိုအထဲတွင် မျက်နှာပေါ်မှာ မွေးရာပါအနီရောင်အမှတ်အသားတစ်ခု ပါသော အဘိုးကြီးတစ်ယောက်ရှိသည်။ သူသည် အလွန်အမင်း ရက်စက်ကြမ်းကြုတ်မည့်ပုံစံ ရှိသော်လည်း ယခုတွင်မူ ပြင်ပလောကကြီးကို စိတ်မဝင်စားသည့်အလား သူ၏မျက်လုံးများကိုမှိတ်ထားသည်။
” ဥပမာ ဒီကောင်ပေါ့ကွာ။ သူက လွန်ခဲ့တဲ့နှစ်နှစ်ရာလောက်က ဘုရင်မင်းမြတ်ကို အမျက်တော်ထွက်အောင်လုပ်ခဲ့လို့ အဲဒီအချိန်ကနေ အခုအထိ ချုပ်နှောင်ခံထားရတာ။ သူ့ဆီမှာ ငါတို့ရနိုင်မဲ့ လျှို့ဝှက်ချက်လည်းမရှိဘူးဆိုတော့ သူ့ဟာသူ သဘာဝအတိုင်း သေသွားပါလိမ့်မယ် ”

” ထားပါ။ ငါတို့လည်း သွားပျော်ပါးရအောင်။ ထောင်စောင့်တွေက ဒီမှာဆို ဘုရားသခင်လိုပဲ။ ထောင်သားတွေရဲ့ အသက်တွေက ငါတို့လက်ထဲမှာမလို့ လွန်လွန်ကျူးကျူး မလုပ်သရွေ့ မင်းစိတ်ကြိုက် နေလို့ရတယ် ”

” စိတ်ကြိုက်နေလို့ရတယ် ဟုတ်လား ” ပိုင်ရှောင်ချန်းမှာ မယုံကြည်နိုင်လောက်အောင်ဖြစ်နေတော့သည်။ မိစ္ဆာအကျဥ်းထောင်မှာ သူတွေးထားသည့်ပုံစံနှင့် တက်တက်စင်အောင် လွဲနေသည်မဟုတ်ပါလော။

ပို၍ အံ့အားသင့်ဖွယ်ကောင်းသည်မှာ စောစောက မျက်နှာရှည်ရှည်နှင့်လူငယ်ကို ချောမောလှပသည့် အမျိုးသမီးရှစ်ယောက်က ဝန်းရံထားသည်ဖြစ်ပြီး ကလူကျီစယ်သည့် အမူအရာများဖြင့် အဝေးတစ်နေရာသို့ ဆွဲခေါ်သွားနေခြင်းဖြစ်သည်။

ထိုမြင်ကွင်းကိုမြင်လိုက်သောအခါ သူက မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ပြီး စုတ်သပ်လိုက်တော့သည်။ သူ၏နှလုံးခုန်နှုန်းမှာလည်း မြန်လာတော့သည်။ သူသဘောကျနေသည့် ထောင်သူအနည်းငယ်မှာ ထိုအုပ်စုထဲတွင် ရှိနေသည်မဟုတ်ပါလော။ သူက ထိုအုပ်စုကိုလက်ညှိုးထိုးကာ မေးလိုက်တော့သည်။
” ထောင်ခေါင်းရေ။ သူတို့က ဘာသွားလုပ်ကြမှာတုံး “


Comment

Leave a Reply


Options

not work with dark mode
Reset