Switch Mode

အပိုင်း(၂၀၂၇)

ဧည့်ခံပွဲစကြမယ်

ကုန်းမြေသခင်ခြံဝင်း၌ မြင်ကွင်းကား စည်ကားသိုက်မြိုက်နေသည်။ ဤကား တုန်းဟွာကုန်းမြေအတွင်း၌ နှစ်ငါးဆယ်အတွင်း ပထမဆုံး အကြိမ် သည်မျှ စည်ကားခြင်းဖြစ်သည်။ တုန်းဟွာကုန်းမြေမှ အင်အားစုတိုင်း ဤပွဲကို တက်ရောက်ကြ၏။ အဆင့်နိမ့်ရန်ဟောင်များသည် အခန်းအနား၏အောက်မှသာလျှင် စောင့်ကြည့်ခွင့်ရှိ၏။

ကုန်းမြေသခင်က တုန်းဟွာနန်းတော်မှ တန်ခိုးရှင်များကိုကြည့်ကာ ပြောသည် “အားလုံး… ထိုင်ကြပါ”

အားလုံးက ခေါင်းညိတ်ကာ ကိုယ်စီ ထိုင်ခံနေရာများတွင် ထိုင်လိုက်ကြ၏။ တုန်းဟွာနန်းတော်မှ ထိုင်ခုံများမှာ အဆင့်နှင့်ခွဲခြားထားခြင်းမရှိပေ။ ထိုသို့စီစဉ်ရန်မှာ အလွန်ခက်ခဲပေမည်။

“နင်ဟွာ… အောက်ဆင်းပြီးတော့ ဧည့်သည်တွေကို ဧည့်ခံလိုက်” ကုန်းမြေခေါင်းဆောင်က သူ့နောက်မှ နင်ဟွာကို ပြောသည်။

“သမီးလည်း သွားလိုက်…” ထိုက်ဟွာကောင်းကင်အရှင်က ထိုက်ဟွာနတ်မိမယ်ကို ပြောသည်။ လက်ထောက်ကုန်းမြေခေါင်းဆောင်က ထိပ်သီးတန်ခိုးရှင်များအားလုံးကို ဧည့်ခံနေချိန်တွင် သူ့သမီး ထိုက်ဟွာနတ်မိမယ်က သည်နေရာတွင် ထိုင်နေရန် အဆင်မပြေပေ။ တခြားလူများက ဘာမှ မပြောလျှင်ပင် ဓလေ့ထုံးတန်းများကို လေးစားလိုက်နာရန် လိုပေသည်။

နင်ဟွာက ခေါင်းညိတ်ကာ ထိုက်ဟွာနတ်မိမယ်ကို ပြောသည် “နတ်မိမယ်…ကျေးဇူးပြုလို့…”

“ကျေးဇူးပဲ…” ထိုက်ဟွာနတ်မိမယ်က ခေါင်းညိတ်ကာ နင်ဟွာနောက်မှ လိုက်သွားသည်။ သူတို့က လှေကားထစ်အောက်မှ ရီဖူရှင်းတို့ရှိနေရာ ရင်ပြင်သို့ လျှောက်သွားလိုက်ကြသည်။ ထိုအခိုက်တွင် အားလုံး၏မျက်လုံးများက ပြိုင်စံရှားပါရမီရှင်နှစ်ဦးဖြစ်သော နင်ဟွာနှင့် ထိုက်ဟွာနတ်မိမယ်တို့အား ကြည့်နေကြသည်။

သူတို့နှစ်ဦးလုံးသည် တုန်းဟွာကုန်းမြေတွင် အလွန်နာမည်ကျော်ကြားသူများဖြစ်ကြ၏။ အထူးသဖြင့် နင်ဟွာကို လူအများက သိပ်မြင်ဖူးခြင်းမရှိသော်လည်း သူ့ကျော်ကြားမှုက စီနီယာများထက် မနိမ့်ပေ။ ယခု သူတို့နှစ်ယောက် ဘေးချင်းယှဉ်ရပ်နေခြင်းကို လူတိုင်းက မြင်ကြရာ သူတို့မှာ မိုးကောင်းကင်မှ တွဲဖက်သော စုံတွဲအလား လိုက်ဖက်ညီလှကြောင်း တွေးတောမိကြသည်။ သူတို့သာ လမ်းစဉ်လက်တွဲဖော်များ ဖြစ်လာပါက လူအများစိတ်ဝင်စားသော ပုံပြင်တစ်ပုဒ် ဖြစ်လာပေလိမ့်မည်။

“နတ်မိမယ်…ကျေးဇူးပြုလို့ထိုင်ပါ” နင်ဟွာက ထုံခုံတစ်နေရာကို ရွေးကာ ပြောသည်။ တခြားလူများနှင့်မတူသည်ကား ထိုက်ဟွာနတ်မိမယ်တွင် အဖော်မပါပေ။ မည်သို့ဆိုစေ ထိုက်ဟွာတောင်ကား သူမ၏အဖော် ကျင့်ကြံရာ နေရာတစ်ခုသာဖြစ်သည်။ သူတို့က အင်အားစုတစ်ခုမဟုတ်ရာ အပေါင်းအဖော် မရှိပေ။

နင်ဟွာသည်ကား တုန်းဟွာကျောင်းတော်မှ လူများထိုင်နေရာသို့ သွားထိုင်သည်။ သူ၏အဆင့်အတန်းအရ သီးသန့်ထိုင်နိုင်သော်လည်း သူသည် တုန်းဟွာကျောင်းတော်သားတစ်ဦးလည်းဖြစ်၏။

“ကျုပ်က လက်ထောက်ခေါင်းဆောင်ကို တွေ့တိုင်း စိတ်ကြေနပ်စရာ ကောင်းလှတယ်။ သူ အနာဂတ်မှာ ခင်ဗျားထက် အောင်မြင်မှာ သေချာတယ်” တခြားလူများကိုသာ ထိုသို့ ချီးကျူးပါက ကုန်းမြေသခင်က သဘောမကျဖြစ်နိုင်သော်လည်း ယခုမူ သူ့သားကို ချီးကျူးခြင်းဖြစ်ရာ တစ်ဘက်လူက သေချာပေါက် စိတ်ကြေနပ်ပေမည်။

“ကျုပ်လည်း ဒီလို မျှော်လင့်ထားတာပဲ။ ဒါပေမဲ့ အကုန်လုံးက သူ့အပေါ်မှာပဲ မူတည်နေတယ်” ကုန်းမြေသခင်က ပြုံးလျှက်ပြောသည် “သူ့အကြောင်းကို တော်လောက်ပြီ။ ဒီနေ့က တုန်းဟွာကုန်းမြေရဲ့ပထမဆုံး လူစုံတက်စုံ တွေ့ဆုံကြတာပဲ။ လူတိုင်းက ထိုက်ဟွာကောင်းကင်အရှင်ရဲ့ ရင်နှစ်သည်းချာ ရတနာကို ဒီနေ့မှာ ကံကောင်းပြီး တွေ့ခွင့်ရကြတာပဲ။ ကျုပ်က ထိုက်ဟွာကောင်းကင်အရှင်ကို ဒီလိုသမီးမျိုးရှိတဲ့အတွက် တကယ်ပဲ အားကျရတယ်”

“ခေါင်းဆောင်က ရက်ရောလွန်းနေပြီ”

တုန်းဟွာနန်းတော်မှ လူအများအပြားက ရယ်မောလိုက်ကြသည်။ ကျင့်ကြံသူများအတွက် သူတို့၏မျိုးဆက်များအား သူတို့၏ခြေရာကို ဆက်ခံစေလိုခြင်းက ပုံမှန်သာဖြစ်သည်။

“မဟာအင်ပါယာက ကောင်းကင်ဒေသကို စုစည်းပြီးနောက်မှာ ပိုထူးချွန်တဲ့လူငယ်မျိုးဆက်တွေ အဆက်မပြတ် ထွက်ပေါ်လာတာပဲ။ မကြာခင် သူတို့လေးတွေက ကျုပ်တို့ကို အစားထိုးသွားလိမ့်မယ်” ကုန်းမြေသခင်က ပြောလျှင် တခြားလူများကလည်း ခေါင်းညိတ်ကြသည်။

အင်ပါယာရှီက ပြောသည် “အမှန်ပဲ… ကောင်းကင်ဒေသစုစည်းပြီး နှစ်တစ်ရာကြာပြီးနောက်မှာ အပြောင်းအလဲတွေက သိသာလွန်းတယ်။ အနာဂတ်မှာ ပိုသာလွန်တဲ့ မျိုးဆက်သစ်တစ်ခု ဖြစ်ပေါ်လာတော့မှာပဲ”

အားလုံးက အောက်မှ လူငယ်များကို လှမ်းကြည့်ကြသည်။ မိုးကြိုးပြစ်ဒဏ်ကောင်ကင်အရှင်၏မျက်လုံးများက ရီဖူရှင်းထံသို့ ရောက်လာကာ သူ့အား ပြုံးလျှက် ခေါင်းညိတ်သည်။

မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်က သူ့အား ခေါင်းညိတ်ပြသည်ကိုမြင်လျှင် ရီဖူရှင်းက ထရပ်ကာ အနည်းငယ် ဦးညွှတ်သည်။ ကောင်းကင်အရှင်သည် သူ့အား ရိုးရှင်းသော စိတ်သဘောဖြင့် အသိအမှတ်ပြုခြင်းသာဖြစ်ကြောင်း ရီဖူရှင်းက နားလည်သည်။

အင်ပါယာရှီကလည်း ရီဖူရှင်းကို ခဏမျှ ကြည့်လိုက်ကာ အကြည့်လွှဲသွားသည်။ သူသည်လည်း ရီဖူရှင်းအား မှတ်မိပေသည်။ လိပ်နတ်ဘုရားကျွန်းစုတွင် ရီဖူရှင်းက အလွန်ကောင်းမွန်သော စွမ်းရည်အား ပြသခဲ့၏။

သို့သော်လည်း တကယ်တမ်း လူတိုင်း၏အာရုံကို ဖမ်းစားနိုင်သူကား အင်ပါယာရှီဖြစ်သည်။ သူသည် တုန်းဟွာကုန်းမြေတွင် နတ်ဘုရားကဒ်ဘေးကို ပထမဆုံး ကျော်ဖြတ်နိုင်သူဖြစ်သည်။ သူ၏လက်ရှိစွမ်းရည်သည် ကုန်းမြေသခင်နှင့်ပင် မတိမ်းမယိမ်းဖြစ်နိုင်သည်ဟု ကောလာဟလများက ဆိုသည်။

သူသည် နတ်ဘုရားကဒ်ဘေးကို ရင်ဆိုင်ရာတွင် နတ်သမုဒ္ဒရာတစ်ခုလုံးသည် မိုးကြိုးစွမ်းအားများဖြင့် ပြည့်နှက်နေခဲ့သည်ဟု ကောလာဟလများက ဆိုသည်။

ထူးခြားသည်ကား သူ၏အရှိန်အဝါနှင့် အငွေ့အသက်များမှာ ပိုမို၍ သဘာဝဆန်လာခဲ့ကာ တစ်ဘက်သားအား သက်တောင့်သက်သာဖြစ်စေသော ခံစားချက်ကိုသာပေးသည်။ ကံမကောင်းသည်ကား အင်ပါယာရှီသည် တပည့်လက်မခံတော့ပေ။

မဟုတ်လျှင် အင်ပါယာရှီ၏တပည့် ဖြစ်လာနိုင်သူ မည်သူမဆို တုန်းဟွာကုန်းမြေ၌ စွမ်းအားမြင့် ထိပ်သီးတန်ခိုးရှင်တစ်ဦး ဖြစ်လာနိုင်ပေသည်။

ထိုအချိန်တွင် ကုန်းမြေခေါင်းဆောင်က အောက်မှ လူများကိုကြည့်ကာ ပြုံးလျှက်ပြောသည် “ဒီနေ့ အင်အားစုတိုင်းက အခန်းအနားကို တက်လာကြတာမြင်တော့ ကျုပ် အတိုင်းမသိဝမ်းသာမိပါတယ်။ တုန်းဟွာကုန်းမြေမှာ နောက်ဆုံးအခန်းအနားလုပ်ခဲ့တာ နှစ်ငါးဆယ်ရှိခဲ့ပြီ။ တစ်နှစ်ပြီးတစ်နှစ် တုန်းဟွာကုန်းမြေက ပိုပြီး သန်မာလာတယ်။ ဒါကြောင့် ကျုပ်က ဒီအခွင့်အရေးကိုယူပြီးတော့ လူငယ်မျိုးဆက်တွေ ဘယ်လောက် ထူးချွန်လဲဆိုတာ သိချင်မိတယ်။ နောက်တစ်ခုက ကုန်းမြေသခင်အိမ်တော်မှာ တန်ခိုးရှင်အရေအတွက် နည်းနေပြီဖြစ်တယ်။ ဒါကြောင့် ဒီအခွင့်အရေးမှာ ကျုပ်က သင့်တော်တဲ့လူတချို့ကိုလည်း အိမ်တော်သခင်သို့ ဝင်ရောက်ဖို့ ဖိတ်ကြားသွားမှာပဲဖြစ်တယ်”

ကောင်းကင်ကိုးလွှာတွင် တန်ခိုးရှင်အများအပြားသည် ထိုစကားကို ကြားကာ စိတ်ဝင်တစား ဖြစ်သွားကြသည်။ သည်တစ်ကြိမ် အခန်းအနားတွင် ကုန်းမြေသခင်အိမ်တော်က လူတချို့ ခေါ်သွားမည်ဖြစ်သည်ကို သူတို့ ခန့်မှန်းမိပြီးဖြစ်သည်။

တစ်ဘက်တွင် ကုန်းမြေသခင်အိမ်တော်သည် မဟာအင်ပါယာ၏အထောက်အပုံရှိသော အင်အားစုတစ်ခုဟု သတ်မှတ်နိုင်၏။ ထို့ကြောင့် ကုန်းမြေသခင်အိမ်တော်သို့ ဝင်ရောက်နိုင်သူ မည်သူမဆို ပြင်ပလောကနှင့် မတူခြားနားသော ကျင့်ကြံခြင်းအဆင့်အတန်းကို ရရှိပေမည်။

တစ်ဘက်တွင် သူတို့သည် အထူးတာဝန် တချို့ကိုလည်း ထမ်းဆောင်ရပေမည်။

“မဟာအင်ပါယာက ကောင်းကင်ဒေသကို စုစည်းခဲ့တာ နှစ် ၃၀၀ ကျော် ရှိလာခဲ့ပြီ။ ဒီနှစ် ၃၀၀ ကျော်အတွင်းမှာ မဟာအင်ပါယာက ကျင့်ကြံခြင်းပညာရပ်တွေကို ထွန်းကားအောင် အမြဲအားပေးနေခဲ့တယ်။ ပရမ်းပတာခေတ်ကာလကနေ ဘေးကင်းလုံခြုံတဲ့ နယ်မြေတွေ ဖြစ်လာဖို့ ကြိုးစားခဲ့တယ်။ တစ်ဘက်မှာလည်း ပိုမိုအရည်အချင်းရှိတဲ့ တန်ခိုးရှင်တွေ ထွက်ပေါ်လာခဲ့တယ်။ အနာဂတ်မှာလည်း ကောင်းကင်ဒေသဟာ ပိုပြီး အောင်မြင်ထွန်းကားလာဖို့ ကျုပ်မျှော်လင့်တယ်”

ကုန်းမြေသခင်က ဆက်လက်၍ ပြောသည်။ သူ၏အသံက သိပ်ကျယ်လောင်ခြင်းမရှိသော်လည်း ကျယ်ပြောသော နေရာတစ်ခုလုံးမှ လူတိုင်း ကြားကြရသည်။

ကုန်းမြေသခင်ကား မဟာအင်ပါယာ၏တိုက်ရိုက်ခန့်အပ်ခြင်းခံရသူဖြစ်ရာ မဟာအင်ပါယာကို တိုက်ရိုက်ကိုယ်စားပြုသည်။ သူ၏အမိန့်တော်များကို ထမ်းဆောင်ပေးရသည်။

“ကဲ… ကျုပ်က တုန်းဟွာကုန်းမြေက တန်ခိုးရှင်တွေနဲ့အတူ တစ်ခွက်သောက်ပါ့မယ်” ကုန်းမြေသခင်က ခွက်ကို မြှောက်ကာ သောက်လိုက်သည်။ တခြားလူများကလည်း ခွက်ကိုမြှောက်ကာ သောက်ကြ၏။

ကုန်းမြေသခင်က လက်ဝှေ့ယမ်းသည်တွင် အားလုံး တိတ်ဆိတ်သွားသည်။ သူက ဆက်ပြောသည် “ဒီနေရာမှာ တုန်းဟွာကုန်းမြေက ထိပ်သီးတန်ခိုးရှင်တွေ အကုန် စုစည်းနေတယ်။ နောက်ပိုင်း ခင်ဗျားတို့ အခွင့်အရေးရရင် မင်းတို့က ထိပ်သီးတန်ခိုးရှင်တွေဆီမှာ လမ်းညွှန်မှု တောင်းခံသင့်တယ်။ ဒါက ဒီဧည့်ခံပွဲက ပေးတဲ့ အကောင်းဆုံး အခွင့်အလမ်းတစ်ခုလည်း ဖြစ်တယ်”

ထိုသို့ပြောပြီးနောက် ကုန်းမြေသခင်က တုန်းဟွာနန်းတော်သခင်ထံသို့ ခွက်မြောက်ကာ ပြောသည် “ခင်ဗျားတို့အားလုံးအတွက် တစ်ခွက်သောက်ပါရစေ…”

အားလုံးကလည်း ခွက်မြှောက်ကာ ပြောသည် “ခေါင်းဆောင်က အရမ်းရက်ရောပါပေတယ်”

သူတို့ကလည်း ကိုယ်စီ သောက်လိုက်ကြ၏။

“ခင်ဗျားတို့ထဲက တချို့ဟာ တပည့် လက်မခံဘူးဆိုပေမဲ့ ဒီဧည့်ခံပွဲဟာ တုန်းဟွာကုန်းမြေက အတော်ဆုံး ပါရမီရှင်တွေကိုလည်း ဖိတ်ကြားထားတာ ဖြစ်တယ်။ ခင်ဗျားတို့သာ စိတ်ဝင်စားရင် ဘာလို့ လက်မခံဘဲ နေမလဲ။ ကုန်းမြေသခင်အိမ်တော်က ခင်ဗျားတို့နဲ့ ယှဉ်ပြိုင်မှာ မဟုတ်ဘူး” ကုန်းမြေသခင်က ပြုံးလျှက်ပြောသည်။

သူ၏စကားက လူအများအပြားကို ဆွဲဆောင်စေသည်။ သူတို့က ကုန်းမြေသခင်အိမ်တော်ကို ဝင်ရောက်ခွင့်ရမည်သာမက ထိပ်သီးတန်ခိုးရှင်များထံတွင် တပည့်ခံရန် အခွင့်အလမ်းလည်း ရှိသေးသည်။

“ဒါပေါ့… တကယ်လို့ ထူးချွန်သူတွေ ထွက်ပေါလာတဲ့အခါ လင်းရှောင်နန်းတော်ကလည်း သေချာပေါက် သူတို့တွေကို ဖိတ်ကြားမှာပေါ့” လင်းရှောင်နန်းတော်သခင်က ပြုံးလျှက်ပြောသည်။ လင်းရှောင်နန်းတော်နှင့် ကုန်းမြေသခင်အိမ်တော်တို့သည် တုန်းဟွာနန်းတော်၌ တည်ရှိခြင်းဖြစ်သည်။ ထို့ကြောင့် ကုန်းမြေသခင်အား လင်းရှောင်နန်းတော်က သေချာပေါက် များစွာ အလေးထား ဦးစားပေးဟန်ရှိနေသည်။

“ခင်ဗျားတို့အားလုံးနောက်ကိုလိုက်ပြီး ကျင့်ကြံနိုင်တာက ကုန်းမြေသခင်အိမ်တော်ကို ဝင်တာထက် အများကြီးသာတာပေါ့” ကုန်းမြေသခင်က ပြုံးလျှက်ပြောသည်။

“သင့်တော်တဲ့ လူငယ်တွေ တွေ့ရင် မြူခိုးဝေနန်းတော်ကလည်း ခေါ်ယူပါ့မယ်” ဓားနတ်မယ်က ပြောသည်။ သို့သော်လည်း မြူခိုးဝေနတ်နန်းတော်ကို ဝင်ရန်မှာ သေချာပေါက် တင်းကြပ်ပေမည်။

ထို့နောက်တွင် ကုန်းမြေသခင်က ကြေနပ်သော အမူအရာဖြင့် ပြောသည် “ကဲ မင်းတို့အားလုံးလည်း ကြားပြီပဲ။ ဒါက ကြီးမားတဲ့ အခွင့်အလမ်းပဲ။ ဒါကို မလွဲချော်စေနဲ့…”

***

Comment

  1. htooye484 says:

    Fucking good 🤞🌚

Leave a Reply

Options

not work with dark mode
Reset