အောက်ခြေရှိ ရန်ဟောင်များက အနည်းငယ် အံ့အားသင့် တုန်လှုပ်သွားခဲ့ကြသည်။ နယ်မြေသခင်၏ အကြည့်များက တုန်းဟွာနန်းတော် စင်မြင့်အောက်ခြေရှိ အဖွဲ့ဆီသို့ ကျရောက်သွားသည်။ ထို့နောက် သူက ပြောလိုက်၏။ “ခင်ဗျားတို့တွေ သူတို့ကို မှတ်မိမယ်ထင်တယ်။ တုန်းဟွာကျောင်းတော်ရဲ့ ကျင့်ကြံသူ နင်ဟွာ၊ နတ်မိမယ်ထိုက်ဟွာ၊ မြူနှင်းဝေနတ်နန်းတော်က နတ်မိမယ်တွေနဲ့ တခြားအင်အားစုတွေက ‘ပျက်စီးခြင်း’၊ ကျန်းယွဲ့လီ၊ ကျုံးချန် စတဲ့ အကောင်းဆုံး မျိုးဆက်သစ်လေးတွေပဲလေ။ ကျုပ်တောင်မှ သူတို့ကို ကြားဖူးတယ်ဆိုတော့ သူတို့က တကယ် ကျော်ကြားတာပဲ။”
လူအများက ပြုံးလိုက်ကြသည်။ နယ်မြေသခင်က စနောက်သောအသံနှင့် ပြောနေသည်မှာ သိသာပေသည်။ သူက အလွန် သာမန်ဆန်ကာ သူအများ၏ သူ့အပေါ် လေးစားနှစ်သက်မှုကို တိုးတက်လာစေသည်။
အမှန်တကယ်ပင် နင်ဟွာ၊ ကျန်းယွဲ့လီတို့၏ အမည်ကို ယခင်က လူတိုင်း ကြားဖူးကြသည်။ ထပ်ပြောရလျှင် နတ်မိမယ်ထိုက်ဟွာ၊ ဓားအင်ပါယာလျှို့နျန်၊ ချင်းချင်း၊ လင်းဟယ် နှင့် တုန်းဟွာကောင်းကင်မှ အခြားရန်ဟောင်များ၏ အမည်ကို သူတို့ ကြားဖူးကြပေသည်။
“ခင်ဗျားတို့လည်း သူတို့ရဲ့ ခွန်အားကို သိချင်ပြီး ယှဉ်ပြိုင်ကြည့်ချင်လိမ့်မယ်ဆိုတာ သေချာတယ်။ ဒီနေ့ ကျုပ်က ပြိုင်ပွဲလေးတစ်ခုလုပ်ပေးမယ်။ ခင်ဗျားတို့ ဘယ်သူ့ကို စိန်ခေါ်ပြီး ယှဉ်ပြိုင်ချင်သည်ဖြစ်စေ စိတ်ကြိုက်ရွေးချယ်လို့ ရတယ်။ သူတို့ လက်ခံရလိမ့်မယ်။ ကျုပ်တို့လို အဖိုးကြီးတွေက တုန်းဟွာနယ်မြေရဲ့ မျိုးဆက်သစ်တွေထဲမှာ သူတို့ရဲ့ အရည်အချင်းတွေကို ထုတ်ဖော်မပြသရသေးတဲ့ မျိုးဆက်သစ်လူငယ် ဘယ်လောက်များများ ရှိလဲဆိုတာ ကြည့်ကြရအောင်။ သူတို့ကို အနိုင်ယူနိုင်ခဲ့ရင်တော့ အကောင်းဆုံးမြင်ကွင်း ဖြစ်လာမှာပဲ။” ထို့နောက် နယ်မြေသခင်က အပြုံးနှင့် ပြောလိုက်သည်။ “မင်းတို့သာ သူတို့ကို အနိုင်တိုက်နိုင်သရွေ့ သူတို့အင်အားစုတွေက မင်းတို့ကို လက်မခံရင်တောင် ကျုပ်တို့ နယ်မြေသခင် အိမ်တော်က လက်ခံပေးမှာ။ ထပ်ပြောရရင် ဆုတစ်ခုလည်း ရှိလိမ့်ဦးမှာ။ ဘယ်လောက်ကောင်းလိုက်သလဲ။”
လူအများက ပြုံးလိုက်သည်။ အများစုက ၎င်းကို အလွန် မျှော်လင့်ထားကြပေမယ့် သွားရန် ခက်ခဲပေသည်။
နယ်မြေသခင် ပြောသလိုပင် ကျင့်ကြံခြင်းလောက၏ မည်သည့် ရန်ဟောင်အတွက်မဆို ထိပ်သီးအဆင့် ပါရမီရှင်များနှင့် ယှဉ်ပြိုင်ရန် အခွင့်အရေးဟူသည်မှာ စိတ်လှုပ်ရှားဖွယ်ပင် ဖြစ်သည်။ သို့သော်လည်း ထိုသို့သော အခွင့်အရေးမျိုးက အလွန်ရှားပါးပေသည်။ ယခု ထိုပါရမီရှင်များအားလုံးက တစ်နေရာတည်းတွင် စုစည်းနေကြသည်။ သူတို့က သတ်မှတ်ထားသော နေရာတွင် ထိုင်နေကြပြီး ကျင့်ကြံသူများက သူတို့ ယှဉ်ပြိုင်လိုသော သူကို ရွေးချယ်နိုင်ကြပေသည်။ ၎င်းက တစ်သက်မှာတစ်ခါရနိုင်သော အခွင့်အရေး ဖြစ်သည်။ သူတို့က နင်ဟွာကိုပင် စိန်ခေါ်နိုင်ကြသည်။
လူအများက အလွန် စိတ်လှုပ်ရှားနေကြပေသည်။
နယ်မြေသခင်က အောက်ဘက်တွင် ထိုင်နေသော ထိုလူအုပ်ဆီသို့ အကြည့်များရွှေ့ကာ မေးလိုက်သည်။ “ဘယ်သူမှ မကန့်ကွက်ကြဘူးမလား။” သူတို့က ခေါင်းညိတ်လိုက်သည်။ ထို့နောက် တုန်းဟွာကျောင်းတော်မှ တစ်ယောက်က ပြောလိုက်သည်။ “တုန်းဟွာစားသောက်ပွဲက အခမ်းအနားကြီးတစ်ခုပဲ။ တုန်းဟွာနယ်မြေရဲ့ နာမည်ကြီးတွေနဲ့ တွေ့ခွင့်ရတာကိုက အတော်လေး အံ့သြဖို့ကောင်းနေပြီ။ အခု နယ်မြေသခင်ပြောသလိုဆို ကျုပ်တို့အတွက် ကျိန်းသေ အကောင်းဆုံးဖြစ်လာလိမ့်မယ်။”
တုန်းဟွာနယ်မြေ၏ အာဏာအရှိဆုံး ပုဂ္ဂိုလ်က ထိုသို့သော ပြောလာနေပြီ ဖြစ်သည်။ ဂျူနီယာများအနေနှင့် မည်သူကမှ ငြင်းပယ်လိမ့်မည် မဟုတ်ပေ။ နင်ဟွာသည်လည်း လူတိုင်းကဲ့သို့ပင် ထိုနေရာ၌ ထိုင်နေခဲ့သည်။
“သူတို့ ပြီးသွာတဲ့အခါ မင်းတို့ အချင်းချင်း စိန်ခေါ်ကြမယ်ဆိုလည်း ရတယ်။ ကျင့်ကြံဆင့်မြင့်တဲ့သူက ကျင့်ကြံဆင့်နိမ့်တဲ့သူကို တမင်သက်သက် စိန်ခေါ်တာ မဟုတ်သရွေ့ စိန်ခေါ်မှုကို ငြင်းပယ်တာကို ခွင့်မပြုဘူး။” နယ်မြေသခင်က အပြုံးနှင့် ပြောလိုက်သည်။ သူက ပြောလိုက်ပြီး အောက်ဘက်မှ လူစုကို ကြည့်လိုက်သည်။ “ဒါပေမယ့် ကြိုတော့ပြောထားရဦးမယ်။ ဒါက ပညာဖလှယ်တဲ့ ယှဉ်ပြိုင်ပွဲပဲဖြစ်တာကြောင့် တော်သင့်ရုံပဲ လုပ်သင့်တယ်။ အသက်အန္တရာယ်ဖြစ်စေတာမျိုးကို ခွင့်မပြုဘူး။ ဒါပေမယ့်လည်း ဒါက လမ်းစဉ်တိုက်ပွဲပဲ ဖြစ်တာကြောင့် မင်းတို့ရဲ့ အဆင့်နဲ့ တစ်ခါတစ်လေ ခွန်အားကို ထိန်းချုပ်ဖို့ ခက်ခဲကြတတ်ကြတယ်။ အထူးသဖြင့် တိုက်ပွဲပြင်းထန်နေချိန်မှာပေါ့။ သတိလေးတစ်ချက်မမူမိတာနဲ့ ထိခိုက်ဒဏ်ရာတွေ ရသွားနိုင်တယ်။ ပြီးတော့ ကိုယ်ပိုင်ဒေါသစိတ်လေးတွေလည်း ရှိကြတယ်။ မင်းတို့ရဲ့ ခွန်အားက အရမ်းကွာဟနေပြီး သူတို့ကို စိတ်တိုအောင် လုပ်မိရင် ဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူး။ ဒီလမ်းစဉ်တိုက်ပွဲရဲ့ အကျိုးဆက်ကို မင်းတို့ ကိုယ့်ဘာသာ ခံယူနိုင်ရမယ်။”
သူတို့က ခေါင်းညိတ်လိုက်ကြသည်။ ပုံမှန်အားဖြင့် သူတို့က ၎င်းကို သိရှိပြီးသား ဖြစ်လေသည်။
ရန်ဟောင်များက ယနေ့ ဤနေရာ၌ စုဝေးနေကြသည်။ လူတိုင်းက တိုက်ခိုက်ကြလျှင် မည်မျှ အချိန်ယူရလိမ့်မည်နည်း။ ၎င်းက နှစ်ပေါင်းငါးဆယ်နေမှ တစ်ကြိမ် ကျင်းပသည့် အခမ်းအနားဖြစ်ပြီး နယ်မြေသခင်က ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ သူက လူတိုင်းကို ဖော်ပြစေလိုသော်လည်း အမှန်တကယ်၌ လူတိုင်း ပါဝင်လိမ့်မည် မဟုတ်ပေ။ သူတို့က ကိုယ့်အကန့််သတ်ကိုယ် သိသင့်ပေသည်။
ယှဉ်ပြိုင်သူများထဲ တစ်စုံတစ်ယောက်က အလွန်အားနည်းနေလျှင် သူတို့က လူတိုင်း၏ အချိန်ကို ဖြုန်းနေသလိုသာ ဖြစ်ပေလိမ့်မည်။
“ဒါဆို ကောင်းပြီ။ စကြရအောင်။” နယ်မြေသခင်က ခေါင်းမော့ကာ ကြည့်လိုက်သည်။ ထို့နောက် ချက်ချင်းပင် ကောင်းကင်မှ နတ်အလင်းတန်းများ ကျဆင်းလာသည်။ ၎င်းကို လိုက်ကာ နယ်မြေသခင်အိမ်တော်မှ အလင်းတန်းတစ်ခု ထိုးထွက်လာ၏။ ကောင်းကင်မှ ကျဆင်းလာသည့် အလင်းတန်းများ ဖြန့်ကျက်လာကာ နဂါးငွေ့တန်းတစ်ခုကဲ့သို့ ဖြစ်ပေါ်လာသည်။ ယင်းက နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ဘုံကိုးဆင့်ကောင်းကင်နှင့် ဆက်သွယ်သွားသည်။
ဘုန်း…
ကျယ်လောင်သော အသံကြီးတစ်ခုကို ကြားလိုက်ရသည်။ ထို့နောက် လူတိုင်းက နတ်ရတနာတစ်ခုအား မြင်လိုက်ကြရသည်။ ၎င်းသည် လမ်းစဉ်တိုက်ပွဲစင်မြင့်ထက် မျောလွင့်ခဲ့သည်။ ထို့နောက် လေဟာနယ်သီးခြားနယ်မြေတစ်ခုကို ဖန်တီးလိုက်သည်။ ထိုနေရာတွင် တံခါးလေးခုရှိပြီး တစ်စုံတစ်ယောက်က အတွင်းသို့ ဝင်သွားသည့်အခါ သူတို့၏ ခွန်အားကို အပြည့််အဝ အသုံးချဖော်ပြနိုင်မည့် သီးခြားနယ်မြေတစ်ခုသို့ ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။
“မင်းတို့ ကိုယ့်အရည်အချင်းကိုယ် အပြည့်အဝ ဖော်ပြလို့ရတယ်။ ကျုပ်တို့က ကြည့်ရှုလေ့လာရုံပဲ။ ဝင်စွက်ဖက်မှာ မဟုတ်ဘူး။” နယ်မြေသခင်က အပြုံးနှင့် ပြောလိုက်သည်။ သူက တုန်းဟွာနန်းတော်မှ အခြားသူများကို ကြည့်လိုက်သည်။ “ကျုပ်တို့အတွက် ဒီလို တွေ့ဆုံစုစည်းရတာ ရှားပါးတယ်။ ကျုပ်တို့ လူအိုကြီးတွေ ဒီနေရာမှာ ရောက်နေတယ်ဆိုတော့ သေရည်လေးသောက်ရင်း လူငယ်တွေရဲ့ တိုက်ခိုက်မှုကို ကြည့်ရင် ဘယ်လိုလဲ။”
“ကောင်းသားပဲ။” အင်ပါယာရှီက ရယ်မောရင်း ပြန်ဖြေလိုက်သည်။ သူသည်လည်း တုန်းဟွာနယ်မြေမှ မျိုးဆက်သစ်များ၏ ကျင့်ကြံဆင့်ကို မြင်တွေ့လိုသည့်အတွက် ထိုအစီအစဉ်က သက်သောင့်သက်သာ ရှိပြီး ကောင်းမွန်လှသည်။ သူသည် လိပ်နတ်ဘုရားကျွန်းစုတွင် အချိန်ကြာမြင့်စွာကတည်းက ကျင့်ကြံနေခဲ့ပြီး နောက်ဆုံးတွင် နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့သည်။ ယခု သူ၏ စိတ်အခြေအနေက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သူက အနာဂတ်တွင် ဒုတိယနတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်နိုင်ခြင်း မရှိသည်လည်း ဖြစ်နိုင်သည်။ သူက နတ်ဘုရားကပ်ဘေးအတွင်း သေချင်သေသွားနိုင်ပေသည်။ ထို့ကြောင့် အနည်းငယ် ပျင်းရိစွာ နေထိုင်ခြင်းက မည်သည့်အတွက် မဖြစ်နိုင်ရမည်နည်း။
“လာသောက်” နယ်မြေသခင်နင်က ရယ်မောကာ သူ့ ခွက်ကို မြှောက်ရင်း ပြောလိုက်၏။ “ခန့်မှန်းကြည့်ရအောင်။ ပထမဆုံး ဘယ်သူက ပထမဆုံး စိန်ခေါ်ခံရမလဲဆိုတာ။”
“ကျုပ် ခန့်မှန်းမိတာတော့ နင်ဟွာဖြစ်လိမ့်မယ်။” လင်းရှောင်နန်းတော်သခင်က ပြောလိုက်သည်။ သူက ဆက်ပြောလိုက်၏။ “နင်ဟွာက တုန်းဟွာနယ်မြေတခွင်မှာ အရမ်း ကျော်ကြားတယ်။ လူတိုင်းက သူ့နာမည်ကို ကြားဖူးကြတယ်။ သူ့ကို ဘယ်သူမှ မယှဉ်နိုင်ရင်တောင် သူက အရင်ဆုံး စိန်ခေါ်ခံရသူ ဖြစ်လိမ့်မယ်လို့ ကျုပ် ထင်တယ်။”
“အဲဒါ ဖြစ်နိုင်တယ်။” ဓားနတ်မိမယ်က ခေါင်းညိတ်ကာ မှတ်ချက်ပြုလိုက်သည်။
“မြူနှင်းဝေနတ်နန်းတော်က နတ်မိမယ်ကလည်း ပထမဆုံး စိန်ခေါ်ခံရသူ ဖြစ်နိုင်တာပဲ။ နတ်နန်းတော်က နတ်မိမယ်ရဲ့ အရည်အချင်းနဲ့ လှပတင့်တယ်မှုကို မျက်မြင်မတွေ့ချင်တဲ့သူ ဘယ်သူရှိမှာလဲ။” ရှေးဟောင်းတော်ဝင် ကျန်းကလန်မှ ခေါင်းဆောင်က ပြောလိုက်သည်။
“ဘာလို့ နတ်မိမယ်ထိုက်ဟွာ မဖြစ်နိုင်ရမှာလဲ။” ဓားနတ်မိမယ်က မေးလိုက်သည်။ ထို့နောက် သူမက ဆက်လက်ကာ ပြောလိုက်သည်။ “သူမက ထိုက်ဟွာကောင်းကင်အရှင်ရဲ့ သမီးပဲ။ သူမရဲ့ အလှက ပြိုင်ဘက်ကင်းပြီးတော့ နတ်တေးသွားသံစဉ်ကို ကျွမ်းကျင်တယ်။ သူမနဲ့ ယှဉ်မတိုက်ချင်တဲ့သူ ဘယ်သူ ရှိပါ့မလဲ။”
“ဖြစ်နိုင်ပါတယ်။” ကျန်းကလန်ခေါင်းဆောင်က ပြောလိုက်သည်။
“ဒီ လူအိုကြီး တစ်ခါကြားဖူးတာတော့ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က ရီလျှို့နျန်လို့ခေါ်တဲ့ လူငယ်လေးတစ်ယောက်က တုန်းဟွာကောင်းကင်အတွင်းမှာ အတော်လေး ကျော်ကြားနေတယ်။ ကျုပ် စဉ်းစားကြည့်တာတော့ သူပဲ ဖြစ်လိမ့်မယ် ထင်တယ်။” အင်ပါယာရှီက ပြောလိုက်သည်။
“အင်ပါယာရှီက တုန်းဟွာကောင်းကင်မှာ ဘာတွေဖြစ်နေသလဲ သိမယ်လို့ မထင်ထားဘူး။” နယ်မြေသခင်နင်က ရယ်ရယ်မောမောနှင့် ပြောလိုက်သည်။
“တကယ်ပဲ ကျုပ်လည်း နယ်မြေသခင်အိမ်တော်မှာ ဒီတလော ဓားအင်ပါယာလျှို့နျန်ရဲ့ နာမည်ကို ကြားဖူးတယ်။ သူ့ရဲ့ မဟာလမ်းစဉ် နတ်ဝင်ရိုးက နင်ဟွာထက် မနိမ့်ဘူးတဲ့။”
“တုန်းဟွာကျောင်းတော်က တုန်းဟွာကောင်းကင်ရဲ့ ကျင့်ကြံခြင်းနယ်မြေတစ်ခုပဲ။ ရီလျှို့နျန်က တုန်းဟွာကျောင်းတော်မှာ နာမည်ရလာအောင် လုပ်နိုင်ခဲ့တယ်။ အဲဒါကြောင့် တုန်းဟွာကျောင်းတော်က တပည့်တွေ သူ့ကို ပထမဆုံး စိန်ခေါ်လိမ့်မယ်လို့ ကျုပ် ထင်မိတာပဲ။” နန်ဟွာကလန်ခေါင်းဆောင်က ပြောလိုက်သည်။
ထိုအခိုက်အတန့်တွင် ထိုထိပ်သီးပုဂ္ဂိုလ်များ အားလုံးက ရှိန်လောက်စရာ ပုံစံများ ရှိမနေကြပေ။ သူတို့က ပေါ့ပေါ့ပါးပါး အမူအရာနှင့် စစနောက်နောက် ဆွေးနွေးနေကြသည်။ သူတို့က တုန်းဟွာနယ်မြေအတွင်း အထွတ်အထိပ်တွင် ရပ်တည်နေသော သူများဟု မထင်မှတ်ကြရပေ။
အောက်ဘက်မှ ကျင့်ကြံသူများက သူတို့၏ ခေါင်းများကို မော့ကာ တုန်းဟွာနန်းတော်အထက်သို့ မော့ကြည့်လိုက်သည်။ ထိုမြင်ကွင်းမှာ သူတို့အတွက်လည်း မြင်ရခဲလှပေသည်။ ထိုသည်မှာ သူတို့အတွက် ယင်းပုဂ္ဂိုလ်ကြီးများနှင့် အနီးကပ်ဆုံးမြင်ရသည့် အခိုက်အတန့်ဖြစ်ကာ ထိုပုဂ္ဂိုလ်ကြီးများ ပေါ့ပေါ့ပါးပါး ရယ်မောပြောဆိုနေသည်အား နောက်တစ်ခါ မြင်တွေ့ခွင့် ရနိုင်ချင်မှ ရနိုင်ပေလိမ့်မည်။
ထိုအချိန်တွင် ပထမဆုံး ရန်ဟောင်တစ်ယောက်က လမ်းစဉ်တိုက်ပွဲအပေါ်သို့ ရောက်လာခဲ့သည်။ ထိုသူက အလယ်အလတ်အဆင့် ရန်ဟောင်တစ်ပါး ဖြစ်သည်။
“အဲဒါက တုန်းဟွာကောင်းကင် ယန်မိသားစုက ယန်ချင်းဖုန်းပဲ။” တစ်စုံတစ်ယောက်က ထိုသူကို သတိပြုမိလိုက်သည်။ တုန်းဟွာကောင်းကင်၏ မိသားစုတစ်ခုမှ ဒေသခံကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
“ရှေးဟောင်းတော်ဝင် ယန်မိသားစုရဲ့ မိသားစုခွဲတစ်ခုပဲ။ တုန်းဟွာကောင်းကင်နဲ့ ဆက်သွယ်ထားတဲ့ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ရဲ့ အာကာသခရီးသွားဝင်္ကပါကို လိန်မိသားစုမှာ တည်ဆောက်ထားတယ်။ တခြားတစ်ဖက်မှာ ရှေးဟောင်းတော်ဝင် ယန်မိသားစုရဲ့ ဆက်သွယ်ရေးက ယန်မိသားစုမှာ ရှိတယ်။” ကောင်းကင်ဓား လိန်ခွမ်ရှန်းက စင်ပေါ်တက်လာသည့် လူအား ကြည့်နေသော ရီဖူရှင်းကို အသံပို့လွှတ်ကာ ပြောလိုက်သည်။ ရှေးဟောင်းတော်ဝင် ယန်မိသားစုကလည်း မိသားစုခွဲရှိသည်လား။
မည်သို့ပင်ဖြစ်စေ ထိပ်တန်း ရှေးဟောင်းတော်ဝင် မိသားစုအနေနှင့် သူတို့၏ မိသားစုဝင်တစ်ယောက်က အပြင်၌ မိသားစုအခွဲတစ်ခု ထူထောင်သည်မှာ မထူးဆန်းပေ။
ယန်ချင်းဖုန်းက လမ်းစဉ်တိုက်ပွဲအထက်တွင် မျောလွင့်နေသည်။ သူသည် တုန်းဟွာနန်းတော်အပြင်ဘက် စင်မြင့်အောက်သို့ ကြည့်ကာ ခေါင်းကို မော့လိုက်သည်။ နောက်ဆုံး၌ သူသည် တုန်းဟွာကျောင်းတော်မှ ကျင့်ကြံသူများထံ ကျရောက်သွားသည်။ သူက ပြောလိုက်သည်။ “တုန်းဟွာကောင်းကင် ယန်မိသားစုက ယန်ချင်းဖုန်း။ ကျုပ် တုန်းဟွာကျောင်းတော် တပည့် လိန်ချင်းဟန်နဲ့ ယှဉ်ပြိုင်ဖို့ ဆန္ဒရှိတယ်။ လမ်းညွှန်ပေးဖို့ မျှော်လင့်ပါတယ်။”
တုန်းဟွာကျောင်းတော်မှ တပည့်တစ်ယောက်က ပထမဆုံး စိန်ခေါ်ခံရသူ ဖြစ်မည်ဟု တစ်စုံတစ်ယောက်က ခန့်မှန်းခဲ့သည်။ သို့သော် လိန်ချင်းဟန်က ပထမဆုံး စိန်ခေါ်ခံရသူ ဖြစ်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ကြပေ။ အမှန်တကယ်တွင် လိန်ချင်းဟန်၏ အမည်က တုန်းဟွာကျောင်းတော်တွင် နာမည်ကျော်ခြင်း မရှိချေ။ သူမက အကျော်ကြားဆုံး မဟုတ်သည်မှာ သေချာပေသည်။
သို့သော်လည်း တုန်းဟွာကျောင်းတော်သို့ ဝင်ရောက်ကျင့်ကြံနိုင်သူများက အရည်အချင်း ရှိကြောင်း သက်သေပြပြီး ဖြစ်သည်။ သူတို့၏ ခွန်အားကို မေးခွန်းထုတ်စရာ မလိုပေ။
လိန်မိသားစုမှ လူများ၏ မျက်နှာထက် ဇဝေဇဝါ အမူအရာတို့ ဖြစ်ပေါ်လာသည်။ သူတို့ထဲက မည်သူကမှ ပထမဆုံးစိန်ခေါ်ခံရသူသည် လိန်ချင်းဟန် ဖြစ်လိမ့်မည်ဟု ထင်မထားခဲ့ကြပေ။ သိသာစွာပင် ယန်ချင်းဖုန်းက သူမအား တမင်သက်သက် ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
တုန်းဟွာနန်းတော်မှ လူအများက သူ့တို့၏ ခေါင်းများကို ငုံ့ကာ အောက်သို့ ကြည့်လိုက်ကြသည်။ အခြေအနေကို နားလည်သော သူများက အင်ပါယာယန်ကို ကြည့်လိုက်ကြသည်။
ထိုသည်က ရှေးဟောင်းတော်ဝင် ယန်မိသားစုနှင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကြားမှ ရန်ငြိုးအာဃာတကြောင့် ဖြစ်နိုင်သလား။
ရန်ငြိုးက ရှေးဟောင်းတော်ဝင် ယန်မိသားစုနှင့် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ စတင်လာခြင်း ဖြစ်ပေသည်။ တော်ဝင်ယန်မိသားစုနှင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က မည်သည့်အခါမှ ပြေလည်နိုင်ကြမည် မဟုတ်ပေ။ ယန်တုန်းရန်သည် ယခင်က လူများခေါ်လာပြီး ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို ရန်စခဲ့သော်လည်း ရီဖူရှင်း၏ လက်ထဲ၌ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့သည်။ ယခု ရှေးဟောင်းတော်ဝင် ယန်မိသားစု၏ မိသားစုခွဲမှ ရန်ဟောင်တစ်ပါးသည် လိန်မိသားစု တန်ခိုးရှင်အား စိန်ခေါ်နေသည်။ ထိုသည်မှာ လူအများအား အံ့အားသင့်စေမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။
သို့သော် လိန်ချင်းဟန်က တုန်းဟွာကျောင်းတော်မှ ကျင့်ကြံသူတစ်ယောက် ဖြစ်သည့်အတွက်ကြောင့် ယန်ချင်းဖုန်းက သူမကို အလွယ်တကူ အနိုင်ရလိမ့်မည် မဟုတ်ပေ။
လိန်ချင်းဟန်က ထရပ်ကာ လေထဲသို့ သွားလိုက်ပြီး လမ်းစဉ်တိုက်ပွဲစင်မြင့်ကို ဝင်ရောက်သွားခဲ့သည်။
“ဘယ်သူနိုင်လိမ့်မယ်ထင်လဲ။” နယ်မြေသခင်နင်က တုန်းဟွာနန်းတော်အတွင်း မေးလိုက်သည်။
“လိန်ချင်းဟန်က တုန်းဟွာကျောင်းတော်ရဲ့ တပည့်တစ်ယောက်မို့ အနိုင်ရဖို့ အခွင့်အရေး များတယ်။” မြူနှင်းဝေနတ်နန်းတော်မှ ဓားနတ်မိမယ်က ပြောလိုက်သည်။ လူအများက သူမကို သဘောတူကြသော်လည်း လင်းရှောင်နန်းတော်သခင်က ပြောလိုက်သည်။ “ယန်ချင်းဖုန်းကလည်း တုန်းဟွာကောင်းကင်မှာ ကျော်ကြားတယ်။ သူက အားမနည်းဘူး။ ပြီးတော့ သူက ရှေးဟောင်းတော်ဝင် ယန်မိသားစုအခွဲက ကျင့်ကြံသူတစ်ယောက်ပဲ။ ကျုပ် သိသလောက်တော့ သူ့ရဲ့ တိုက်ပွဲခွန်အားက အတော်မြင့်မားတယ်။ လိန်ချင်းဟန်က တုန်းဟွာကျောင်းတော်မှာ ကျင့်ကြံနေရင်တောင် သူမက သိပ်မကျော်ကြားဘူးလေ။ ဒါကြောင့် ဘယ်သူနိုင်မယ်ဆိုတာ ပြောဖို့ခက်တယ်။”
နယ်မြေသခင်နင်က ပြုံးလိုက်သည်။ ဤသည်က ပထမဆုံးတိုက်ပွဲဖြစ်ကာ လမ်းစဉ်တိုက်ပွဲထက်ရှိ ကျင့်ကြံသူများကလည်း သိပ်မကျော်ကြားလှပေ။ ထို့ကြောင့် ဆွေးနွေးမှုများက သိပ်မပြင်းထန်လှချေ။
အောက်ဘက်ရှိ ရီဖူရှင်း၏ အကြည့်များက တိုက်ပွဲမြေပြင်သို့ ရွှေ့ပြောင်းသွားသည်။ ရှေးဟောင်းတော်ဝင် ယန်မိသားစုသည် ပထမဆုံးတိုက်ပွဲ၌ သူတို့၏ မိသားစုအခွဲမှ တစ်ယောက်ကို စေလွှတ်ခဲ့သည်။ သူတို့က တစ်ခုခုလုပ်ရန် ကြိုးစားနေသည်လား။
လမ်းစဉ်တိုက်ပွဲစင်မြင့်ထက်တွင် တိုက်ခိုက်မည့်သူနှစ်ယောက်က မျက်နှာချင်းဆိုင်ရပ်နေကြသည်။ ထို့နောက် လိန်ချင်းဟန်၏ ခန္ဓာကိုယ်မှ အေးစက်သော အရှိန်အဝါတို့ ထွက်ပေါ်လာကာ သူမက ပြောလိုက်သည်။ “လမ်းညွှန်ပေးပါဦး။”
“လမ်းညွှန်ပေးပါဦး။” ယန်ချင်းဖုန်းကလည်း ပြန်ပြောလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်မှ လွှမ်းမိုးနိုင်စွမ်းရှိသော ရွှေရောင်နတ်အလင်းများ ဝိုးတဝါး ထွက်ပေါ်လာသည်။ မဟာလမ်းစဉ် စွမ်းအားက သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး ကြီးမားသော ရွှေရောင်နဂါးတစ်ကောင် ပေါ်ပေါက်လာသည်။ သူ၏ ခန္ဓာကိုယ်ကို ရွှေရောင်နဂါးချပ်ဝတ်က ဖုံးလွှမ်းထားကာ သူ့လက်များကို အလွန်ထက်ရှသည့် နဂါးကြေးခွံများ လွှမ်းခြုံလာပြီး သူ့ခန္ဓာကိုယ်က နဂါးတစ်ကောင်ကဲ့သို့ ပြောင်းလဲသွားကာ အလွန် အန္တရာယ်ကြီးမားပုံရလေသည်။
***