အပိုင်း(၂၀၂၉)

အရှက်တကွဲဖြစ်ရသော တိုက်ပွဲ

ရီဖူရှင်းနှင့် အခြားလူများသည် လမ်းစဉ်တိုက်ပွဲကွင်းပြင်သို့ ငုံ့ကြည့်လိုက်ကြသည်။ သူတို့က နဂါးတေးသံ ခပ်တိုးတိုးကို ကြားနေကြရသည်။

‘မီးနဂါးတေးသံလား’ ဟု ရီဖူရှင်းက တွေးလိုက်သည်။ ၎င်းသည် ရှေးဟောင်းတော်ဝင် ယန်မိသားစု၏ လျှို့ဝှက်စွမ်းရည်တစ်ခု ဖြစ်သည်။ ရီဖူရှင်းသည် ယန်ချင်းဖုန်းက ထိုစွမ်းရည်ကို ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ သင်ယူခဲ့ခြင်းဖြစ်ကြောင်း ယူဆမိသည်။ ဤတစ်ကြိမ်၌ ယန်ချင်းဖုန်းက သူတို့ကို ပစ်မှတ်ထားခြင်း ဖြစ်နိုင်ပေသည်။

အေးစက်သည့် ရေခဲမုန်တိုင်းတစ်ခုက လိန်ချင်းဟန်၏ ခန္ဓာကိုယ် အနီးတွင် ဖြစ်ပေါ်လာသည်။ အေးစက်နေသော လမင်းကဲ့သို့ ဓားတစ်လက်မှ ထုတ်လွှတ်နေသည့် အလင်းတန်းတို့က ကြည့်ရှုနေသော လူတိုင်း၏ ကျောရိုးတလျှောက်ကို အေးစိမ့်လာစေခဲ့သည်။ သို့သော် ယန်ချင်းဖုန်း၏ ခန္ဓာကိုယ်အထက်တွင် အစစ်အမှန် နဂါးတစ်ကောင်က ဖြစ်တည်လာပြီး ကောင်းကင်၌ ရစ်ဝဲ ပျံသန်းနေသည်။ မရေတွက်နိုင်သော နဂါးဓားသွားများက အရှိန်အဟုန်ပြင်းစွာနှင့် ကျဆင်းလာခဲ့သည်။ ယန်ချင်းဖုန်း ကိုယ်တိုင်သည်လည်း ရှေ့သို့ တိုးဝင်လာကာ လိန်ချင်းဟန်ကို ဖိနှိပ်လိုက်သည်။

တစ်ခဏအတွင်းတွင် တိုက်ပွဲတစ်ခု ဖြစ်ပွားလာခဲ့ပြီး လမ်းစဉ်တိုက်ပွဲ ကွင်းပြင်တစ်ခုလုံးကို တုန်ခါ သွားစေခဲ့၏။ ဓားပေါင်းများစွာက တောက်ပသော အလင်းများထုတ်လွှတ်နေကာ လေဟာနယ်ကို ဖြိုခွင်းလိုက်သည်။ လူတိုင်း၏ အံ့အားသင့်မှုများ အောက်မှာပင် လိန်ချင်းဟန်က လေပွေကဲ့သို့ တန်ပြန်တိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်လိုက်သည်။

“သူမက တုန်းဟွာကျောင်းတော်ရဲ့ တပည့်ပီသပါပေတယ်။ လိန်ချင်းဟန်ရဲ့ ဓားနည်းစနစ်က လိန်မိသားစုကနေ ဆင်းသက်လာခဲ့ပေမယ့် အခုတော့ ပိုပြီး အစွမ်းထက်တဲ့ တိုက်ခိုက်မှုနည်းစနစ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ။” ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်တစ်ယောက်က ပြောလိုက်သည်။ ယန်ဟန်ရှင်းက ကျုံးချန်နှင့် အခြား လူများကို ကြည့်ကာ ပြောလိုက်၏။ “လိန်ခွမ်ရှန်းကလည်း အရင်တုန်းက ဝမ်ရှန့်စောင့်ကြည့် မျှော်စင်မှာ ကျင့်ကြံခဲ့တယ်။ လိန်ချင်းဟန်က တုန်းဟွာကောင်းကင်ရဲ့ တော်ဝင်မိသားစု တစ်ခုကနေ ဆင်းသက်လာခဲ့တဲ့ ယန်ချင်းဖုန်းကို အနိုင်ရမယ်လို့ ခင်ဗျားတို့ ထင်လား။”

“အိမ်ရှေ့စံယန်.. ခင်ဗျားလည်း လိန်မိသားနဲ့ ကျုပ်တို့ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ရဲ့ ပတ်သတ်မှုကို သိသားပဲ။ ဒါပေါ့.. ကျုပ်တို့က ဒီတစ်ကြိမ်မှာ လိန်ချင်းဟန် နိုင်မယ်လို့ ယုံကြည်ပါတယ်။” လီချန်ရှန်းက အပြုံးနှင့် ပြန်ဖြေလိုက်သည်။ “ဒါမှမဟုတ် ရှေးဟောင်းတော်ဝင်ယန်မိသားစုက လူတွေက ယန်ချင်းဖုန်း အသာစီးရနိုင်လိမ့်မယ်လို့ မထင်ထားဘူးလား။”

ယန်ဟန်ရှင်းက ပြုံးကာ ပြောလိုက်သည်။ “အဲဒီလို မဟုတ်ပါဘူး။ ကျုပ်က ယန်ချင်းဖုန်း အပေါ် ယုံကြည်မှုရှိပါတယ်။ ဒီလိုဆိုမှတော့ ကျုပ်တို့ ဘာဖြစ်လို့ အလောင်းအစားလေး မလုပ်ရမှာလဲ။”

“ဘယ်လို အလောင်းအစားလဲ။” လီချန်ရှန်းက မေးလိုက်သည်။

“လိန်ချင်းဟန် ရှုံးသွားခဲ့ရင် ၀မ်ရှန့်စောင့်ကြည့်မျှော်စင်က အရှေ့နတ်ဘုရားကျွန်းစု နယ်မြေရဲ့ ကိစ္စထဲမှာ လက်ရှောင်ပြီးတော့ ဒီလူကို တော်ဝင်ယန်မိသားစုဆီ လက်လွှဲပေးရမယ်။” ယန်ဟန်ရှင်းက ရီဖူရှင်းအား ကြည့်ကာ အပြုံးနှင့် ပြောလိုက်သည်။

လီချန်ရှန်းက ယန်ဟန်ရှင်းကို တစ်ချက်လှမ်းကြည့်ကာ လှောင်ပြောင်သည့် အသံနှင့် ပြောလိုက်သည်။ “အားနာပေမယ့် တော်ဝင်ယန်မှာ လောင်းကြေးထပ်ဖို့ ညီမျှတဲ့အရာဘာရှိလို့လဲ။”

ယန်ဟန်ရှင်း၏ စူးရှသောအကြည့်တို့က လီချန်ရှန်းအပေါ်သို့ ကျရောက်လာသည်။ လီချန်ရှန်းသည် တော်ဝင်မိသားစုမှ မည်သူကမှ ရီဖူရှင်းနှင့် မယှဉ်နိုင်ဟု လှောင်ပြောင်သရော်နေသည်။ ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ မိသားစုဝင် တစ်ယောက်ဖြစ်သော ယန်တုန်းရန်သည် ယခင်က အပြတ်အသတ် ရှုံးနိမ့်ခဲ့ပြီး တုန်းဟွာကျောင်းတော်မှ လူတိုင်း၏ ရှေ့တွင်လည်း ရီဖူရှင်းက အံ့အားသင့်ဖွယ် အရည်အချင်းတို့ကို ပြသခဲ့သည်။ ရှေးဟောင်းတော်ဝင် ယန်မိသားစု ရန်ဟောင်များက ရီဖူရှင်းအား မည်သို့ ကိုင်တွယ်နိုင်ပါမည်နည်း။

ရှေးဟောင်းတော်ဝင် ယန်မိသားစု၌ ရီဖူရှင်းနှင့် အလောင်းအစားပြုလုပ်ရန် တူညီသော အဆင့်အတန်းတွင် ရှိနေသည့်သူ မည်သူမှ မရှိပေ။

လူအများက ယန်ဟန်ရှင်းနှင့် လီချန်ရှန်းတို့အား စိတ်ဝင်စားသော အမူအရာတို့နှင့် ကြည့်လိုက်ကြသည်။ လမ်းစဉ်တိုက်ပွဲ စင်မြင့်ထက်မှ တိုက်ပွဲသည် ထိုအင်အားစုနှစ်ခုနှင့် တိုက်ရိုက်ပတ်သတ်ဆက်နွယ်နေခဲ့သည်။ လီချန်ရှန်းသည် ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ အိမ်ရှေ့စံကို အာစေးမိသွားအောင် လုပ်နိုင်လိမ့်မည်ဟု မည်သူကမှ တွေးထင်မထားခဲ့ကြပေ။

ယနေ့တွင် ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ ဓားအင်ပါယာ လျှို့နျန်အား ယှဉ်နိုင်မည့် တစ်စုံတစ်ယောက်ကို ရှာဖွေရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

“ယန်ချင်းဖုန်းကလည်း ရှေးဟောင်းတော်ဝင် ယန်မိသားစုမှာ ကျင့်ကြံနေခဲ့တာမလား။ ဒါပေမယ့် ကြည့်ရတာတော့ သူရှုံးနေပြီနဲ့ တူတယ်။” လီချန်ရှန်းက တိုက်ပွဲစင်မြင့်ထက်ကို ကြည့်ကာ ပြောလိုက်သည်။ လိန်ချင်းဟန်သည် မဟာလမ်းစဉ် စွမ်းအားအမျိုးမျိုးကို ကျင့်ကြံသူ ဖြစ်၏။ သူမက ၎င်းတို့ကို ဓားနည်းစနစ်အတွင်း ပေါင်းစပ်ကာ ထည့်သွင်း အသုံးပြုခြင်းဖြင့် ယန်ချင်းဖုန်းထက် ပို၍ အရေးသာမှုကို ဖန်တီးနိုင်ခဲ့သည်။

“အဲဒီလိုလား။” ယန်ဟန်ရှင်းက တုံ့ပြန်လိုက်၏။

ထိုအချိန်တွင် တိုက်ပွဲစင်မြင့်ထက်မှ အခြေအနေက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ယန်ချင်းဖုန်းသည် အချို့ လျှို့ဝှက်နည်းပညာများကို အသုံးပြုခဲ့သည်ဟု ထင်မှတ်ရပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို နဂါးကြေးခွံချပ်၀တ်ဖြင့် ဖုံးလွှမ်းသွားခဲ့ကာ ယန်ချင်းဟန်၏ ဓားကို ဆွဲယူလိုက်သည်။ ထို့နောက် သူ၏ လက်က ထက်ရှသော လက်သည်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လိန်ချင်းဟန်၏ ခန္ဓာကိုယ်အား ထိုးဖောက်လိုက်၏။

ထိုစဉ် တောက်ပသော အလင်းတန်းတစ်ခုက ကောင်းကင်တွင် ဖြတ်ပြေးသွားခဲ့သည်။ ယန်ချင်းဖုန်းကို ဖုံးလွှမ်းထားသော နဂါးကြေးခွံချပ်ဝတ်က စုတ်ပြဲသွားပြီး တောက်ပသည့် အနီရောင် အစင်းရာ ထွက်ပေါ်လာသည်။ သို့သော် လိန်ချင်းဟန်သည်လည်း ဒဏ်ရာအများအပြား ရရှိသွားခဲ့သည်။ သူမ၏ ခန္ဓာကိုယ်ပေါ်၌ နက်ရှိုင်းလှသော ဟက်တက်ကွဲဒဏ်ရာတစ်ခု ဖြစ်ပေါ်လာကာ အဝေးသို့ လွင့်ပျံသွားခဲ့သည်။ သူမ အဝတ်များ၌ သွေးတို့ စွန်းထင်းနေခဲ့သည်။

ပရိတ်သတ်များက ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့သည်။ လူတိုင်းက ပထမဆုံးတိုက်ပွဲ၌ပင် အလွန် ပြင်းထန်နေသည်အား တွေ့လိုက်ရသည့်အခါ အံ့အားသင့်သွားခဲ့သည်။

ပုံမှန်အားဖြင့် တုန်းဟွာနယ်မြေအတွင်းမှ ထိပ်တန်းတန်ခိုးရှင်များ စုစည်းကြသည့် အခမ်းအနားမှ ပထမဆုံးယှဉ်ပြိုင်ပွဲမှာ ချစ်ကြည်ရင်းနှီးမှုကို အခြေခံပြီး ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။

တုန်းဟွာနန်းတော်မှ အဓိကပုဂ္ဂိုလ်များသည် စင်မြင့်ထက်ကို လှမ်းကြည့်သော်လည်း မည်သည့်စကားမှမဆိုကြပေ။ နယ်မြေသခင်နင်က သူ ဝင်စွက်ဖက်လိမ့်မည် မဟုတ်ဟု ဆိုခဲ့ပြီး ဖြစ်သည်။

“သူက ကျောင်းတော်က တပည့်တစ်ယောက်ကို ရှုံးနိမ့်စေနိုင်လောက်အောင် တော်တာပဲ။ ရှေးဟောင်းတော်ဝင် ယန်မိသားစုက သူ့ကို လေ့ကျင့်ပေးခဲ့တယ်ဆိုတာ ပြောနေစရာတောင် မလိုဘူး။” နယ်မြေသခင်က ပြောလိုက်သည်။ လိန်ချင်းဟန်က သူမ၏ ဒဏ်ရာကို ဖုံးကွယ်ကာ စင်မြင့်ထက်မှ ထွက်ခွာသွား၏။ သူမသည် ပြန်ဆုတ်ခွာရာ၌ ခေါင်းကို တွင်တွင်ငုံ့ထားခဲ့သည်။

ပထမဆုံးတိုက်ပွဲ၌ တုန်းဟွာကျောင်းတော်မှ အနည်းငယ် အရှက်ရခဲ့သည်။ တုန်းဟွာကျောင်းတော်မှ တန်ခိုးရှင်က တော်ဝင်ယန်မိသားစုမှ ရန်ဟောင်တစ်ပါးကြောင့် ရှုံးနိမ့်ခဲ့သည်။

“မင်း အရမ်းထိခိုက်သွားတာလား။” လိန်ချင်းဟန်က လိန်ခွမ်ရှန်းကို မေးလိုက်သည်။ သူမက ခေါင်းခါလိုက်၏။ ရီဖူရှင်းက ဆေးပုလင်းလေး ထုတ်ကာ သူမထံ လက်လှမ်းပေး၍ ပြောလိုက်သည်။ “ဒီမှာ ဆေးတချို့ရှိတယ်။ ယူလိုက်ပါ။”

“ကျေးဇူး။” လိန်ချင်းဟန်က ခေါင်းညိတ်လိုက်သည်။ သူမ ကျောင်းတော်သို့ ပြန်ရောက်သောအခါ ဆေးလုံးများကို သောက်ပြီး တရားထိုင်ကာ ဒဏ်ရာများကို ကုစားလိုက်၏။

တုန်းဟွာကျောင်းတော်မှ လူများက အလွန်ဒေါသထွက်နေကြသည်။ သူတို့က တော်ဝင်ယန်မှ တန်ခိုးရှင်များကို စိုက်ကြည့်နေကြ၏။

ထိုအချိန်တွင် ယန်ချင်းဖုန်းက မည်သည့် အင်အားစုကိုမှ မဝင်ချင်သလို မည်သည့် ဆန္ဒမှလည်း မရှိသလိုမျိုး ဆက်လက်မတိုက်ခိုက်တော့ဘဲ စင်မြင့်ထက်မှ ထွက်ခွာသွားလေသည်။

အချို့သော ရန်ဟောင်များက ထရပ်လိုက်ပြီး လမ်းစဉ်တိုက်ပွဲစင်မြင့်သို့ ဦးတည်ရန် ပြင်လိုက်ကြသည်။

သို့သော် ပုံရိပ်တစ်ခုက လျင်မြန်စွာဖြင့် သူတို့ကို ဖြတ်ကျော်သွားသည်။ ထိုသူမှာ ငွေရောင်ဆံပင်နှင့် ဖြစ်ကာ လမ်းစဉ်တိုက်ပွဲစင်မြင့်ထက်တွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ ထို့နောက် သူက ရှေ့သို့ ခြေလှမ်းကာ လမ်းလျှောက်ဝင်လာခဲ့၏။

“ဒါက….” လူအများက အံ့အားသင့်စွာဖြင့် ကြည့်လိုက်ကြသည်။

တုန်းဟွာနန်းတော်တွင် ထိုင်နေသော ထိပ်သီးတန်ခိုးရှင်များသည်ပင် တိုက်ပွဲစင်မြင့်ထက် ဝင်ရောက်လာသော ငွေရောင်ဆံပင်နှင့် လူကြောင့် အံ့သြမှင်တက်သွားခဲ့ကြသည်။

ထိုသူက ရီဖူရှင်းပင် ဖြစ်၏။

ရီဖူရှင်းသည် သူနေရာ၌သူ ထိုင်နေကာ တစ်စုံတစ်ယောက်မှ သူ့အား စိန်ခေါ်သည်ကိုသာ စောင့်ရန် လိုအပ်ပေသည်။ သူ၏ အရည်အချင်းက ကျော်ကြားနေပြီးဖြစ်ကာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က သူ့အား ကျောထောက်နောက်ခံ ပေးထားသည်။ နယ်မြေသခင်နင် အစက တွေးထင်ထားခဲ့သည်မှာ အခြားသော လမ်းစဉ်တိုက်ပွဲများပြီးမှ ရီဖူရှင်းကို အခြားထိပ်သီးအင်အားစုမှ တန်ခိုးရှင်တချို့က စိန်ခေါ်လိမ့်မည်ဟု ဖြစ်သည်။

သို့သော်လည်း ဒုတိယတိုက်ပွဲမှာပင် ရီဖူရှင်းက ကိုယ့်သဘောနှင့်ကိုယ် စင်မြင့်ထက် ရောက်ရှိလာခဲ့၏။

သူ မည်သည့်အရာကို လုပ်ချင်နေသနည်း။

ရီဖူရှင်းက လမ်းစဉ်တိုက်ပွဲစင်မြင့်သို့ တိတ်ဆိတ်စွာ တက်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်က လေထဲတွင် မျောလွင့်နေသည်။ မရေတွက်နိုင်သော လူများ၏ အကြည့်အောက်တွင် သူက တုန်းဟွာနန်းတော် အပြင်ဘက်တွင် ထိုင်နေသော ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်များကို ကြည့်ကာ ပြောလိုက်သည်။ “ကျုပ် အရင်တုန်းက မင်းသားယန်တုန်းရန်နဲ့ ပြိုင်ခဲ့ဖူးပေမယ့် သိပ်စိတ်တိုင်းမကျခဲ့ဘူး။ ဒါကြောင့် ဒီနေ့ နောက်ထပ် တိုက်ပွဲတစ်ခု ဆင်နွှဲဖို့ မင်းသားယန်တုန်းရန်ကို ဖိတ်ခေါ်ပါတယ်။ ကျေးဇူးပြုပြီး..။”

“…” လူတိုင်းက ရီဖူရှင်းကို စိုက်ကြည့်လိုက်ကြသည်။ ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်များ၏ မျက်လုံးတို့က ကျဉ်းမြောင်းသွားကာ ယန်တုန်းရန်၏ မျက်နှာသည်လည်း အေးခဲသွားခဲ့သည်။

ရီဖူရှင်းက သူ့အား ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှာကတည်းက အနိုင်ယူခဲ့ပြီးဖြစ်ရာ သူက အစပြု၍ ရီဖူရှင်းအား စိန်ခေါ်ခြင်းမှ လွဲလျှင် နောက်ထပ် တိုက်ခိုက်ရန်မှာ အဓိပ္ပါယ်မရှိပေ။

သို့ဆိုလျှင် ရီဖူရှင်းက မည်သည့်အတွက်ကြောင့် ထိုသို့ လုပ်ရသနည်း။

လူတိုင်းက သေချာပြောနိုင်သည်မှာ ရီဖူရှင်းက ယန်တုန်းရန်အား နောက်တစ်ခါ ချေမွဖျက်ဆီးလို၍ ဖြစ်ကြောင်းပင် ဖြစ်၏။

သူသည် တုန်းဟွာနယ်မြေမှ လူတိုင်း၏ ရှေ့တွင် ယန်တုန်းရန်အား ဒူးထောက်စေချင်နေပုံရသည်။ မည်မျှ ရဲတင်းလိုက်သနည်း။

ယန်တုန်းရန်၏ အမူအရာက မည်းမှောင်သွားလေသည်။ ယန်ချင်းဖုန်းမှ လိန်ချင်းဟန်ကို အနိုင်ယူနိုင်ခဲ့၍ ပြုံးပျော်နေခဲ့သော ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်များ၏ အပြုံးသည်လည်း ရပ်တန့်သွားတော့သည်။

ရီဖူရှင်းက ရှေးဟောင်းတော်ဝင် ယန်မိသားစုအား တမင်သက်သက် ရန်စနေသည်။

သူသည် ယခုလေးတင် ဖြစ်ပွားခဲ့သော လိန်ချင်းဟန်၏ ရှုံးနိမ့်မှုအတွက် ယန်မိသားစုအား အလားတူ ပြန်ပေးဆပ်စေလိုနေသည်။

လိန်မိသားစုမှ တန်ခိုးရှင်များသည် ရီဖူရှင်း၏ အပြုအမူကြောင့် စိတ်လှုပ်ရှားသွားကြသည်။ လိန်ယန်နှင့် လိန်ရှီးက သူ့ကို ကြည့်ကာ သွေးများ ဆူပွက်လာကြသည်။ သူတို့က ယခုလေးတင် တော်ဝင်ယန်မိသားစု၏ အနိုင်ကျင့်မှုကြောင့် သေမလောက် ဒေါသထွက်နေခဲ့ကြရသည်။

“ဘယ်လောက်စိတ်ဝင်စားဖို့ ကောင်းလိုက်သလဲ။” မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က ကျိတ်ရယ်လိုက်သည်။ လက်စားချေခြင်းဟူသည်မှာ စိတ်အေးအေးထားပြီး စောင့်ဆိုင်းခြင်းက အကောင်းဆုံးဖြစ်ကြောင်း ပြောကြသော်လည်း ရီဖူရှင်းက အလုပ်ရှုပ်ခံပြီး စောင့်ဆိုင်းမနေချင်ပုံပင်။

ယန်တုန်းရန်က ရွေးချယ်စရာမရှိဘဲ ရီဖူရှင်း၏ စိန်ခေါ်မှုကို လက်ခံလိုက်ရသည်။ ရီဖူရှင်းက သူ့ထက် ကျင့်ကြံဆင့်နိမ့်နေရာ ယန်တုန်းရန်မှာ ငြင်းပယ်ရန် ဆင်ခြေမရှိပေ။

သူ လက်လျှော့လိုက်၍ ရနိုင်ပါသလား။

ရှေးဟောင်းတော်ဝင် ယန်မိသားစုက အရှက်ကွဲရပေလိမ့်မည်။ လူတိုင်းသည် ယခု ဖြစ်ခဲ့သော အဖြစ်အပျက်အား မြင်တွေ့ခဲ့ကြသည်။

သူ့ထံ၌ လွတ်လမ်းဟူ၍ မရှိပေ။

ယန်တုန်းရန်သည် ဖိအားများဖြင့် လမ်းစဉ်တိုက်ပွဲစင်မြင့်သို့ လျှောက်လာခဲ့သည်။ သူက ရီဖူရှင်းအား အန္တရာယ်ရှိသော အကြည့်တို့နှင့် ကြည့်လိုက်သည်။ မည်သည့် စကားမှ မဆိုဘဲ သူ၏ ခန္ဓာကိုယ်မှ အံ့သြထိတ်လန့်ဖွယ် အရှိန်အဝါတို့ကို ထုတ်လွှတ်လိုက်သည်။ နဂါးတေးသွားအသံတို့ ထွက်ပေါ်လာပြီး ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ် နဂါးများစွာ ပေါ်ပေါက်လာသည်။

ထိုအခိုက်အတန့်၌ လမ်းစဉ်တိုက်ပွဲစင်မြင့်ထက်တွင် ခမ်းနားထည်ဝါမှုတို့နှင့် တောက်ပနေတော့သည်။ ထို့နောက်မှသာ လူအများသည် ယန်တုန်းရန်သည်လည်း ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ ချို့ယွင်းချက်ကင်း နတ်ဝင်ရိုးနှင့် ထူးချွန်သော တန်ခိုးရှင်တစ်ယောက် ဖြစ်ကြောင်း အမှတ်ရလိုက်ကြသည်။ သူတို့သည် သူ့ပြိုင်ဘက် ငွေရောင်ဆံပင်နှင့် ကျင့်ကြံသူ၏ တည်ရှိမှုကြောင့် ယန်တုန်းရန် မည်မျှ အစွမ်းထက်ကြောင်း မေ့သွားခဲ့ကြသည်။

နတ်အလင်းတို့က လမ်းစဉ်တိုက်ပွဲစင်မြင့်ထက် တောက်ပလာသည်။ လူတိုင်း၏ အကြည့်အောက်တွင် လမ်းစဉ်တိုက်ပွဲစင်မြင့်သည် သန်းချီသော ကြယ်များစွာ လှည့်ပတ်နေသည့် ကြယ်စင်နယ်မြေအဖြစ် ပြောင်းလဲသွားသည်။

နဂါးတေးသွားအသံသည် ထိုနေရာတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်၏။ သို့သော် ကြယ်များမှ မရေတွက်နိုင်သော ကြယ်ကျောက်တုံးများ မြင့်တက်လာကာ ဗုဒ္ဓအလင်းရောင် ထွက်ပေါ်လာပြီး အသံလှိုင်းစွမ်းအားကို ထုတ်လွှတ်ပေးနေသည်။ ၎င်းမှာ မိစ္ဆာနှိမ်နင်းဓမ္မတေးသံပင် ဖြစ်၏။ အသံလှိုင်းစွမ်းအားနှစ်ခုက အချင်းချင်း ထိပ်တိုက်တွေ့ဆုံကာ မဟာလမ်းစဉ်ကို လှိုင်းထသွားစေသည်။

“ဘယ်လောက် ကြောက်ဖို့ကောင်းလိုက်တဲ့ မဟာလမ်းစဉ်သီးခြားနယ်မြေလဲ။” လူတိုင်း၏ မျက်လုံးများက သူတို့ပေါ် ကျရောက်နေသည်။ တုန်းဟွာကျောင်းတော်မှ ခုန်းရှောင်းသည်လည်း တင်းမာသော မျက်နှာနှင့် ရှိနေခဲ့သည်။ ၎င်းက သူ ယခင်က ရှုံးနိမ့်ခဲ့ရသည့် အကြောင်းရင်းပင် ဖြစ်သည်။

မဟာလမ်းစဉ်နယ်မြေသည် အရှိန်အဟုန်နှင့် ကြီးမားကျယ်ပြန့်လာပြီး လမ်းစဉ်တိုက်ပွဲစင်မြင့်ကို လွှမ်းခြုံသွားသည်။ ၎င်းက ရွှေရောင်နဂါးများကို ဖယ်ထုတ်ကာ နေရာတစ်ခုလုံးကို ထိန်းချုပ်ထားသည်။

“ကြည့်ရတာ ဆေးအင်ပါယာက သူ့ကို တိတ်တိတ်လေး တပည့်အဖြစ် အသိအမှတ်ပြုခဲ့ပုံပဲ။” အင်ပါယာယန်က အေးစက်စွာ ပြောလိုက်သည်။ ရီဖူရှင်း၏ မဟာလမ်းစဉ်နယ်မြေမှာ လောကဖိနှိပ်ခြင်းလမ်းစဉ်မှ ပြောင်းလဲဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း သိသာပေသည်။

“ဒါပေါ့။ ဒီလို ထူးချွန်တဲ့ လူငယ်လေးကို တွေ့ခွင့်ရတာ ကျုပ်အတွက် ဝမ်းသာစရာပဲလေ။ ကျုပ် သိသမျှ သူ့ကို သင်ပေးတာပေါ့။ ဒါပေမယ့် ကျုပ်က ဘာလို့ သူ့ကို တပည့်အဖြစ် မှတ်ယူရမှာလဲ။” ဆေးအင်ပါယာက ပြန်ဖြေလိုက်သည်။

အင်ပါယာယန်က သရော်လိုက်၏။ ကောင်းကင်ထက်မှ မရေတွက်နိုင်သော နတ်တောင်များ ကျဆင်းလာကာ ကြယ်စင်နယ်မြေအား ပြိုကွဲသွားစေသည်။ ရီဖူရှင်းက လက်တစ်ဖက်ကို ရှေ့သို့ တွန်းကာ အရာအားလုံးကို အပိုင်းအစများအဖြစ် ပျက်စီးသွားစေသည်။

“အရမ်းအစွမ်းထက်တာပဲ။” ပရိတ်သတ်တစ်ယောက်က ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားခဲ့ကြသည်။ ရီဖူရှင်း၏ တိုက်ခိုက်မှုက ကောင်းကင်ကို ထိုးတက်သွယးသည်။ ယန်တုန်းရန်က သူ့ကိုယ်သူ ကာကွယ်ရန် အကောင်းဆုံး ကြိုးစားခဲ့သော်လည်း သူ၏ မဟာလမ်းစဉ်က ပျက်စီးသွားခဲ့ကာ ထိုတိုက်ခိုက်မှုကို ရင်ဆိုင်နိုင်ခြင်း မရှိခဲ့ပေ။

ဘန်း… ကျယ်လောင်သော အသံနှင့် မဟာလမ်းစဉ် လက်ဝါးက ကောင်းကင်မှ ကျဆင်းလာကာ ယန်တုန်းရန်၏ ခန္ဓာကိုယ်ကို ရိုက်မိသွားသည်။ ယန်တုန်းရန်သည် လမ်းစဉ်တိုက်ပွဲစင်မြင့်ထက်မှ ပြုတ်ကျလာကာ သွေးတို့ အန်ထုတ်လိုက်ရ၏။ သူက အသက်မျှင်းမျှင်းသာ ရှူနိုင်တော့သည်။

တိုက်ခိုက်မှုတစ်ခု…

လူအုပ်ကြီးက ထိတ်လန့်တုန်လှုပ်သွားသည်။ ယန်တုန်းရန်က အစွမ်းထက်တန်ခိုးရှင်တစ်ယောက် ဖြစ်သော်လည်း ရီဖူရှင်းထံမှ တိုက်ခိုက်မှုတစ်ချက်ကိုပင် လက်မခံနိုင်ချေ။ ရီဖူရှင်းက ယန်တုန်းရန်ကို အနိုင်ကျင့်စော်ကားရန် သူ၏ ခွန်အားအပြည့်အဝကို ထုတ်ဖော်ခဲ့သည်။

ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ တန်ခိုးရှင်များက ဒေါသထွက်စွာနှင့် လမ်းစဉ်တိုက်ပွဲစင်မြင့်ထက် ရပ်နေသော ရီဖူရှင်းအား ကြည့်လိုက်သည်။ သူက သူတို့အား အဆုံးစွန်ထိ တွန်းအားပေးနေပေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset