Switch Mode

အပိုင်း(၂၀၂၆)

စုဝေးပွဲ

ရီဖူရှင်းနှင့် တခြားလူများ ရောက်လာသောအခါ လီချန်ရှန်းက လက်နှစ်ဘက်ကို ဆုပ်ကာ လှေကားထစ်တွင်ရှိနေသော တန်ခိုးရှင်များအား နှုတ်ဆက်သည် “ဝမ်ရှန့်မျှော်စင်ကလည်း အခန်းအနားကို တက်ရောက်လပါတယ်”

“ဝမ်ရှန့်မျှော်စင်”

လူအများအပြားက လီချန်ရှန်းဘေး၌ ရပ်နေသော ကျုံးချန်နှင့် ရီဖူရှင်းအား လှမ်းကြည့်လိုက်ကြသည်။

“အဲဒါ ကျုံးချန်ပဲ…” တစ်ယောက်က တီးတိုးပြောသည်။

“ဘယ်ဘက်က အဖြူရောင်ဆံပင်လူငယ်က ဓားအင်ပါယာလျှို့နျန်ပဲဖြစ်မယ်. သူက တည်ငြိမ်ပြီးတော့ ဆွဲဆောင်မှုရှိပုံရတယ်” တစ်ယောက်က မှတ်ချက်ချရာ အမျိုးသမီးကျင့်ကြံသူတချို့က ရီဖူရှင်းအား မထူးတလေ လှမ်းကြည့်ကြ၏။ ကောလာဟလများကား မှန်ကန်၏။ သူသည် ရုပ်ရည်နှင့် ကိုယ်နှုတ်အမူအရာ ကောင်းမွန်သည်သာမက သူ့ပါရမီမှာလည်း ပြိုင်စံရှားသည်။ သူ့တွင် လမ်းစဉ်လက်တွဲဖော်ရွေးချယ်ပြီးပြီလား သူတို့ သိလိုကြ၏။

ဤသည်ကပင် ကျင့်ကြံခြင်းလောကဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်၏ရုပ်ရည်က ထူးထူးခြားခြား ကောင်းမွန်နေလျှပင် ပါရမီနိမ့်ပါက မည်သူမှ အရေးလုပ်မည် မဟုတ်ပေ။ ထိုက်ဟွာနတ်မိမယ်ကို ဥမာထား၍ ကြည့်နိုင်သည်။ သူမသည် လူမြင်ကွင်းကို သိပ်မထွက်သော်လည်း သူမ၏ကျော်ကြားမှုက သာလွန်မြင့်မား၏။ အကြောင်းကား သူမ၏ရုပ်ရည်အပြင် မြင့်မားသော ပါရမီနှင့်စွမ်းရည်တို့ကြောင့်လည်း ဖြစ်သည်။

“တုန်းဟွာကျောင်းတော်မှာ ဖြစ်ပျက်ခဲ့တာတွေက အမှန်တွေလို့ ကြားတယ်နော်။ ဓားအင်ပါယာရီလျှို့နျန်က ကျန်းယွဲ့လီနဲ့ တခြားလူတွေထက် ပိုစွမ်းတယ်တဲ့။ သူ့နတ်ဝင်ရိုးက နင်ဟွာနဲ့အဆင့်တူလောက် ရှိလောက်တယ်” တစ်ယောက်က တီးတိုးပြောသည်။ တုန်းဟွာကျောင်းတော်မှ အဖြစ်အပျက်မှာ မှားယွင်းစရာမရှိသော်လည်း လူအများစုမှာ ထိုစကားကိုကြားကာ အံ့အားသင့်ကြရဆဲဖြစ်သည်။

မည်သို့ဆိုစေ ထိုလူများ၏ကျော်ကြားမှုမှာ တုန်းဟွာကုန်းမြေတွင် အမြင့်ဆုံးဖြစ်ကာ နင်ဟွာကား နံပါတ်တစ်ဟု လူသိများသည်။ အနာဂတ်တွင် သူသည် တုန်းဟွာကုန်းမြေ၏အစွမ်းအထက်ဆုံး တန်ခိုးရှင် ဖြစ်လာနိုင်ချေ ရှိ၏။

ယခု ရီဖူရှင်း၏နတ်ဝင်ရိုးသည် နင်ဟွာနှင့်ပင် နှိုင်းယှဉ်နိုင်ကြောင်း ကောလာဟလများ ထွက်လာရာ လူအများက ထိုကိစ္စနှင့်ပတ်သက်၍ အလွန်စိတ်ဝင်စားနေကြချေသည်။

“အားလုံး ကျေးဇူးပြုလို့…” အပေါ်မှ တစ်ယောက်က သူတို့အား လာရောက်ကြိုဆိုသည်။

လီချန်ရှန်းနှင့် တခြားလူများကလည်း သူ့နောက်သို့ လိုက်ပါသွားကြသည်။ ကလန်ခေါင်းဆောင်လိန်က ကောင်းကင်ဘုံကိုးခုမှ တန်ခိုးရျင်များကိုကြည့်ကာ အခြေအနေကို နားလည်လိုက်၏။ သူက ပြောသည် “ခင်ဗျားတို့ရဲ့ ဘုံအလိုက် တက်သွားကြပါ။ ရန်ဟောင်အဆင့်အောက်ကလူတွေကတော့ အောက်ကနေပဲ အခန်းအနားကို စောင့်ကြည့်ကြပါ”

“အာ…” လိန်ရိန်နှင့် လိန်ရှီးတို့က စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။ သူတို့က အောက်မှသာ ကြည့်ခွင့်ရတော့မည် ဖြစ်သည်။ သူတို့၏အဒေါ် လိန်ချင်းဟန်သည်ပင် တုန်းဟွာကျောင်းတော်မှ လူများနှင့် အပေါ်ကို တက်သွားခွင့်ရသည်။

သို့သော် သူတို့၏ကျင့်ကြံဆင့်မှာ နိမ့်သေးရာ မည်သို့မှ မတတ်နိုင်ပေ။

“အကြီးအကဲ… ကျုပ်တို့က အဖော်နည်းနည်း ခေါ်သွားလို့ ရမလား” ရီဖူရှင်းက သူတို့အား လာကြိုသူကို မေးလိုက်သည်။

တစ်ဘက်လူက ရီဖူရှင်းအား လေးနက်စွာ ကြည့်ကာ သူ၏နောက်ခံကို ထည့်သွင်းစဉ်းစားနေဟန်ရသည်။ ခဏကြာလျှင် သူက ပြောသည် “သေချာတာပေါ့”

အင်အားစုအတော်များများက ဤသို့နည်းဖြင့် လူတချို့ ခေါ်ဆောင်သွားခြင်းမှာ ပုံမှန်ကိစ္စ ဖြစ်သည်။

“ကျေးဇူးပါ…” ရီဖူရှင်းက သူ့အား ကျေးဇူးတင်လိုက်ကာ လိန်ယန်နှင့် လိန်ရှီးက အား ပြောသည် “မင်းတို့လည်း အတူလိုက်ခဲ့လေ”

“အင်း…” နှစ်ယောက်သား စိတ်လှုပ်ရှားစွာ ပြုံးလိုက်ကြ၏။ သူတို့ကား ကလန်ခေါင်းဆောင်နေရာထက်ပင် မြင့်သော နေရာမှ ကြည့်ရတော့မည် ဖြစ်သည်။

ကလန်ခေါင်းဆောင်လိန်က သူတို့အား အပြုံးတစ်ချက်ဖြင့် ကြည့်သည်။ ဤကလေးများကား အတော်ကံကောင်းသည်။

သူတို့အုပ်စုက လူငယ်နှစ်ယောက်နှင့်အတူ အပေါ်ကို တက်သွားကြသည်။ လူအများအပြားက စွမ်းအားမြင့်တန်ခိုးရှင်များနှင့် သိကျွမ်းနိုင်ရန် မျှော်လင့်ကြ၏။

ထို့ကြောင့် သူတို့အတွက် အောက်တွင် ရပ်နေခြင်းက အသုံးမဝင်ပေ။ သူတို့က ကောင်းကင်၏အမြင့်ဆုံးနေရာကို လှမ်းမြင်နိုင်သော်လည်း ၎င်းက မလုံလောက်ပေ။ အလွန်ကွာဝေးသော နေရာမှ ကြည့်နေရခြင်းက အခန်းအနားတွင် ကိုယ်တိုင်ပါဝင်ရသည့် ခံစားချက်ကို မပေးပေ။ အကယ်၍ သူတို့သာ အပေါ်မှ ကြည့်ခွင့်ရပါက သူတို့သည် တုန်းဟွာမိတ်ဆုံစားပွဲတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ရသည့် ခံစားချက်ကို ပေးပေမည်။

ရီဖူရှင်းတို့သည်လည်း တုန်းဟွာနန်းတော်အောက်မှ နေရာသို့ ရောက်လာ၏။ ထိုနေရာကား ကျယ်ပြောကာ လူတစ်ထောင်ခန့်ကို အလွယ်တကူ ဧည့်ခံနိုင်သည်။ အင်အားစုများမှ လူများသည် ကိုယ်စီ ထိုင်နေကြပြီဖြစ်သည်။ ဖိတ်ကြားထားသော လူတိုင်း မိတ်ဆံစားပွဲသို့ တက်ရောက်လာသည်ဟု ပြောနိုင်သည်။ ဤသည်က ကုန်းမြေခေါင်းဆောင်အပေါ် ထားရှိသော သူတို့၏လေးစားမှုဖြစ်သည်။

ရီဖူရှင်း ရောက်လာသည်ကိုမြင်လျှင် လင်းဟယ်က စိတ်ဝင်တစားဖြင့် ကြည့်ကာ ပြောသည် “အစ်ကိုရီလည်း ရောက်လာပြီပဲ”

လင်းဟယ်၏မျက်နှာပြောင်တိုက်မှုကိုကြည့်ကာ ရီဖူရှင်းကား ဆွံ့အရသည်။ လင်းဟယ်က သူ့အား ကြည့်ကာ ဝိုင်ခွက်အား မြှောက်လျှက် ပြုံးပြနေသည်ကို တွေ့ရ၏။ သူ၏မျက်လုံးများက ရီဖူရှင်းအား လွန်စွာ မသက်မသာ ဖြစ်စေသည်။

လင်းဟယ်တွင် ကောင်းသော ရည်ရွယ်ချက် မရှိကြောင်း ရီဖူရှင်း ကောင်းကောင်း နားလည်သည်။

“အင်ပါယာရီ…” တခြားတစ်ဘက်တွင် ချင်းချင်းနှင့် မြူခိုးဝေနတ်နန်းတော်မှ လူများက ရီဖူရှင်းကို တလေးတစား နှုတ်ဆက်ကြသည်။

“နတ်မိမယ်တို့နဲ့ ထပ်တွေ့ရပြီ” ရီဖူရှင်းက ပြုံးလျှက် သူတို့အား ပြန်နှုတ်ဆက်၏။ သူတို့၏အပြန်အလှန်ပြောစကားများက တခြားလူများကို အံ့အာသင့်စေသည်။ နတ်မိမယ်လေးများ၏အပြုအမူနှင့် သဘောထားများအရ သူတို့နှင့်ရီဖူရှင်းတို့သည် ကျုံးချန် သို့မဟုတ် လီချန်ရှန်းတို့ထက်ပင် ရင်းနှီးနေဟန်ရ၏။

“အစ်ကိုရီ…” ဘေးမှ တစ်ယောက်က လှမ်းခေါ်လျှက် ရီဖူရှင်းကလည်း သူ့အား ပြန်ကြည့်ပြီး ပြုံးလျှက် နှုတ်ဆက်သည် “အစ်ကိုကျန်း…”

ရီဖူရှင်းအား လှမ်းခေါ်လိုက်သူကား လျှိုထျန်းကုန်းမြေ၊ ရှေးဟောင်းတော်ဝင်ကျန်းမိသားစုမှ ကျန်းကျိုးမင်ဖြစ်သည်။

“တုန်းဟွာကျောင်းတော်တိုက်ပွဲမှာ အစ်ကိုရီ နာမည်ကျော်ကြားလာတယ်လို့ ကျုပ် ကြားတယ်။ ကံမကောင်းတာက အစ်ကိုရီရဲ့တိုက်ပွဲကို ကြည့်ဖို့ ကျုပ် အဲဒီမှာ မရှိလိုက်တာပဲ” ကျန်းကျိုးမင်က ပြုံးလျှက်ပြောသည်။

“ကျုပ် ကံကောင်းသွားတာပါ” ရီဖူရှင်းက နှိမ့်ချစွာ ပြောသည်။

“အနိုင်ရတယ်ဆိုတာ သန်မာတာကြောင့်ပါပဲ။ ကံကောင်းတယ်ဆိုတာ မရှိဘူး” တုန်းဟွာကျောင်းတော်မှ ခုန်းရှောင်းသည်လည်း ရောက်လာခဲ့သည်။ သူက မည်နှာတည်ကြီးဖြင့် ပြောသည် “အဲဒီတိုက်ပွဲမှာ ကံတရားမပါဘူး”

ခုန်းရှောင်း၏စကားကိုကြားလျှင် ကျန်းကျိုးမင်က မည်သို့မှ ဆက်မပြောပေ။ သူ့အနေဖြင့် တုန်းဟွာကျောင်းတော်မှ တန်ခိုးရှင်များ ထိုတိုက်ပွဲကို မည်သို့ သဘောထားသည်ကို နားမလည်ပေ။

“အင်ပါယာခုန်းရဲ့တိုက်ပွဲစွမ်းရည်က ထူးခြားဆန်းကြယ်တယ်။ တကယ်လို့ သူသာ နောက်ထပ် ပညာရပ်တချို့ကို တပ်ကျွမ်းထားရင် ရှုံးသွားတဲ့လူက ကျုပ်ပဲဖြစ်မှာ” ရီဖူရှင်းက ပြုံးသည်။

“မင်းက မဟာလမ်းစဉ်အမျိုးမျိုးမှာ ကျွမ်းကျင်ပြီးတော့ မင်းရဲ့နတ်ဝင်ရိုးဟာလည်း ထူးခြားကောင်းမွန်တယ်။ ငါက အနိုင်ရဖို့ မျှော်လင့်ချက် မရှိဘူး။ တကယ်လို့သာ မင်းရဲ့နတ်ဝင်ရိုးကို နတ်ဝင်ရိုးကြေးမုံရှေ့မှာ စမ်းသပ်စစ်ဆေးခဲ့ရင် အဆင့်ငါးထက်တော့ ကျော်လိမ့်မယ်” ခုန်းရှောင်းက ပြောလျှင် ဧည့်ခံပွဲမှ လူများက ရီဖူရှင်းကို စိတ်ဝင်တစား ကြည့်ကြသည်။

အဆင့်ငါးကို ကျော်လွန်သည်ဟု ဆိုပါက အဆင့်ခြောက် မဟုတ်ပါလား။

၎င်းကား နန်ဟွာ၏နတ်ဝင်ရိုးအဆင့်ဖြစ်သည်။

ရီဖူရှင်း၏နတ်ဝင်ရိုးသည် နန်ဟွာထက် မနိမ့်ကျဟု ခုန်းရှောင်း ယုံကြည်သည်။

ထို့အပြင် ခုန်းရှောင်းနှင့် နန်ဟွာတို့နှစ်ယောက်လုံးသည် တုန်းဟွာကျောင်းတော်တွင် ကျင့်ကြံကြရာ ခုန်းရှောင်း၏အကဲဖြတ်မှုက အနည်းနှင့်အများ တိကျပေမည်။

ခုန်းရှောင်း၏စကားကိုကြားလျှင် လင်းဟယ်က အနည်းငယ် ခေါင်းငုံ့လိုက်၏။ သို့သော်လည်း သူ့မျက်လုံးများတွင် အေးစက်သော အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။

ထိုအခိုက်တွင် လူတိုင်းက အဆုံးမဲ့သောလေဟာနယ်အား ခြုံလွှမ်းလာသော ဖိအားကို ခံစားမိကြသည်။ ကုန်းမြေသခင်၏အိမ်တော်ဝင်းထဲမှ အံ့အားသင့်ဖွယ် အရှိန်အဝါတစ်ခု သက်ဆင်းလာခဲ့ပြီး အသံတစ်သံကို ကြားရသည် “ဂုဏ်သရေရှိ လူကြီးမင်းတွေ ရောက်လာကြပြီပဲ။ ကျေးဇူးပြုလို့ ကြွပါ”

အသံနှင့်အတူ ရွှေရောင်အလင်းတန်းတစ်ခုသည် တုန်းဟွာနန်းတော်သို့ ကျဆင်းလာကာ လူတစ်စု ပေါ်လာသည်။ ပြောလိုက်သူကား တုန်းဟွာကုန်းမြေသခင်ဖြစ်ကာ သူ့ဇနီးမှာ တုန်းဟွာနန်းတော်၏ပင်မထိုင်ခုံ၌ ရှိနေသည်။ သူတို့ဘေးတွင်ကား မျက်လုံးထဲ၌ နတ်အလင်းများ ထွက်ပေါ်နေသော ထူးခြားဆန်းပြားသော လူငယ်တစ်ဦး ရှိ၏။ သူသည်ကား တုန်းဟွာကုန်းမြေ၏ နံပါတ်၁ ပါရမီရှင်ဖြစ်သော နန်ဟွာ ဖြစ်သည်။

အောက်တွင် မရေမတွက်နိုင်သောလူများမှာ ကုန်းမြေသခင်၊ သူ့ဇနီးနှင့် နန်ဟွာတို့ကို မြင်တွေ့ရ၍ စိတ်လှုပ်ရှားနေကြသည်။ တုန်းဟွာကောင်းကင်တွင်ပင် သူတို့သည် ကုန်းမြေသခင်ကို မြင်တွေ့ရန် မလွယ်ကူပေ။ နန်ဟွာကိုပင် မြင်တွေ့ရန် ခက်ခဲ၏။

ကုန်းမြေသခင်ပေါ်လာလျှင် ကောင်းကင်ထက်တွင် အရပ်မျက်နှာအသီးသီးမှ နတ်အလင်းများ တောက်ပလာခဲ့သည်။ အရပ်မျက်နှာတစ်ခုတွင် အနက်ရောင်အလင်းတစ်ခု ကျဆင်းလာခဲ့ကာ အရှိန်အဝါကြီးသော ပုဂ္ဂိုလ်တစ်ဦး ရပ်နေ၏။ သူသည်ကား ပျက်စီးခြင်းနတ်ဘုရားနန်းတော်မှ ပျက်စီးခြင်းနတ်ဘုရားဖြစ်သည်။

တခြားအရပ်တစ်ခုတွင် အေးစက်သော အငွေ့အသက်များနှင့်အတူ မြူနှင်းများ ဝေဆာနေ၏။ အလွန်လှပသော အမျိုးသမီးတစ်ဦး ထိုနေရာတွင် ရှိနေသည်။ ဤတွင် မြူခိုးဝေနတ်နန်းတော်မှ နတ်မိမယ်များအားလုံး ထရပ်ကြသည်။ ဤတွင် လူတိုင်းက ထိုအမျိုးသမီးမှာ မြူခိုးဝေနတ်နန်းတော်မှ ဓားနတ်မယ်ဖြစ်ကြောင်း သိလိုက်ကြရ၏။

တချိန်တည်းတွင် နတ်အလင်းများ တုန်းဟွာနန်းတော်သို့ အဆက်မပြတ် ကျဆင်းလာခဲ့ကာ အသံများ တစ်သံပြီးတစ်သံ ကြားကြရသည်။ ထိုလူများအားလုံးသည် လေထဲမှ ထွက်ပေါ်လာသည့်အလား…။ သူတို့အားလုံးမှာ ကြီးမားသော အရှိန်အဝါများကို ပိုင်ဆိုင်ကြသည်။ သူတို့သည် အလွန်ဝေးကွာသော အရပ်တွင်သာ ရှိသော်လည်း တုန်းဟွာနန်းတော်ထဲတွင် ရောက်နေပြီးသည့်အလား၊ သူတို့က ကြီးမားသော အကွာအဝေးကို တခဏတည်းဖြင့် ဖြတ်သန်းနိုင်သည့်အလား ထင်မှတ်ရသည်။

ထိပ်သီးပုဂ္ဂိုလ်များ ရောက်လာခြင်းက ကုန်းမြေသခင်အိမ်တော်အောက်မှ လူအုပ်ကြီးကို ပိုမို၍ လှုပ်လှုပ်ရှားရှား ဖြစ်စေသည်။

“ရွှေရောင်နဂါးဝတ်ရုံကို ဝတ်ထားတာ ရှေးဟောင်းတော်ဝင်ယန်မိသားစုက အင်ပါယာယန်ပဲ။ အပြာရောင်ဝတ်လူက နန်ဟွာကလန်ခေါင်းဆောင်ပဲ။ ကြည့်လိုက်… တုန်းဟွာကျောင်းအုပ်လည်း ရောက်နေပြီ…” သူတို့က ဧည့်ခံပွဲခန်းမထဲသို့ ဝင်လာသော ထိပ်သီးတန်ခိုးရှင်များကိုကြည့်ကာ တီးတိုးပြောနေကြသည်။ လူအများစုအတွက် ထိုထိပ်သီးတန်ခိုးရှင်များကို မြင်တွေ့ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

အဖြူရောင်ဝတ်အဘိုးအိုတစ်ဦး ရောက်လာသည်။ သူကား တည်ငြိမ်အေးချမ်းသော ဟန်အမူအရာရှိကာ လူအများအား သက်တောင့်သက်သာဖြစ်စေသော အငွေ့အသက်များ ပိုင်ဆိုင်၏။

သူ့ဘေးတွင်ကား အလွန်ချောမောသော မိန်းမပျိုတစ်ဦး ရှိနေသည်။ သူမက လူတိုင်း၏အာရုံကို ဖမ်းစားခဲ့၏။ ကောင်းကင်ကိုးလွှာမှ ရန်ဟောင်များသည်ပင် စိတ်မငြိမ်မသက်ဖြစ်ရသည်။

ထိုက်ဟွာကောင်းကင်အရှင် ရောက်လာပြီဖြစ်သည်။

ထိုက်ဟွာနတ်မိမယ်၏ကျော်ကြားမှုက အလဟသ မဟုတ်ပေ။

မြူခိုးဝေနတ်နန်းတော်မှ နတ်မိမယ်များသည်ပင် သူမနှင့်ယှဉ်လျှင် ဖျော့တော့ရသည်။ လူတိုင်းက ထိုက်ဟွာနတ်မိမယ်၏အလှတရားကို တိတ်တခိုး ချီးကျူးရ၏။

“ကောင်းကင်အရှင်လည်း ရောက်လာပြီပဲ” တုန်းဟွာနန်းတော်မှ တစ်ယောက်က ပြောသည်။ ထိုက်ဟွာကောင်းကင်အရှင်ကား ပြင်ပလောကသို့ ထွက်ခဲကာ သူသည် နောက်ဆုံးအကြိမ်က လိပ်နတ်ဘုရားကျွန်းစုသို့ပင် သွားရောက်ခဲ့ခြင်း မရှိပေ။

“ကျုပ်တို့က အင်ပါယာရှီနဲ့ တခြားလူတွေကို စောင့်ဖို့ပဲ လိုတော့တယ်” ကုန်းမြေသခင်ကလည်း ပြုံးလျှက်ပြောသည်။ ထိုစဉ်မှာပင် နောက်ထပ် လူနှစ်ယောက် ရောက်လာသည်။ သူတို့ကား အင်ပါယာရှီနှင့် မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်တို့ဖြစ်သည်။

သူတို့ရောက်လာခြင်းက ကုန်းမြေသခင်အား ပြုံးရွှင်စေကာ သူက ပြောသည် “အင်ပါယာရှီနဲ့ မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်တို့ ရောက်လာပြီ။ တုန်းဟွာမိတ်ဆုံစားပွဲမှာ ဖိတ်ထားတဲ့လူအားလုံး စုံပြီ”

ထိပ်သီးအင်အားစုများနှင့် ထိပ်သီးတန်ခိုးရှင်များအားလုံး စုရုံးရောက်ရှိနေပြီဖြစ်သည်။ ဤသို့သော အချိန်အခါမျိုးကား ရှားပါးသည်။ ကုန်းမြေသခင်၏အဆင့်အတန်းတစ်ခုကသာ ထိုလူများကို စုစည်းနိုင်ခြင်းဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset