Switch Mode

အခန်း ( ၆၂၃ )

အချက်အလက်များကို ခြုံငုံစဥ်းစားကြည့်ခြင်း

စွန်းဖုန်သည် ပိုင်ရှောင်ချန်းကို အဖွဲ့နံပါတ်ကိုး တွင် နေရာချပေးလိုက်သည်။ ထို့နောက် နယ်စား သေမင်းအော်သံနှင့် လီရှူနည်းတူ သူသည်လည်း အလောတကြီး ထွက်သွားလေသည်။

အဖွဲ့နံပါတ်ကိုး ၏ ထောင်ခေါင်းသည် လက်ထောက်ထောင်မှူး စွန်းဖုန်ကို ရံဖန်ရံခါမှသာ တွေ့ရသော်လည်း သူ၏ တိုက်ရိုက် အထက်လူကြီးဖြစ်ရာ ပိုင်ရှောင်ချန်း၏အကြောင်းနှင့်ပတ်သက်၍ စကားဖြင့်မပြောလိုသော ကိစ္စတချို့ ရှိနေကြောင်း သူ အလျင်အမြန် သဘောပေါက်လိုက်သည်။

ထောင်ခေါင်းသည် အသက်လေးဆယ်ရှိဟန်တူသည့် လူထွားကြီးတစ်ယောက်ဖြစ်သည်။ ဤ ပိန်ပိန်ပါးပါး လူငယ်သည် မကြာသေးမီက နာမည်ကြီးလာသော ပိုင်မျိုးနွယ်စု သစ္စာဖောက်ဖြစ်ကြောင်း သူ ချက်ချင်း မှတ်မိလိုက်ပြီး အထူးအလေးပေးအာရုံစိုက်ရမည်ဖြစ်ကြောင်း သိလိုက်သည်။ အမှန်တွင် သူသည် သူ့လက်အောက်ရှိ အစောင့်များထံ အမိန့်များပင် ပေးပို့၍ ပိုင်ရှောင်ချန်းသည် မည်သူဖြစ်ကြောင်း ရှင်းပြလိုက်သည်။

ပိုင်ရှောင်ချန်းသည် သူ၏နာမည်ကို ပြုံးရင်း ပြောပြသောအခါ အဖွဲ့နံပါတ်ကိုး၏ ထောင်ခေါင်းနှင့် အခြားအစောင့်များ မည်သို့ တုံ့ပြန်သည်ကို မြင်လိုက်ရလေသည်။ သူတို့က သူ့ကို အကဲခတ်နေကြပြီး အလွန်တရာ မအေးစက်သော်လည်း နွေးထွေးပြူငှာစွာ ကြိုဆိုခြင်းလည်း မရှိပေ။ ပိုင်ဟောက်သည် မကြာသေးမီကမှ အလွန်တရာ နာမည်ကြီးလာသော ပြောစရာခေါင်းစီးတစ်ခု ဖြစ်လာခဲ့သောကြောင့် အနည်းဆုံးတော့ ပိုင်ဟောက်အပေါ် သူတို့အားလုံး အထင်ကြီးနေမိသည်။ သူတို့က သူသည် ကိုယ့်မျိုးနွယ်စုကိုပင် သစ္စာဖောက်ခဲ့သော ရက်စက်ကြမ်းကြုတ်သည့် လူတစ်ယောက်ဖြစ်ပြီး သူတို့ ရန်မစသင့်သည့်လူမျိုးဖြစ်ကြောင်း သိထားခဲ့ကြသည်။ သူ့ကို လူကိုယ်တိုင်မြင်ရပြီးသော် သူ့အသွင်က ကောလဟာလများနှင့် ကိုက်ညီသည့်ဟန် မတူပေ။

ပိုင်ရှောင်ချန်းမရောက်ခင်က အဖွဲ့နံပါတ်ကိုး တွင် အစောင့်ဆယ်ယောက်နှင့် ထောင်ခေါင်းတစ်ယောက်၊ စုစုပေါင်း လူဆယ့်တစ်ယောက်ရှိခဲ့သည်။ သို့သော် ယခုတွင် ဆယ့်နှစ်ယောက်ဖြစ်သွားလေပြီ။ မိန်းမသားများမရှိဘဲ အကုန်လုံးယောက်ျားသားများဖြစ်ကြပြီး အခြားအစောင့်အားလုံးသည် အမြုတေအဆင့်ကျင့်ကြံခြင်းအခြေခံနှင့် သက်လတ်ပိုင်းအရွယ်ဖြစ်သည်။

ဤကဲ့သို့ အဆင့်နိမ့် ထောင်စောင့်တစ်ဖွဲ့ပင် အလွန်စွမ်းအားကြီးနေရသည်ကို စဥ်းစားကြည့်လျှင် မိစ္ဆာအကျဥ်းထောင်က မည်မျှအရေးပါကြောင်း ဖော်ပြနေသည်။

အဖွဲ့က သူ့ကို သဘောကျဟန်မရှိကြောင်း ပိုင်ရှောင်ချန်း သိလိုက်သောအခါ အတန်ငယ် နေရထိုင်ရခက်သွားလေသည်။

သူက အဆင်ပြေသွားစေရန် ကြိုးစားနေစဥ် ထောင်ခေါင်းက အလျင်အမြန်ပင် သူ့ကို ထောင်တန်းလျားတစ်ခုမှာ နေရာချပေးလေသည်။

” နဲနဲလောက် နားလိုက်ပါဦးလား ပိုင်ဟောက်ရေ ” သူကပြောသည်။
” အမှန်က မိစ္ဆာအကျဥ်းထောင်မှာ ငါတို့ သိပ်အလုပ်မရှုပ်ဘူးကွ။ အဖွဲ့ကလဲ အခုမင်းအကြောင်းကို သိပ်မသိသေးပေမယ် နောက်ကျရင် မင်းတို့အားလုံး တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေမှာပါ ”
ထို့နောက် သူက ထွက်ခွာသွားသည်။ သူ စိုးရိမ်သလောက် အခြေအနေက ရှုပ်ထွေးလှသည်တော့ မဟုတ်ပေ။ ရှင်းထုတ်၍မရသော ရက်စက်ကြမ်းကြုတ်သည့် ပိုင်ဟောက်ကဲ့သို့ သွေးအေးလူသတ်သမားနှင့် ရင်ဆိုင်ရသောအခါ အကောင်းဆုံးအရာမှာ သူနှင့် အဆင်ပြေရန်ဖြစ်သော်လည်း အလွန်ရင်းနှီးရန်တော့ မဟုတ်ပေ။ သူ့ကို အလွန်အေးစက်စွာ မဆက်ဆံမိစေဖို့ သတိထားရန် လိုအပ်ပေသည်။

ပိုင်ရှောင်ချန်းသည် ထောင်ခေါင်းကို သဘောကျသွားလေသည်။ အနည်းဆုံးတော့ သူသည် နယ်စား သေမင်းအော်သံ သို့မဟုတ် လီရှူထက်စာလျှင် တော်သေးသည်။

သူ၏နေစရာမှာ ခုတင်တစ်လုံး၊ ထိုင်ခုံတစ်လုံးသာ ပါဝင်ပြီး ကျယ်ကျယ်ဝန်းဝန်းတော့ မဟုတ်ပေ။ ၄င်းသည် သာမန်အခန်းလေးသာဖြစ်သော်လည်း ကျောက်လိပ်ရုပ်တုကြီးနှင့် ဆက်သွယ်နေသည့် ထူးခြားပြောင်မြောက်သော မန္တန်အစီအရင်တစ်ခုရှိလေရာ ထူးခြားသော အကာအကွယ်စွမ်းအင်များရှိလေသည်။

သူက လှည့်ပတ်ကြည့်ပြီးနောက် တင်ပျဥ်ခွေထိုင်ပြီး မျက်မှောင်ကြုတ်နေသည်။

” အီး ဘယ်လောက်ရက်စက်တဲ့ ကံကြမ္မာကြီးလဲကွာ။ အခုတော့ ငါပိုင်ရှောင်ချန်းက ထောင်စောင့်ဖြစ်နေတယ်တဲ့လား ”

လွန်ခဲ့သော နှစ်ရက်က အဖြစ်အပျက်များသည် အတော်လေးရှုပ်ထွေးခဲ့သည်။ ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးက တိုက်ခိုက်ခဲ့ပြီး နယ်စား သေမင်းအော်သံ ပေါ်လာသည်။ ထို့နောက်တွင် တည်နေရာရွှေ့ပြောင်းခြင်းအစီအစဥ် ပျက်စီးသွားခဲ့ရပြီး ယခုအခါ ထောင်စောင့် ဖြစ်နေချေပြီ။

“အီး ဘာပဲဖြစ်ဖြစ်ကွာ ။ ထောင်စောင့်ဆိုလဲ ထောင်စောင့်ပေါ့။ အရေးအကြီးဆုံးက ငါအန္တရာယ်ကင်းဖို့ပဲ။ ငါ့အဖွဲ့ ငါ့ကို အကောင်းမြင်လာအောင်လဲ ငါ လုပ်ရမယ်။ သူတို့ ငါ့ကို သဘောကျလာရင် နောက်ကျ အကူညီအများကြီး ပေးရင်ပေးနိုင်မှာပေါ့ ”

” နေပါဦး။ သရဲကြီးဘုရင်က ဘာလို့ ငါ့ကိုကယ်တာလဲ စဥ်းစားလို့မရသေးဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ တော်တော်လေး အန္တရာယ်ကင်းတဲ့အခြေအနေထဲရောက်တာပေါ့။ အနည်းဆုံး တခဏပေါ့။ ဒါပေမဲ့ ဒါက ဘယ်လောက်ကြာလောက်မှာလဲ ”
သူက သက်ပြင်းချလိုက်ပြီး နောက်ဆုံးတွင် သူ၏အတွေးများသည် နတ်ဝိညာဥ်များအပေါ် ပြန်ရောက်သွားပြီး ဒေါသတကြီး အံတင်းတင်းကြိတ်လိုက်လေသည်။

” ဒါတွေအားလုံးက အဘွားကြီးဟုန်ချိန်ရဲ့အမှားပဲ။ ပြီးတော့ ချိန်ဟဲ့ထျန်။ ကဲကွာ ဘာဖြစ်ဖြစ် တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ကိုလဲ မေ့လိုက်တော့။ အကောင်းဆုံးက ငါ့ရဲ့ကျင့်ကြံခြင်းအခြေခံကို တိုးတက်အောင်လုပ်ပြီး မဟာတံတိုင်းကို ပြန်ဖို့ လမ်းရှာဖို့ပဲ။ ငါ့မှာ နတ်ဝိညာဥ်လေးခုရှိနေပြီ။ ငါလုပ်ရမှာက သတ္တုအမျိုးအစား နတ်ဝိညာဥ်ရဖို့ကျန်တော့တယ်။ ပြီးရင် ကောင်းကင်တာအို ယင်ယန်ဝိညာဥ်အဆင့်ကို တက်နိုင်မယ် ”
အကုန်လုံးပြောပြီးသောအခါ ပိုင်ရှောင်ချန်းမှာ စိတ်လှူပ်ရှားလာတော့သည်။ သူ့အနေအထားက ချောက်ကမ်းပါးစွန်းတွင်ရပ်နေရသည့်အလား။ ခြေလှမ်းတစ်ချက်မှားသွားသည်နှင့် ခွေးကျဝက်ကျ ကျသွားမည်ဖြစ်သည်။

သို့သော် ထိုအခြေအနေနှင့် ပတ်သက်၍ သူလုပ်နိုင်သည့်အရာမရှိပေ။ တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ကို ရွေးမရသောကြောင့် ကောင်းကင်တာအို ယင်ယန်ဝိညာဥ်အကြံကို လက်လျှော့ခဲ့လျှင် သူ့အသက်က နောက်ထပ် နှစ်ပေါင်းတစ်ထောင်ကျော်သာ ရှိတော့မည်။ သို့ဖြစ်လျှင် သူ၏ ထာဝရအသက်ရှည်လိုသော အိပ်မက်ကို စိတ်ကူးယဥ်ကြည့်ရန်ပင် မဖြစ်နိုင်တော့ပေ။

သူ ထာဝရအသက်ရှည်လိုလျှင် ချောက်ကမ်းပါးစွန်းတွင် လျှောက်ရမည်ဖြစ်သည်။ သူအိမ်ပြန်ချင်သည့်တိုင် အံတင်းတင်းကြိတ်၍သာ ရှေ့ဆက်လှမ်းရမည် ဖြစ်သည်။

အမှန်ဆိုရလျှင် သူ၏ အသက်နှင့်ပတ်သက်လျှင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းဖြစ်စေ၊ အဏ္ဏဝါခေါ်သံဂိုဏ်းတွင် ဖြစ်စေ၊ ရှင်းကုံကျစ်တာအိုဂိုဏ်းတွင် ဖြစ်စေ ၊ သို့မဟုတ် မဟာတံတိုင်းတွင်ပဲဖြစ်စေ သူ၏ ကျင့်ကြံခြင်းက အတော်လေး အဆင်ပြေချောမွေ့ခဲ့သည်။ မြေရိုင်းဒေသရှိ ထိုသချိုင်းထဲဝင်ရောက်ပြီးသောအခါမှသာ သူ့နောက်ကျောတွင် ဖြစ်ပေါ်လာသော သေခြင်းအရိပ်မည်းကြီးနှင့် ဘေးကျပ်နံကြပ် ကြုံလာရခြင်းဖြစ်သည်။

” သတ္တုဓာတ် နတ်ဝိညာဥ်ရတာနဲ့ ဒီလိုမျိုး ငါ့အသက်လေးကို နောက်ထပ် မစွန့်စားတော့ဘူးကွာ ”
သူသာ် စိုးရိမ်သောကရောက်လွန်းသဖြင့် ငိုချင်နေမိတော့သည်။ ယခုအချိန်တွင် နတ်ဝိညာဥ်ထက် ကမ္ဘာပေါ်တွင် သူလိုချင်သောအရာမရှိတော့ပေ။

“နတ်ဝိညာဥ် ဘယ်ကရနိုင်မလဲ၊ ပြီးတော့ သတ္တုဓာတ်လဲ ဖြစ်ရဦးမယ် ”

“သရဲကြီးဘုရင်က နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူဆိုတော့ သူ့မှာ တစ်ခုလောက်တော့ ရှိနိုင်ပေမယ့် ငါဘယ်လိုလုပ်ယူရမလဲ ”
သူက လက်သီးဆုပ်ရင်း ဖျစ်ညှစ်စဥ်းစားသော်လည်း အကြံတစ်ခုမှ ပေါ်မလာပေ။

” သရဲကြီးဘုရင်အကြောင်း နည်းနည်းပါးပါးသိပေမယ့် သိသင့်သလောက်တော့ မသိသေးဘူး။ နတ်ဝိညာဥ်သတင်းရော၊ ဘာလို့ ငါ့ကို သရဲကြီးဘုရင်ကယ်တာလဲဆိုတာတွေနဲ့ ပတ်သက်ပြီး အသေးစိတ်သတင်းတွေ ငါသိဖို့လိုတယ် ”
သူ့ မျက်လုံးများ တဖျပ်ဖျပ်တောက်ပလာရင်း ကျောက်စိမ်းပေလွှာကို ထုတ်ကာ ကျိုးရီရှင်းနှင့် လီဖုန်းကို စာပို့လိုက်သည်။

သူပထမဆုံးပြောသည့်အကြောင်းမှာ ချိန်းဆိုထားသော နေရာတွင် သူ့ကို စောင့်ရန် မလိုတော့ဘဲ သရဲကြီးမြို့တော်ကိုသာ ပြန်လာရန်ဖြစ်သည်။ ဒုတိယမှာ လီဖုန်းကို သရဲကြီးမြို့တော်နှင့် ပတ်သက်၍ သူ့ထံ အသေးစိတ်သတင်းများပေးပို့ခိုင်းလိုက်ခြင်းဖြစ်သည်။

မကြာခင် လီဖုန်းက သူ့ကို အသေးစိတ်အချက်အလက်ပေါင်းများစွာ ပြန်ပို့လာသည်။ ထိုသည်ကို ပိုင်ရှောင်ချန်း မြင်သည်နှင့် သူ၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး ရင်တဒိန်းဒိန်းခုန်လာတော့သည်။

“နတ်ငါးပါး ”

သရဲကြီးမြို့တော်တွင် စွမ်းအားအကြီးဆုံးလူသည် နတ်ဘုရားတစ်ပိုင်း ကောင်းကင်ဘုရင်ဖြစ်သည်။ သူ့အောက်တွင် နယ်စားငါးယောက်နှင့် မြို့စားဆယ်ယောက်ရှိလေသည်။ နယ်စားများအားလုံးသည် နတ်အဆင့်ကျင့်ကြံသူများဖြစ်ကြပြီး မြို့စားများမှာမူ နတ်အဆင့်ရောက်လုဆဲကျင့်ကြံသူများဖြစ်ကြသည်။

နယ်စားများသည် မဟာမျိုးနွယ်စုသုံးစုမှ ခေါင်းဆောင်ကြီးများဖြစ်ကြသည်။ တခြားနှစ်ယောက်မှာ နယ်စားသေမင်းအော်သံ နှင့် နယ်စား ဝိညာဥ်လောက တို့ဖြစ်ကြသည်။

မြို့စားများသည် သရဲကြီးမြို့တော်တွင် တပ်ချထားသည့် စစ်တပ်ဆယ်ဖွဲ့ကို ဦးဆောင်ပြီး နန်းတွင်းနှင့် ရင်းနှီးသော အဆက်အသွယ်များရှိသည်။ တစ်ဦးတစ်ယောက်ချင်းစီက အလွန်အရေးပါသော လူများဖြစ်ကြသည်။

မဟာမျိုးနွယ်စုသုံးစု၏ ခေါင်းဆောင်ကြီးများသည် သရဲကြီးဘုရင်၏ လက်အောက်ခံများဖြစ်သော်လည်း ကိုယ်ပိုင် ဂိုဏ်းခွဲများ တည်ထောင်ထားလေသည်။

” ဒါပေမဲ့ သရဲကြီးဘုရင်က နတ်ဘုရားတစ်ပိုင်းအဆင့်ပညာရှင်ဆိုတော့ သူတို့ကို လက်လေးတစ်ချက်ယမ်းလိုက်ရုံနဲ့ သတ်လို့ရတာပဲကို ”
ပိုင်ရှောင်ချန်း၏ အမြင်အရ အခြေအနေတစ်ရပ်လုံးနှင့်ပတ်သက်၍ မသင်္ကာဖွယ်ကောင်းနေသည်။ သို့သော် လီဖုန်းက နောက်ထပ်သတင်းများ မပေးနိုင်တော့ပေ။ ထိုသည်တို့မှာ သူဟိုဟိုသည်သည်ကြားထားသော သတင်းများသာဖြစ်လေသည်။

” သရဲကြီးဘုရင် ငါ့ကို ကယ်တာက ပိုင်မျိုးနွယ်စုရဲ့ သဘောထားကို စမ်းချင်လို့များလား ။ ဒါပေမဲ့ ဘာလို့ အဲဒီလိုလုပ်ဖို့ လိုတာလဲ။ သူက နတ်ဘုရားတစ်ပိုင်းအဆင့်မဟုတ်ဘူးလား ” သူမည်မျှခွဲခြမ်းစိတ်ဖြာစေကာမူ မေးခွန်းများသာပို၍ ထွက်လာတော့သည်။

၄င်းမှာ ရှုပ်ထွေးသောကိစ္စရေးရာများဖြစ်ပြီး သူ့မှာ အလွန်နည်းပါးသော အချက်အလက်များသာရှိလေရာ ဆုံးဖြတ်ရခက်လေသည်။ သို့သော် သူပြောနိုင်သည်က မဟာမျိုးနွယ်စုသုံးစုက သရဲကြီးဘုရင်ကို ဆန့်ကျင်နိုင်မည့် နောက်ကွယ်ကအကြံအစည်တစ်ခု ရှိနေလိမ့်မည်။

ကြည့်ရသ၍ သရဲကြီးဘုရင်က ထိုအစီအစဥ်နှင့် ပတ်သက်၍ သဘောကျဟန် မတူပေ။

” ဒါက အနည်းဆုံးတော့ လိုရင်းဖြစ်လောက်တယ်။ သရဲကြီးဘုရင်က မျိုးနွယ်စုသုံးစုနဲ့ တန်းတူဖြစ်နေတာကို သဘောမကျသရွေ့ ငါ သရဲကြီးမြို့တော်မှာ အန္တရာယ်ကင်းလောက်ပါတယ် “

“ဒီတော့ ငါအခုလုပ်ရမှာက အန္တရာယ်မများခင် သတ္တုဓာတ် နတ်ဝိညာဥ်ကို မြန်နိုင်သမျှ မြန်မြန်ရှာရမှာပဲ။ ပြီးရင် အသာလေး ထွက်ပြေးလို့ရပြီ”
သူ့အသက်ကို ပုံအပ်ရင်း မျက်မှောင်ကြုတ်ကာ အာရုံစိုက်ရန် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် မျက်စိမှိတ်ကာ ဆယ့်သုံးရောင်ခြယ်မီးတောက်နှင့်ပတ်သက်သည်များကို စဥ်းစားတွေးတောလိုက်သည်။

ဆယ့်သုံးရောင်ခြယ်မီးတောက်ဖန်တီးနည်းသည် ဆယ့်နှစ်ရောင်ခြယ်မီးတောက်ဖန်တီးနည်းနှင့် လုံးဝကွဲပြားလေသည်။ နတ်ဘုရားအာရုံနှင့် ပတ်သက်၍ လိုအပ်ချက်များလည်း ရှိလေသည်။ ထိုလိုအပ်ချက်များသည် ပိုင်မျိုးနွယ်ဟုထံမှ နတ်ဝိညာဥ်မရခင်အထိ ဖြည့်ဆည်းရန် မဖြစ်နိုင်ခဲ့ပေ။

သို့သော် ယခုတွင် သူ့မှာ လေးကိုယ်မြောက် ကိုယ်ပွားရှိနေကာ သူ၏ နတ်ဘုရားအာရုံသည် ပို၍ပင် အစွမ်းထက်လာတော့သည်။ ထို့နောက် ပိုင်ဟောက်လေ့လာထားသောမှတ်စုကို အသုံးပြုပြီး နောက်ဆုံးတွင် ဆယ့်သုံးရောင်ခြယ်မီးတောက်အောင်မြင်နိူင်မည်ဟု ယုံကြည်သွားသည်။ အမှန်တကယ်တော့ သူသည် ဆယ့်လေးရောင်ခြယ်မီးတောက်မီးတောက်အထိ သွားနိုင်မည်ဟုပင် ယုံကြည်နေသည်။

သူက တွေးတောဆင်ခြင်ပြီး ဉာဏ်အလင်းပွင့်ရန်ကြိုးစားနေစဥ် ညတာက ပုံမှန်အတိုင်း ကုန်ဆုံးသွားသည်။

မိစ္ဆာအကျဥ်းထောင်မှ နေ့ သို့မဟုတ် ညကို မမြင်နိုင်သော်လည်း ၄င်းကို ကာကွယ်ထားသည့် မန္တန်အစီအရင်ကြောင့် နေ့ညအချိန်က ပုံမှန်ပင်ဖြစ်သည်။

ညသည် အပြင်ဘက်တွင် နေ့အချိန်ကျရောက်ရန် လမ်းဖယ်ပေးလိုက်ချိန် ပိုင်ရှောင်ချန်းသည် အလုပ်လုပ်နေဆဲဖြစ်ပြီး သတိပင်မထားမိလိုက်ပေ။

မျက်စိတစ်မှိတ်အချိန်တွင်းမှာပင် သုံးရက်ကုန်သွားလေသည်။

ထိုသုံးရက်အတောအတွင်း မည်သူမှ သူ့ကို မနှောင့်ယှက်ပေ။ လေးရက်မြောက်နေ့ မိုးသောက်ချိန်တွင် အပြင်ဘက်မှ အသံတစ်သံက သူ့နားထဲ ဝင်ရောက်လာသောကြောင့် သူ၏ မျက်လုံးများ ပွင့်လာလေသည်။

” ပိုင်ဟောက် ။ အဖွဲ့နံပါတ်ကိုး ဒီနေ့ ကင်းလှည့်ဖို့ တာဝန်ကျတာ။ လူတိုင်း မင်းကို စောင့်နေကြတယ်” ထိုအသံသည် ထောင်ခေါင်း၏အသံဖြစ်ပြီး အလွန်လေးနက်နေသည့်ပုံပေါ်လေသည်။

” ဒါက မင်းရဲ့ ပထမဆုံးကင်းလှည့်တာဆိုတော့ အမှတ်လေး ထောင်ခန်း မှာ ဘယ်လို ထောင်သားတွေရှိလဲဆိုတာ ကြည့်ဖို့ အခွင့်ကောင်းပဲ”

Comment

Leave a Reply

Options

not work with dark mode
Reset